Monday, March 30, 2009

အမေ့ ယက်ကန်းစင် (၁)

ကျောက်ပန်းတောင်း မြို့နယ်သည် မြန်မာ နိုင်ငံတွင် သောက်သုံးရေ အရှားပါးဆုံး မြို့ တစ်မြို့ဖြစ်သည်။ မိုးနည်း ရေရှား ရပ်ဝန်းကို ပြပါဆိုလျှင် ကျောက်ပန်း တောင်း မြို့သည် ရှေ့ဆုံးက ပါမည် ဖြစ်သည်။ ပင်လယ်နှင့် ဝေးကွာပြီး သစ်ပင် ၀ါးပင် နည်းပါး မှုကြောင့် မိုးရာသီတွင် မိုးနည်း သည်။ နွေအခါတွင် ချစ်ချစ်တောက် ပူသည်။ ဆောင်းရာသီတွင် အအေးလွန်ကဲသည်။ ဤကား အညာသရုပ် ဖြစ်သည်။

သို့သော် ကျနော့် ဇာတိမြေ လက်ပန်ကျင်းရွာလေး၏ အရှေ့ဖက်တွင် ကန္တာရ အိုအေစစ် တစ်ခု သဖွယ် ဖြစ်သော တောင်စဉ်ချောင်း တစ်ခုရှိသည်။ ၄င်း တောင်စဉ်ချောင်း သည်နွေ၊ မိုး၊ ဆောင်း သုံးရာသီ ရေအမြေဲ မပြတ် စီးဆင်း သည်။ ပုပါးတောင်၏ စိမ်းမြဆိုပြေမှု အကျိုးဆက်တစ်ခုလည်းဖြစ်သည်။ တောင်စဉ်ချောင်းအား အမှိပြုကာ ကိုင်းလုပ်ငန်းလုပ်ကိုင် နိုင်သည်။ ကြက်သွန် ဖြူ နီ၊ ခရမ်းချဉ်၊ မုန်လာ၊ မေမြို့ပန်၊ ဂန္ဒမာပန်းများ ချဉ်ပေါင်၊ ဗူး၊ သခွား၊ ဖရဲ စသည် စိုက်ပျိုး နိုင်ကြသည်။

ယခု အချိန်သည် အညာဒေသ၏ အပူပြင်း ဆုံးအချိန် ဖြစ်သည်။ နွေနေ ပူပူကို အန်တုလျှက် လက်ပန်ပွင့်များ မြိုင်မြိုင် ဆိုင်ဆိုင် ပွင့်သော ကာလဖြစ်သည်။
“လာဟေ့ဒွား သွားကောက် ချေစို့ ပွင်ခြောက်ကယ် အနားလန် ပင်လက်ပန်ကျွေချိန်ကျပြီမို့”
ဆိုတဲ့ကဗျာလေး ကိုပင် သတိရမိသည်။ ကျနော်ကိုယ်တိုင် လက်ပန်ပွင့်ကောက်ဖူးသည်။ နွေအခါသည် အညာဒေသ တောင်သူများ အတွက် အနားယူသော ကာလ လည်း ဖြစ်သည်။ မိုးဦးကျတွင် အဆင်သင့် စိုက် ပျိုးနိုင်ရေး မျိုးစေ့များ သန့်စင်ခြင်း၊ လယ်ယာမြေများ ထွန်ရေးခံကာ အဆင်သင့်ထားရှိခြင်း အလုပ်သာရှိသည်။ တနည်းအားဖြင့် အလုပ်ပါး၍ အနား ရသော ကာလ ဖြစ်သည်။ လူငယ် လူရွယ်များ အဖို့ လည်း ကျောင်းအား ရက်ဖြစ်သည်။ လေးခွ ကိုယ်စီနှင့် ချောင်ရိုးတလျှောက်ရှိ လက်ပန်ပင်တန်းတွင် (ရှဥ့်ဖမ်းခြင်း) တောလိုက် ကြသည်။

ကျနော် ငယ်စဉ်က အလွန် ခြေဆော့ လက်ဆော့ ရှိသည်။ ကျနော့် ထက် ကျနော်၏ညီက ပို၌ ခြေဆော့ လက်ဆော့ရှိသည်။ တခါက သူသည် ရေအိုးရွက်လာသော မိန်းမပျို အား ခါးကို တို့ကာ၊ နှိုက်ကာ ကျီစယ်၏ အဆိုပါ မိန်းမပျိုမှာ ရယ်ခြင်စိတ်ကို မထိမ်းနိုင်ပဲ ရေအိုးကို လွတ်ချ လိုက်ရသည်။ ကျနော့်၏ မိဘများအား တိုင်တန်း ရာ ညီတော်မောင်ခမျာ အရိုက်ခံရသည်။

ကျနော်သည် ညီတော်မောင်နှင့်မတူ။ လက်ဆော့ခြင်းတော့ လက်ဆော့ခြင်းပင်ဖြစ်သည်။ ဒုတိယတန်း အရွယ်ကဖြစ်သည်။ မိဘများ မသိအောင် အိမ်ရှိတိုင်ကပ်နာရီ ကြီးအား ဖွင့်ကာ ဟိုနှိုက် သည်နှိုက် လုပ်၍ စူးစမ်းသည်။ ပြန်ပိတ်သောအခါ စကူ တစ်ခု ပိုနေလေသည်။ သို့သော် နာရီကြီးမှာ စက်သွားနေသေး၍ ကံကောင်း သွားသည်။ ငါးတန်းအရောက်တွင် အကိုကြီးမှ ညီငယ်များအတွက် စာကျက်ထရန် (ကလင် ကလင်မြည်သော) အချက်ပေး နာရီ ၀ယ်ပေးသည်။ အဖေမှ တားမြစ်ထား၍ ဖွင့်ကြည့်ခြင်သော စိတ်အား မနည်းထိမ်း ထားရသည်။

အမေသည် ယက်ကန်းယက် ခြင်းအာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်။ အမေ့ ယက်ကန်းစင် သည် လေးတိုင်ထောင် တစ်လွန်းထိုး ဖြစ်သည်။ အမည်နာမများအာ သိပ်မှတ်မိတော့ချေ။ တိုင်လေးတိုင်နှင့် ယက်ကန်းစင်တွင် လက်ခတ်၊ နှပ်၊ ခြေနင်း၊ လွန်း၊ စသည်ဖြင့်ရှိသည်။ ကျနော် ငယ်စဉ်က ယက်ကန်းနှင့် ပတ်သက် သောအရာ တော်တော်များများအား လုပ်တတ် သည်။ ဗိုင်းငင်တတ်သည်။ ချည်ချတတ်သည်။
ရုံဖန်ရံခါ ယက်ကန်းစင်ပင် ၀င်ကာ လက်ခတ်လိုက်သေးသည်။

သို့သော် တညင်းလုံးခေါ် ရစ်ဘီးမှ ဘီးနှစ်ခုအား (ပိတောက် (သို) နို့စည်ဗူး ဖင်ခေါက် ”တောက် တောက် တောက်” ) လုပ်ရုန် ဖြုတ်ယူခဲ့၍ အမေ့ အရိုက်ခံ ရသည်။

ယက်ကန်း ယက်ရန် ၀ါဂွမ်းကို မိမိယာတောထွက် ၀ါဂွမ်းဖြင့် လည်းလုပ်သည်။ အဆင်သင့် ဗိုင်းတောင့်များ ၀ယ် ယူ၍လည်း ပြုလုပ်သည်။ ၀ါဂွမ်းမှ အ၀တ် တစ်ထည်ဖြစ်လာပုံကား မလွယ်ကူ ပေ။ အဆင့်များစွာ ကျော်ဖြတ် ရသည်။ အမေ ယက်ကန်းစင်မှ လုံချည် (ကွက်စိပ် ၊ ကွက်ကျဲ၊ ချိတ်၊ ပန်းပွင့်ပုံဖေါ်) များ၊ အကျီ (ည၀တ်လက်ရှည်၊ ပင်နီတိုက်ပုံ)စသည်၊ စောင်များ ၊ တဘက်စောင်များ ယက်လုပ်သည်။

အမေသည် ယက်ကန်း မယက်နိုင်သည်မှာ ကြာချေပြီ ။ ယခုမူ အမေ့အမွေ ဆက်ခံမည့်သူ မရှိပေ။