ညက အိပ်မက် မက်တယ် ။ အိုဟောင်းစပြုလာတဲ့ ခန္တာက နှိပ်စက်လို့ ညစာက သိပ်စားလို့မရ ။ အနည်းငယ်စားပီး အိပ်လိုက်တယ်။ ညနေခင်းလို့ ထင်မိတယ် ။ အမေ နဲ့ တူတူ စကားပြောရင်း လမ်းလျှောက် အိမ်ပြန်လမ်းမှာ (ရွာထဲလမ်း) မှာ အိမ်နားရောက်တော့ အဖေက အမေ့ကို ဆူတယ် ။ ဘယ်သွားမယ် ညာသွားမယ် ပြောမသွားဘူး အိမ်ကို လူခတောင်းသူတွေက လာတယ် ။ ဘာပြန်ဖြေရမှန်းမသိဘူး ပေါ့ (အဖေက ကူလီ အလုပ်သမားတွေ လူခတောင်းလာရင် ချက်ချင်းပေးမှ ကြိုက်တယ်) အဲဒီလို အဖေက ဆူတော့ ကျွန်တော်က အမေ့ဘက်က ၀င်ပြောတယ် ။ အမေကို ဘယ်သူက ပြောပြော အမေ့ဘက်က အမြဲရှိတယ် ။ အဖေကလဲ ဒီအသက်ရွယ်ထိ အကျင့်ကမပြောက်ဘူး အမေ့ကို အမြဲဆူတယ် လို့ ပြောမိတယ် ။ (တကယ်တော့ အမေကလဲ အဖေပြော တာ ဆူတာ မှာ ကြည်နူးတယ်ထင်ပါတယ် . တခါတလေ အဖေက သူ့ဘာသူ နေရင် အမေ့မျက်နှာ တစ်မျိုးဖြစ်လို့) ။
ဒီလိုနဲ့ အမေက အိမ်ရောက်တော့ သူ့အလုပ်သူဆက်လုပ်တယ် ။ ကျွန်တော်က အဖေ့ညီ ဘထွေးလေး အိမ်ရှေ့ ထန်းလက် ကုလားထိုင်မှာ ထိုင်နေတယ် ။ အဲလို ထိုင်နေတုန်း အလယ်တန်း ၄၅၆၇၈ အတန်းတွေမှာ အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာ (အတော်ကြာပီ ဆရာက အရက်သမား ဖြစ်နေတာ) သူရောက်လာတယ် ။ ဘထွေးလေး အိမ်ထဲက တန်းလျားပေါ်မှာ အိပ်ချလိုက်တယ်ဗျာ ။ အဲဒီတန်းလျားက ညီဝမ်းကွဲ အခုစင်္ကာပူမှာ ရောက်နေတဲ့ကောင် အိပ်နေကျ ။ နွေဘက်ဆို အိမ်မကြီးပေါ် အိပ်သူမရှိ ။ ဆရာက အရက်သမားတာ ဖြစ်နေရှာတာ အခုချိန်ထိ ငါ့တပည့်ကြီး လို့ ခေါ်တယ် ။ ဘာတွေလဲ မသိဘူးပြောတယ် ။ အဲဒါ အသံကြားတော့ ဘထွေး မိန်းမ အဒေါ်က ဆင်းလာပီး ဗိုလ်ဆန်း မင်းဆရာ့ကို ကူတွဲပီး အိမ်ပြန်လိုက်ပို့ လိုက်ပါလား လို့ မေးငေါ့် ပြောတယ် ။ ဒါနဲ့ ဆရာ့ကိုတွဲပီး ကျွန်တော့ အိမ်ဘက် ခေါ်လာတယ် အိမ်ရှေ့ ကွပ်ပျစ်ပေါ်မှာ လှဲနေတယ် ။ ဆရာ ထမင်းစားချင်နေမလာ ဆိုပီး ထမင်းချက်အိမ်ပေါ်တက် ထမင်းခူးမယ် လုပ်တော့ အစ်မငယ်ကို တွေ့တယ် ။ (အစ်မငယ်က တကိုယ်ကောင်ဆန်တယ် လဖ္ဖက်သုတ်ပီး တစ်ယောက်တည်း စားနေတယ်) ။ အစ်မငယ်က အထက်အောက် အသက်သိပ် မကွာတော့ နင်ရယ် ငါရယ် ဘာဖြစ် ညာဖြစ် အပြစ်ပြောမိတယ် ။ ဆရာ့ကို ထမင်းကျွေးမယ် ပြင်တုန်း ကျောက်ပန်းတောင်းမှာ အခု ဘော်ဒါအုပ် ဆရာမ အစ်မ၀မ်းကွဲ ရောက်လာတယ် ။ အရက်သောက်လာတဲ့ ကျွန်တော့်ဆရာက သူ့ဆရာပဲ ။
(ဆရာက အခု အရက်မူး သမားဖြစ်နေတာ အရင်ကဆို တကယ့် အားကျလောက်တဲ့ ဆရာ ။ ဆရာ အင်္ဂလိပ် စာသင်တာ ရှေ့ဆုံးတန်းမှာ ထိုင်တဲ့ ကျွန်တော်က ဆရာ့ ခံတွင်းနံ့ကို မှတ်မိနေတုန်း ။ ရွာမှာ မူတန်းကျောင်းသာ ပွင့်တဲ့အချိန် ဆရာရယ် ဆရာ့သူငယ်ချင်း ၂ ယောက်ရယ် ပေါင်းပီး အလယ်တန်းကို ကိုယ့်ရွာမှာကို သင်လို့ရအောင် ကျိုးစားခဲ့ကြတယ် ။ လုပ်အားပေး ဆရာတွေ ရအောင်ခေါ်တယ် ။ ရွာမှာ အလယ်တန်း မဖွင့်နိုင်ဘူးဆို ကျွန်တော်တို့က အဝေးကြီးက မန်ကျည်းကုန်းကို သွားတက်ရတာ။ ပထမတုန်းက ဆရာက အရက်မသောက်တတ် ။ ကျောင်းစိမ်းပုဆိုးနဲ့ တိုက်ပုံအဖြူနဲ့ လမ်းလျှောက်ရင် ရှေ့တည့်တည့် ၁၀ ပေ လောက်အတွင်းကို ကြည့်ရင် တစ်ခုခုကို စဉ်းစား လျှောက်တယ် ။ ကျောင်းသားတွေ ညံနေလို့ ဖိုးရာဇာ ကျောင်းဆောင် အရှေ့ပေါက်က အော်လိုက်ရင် အနောက်ပေါက်က ၃ တန်းကလေးတွေက အစ ငြိမ်ကျ သွားတယ် ။ ဆရာက စကားနည်းတယ် အတွေးသမား တစ်ယောက် ။ ကျွန်တော် ၈ တန်းအောင်ပီး မြို့ကျောင်းပြောင်း ၉ တန်း ၁၀ တန်း အောင်သည်ထိ ဆရာပုံစံ နဂိုအတိုင်းသား။ တက္ကသိုလ်တက် ရွာနဲ့ အတော်ကြာဝေးနေချိန်မှာ ဆရာ့ကို ရွာကလူတွေ တပည့်တွေ အရိုသေလျှော့ပါးသွားကြတယ် ။ ..... ကျွန်တော် နေခဲ့တဲ့ ကိုယ့်အားကိုယ်ကိုး ခွဲဖက် အလယ်တန်းကျောင်းကလဲ အစိုးရ အခြေခံပညာ အလယ်တန်းကျောင်း ဖြစ်နေပီ ။ ဆရာနဲ့ လက်တွဲဖေါ်တွေက မြို့ပေါ်ပြောင်းလို့ ကျောက်ပန်းတောင်မြို့ပေါ်မှာ အောင်မြင်တဲ့ ဘော်ဒါဆရာတွေ ဖြစ်နေပီ ။ ဆရာကတော့ ရွာမှာပဲ ခရီးဆက်နေတုန်း ။ .............. ။ ကျွန်တော် ကြားရသလောက် ဆရာ အရက်သောက်တတ်တာ .. (ပညာရေးမူသစ်နဲ့ အုပ်ချုပ်ရေးကြောင့် လို့ထင်တယ် ) အစိုးရကျောင်းဆိုတော့ အသစ်ရောက်တဲ့ ဆရာတွေ ရောက်လာတယ် ။ ရောက်လာတဲ့ ဆရာသစ်တွေထဲမှာ တစ်ယောက်က အရက်သောက်တတ်တယ် ။ စကားရွှင်တယ် ။ အခန်းနားတွေ ဦးဆောင် လုပ်တတ်တယ် ။ အစီးဝေးပွဲ ပီးတာနဲ့ ညနေပိုင်း (ရွာက အဖွဲ့ဝင်တစ်ယောက်ယောက် အိမ်မှာ) သောက်ပွဲလေး လုပ်တဲ့ အကျင့်တွေ ဖြစ်လာတယ် ။
ဆရာ ဘာတွေကို ညစ်နေတယ်မသိ ။ အရက်ဝိုင်းမှာ မြောပါသွားတယ်လို့ ကြားမိပါတယ် ။ တကယ်တော့ လူသာလျှင် အဓိကပါပဲ ) ဒါကတော့ ကျွန်တော် လေးစား အားကျတဲ့ ဆရာ့အကြောင့်ပေါ့ ။
အိပ်မက်က ဆက်ပြန်သေးတယ် ။ အစ်မ ၀မ်းကွဲက သူ့ဆရာကို ကွပ်ပျစ်ပေါ်မှာ အဲလို ထားရပါ့မလား ဆိုပီး အပြစ်ပြောကာ သူ့တို့ အိမ်ထဲ တွဲခေါ်ခဲ့ဖို့ ပြောပြန်တယ် ။ အစ်မ ၀မ်းကွဲက ဘော်ဒါအုပ် .. သူ့ကို ကြောက်ရတယ် ။ အဲလိုနဲ့ အစ်မ၀မ်းကွဲ အိမ်မှာ ဆရာက စကားတွေပြောနေတယ် ။ မောင်ဆန်းဝင်း လူဆိုတာ ဘို့ တစ်ဘို့ထဲ မကြည့်ရဘူးကွ ။ အများကောင်းကျိုးအတွက် အလုပ်လုပ်ရတယ် ။ ကိုယ့်ဘို့ပဲ ကြည့်တဲ့လူက လူ့အတ္တသမားပဲ ။ ပညာသင်လာတာ ကိုယ်သိတဲ့ အသိပညာ အတတ်ပညာကို ပျံ့ပွားအောင် မသိတဲ့သူကို သိအောင် ဖြန့်ဝေရတယ် ။ လက်ရှိ ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ခေတ်မှီသတင်းတွေ တွက်ချက် ချိန်ဆ ကိုယ့်ရွာက စာမဖတ်တတ်တဲ့ လူတွေကို အသိပညာပေးရတယ် ။ ............................ ။ အိပ်မက်က အဲလောက်ပဲ ။
နှုတ်ခမ်းတွေခြောက် အာခေါင်ခြောက်လို့ ရေထသောက်တယ် ။
ပြန်အိပ်တော့ အိပ်မက် မက်ပြန်တယ် ။
မိန်းမရဲ့ အမျိုးဘက်က ဆရာတော် တပါးကို မိန်းမရယ် ယောက္ခမရယ် သွားဖူးတယ် ။ ဆရာတော်က အိပ်ယာထဲမှာ ဖြစ်ပေမယ့် ဖူးတွေ့ရတဲ့အချိန်မှာ မျက်နှာက ကြည်လင်ဝင်းလို့ ပြုံးနေတယ် ။ ပီတိတွေက ကူးဆက်လို့ ကိုယ်တွေလဲ ပျော်နေတယ် ။ အိပ်မက်က နိုးတော့ ပြန်တွေးမိတာက ကြည်လင်ဝင်းပ တဲ့ မျက်နှာ အပြုံးတွေက ဘ၀မှာ သံရောဇဉ်ဆိုတဲ့ ကြိုးတွေကို ပြတ်အောင် ဖြတ်နိုင်ခြင်းကြောင့်လို့ ယူဆမိတယ် ။
အိပ်မက် ပေါင်းချုပ် ။
အဖေ နဲ့ အမေ ကို သတိရတယ် ။
ဦးလေးတွေ အဒေါ်တွေ
အကို အစ်မတွေ
ဝမ်းကွဲ ညီကိုတွေ သတိရတယ်.
ငယ်ဆရာကို သတိရတယ် .
မိန်းမကို သတိရတယ်.
ယောက္ခမလဲ ပါတယ် ။
ဆရာတော်လဲ ပါတယ် ။
ရစ်ပတ်ချင်တဲ့ နှောင်ကြိုး အကြောင်းနဲ့ ဖြေလျှော့ချင်တဲ့ နှောင်ကြိုး ဆွဲအား ဘယ်သူပိုမလဲ .......... ။
စင်္ကာပူမှာ ဆောင်းရာသီ မရှိ ။
Showing posts with label personal. Show all posts

Sunday, March 17, 2013
Monday, April 25, 2011
ဝမ်းသာသောနေ့ .. ဒီနေ့
မနက်ကြီးက အိပ်ယာထ နောက်ကျတယ်။
အခန်းမှာ လူကုန်သွားမှ လူးလှိမ့်ထကာ အလုပ်သွားဖို့ အမြန်လှုပ်ရှားပြင်ဆင်ရတယ်။
ဝုန်း ခနဲ အခန်းတခါးကို ပိတ်လို့ အပြေးဆင်းခဲ့တယ်။ ကံကောင်းလို့ ဖယ်ရီမှိတယ်။
အလုပ်ရောက် ကွန်ပျူတာဖွင့် သတင်းပလင်းဖတ် ဒါက နေ့စဉ် နိစ္စဓူဝ။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ဘလော့ဂ်ကို ဖွင့်မရတာ ကြာပြီ။ စိတ်လဲ မလန်းတာနဲ့ ဘာမှ မလုပ်ဖြစ်ဘူး။
ဖွင့်ကြည့်ပြီး စိတ်လေတယ်။ ဒါတောင် အရဲစွန့်ဖွင့်တာ။ ကိုယ့်ဘလော့ကိုယ်ဖွင့်တာနဲ့ ကွန်ပျူတာပဲ ပျက်တော့မလို ဂူဂဲက သတိပေးစာမျက်နှာ ကြောင့်ပါ။ ကွန်မင့်တွေ အကုန်ဖျက်လိုက်တယ်။ လင့်ချိတ်ထားတာတွေလဲ ဖျက်လိုက်တယ်။ အဆုံးခံလိုက်တော့မယ် စိတ်ကူးသေးတယ်။ တချို့သော ပိုစ်များက ကျောက်ပန်းတောင်းဆိုဒ်မှာ ကော်ပီ ကူးထားသေးတယ်။ ကျန်တာတွေက ပေါက်ကရတွေ။
ပေါက်တတ်ကရ ရေးပေမယ့် ၂၀၀၈ တည်းက ရှိနေတဲ့ ပိုစ်လေးတွေ နှမြောနေပြန်ရော။
ဒီနေ့မှ စိတ်ကူးပေါက်ကာ ကိုယ့်ဘလော့ဂ် ကိုယ်ပြန်ဖွင့်ကြည့်တော့ အိုကေနေတယ်။
ဒါနဲ့ နည်းနည်း ပြင်လိုက်တယ်။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ပြန်လည် အသက်ဆက်ရှင်သန်နေလို့ ဒီနေ့ ဝမ်းသာပီတိ ဖြစ်မိတယ်။
နှစ်သစ်မှာ မင်္ဂလာပါ။ တကယ့်ကို မင်္ဂလာပါပဲ။
လမ်းကြုံ လမ်းမှား ဖြစ်ဖြစ် တမင်တကာ ဖြစ်ဖြစ် လာလည်သူ မိတ်ဆွေများ ကျေးဇူးတင်ပါကြောင်း။
အားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Wednesday, July 7, 2010
Wednesday, June 16, 2010
ကျိုက်ထီးရိုးရောက်ခဲ့တယ်
အနော်လဲ ကျိုက်ထီးရိုးရောက်ဖူးတယ်. ပြီးခဲ့တဲ့ သင်္ကြန်တုန်းက။
ရသေ့တောင် စခန်း တောင်တက်ကားကြီးပေါ်က မရဲတရဲ လှမ်းရိုက်တာ (သူကဆွဲထားပေးတယ်)။
မုတ်ဆိုး ဒူထောက် ဆိုလား ပဲ ရင်ပြင်တော် ပေါ်က လှမ်းရိုက်တာ။
ဘလော်ဂါ ဆရာ တစ်ယောက် ကြွားလုံးကို အားကျလို့ပါ.. ဒီလိုပါပဲ .မရောက်တဲ့သူတွေ . မြင်ကွင်းလေးတွေ ကြည့်ရတာပေါ့ နော် ..
Tuesday, June 15, 2010
ဆယ်တန်းအောင်တဲ့ တူတော်မောင်
အချိန်တွေ ဘာလိုလိုနဲ့ အစ်မကြီးသား တူတော်မောင် ပြည့်ဖြိုးအောင် ဆယ်တန်းအောင်ပြီ..
ကိုယ် ဆယ်တန်းတုန်းက ဂဇက် မကြည့်ခဲ့ရဘူး။ သူများတွေ မြို့ကို ဂဇက် သွားကြည့်ကြတယ်။ ပျော်စရာကြီး။ ကိုယ့်မှာတော့ နွားတရှင်းနဲ့ မြေပဲခင်း ကြားခွဲနေရတယ်။ ဆန်းဝင်း ၂ ဒီ နဲ့ အောင်တယ်တဲ့။
ဂဇက် ကြည့်ပြီး ပျော်ရတဲ့ ဖီလင် မရခဲ့ဖူးပါဘူး။ တူတော်မောင် အောင်တော့ ပျော်တယ်။
အစ်မကြီး မိသားစု အတွက် ပျော်တယ်။ ညီမ ၀မ်းကွဲ တစ်ယောက်လဲ အောင်တယ်။ ဒီနှစ် တော်တော် များများ အောင်တယ်ထင်တယ်။ ဒီလိုပါပဲလေ...
Monday, October 12, 2009
အဖေ လုပ်တာ မှန်ပါတယ်
ကျွန်တော် ငယ်ကယ်က အတော်ဆိုးပါတယ်။ ရွာမှာ ငါးနှိုက်တယ် ဖားနှိုက်တယ်။ နေ့တိုင်း အဖေက ရိုက်တယ်။
မလုပ်ရလို့ တားဖြစ်ထားတဲ့ကြားက လုပ်တယ်။ ခြေသလုံးမှာလဲ အရှိုးတွေပြည့်လို့ပေါ့။ တင်ပါးမှာလဲ အဆင်းကြောင်းတွေထင်လို့။
အဖေက ရိုက်တယ် အမေက ချော့တယ်။ အမေက ပိုချစ်တယ်လို့ထင်တယ်။ အဖေ့ကို မုန်းခဲ့တယ်။ တကယ် ကျွန်တော် အဖေ့ကို မုန်းခဲ့တယ်။ အဖေ စာရင်းတွက်လို့ ရှိရင် ဘေးနားကနေ အမြောက်အလီဆိုပေးရတယ်။ မေးလိုက်တာနဲ့ တက်ခနဲ မဖြေနိုင်ရင် ဒက်ခနဲ အခေါက် ခံရတယ်။ အဖေ့ကို မုန်းတဲ့အထဲမှာ အဲဒါတွေလဲပါတယ်။
ကျွန်တော် လူပျိုပေါက် အရွယ်လောက်မှာ အိမ်က အလုပ်ကို အရမ်းလုပ်ပါတယ်။ ခေတ်သစ်နည်းပညာတွေနဲ့ စိုက်ပျိုးရေးကို လုပ်ပစ်ချင်တယ်။ စပါးစိုက်မယ်။ ပဲစိုက်မယ်။ နှမ်းစိုက်မယ်။ ယာထဲသွားပါ။ လယ်ထဲသွားပါ။ ဒါတွေအားလုံး အဖေက ချုပ်ကိုင် ထားတယ်။ သွားဆိုသွား မသွားလို့မရဘူး။ အဖေက ဒါဆိုဒါမှ။ အဖေ့ကို စီးပွားရေး လဒ်မမြင်ဘူးလို့ ထင်ခဲ့တယ်။ ခေတ် နောက်ကျတယ်လို့ မြင်တယ်။
တကယ်တော့ သားသမီး ၇ ယောက်ကို ကျောင်းထားလို့ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေး ပြုစုရတဲ့ စားရိတ်တွေ မနည်းဘူး ပေါ့။ နေဖို့ညာစာ ဆိုသလို နောင်ရေးအတွက် ကြည့်ကါ ပုံအောလို့ စီးပွား မလုပ်နိုင်တာ သားသမီးသံယောဇဉ်ကြောင့်ဆိုတာ ကျွန်တော် အရင် က မတွေးမိပါဘူး။ လူငယ်စိတ်နဲ့ ဖြစ်ချင်တာ လုပ်ချင်တာ တခုပဲတွေးမိတယ်။
အခု ကျွန်တော်ကိုယ်တိုင် အရွယ်ရောက်လို့ အလုပ်လုပ်နေပါတယ်။ တစ်ကိုယ်ရေ ဆန္ဒပြည့်ဝဖို့ တောင် မနည်းလုပ်နေရတယ်။ မိသားစု တွေ တစ်ပုံကြီးနဲ့ အဖေမှာ သားသမီးအရေးထက် အဖေ့ကိုယ်တိုင် ဖြစ်ချင်တာတွေ ရှိမှာပဲလို့ အခုမှ တွေးမိတယ်။ အဖေကိုယ်တိုင် ဖြစ်ချင်တဲ့ ဆန္ဒတွေကို စွန့်လို့ သားသမီးအပေါ် အချစ်တွေပုံခဲ့တယ်။ ငယ်ငယ်က သားကို ရိုက်ခဲ့တာ မုန်းလို့ မဟုတ်ဘူး ချစ်လို့ဆိုတာ သားနားလည်လာပါပီအဖေ။
သားသိပါပြီအဖေ။ အဖေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ မှန်ပါတယ် အဖေ။

Thursday, July 2, 2009
သံရုံး တစ်ခေါက် ရောက်ခဲ့သည်
29 June, 2009 နေ့ နံနက်
နံနက် အစောကြီး အောချတ် လမ်းမကြီးမှာ လမ်းလျှောက်လို့ ကောင်းတာ အခုမှ သိတယ်။
ဘူတာက ထွက်လိုက်တာနဲ့ ယဉ်ကျောကို မျက်နှာမူ ပြီး လျှောက်တယ်.. သံရုံးထိအောင်ပဲ။
လေညင်းလေးတွေ က မျက်နှာကို ထိတော့ တကယ်ကို အမောပြေသွားတယ်။
လမ်းလျှောက်ရတာလဲ တော်တော်လေး အရသာ ရှိတယ်။ ဖိနပ် နဲ့ ကျောက်ခင်လမ်း မထိဘူး လို့ ထင်ရတယ်။
မီးတိုင်လေးတွေ ထွန်းထားတာကလဲ ကဗျာဆန်ပါတယ်။ လမ်းဘေးမှာ သစ်ပင်ကြီးတွေလဲ ရှိတယ်.. မီးရောင်စုံတွေထက် စွတ်စွတ်ဖြူတဲ့ မီးလုံးတွေက ပိုပြီး အသက်ဝင်သလိုပဲ ခံစားရတယ်။
ပထမဆုံး ထွက်တဲ့ ရထားပဲ။ ပိုင်အိုနီးယား ကနေ ရထား စထွက်တော့ ရထားပေါ်မှာ လူတချို့ပဲတွေ့ရတယ်။ ဘူတာ မှတ်တိုင်တွေ တခုပြီးတခု ဖြတ်ပြီး တာနဲ့ ရထားထဲမှာ လူတွေ ရောက်လာကြတယ်။ သေချာ ကြည့်မိတော့ သက်ကြီးပိုင်း တွေများတယ်။ အ၀တ်စား ၀တ်ထားတာတွေက ငယ်ငယ်က ၀တ်ခဲ့တဲ့ အ၀တ်စားတွေ လို့ထင်ရတယ်။ ဘေးနားက လူကြီးတစ်ယောက်က ပုံစံကတော့ သန့်ရှင်းရေး အလုပ်လုပ်တဲ့ ပုံစံပဲ။ အသက် ၅၅ နှစ် ကျော် လောက်ရှိမယ် ထင်တယ်။ ဒီလိုပဲ ရထားကို စီးနေကျထင်ပါရဲ့။ တက်လာတဲ့ သူတွေကို နှုတ်ဆက်တယ်။ ဆင်းသွားတဲ့သူတွေကိုလဲ နှုတ်ဆက်တယ်။ မာန်မာန ကင်းစင်တဲ့ မျက်နှာတွေနဲ့ နွေးထွေးမှု တခုကို တွေ့လိုက်ရတယ်။
သံရုံး ရောက်တော့ တံခါးဝမှာ အိပ်ပြီး စောင့်နေသူတွေ ၊ ငုတ်တုတ် မတ်တတ် တွေ တွေ့ရပါတယ်။ နာမည် စာရင်း ဖြည့်မယ်ကြည့်တော့ အမှတ်စဉ် ၃၆ မြောက်မှာ နေရာရပါတယ်။ ဒီလိုနဲ့ ၈ နာရီထိစောင့်ရင်း တဖွဲဖွဲနဲ့ ပိုက်စံ ပေးမယ့် သူတွေရောက်လာကြတယ်။ လူတစ်ရာ ကျော်မယ်ထင်ပါတယ်။ ဖြူ ဖြူ မဲမဲ ပုပု ကွကွ ရှည်ရှည် ကျားကျား မမ စုံလို့ပေါ့။ ပတ်စပို့ ရယ် ပါမစ်ရယ် မိတ္တူ ကူးလို့ ထိုင်စောင့်နေရသေး။ ၉ နာရီမှာ စတင်ကာ စာရွက် စာတမ်း များ လက်ခံပါတယ်။ အဖွားကြီး၏ ချိုသာသော မြန်မာ စကားများအား နားထောင်ရင်း သည်းငြီးခံ ကာစောင့်ဆိုင်းလို့ ၁၁ ကျော်မှာ ကိစ္စပြတ်ခဲ့ပါတယ်။
ဟူး……....၀ူ…………… လေပူတချက် မှုတ်ထုတ်ကာ ခပ်သွက်သွက် လှမ်းထွက်ခဲ့ပါတယ်…
အပြန်ရထားထဲမှာ ကျတော့ နံနက် စောစော က ရထားနဲ မတူဘူး။ ပလူးပလဲ အတွဲ တွေလဲ တွေ့ရတယ်။ ခပ်တည်တည်နဲ့ ရထားပိုင်ရှင်လို မျက်နှာတွေလဲတွေ့ရတယ်။ စင်္ကပူရီးယန်း ဆိုတဲ့ အထာတွေနဲ့ ဘ၀င်လေဟပ် နေသူတွေ အလုပ်ပဲ များသရောင် အိုက်တင်နဲ့ အချင်းချင်းလဲ စကားမပြောကြဘူး။ မျက်နှာကြီး မျိုးတွေထင်ပါရဲ့။ ဘယ်သူမှ မသိဘူး အပိုင်ပဲ ဆိုပြီး အတင်းတုတ်တဲ့ ရွှေတွေလဲ တွေ့ရပါတယ်။ ဗိုက်ကြီးသည် လာလို့မှ နေရာပေး ရကောင်းမှန်း မသိတဲ့ သူတွေလဲတွေ့ရပါတယ်။ ရထားတွဲချင်း တူပေမယ့် မတူဘူးရယ်။ အဲယားကွန်း က အေးနေပေမယ့် နံနက်စောစောက ရထားထဲကလို နွေးထွေးမှုမျိုး မတွေ့ရတော့ဘူး။

Saturday, June 13, 2009
စင်္ကပူမှာသာတဲ့လ
ကျွန်တော် နေခဲ့တဲ့နေရာကို Jurong East MRT ကနေ Busကားစီးသွားရင် တစ်ကျပ်ဆယ်ပြား ပေးရတယ်။ Company ပေါင်းစုံက အလုပ်သမားတွေနေတဲ့ အဆောင်ပေါ့။ အဆောင်နားက ကားလမ်းမကြီးဘေးမှာရေကန် အကြီးကြီးရှိတယ်။ ရေကန်ထဲမှာ ဇလားဖီးယား ငါးတွေ၊ ယက်ကန် ယက်ကန်နဲ့ လိပ်တွေ ရှိတယ်။ စင်္ကပူမှာ လူအများစုက ရုံးလုပ်ငန်း လုပ်သူများတယ်။ တစ်နေကုန် စားပွဲမှာထိုင်ကာ ကွန်ပျူတာကြည့်ရ လက် ညောင်း ဇက်ညောင်း အလုပ်လုပ်ကြရတယ်။ ညနေပိုင်းဆို ကန်ဘောင်မှာ အညောင်းပြေ လမ်းလျှောက်သူတွေ၊ အပြေး လေ့ကျင့် သူတွေ လေညှင်းခံ တဲ့သူတွေစုံလို့။ ရန်ကုန်မြို့က အင်းယားကန်လို မလှပေမယ့် နှစ်ယောက် ထိုင်ခုံ လေးတွေ၊ ငါးမမျှားရ၊ ရေမကူးရဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ရှိတယ်ဗျ။
ကျွန်တော့် အဘို့တော့ အညောင်းပြေ လမ်းလျှောက်ဖို့ ဝေးသေး။ ပြန်ရောက်တာနဲ့ လမ်းထိပ်ဆိုင်မှာဝင်လို့ မြန်မြန် ကျက်လွယ်မယ့် ငါးနဲ့သီးနှံလေးတွေ ၀ယ်ပြီး အဆောင်ထဲဝင်ရတယ်။ အခန်းရောက်တာနဲ့ အ၀တ်တွေ ကို အ၀တ်လျှော်စက်ထဲ ပစ်ထည့်လို့ လျှော်ရတယ်။ နောက်ပြီးတော့ ဆန်ဆေး ထမင်းချက်ရ တာပေါ့ဗျာ။ တ လက်စတည်း ၀ယ်လာတဲငါးကို အကြေးခွံတွေ အူတွေသင်ပြီး မန်ကျီးမှည့်ရည်လေးနဲ့ အမြန်ချက်ရတယ်။ ဟင်း ချက် ရင်း သူငယ်ချင်းတွေနဲ့ စကားပြောလိုက် တီဗွီကလာတဲ့ ဂျိုလီရဲ့ ဇာတ်ကားလေး ပြေးကြည့်လိုက်ပေါ့ဗျာ။ ဂျိုလီ ကိုကြိုက်ပေမယ့် ဟင်းအိုးတူမှာဆိုးလို့ ကောင်းကောင်း မကြည့်ရပါဘူး။ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစား စရာ မလိုပါဘူး အစီစဉ်တကျပဲ ခဏနေတော့ ရေမိုး ချိုးလိုက် တယ်လေ။
ကျွန်တော့် ညစာက တီဗွီကြည့်ရင်း လွှေးရတာပေါ့။ ထမင်းစားလို့ ပြီးတော့ ဖတ်လက်စ ဆရာမြသန်းတင့်ရဲ့ “ကျနော်ဆက်၍ရေးချင်သောဝတ္တုများ” စာအုပ်လေး ဆက်ဖတ်လိုက်တယ်။ စာအုပ်ထဲ စိတ်ဝင်စားသွားလိုက် တာ နာရီကိုကြည့်လိုက်တော့ ဆယ့်တစ်နာရီ ရှိပါရောလား။ မနက်အလုပ်သွားဖို့ ရှိတာကြောင့် ဖုန်းလေးကို နှိုး စက်ပေးပြီး အိပ်ယာဝင်လိုက်တယ်။ မှန်ပြတင်းကနေ အပြင်ကို တချက်ကြည့်လိုက် တော့ သဘာဝအလင်း ရောင်တချို့ကို တွေ့လိုက်ရတယ်။ အော်. ဒီနေ့ လပြည့်နေ့ပါလား။ အလုပ်ထဲမှာ သွားလိုက် ပြန်လိုက်နဲ့ မေ့နေ လိုက်တာ လမင်းကြီးတောင် မကြည့်ရတာ ဘယ်လောက်ကြာနေပြီလဲ။ အတွေးတွေနဲ့ ဆက်အိပ်ဖို့ ကျိုးစား ပေမယ့် အိပ်လို့မရပေ။ လသာသာမှာ လမ်းလျှောက်ချင်တဲ့စိတ်က များနေတယ်။ ဒါနဲ့ လမ်းထိပ်က ကန်ဘောင် ဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်။
ကျွန်တော် လမ်းလျှောက်ထွက်သော ဆယ့်တစ်နာရီကျော် အချိန်သည် စင်္ကပူနိုင်ငံအဖို့ စောနေသေးသည် ထင်သည်။ လမ်းမပေါ်မှာ သွားလာနေသော လူတချို့အားတွေ့ရသည်။ ကန်ဘောင်မှာတော့ လူမရှိသ လောက် ရှင်းသွားသည်။ ကျွန်တော် ကန်ဘောင်ပေါ်မှာ လေညှင်းခံ လို့ လရောင်အောက်မှာ လမင်းကို မော့် ကြည့်ကာ လမ်းလျှောက် နေလိုက်တယ်။ နှစ်ယောက်ထိုင် ထိုင်ခုံလေးတခုမှာ ထိုင်လို့ လရောင်လျှပ်ပြေးနေ တဲ့ ကန်ရေပြင်ကို ငေးကြည့်ကာ ဟိုအရင်အချိန်က အကြောင်းတွေ တွေးနေမိတယ်။ စင်္ကပူပူမှာသာတဲ့လမင်း ကလဲ အရင်က ငါမြင်ဖူးတဲ့ လမင်းကြီးလို ၀ိုင်းစက်လို့နေတယ်။
ကျွန်တော် ရွာမှာနေစဉ်က ဒီလို လပြည့်ညဆိုရင် အဖေရယ် အမေရယ် အကိုအမ တွေရယ် အိပ်ရှေ့ တလင်း မှာ ထိုင်လို့ အေးမြတဲ့လမင်းရဲ့ အလင်းရောင်ကို ခံစားရင်း စကားပြော ကြတယ်။ လျှပ်စစ်မီး မရှိတဲ့ ရွာလေးမှာ လမင်း အလင်းရောင်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကလေးတွေကတော့ ထုတ်စီးတိုးတမ်း ကစားကြတယ်။ လိပ်ဥဖွက်တမ်း၊ ပုံပြောတန်းကစားကြတယ်။ ကြည်နူးရပါတယ်။ လရောင်အောက်မှာ အိပ်ရတာလဲ တကယ် အရသာရှိတယ်ဗျာ။ လပြည့်ညတိုင်း အိမ်ကနွားလှည်းကို အိပ်ရှေ့ထုတ် သင်ဖြူးဖျာလေး ခင်းလို့ လမင်းကို ကြည့်ရင် အိပ်လေ့ရှိတယ်။ စံပယ်ရုံက စံပယ်ပန်း ရနံလေးတွေရယ်၊ ခမောက်ပန်း ရနံ လေးတွေရယ် သင်းပျံ့လို့ လရောင်ရွှန်းပ ညတစ်ညဟာ ဘာနဲ့မှ မလဲနိုင်ဘူး။
ကျွန်တော် အခုကန်ဘောင်က ထိုင်ခုံတန်းလေးပေါ်မှာ လှဲလို့ လမင်းကိုငေးကြည့်နေတယ်။ ကျနော် စိတ်မှာ မြန်မာပြည်မှာ သာတဲ့လကို တမ်းတနေမိတယ်။ ဘာလို့လဲ သိလား။ စင်္ကာပူမှာ သာတဲ့လက မြန်မာပြည်မှာ သာတဲ့ လလောက် မအေးမြဘူးလို့ ခံစားရလို့ပဲ။ မိတ်ဆွေရာ ဒီလိုခံစားရလား။ ကျွန်တော်ထင်တယ်လေ ဘယ်နိုင်ငံက လမင်းဖြစ်ပါစေ မြန်မာပြည်က လမင်းလောက် အေးမြမှာ မဟုတ်ဘူး။ ဒီလိုခံစားချက်ကို လမင်းကြီး ကတော့ သိနိုင်မယ် မထင်ဘူး။ လမင်းကြီး သိရင်ရော ဘယ်လိုခံစားမလဲ သိချင်လိုက်တာ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)
Thursday, May 28, 2009
ပိုက်စံ သို့မဟုတ် ငွေ ။
ကျနော် ဒီအရွယ်ထိ ငွေကို မဆုဖူး ပါ။ ဘယ်လိုဆုရမည်လည်း မသိပါ။ အမှန်တိုင်း ပြောရလျှင် ငွေကိုခင်းပြီး လျှောက်နေတယ်။ စိတ်ကူးပေါက်ရာ လုပ်ပစ်လိုက်တယ်။ နောင်ခါလာ နောင်ခါဈေး ဆိုသလိုပေါ့။ ဒီတော့ ကျနော်က မှ ငွေကို မခင်တာ ငွေဆိုတဲ့ အရာက ကျနော့် အနားမှာ ဘယ်ရှိပါမလဲနော်။
စီးပွားရေးနဲ့ပတ်သက်ပြီး စာအုပ်တွေဖတ် သူများပြောရင် ဆရာကြီးလိုလို ဘာလိုလိုနဲ့ ဝေဖန်ရေးလုပ်။ ဘယ်စာအုပ်မှာတော့ ဘယ်လိုရေးတာ။ အမှန်ကတော့ မမှားဘူး။ လက်တွေ့မှာတော့ ရှိရင်ရှိသလို မရှိရင် ဗိုက်မှောက် ရေသောက်မယ့် အစား။ ကျနော် လက်သုံး စကား တခုရှိတယ်ဗျ။ ငါက ငွေနောက်လိုက်နေတာ မဟုတ်ဘူး စိတ်ချမ်းသာမှု နောက်လိုက်နေတာကွ။ ရခဲလှတဲ့ ဘ၀မှာ ပျော်သလိုနေတယ်။ ငွေနောက်လိုက် ရင်ငွေရမယ် - ဆိုတာမျိုးပေါ့။
ကိုယ်ပိုင် ဥစ္စာတဲ့။ ဘယ်မှာလဲ ဆန်းဝင်း မင်းမှာ ဘာရှိလဲ။ ခရီးသွား အိတ်တလုံး။ အ၀တ်အစား လေးငါးစုံ။ နိုကီယာ ဟန်းဖုန်းတလုံး ။ ဟား .ဟား.. အော် ဖြစ်ရလေ။ ငွေရဲ့ကျေးကျွန် မဖြစ်စေနဲ့လို့ တော့ ကိုယ့်ကိုယ်ကို ခဏခဏ ပြောမိပါရဲ့။ တကယ်တန်းကျတော့ အဲဒီ ငွေကို ကျွန် အဖြစ် ခိုင်းစားဖို့ ၊ ငွေကိုငွေနဲ့ ရင်းဖို့ ဘယ်မှာ လဲ မင်းဆုထားတာ။ တော်တော် အသုံးမကျတဲ့ကောင်။
ငွေအကြောင်းပြောရတာလဲ သိပ်မကောင်းဗျ။ အပေါင်းသင်းဖျက်တာ ငွေတဲ့။ ငွေက မိတ်ပျက်စေတယ်လေ။ မိဘ မောင်နှမ ဆွေမျိုးသားချင်း စိတ်ဝမ်းကွဲအောင် ခွဲတတ်တယ်တဲ့။ အင်း ခက်တော့ အခက်သားလား။ မရှိမကောင်း ရှိမကောင်း။ မရှိလဲကောင်း ရှိလဲကောင်တဲ့။
(စကားမစပ်ဗျာ.. အခုတလော နားပါဦးမည် ဆိုတဲ့ ဘလော့ဂါတွေ များများလာတယ် ၊ ကျနော့်အထင်တော့ ငွေရှာတော့မယ်ထင်တယ်။ နည်းလမ်းရှိရင် ပြောကြဦးနော်)

Friday, April 3, 2009
ကျနော် နှင့် အင်တာနက်
ဤ အကြောင်းအရာအား ရေးသား ခြင်သည်။
သို့သော် ဘာမှ မယ်မယ်ရရ ပြောပြဖို့ မရှိသလို ဖြစ်နေသည်။
အင်တာနက် အကြောင်းကို ပြောမည် ဆိုလျှင် ကွန်ပျူတာ ကစရ မည်။ ကွန်ပျူတာ အကြောင်း စရေးမယ် ကြံတော့လည်း လက်နှိပ်စက် ဆိုတာ လေးက ပေါ်လာပြန်သည်။ ကျနော် အင်တာနက် အသုံးပြု တတ်ရန် သတင်း အချက်လက် အင်ဖော်မေးရှင်းများ ရှာလိုက် မှတ်လိုက် ရတဲ့ နှစ်တွေ မနည်းပေ။ နေထိုင် ကျင်လည် ခဲ့သော ပတ်ဝန်းကျင်သည် သူလိုလို ငါလိုလို အောက်ခြေလူတန်းစား တွင်ဖြစ်သည်။ အထက်တန်း ကျောင်း တက်စဉ်က ကျောင်းတွင် ကွန်ပျူတာ အခန်းရှိသည်။ သို့သော် ပြတင်းမှန်မှ ချောင်းကြည့်ခဲ့ရသည်။
အကိုကြီး တစ်ယောက် လက်နှိပ်စက် ရိုက်ခြင်းအား ဘေးမှနေ စာခေါ်ပေးဖူးသည်။ ဤမှ ကျနော်သည် လက်နှိပ်စက် ဖြင့် အင်္ဂလိပ်စာ၊ မြန်မာစာ ရိုက်နည်းများ အကျွမ်းဝင်လာခဲ့သည်။ ထိုမှတစ်ဖန် ကွန်ပျူတာသို့ စိတ် ၀င်စားမှု ပိုခဲ့ သည်။ ကွန်ပျူတာနှင့် ပတ်သက်သော သတင်း နည်းပညာများ များအား အသည်းသန် ရှာဖွေဖတ်ရှုခဲ့သည်။ ကွန်ပျူတာ (အခမဲ့) ပြင် သော မိတ်ထီလာမှ ကိုမော်ကြီး၏ ကျေးဇူးကား ကြီးလှသည်။ သူသည် မြန်မာစာ ဖြင့် ကျောင်းပြီး သော်လည်း အီလက်ထရောနစ် ပစ္စည်းများအား အလွန်ဝါသနာ ထုံသည်။ အားလပ် ချိန်များတွင် ကွန်ပျူတာ ပြင်သော ကိုမော်ကြီး အနားကပ်ခါ မေးခွန်းများ မေးခြင်း၊ တစ်စစီ ဖြုတ်ထား သော ကွန်ပျူ တာအပိုင်း အစများအား ကိုင်ကြည့်ခြင်း ဖြင့် လေ့လာရသည်။ ဒါကမော်နီတာ၊ ဒါကအောက်စက် စီပီယူ၊ ဒါကတော့ မီးပျက် တဲ့ အခါသုံးတဲ့ ယူပီအက်(စ်) ၊ ကွန်ပျူတာ ပစ္စည်းမှာ အပျော့စား၊ အမာစား နှစ်မျိုးရှိသည် စသည်ဖြင့် ရှင်းလင်းပြ တတ်သည်။ ကိုမော်ကြီးသည် စိတ်ရှည်သည်။ စေတနာထားသည်။ ပတ်ဝန်းကျင် ကတော့ သူ့အား အထင်မကြီး ကြပေ။ ပြင်သမျှ ပြန်ကောင်းလာတာ ခပ်ရှားရှားဖြစ်သည်။
ကွန်ပျူတာ စာရိုက်ရန် ကီးဘုတ် လက်ကွက် စာရွက်လေး ရတော့ ကျနော် အလွန်ပျော်သည်။ လက်နှိပ်စက်ဖြင့် သိပ်မကွာ၍ လေ့လာရတာ အခက်ခဲမရှိ။ တစ်နေ့ ကိုမော်ကြီး သည် အိုင်ဘီအမ် ပီသရီး တစ်ပတ်ရစ် ကွန်ပျူ တာလေးဝယ် သည်။ သူ ကွန်ပျူတာ ရိုက်နေသည်ကို ဘေးမှကြည့် ကာ လေ့လာသည်။ အခြေခံ အကြောင်း အရာ များ ရှင်းပြ သည်။ ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းရှိ ဖော်အဲဗား ကွန်ပျူတာ သင်တန်း ဖွင့်စက သင်တန်း တက်ဖူး သည်ဟုပြောပြသည်။ သင်ခန်း စာ စာအုပ်များငှားသည်။ ကွန်ပျူ တာ အခြေခံများ အတော်လေး ရလိုက် သည်။ ကွန်ပျူတာ ဖွင့်ပိတ်ခြင်း၊ ဖိုင် တစ်ခုဖွင့် သိမ်းခြင်း၊ နာမည်ပေးခြင်း၊ မြန်မာ နဲ့ အင်္ဂလိပ် တွဲရိုက်ခြင်း၊ စာမျက်နှာ ရွေးခြင်းနှင့် မာဂျင် ပေးခြင်း များ ရှင်းပြသည်။ ကွန်ပျူတာ ကီးဘုတ်အား အစမ်း ရိုက်ကြည့် သောအခါ လက်နှိပ် စက် ရိုက်ဖူးသော ကျနော့် လက် သည် နုနုရွရွ ကီးဘုတ်နှင့် အထာမကျ။ နွေအခါ လယ်တော ခရောင်းလမ်းတွင် ထော်လာဂျီ မောင်းလာသော အသံဖြစ်နေသည်။
ပုဂံညောင်ဦးတွင် ကိုမော်ကြီးနှင့်တွဲဖြစ်သည်။ ထိုအချိန်တွင် ကိုမော်ကြီးသည် အင်တာနက် သုံးသူ အဆင်သို့ ရောက်နေပြီ ဖြစ်သည်။ အင်တာနက်သည် မည်သို့ အရေးပါကြောင်း ၊ စီးပွားရေး လုပ်ငန်းများတွင် မည်သို့ အသုံးပြုကြောင်း ရှင်းပြသည်။ ကျနော်သည်လည်း မြန်မာစာ၊ အင်္ဂလိပ်စာ မြန်မြန်ဆန်ဆန် ရိုက်နိုင်သည်။ ဇယားများ ဆွဲသော အိတ်ဇဲလ် အားစတင်နေပြီဖြစ်သည်။ ပါဝါပွိုင့် အား အခြေခံကာ အဒိုဗီ ဖိုတိုရှော့အား လက်တည့်စမ်းခြင် သောစိတ် ပင် ရှိနေပြီ ဖြစ်သည်။ ၀န်ကြီးချုပ် ဟောင်း တစ်ဦး၏သား ပိုင်သော ပုဂံ ဆိုက်ဘာ တက် အင်တာနက် ဆားဗစ် စတင်ကာ အိုင်ပီစတားများ ဖြန့်ဝေရောင်းချသော အချိန်ဖြစ်သည်။ မြန်မာ ပြည်တွင် အင်တာနက် အသုံး ပြုသူ နည်းပါးသေးသည်။ ကျနော်သည် ရသမျှ နည်းပညာ သတင်း အတိုအထွာများ ဖတ်ကာ အင်တာဆိုတာ ဘာကွလို့ ရမ်းသမ်းပြော တတ်နေပြီဖြစ်သည်။ ဂူဂဲ၊ ရဟူး နှင့် ဒေါ့ကွန်းတစ်ချို့အား အသေမှတ်ထားတတ်သည်။
သို့နှင့် ကိုမော်ကြီးနားကပ်ကာ အင်တာနက်သုံးနည်းအား လေ့လာရသည်။ သို့သော် ပေးမသုံး။ တစ်နေ့ သူ အပြင်ထွက်ခိုက် အင်တာနက်အား စမ်းဖွင့်ကြည့်သည်။ သူကြည့်နေကျ ကျနော် အလွတ်ရနေတဲ့ အ၀တ်ဗလာ ထိုင်းမော်ဒယ်မ လေးများ ဆိုဒ်တစ်ခု ကိုဖွင့်ကြည့်သည်။ ကလစ်ချက်တွေ များတော့ ပိတ်မနိုင်ဖြစ် လာသည်။ ကွန်ပျူတာ တစ်ခုခုဖြစ် သွားပြီ ထင်ကာ ကိုမော်ကြီးအား ခေါ်မေးရသည်။ သို့နှင့် အင်တာနက် ၀က်ဆိုဒ် အကြောင်း၊ အီးမေးအကြောင်း၊ ချက်တင် စကားပြောခြင်းအကြောင်းများ ရှင်းပြသည်။
ဂျာနယ်များမှ အင်တာနက် ကဖေး များ စတင်မိတ်ဆက် ရေးသားလာသောအခါ အင်တာနက်ကဖေး ဆိုတာ ဘာလည်း သိခြင်လာသည်။ ကော်ဖီဆိုင်တွင် အင်တာနက်ပြခြင်းလော။ ကော်ဖီသောက်ပြီး အင်တာနက်ကြည့် ရခြင်လော။ အင်တာနက်အား ကော်ဖီဟု တင်စားခြင်လော စသည်ဖြင့် စဉ်စားခန်းဖွင့်ဖူးသည်။
ညဆယ်နာရီခန့်တွင်ဖြစ်သည်။ ကိုမော်ကြီး တကုတ်ကုတ်နဲ့ ဘာတွေလုပ်နေလည်းမသိ ။ ဘေးနာကနေ အသံမပေးပဲ ကပ်ခါ ချောင်းကြည့်သည်။ သူမျက်နှာသည် ပြုံးရွှင်နေ သည်။ လက်မှလည်း အဆက်မပြတ် စာတွေရိုက်နေသည်။ ဟိတ်လူ ခင်ဗျား ဘာတွေလုပ်နေတာလည်း ဟု မေးသောခါ - ယခုအခေါ် ကြူကြူ လုပ်နေကြောင်း သေဘာပေါက်ခဲ့သည်။ ကိုမော်ကြီ၏ နစ်နိမ်းကား မိုက် ဖြစ်သည် တစ်ဖက်မှ မိန်းကလေး၏ အမည်မှာ လမင်းလေး ဖြစ်သည်။ သို့နှင့် ကျနော်သည် ကိုမော်ကြီးထံ ထဏခဏ ရောက်ဖြစ်လေသည်။
ကျနော် နားပူ နားစာ လုပ်လွန်း၍ ကိုမော်ကြီးမှ http://www.walla.com/ မှ ဖရီးမေး တစ်ခု လုပ်ပေးသည်။ ဤတွင် အင်တာနက်အား ကျနော် ပို၍ သဘော ပေါက်ခဲ့သည်။ အင်္ဂလိပ်စာ၏ အရေးပါမှုအား နားလည် လာရသည်။ အီးမေး လိပ်စာတစ်ခုရှိလျှင် ဆိုဒ် အတော်များများ ၀င်၍ရသည်။ သူငယ်ချင်းနှင့် စာပေး စာယူလုပ်၍ရသည်။ ပထမဆုံး ကျနော် မန်ဘာဝင်ခဲ့သော ဆိုဒ်မှာ မြန်မာချက်နက် ဖြစ်သည်။ မြန်မာ ချက် တွင် အကန့်များခွဲထား သည် အားလုံး ၀င်ပြော၍ရသည်။ ပရိုက်ဗိတ် ပြော၍ ရသည်။ ချောင်းသာ၊ ငပလီ၊ စသည်ဖြင့် ချစ်သူများ စုံစည်းရာ နေရာလေးများမှတ်မိသည်။ ထိုအချိန်က ကျနော့် နှင့် စကားအများဆုံး ပြောဖြစ်သော အွန်လိုင်း သူငယ်ချင်းမှာ လသာမှ ကောင်မလေး တစ်ယောက်ဖြစ်သည်။ နောက်တစ်ယောက်မှာ လားရှိုးမှ အစ်မ တစ်ယောက်ဖြစ် သည်။ သူတို့ ဆီမှ အင်တာနက် ဝေါဟာရ နှင့် နည်းပညာများ သင်ယူခဲ့ဖူးသည်။
ထိုမှ ဤမှ ကျနော်သည် အင်တာနက် နှင့်ထိတွေ့မှု ဝေးကွာခဲ့ရပြန်သည်။ ၄င်းနောက် အင်တာနက်အား အဆက်ပြတ်သွားသလို နည်းပညာအားလည်း ပြတ်ကျန်ခဲ့လေသည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ အကို ၀မ်ကွဲ အကူ ညီဖြင့် ဂျီမေး အကောင့်တစ်ခုရသည်။ အင်တာနက် သုံးသည် ဟုဆိုသော်ညား ချက်တင်လုပ်ခြင်း ဘာဘာညာညာ ကြည့်ခြင်းသာဖြစ်သည်။ ရှေ့ဆက်၍ကား မတက်နိုင်ခဲချေ။

Monday, March 9, 2009
NaTuRal HoNestY
သဘာဝ ရိုးသားမှု။
အဲဒါကို စာဖွဲခြင်တာတော့ မဟုတ်ဘူး။ လိုခြင်တာ။ ပြန်လိုခြင်တာ၊ ပြန်ရခြင်တာပါ။
ကလေးငယ်လို ဖြူစင်တဲ့ သဘာဝ ရိုးသားမှု ကိုပေါ့။
ကျနော့်ဆီမှာ အဲဒီ ”သဘာဝ ရိုးသားမှု” ပြောက်ဆုံးနေတာ ကြာပီ။
အပြင်ပန်း ကြည့်မလား။
အသက်ကြီးတာနဲ့ အမျှ မျက်နှာက အရေထူးလာတယ်။
အကြောင်းကြီးငယ်ကြောင့် မျက်နှာပူခြင်းကို တခါတရံ လုံးဝ မမှုတော့ဘူး။
အရေ ထူးတဲ့ မျက်နှာကြီးကို တော်တော်မုန်းတယ်။
ငယ်ငယ်က မျက်လုံးတွေ။
ဟုတ်တယ် ကလေးဘ၀ မျက်လုံးတွေက အမှန်တရား စကားကိုပြောတယ်။
ဟန်ဆောင်မှု ကင်းတယ်။ ဖြူစင်ရိုးသားမှုရဲ့ သင်္ကေတပဲ။ ခု အဲဒီမျက်လုံးတွေ ဘယ်မှာလည်း။
ငါ ပြန်ရခြင်တယ် သဘာဝ ရိုးသားမှု။
ငါပြန်ရခြင်တယ် ငယ်စဉ်ကလေးဘ၀။

Sunday, March 8, 2009
easycalculation.com
အင်း ....
ပြောရရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းဖြစ်နေမှာဆိုးတယ်။
ဒါပေမယ့် လေ ဘာဖြစ်လည်း - ရေးလိုက်ပီ။
တခါတခါ ကျနော် သင်္ချာ နဲ့ကျောင်းပြီး ပါတယ်။ သချာင်္ဘွဲ့ ရပါတယ်လို့ ပြောရမှာ ရှက်သဗျာ။
ကိုယ် ဘယ်လောက်လေ့လာခဲ့သလဲ ကိုယ်တိုင်ပဲ အသိ။ နည်းနည်းပါးပါး သိတာလေးတွေကျတော့
ကျောင်းမှာကျန်ခဲ့တယ်။ မြန်မာပြည်မှာ (ရွာ) နေစဉ်တုန်းက ဒီဖော်မြူလာတွေ ဘာလုပ်ဖို့ ဒီလောက် ကျက်နေရတာလည်း။ တကယ်လက်တွေ့ လုပ်မပြပဲနဲ့ ဘယ်လိုလုပ်တတ်မှာလည်း - အဲဒီလို မေးခွန်းများနဲ့ပဲ မှတ်သင့်တာ မမှတ်ခဲ့။ ယူနီဘာစီးတီးမှာ ပိုက်စံလည်း မရ ဆိုင်ကယ် ကယ်ရီ လိုက်ပီး ကျောင်းပြီးခဲ့တယ်။ (အချော အလှ အလကားတင်ပါတယ် ၊ အအေးတောင် တိုက်သေးတယ် .. အဟီး..)
ခုလို အလုပ်ထဲရောက်တော့ မှ နဖူးတွေ့ ဒူးတွေ့ ပက်လက်လန်တော့တာပဲ။ အလုပ်လုပ်နေရင် တစ်စ နှစ်စ ဖော်မြူလာလေးတွေ မြင်ရောင်လာပေမယ့် အတိအကျ မသိဘူး။ ဒွတ်ခ နဲ့ လှလှနဲ့ တွေ့တော့တာပဲ။ ဖော်မြူလာတွေ မသိတော့ ဘာဖြစ်လည်း အချိန်မကုန်သင့်တာ ကုန်တယ်။ ငယ်ငယ်က မြန်မာနိုင်ငံပုံ မဆွဲတတ်ခင်ကပေါ့။ စက္ကူကို ရေနံဆီမီးခိုး မှိုင်းခံပြီး သင်ရိုးစာအုပ်ထဲကပုံမှာ ခဲတံနဲ့ ပုံတူကူးသလိုပဲ လုပ်နေရတယ်။ ဒီလိုလေ.. တန်းပလိတ် လုပ်ပီး နမူနာမှတ်ပီး လုပ်ရတာပေါ့။ ငယ်ငယ်က ပုံတူကူးတဲ့ အကျင့်က ခုထိပါလာတာထင်တယ်။
နောင်လာ နောင်သားများ အား ပြောခြင်သပ။ သင်္ချာ အခြေခံ လေးတွေ ၊ ရူပဗေဒ အခြေခံ ဖော်မြူလာ လေးတွေ ကျောင်းမှာ မထားခဲ့ကြနဲ့လို့ပေါ့။ ထောင့်မှန် နဲ့ပတ်သတ်တဲ့ ပုံသေနည်းများ။ ပိုက်သာဂိုရပ် သီအိုရမ်များ တကယ်အသုံးဝင်တယ်ဗျာ။ ကျောင်းက သင်သမျှ လုံးတာ၊ ၀ိုင်းတာတွေ၊ သုံးထောင့် လေးထောင့် ငါးထောင့် အကုန်လုံး သေချာ မှတ်သားထား ဖြစ်နိုင်ရင် အလွတ်ကျက်။ စက်ဝိုင်း နဲ့ပတ်သတ်တာ ၊ တြိဂံ နဲ့ပတ်သက်တာတွေ မမေ့သင့်ဘူး။
ကျနော်များတော့ အသုံးလိုခါမှ သတိရ ဆိုသလိုဖြစ်နေတော့၊ ဘာပဲလိုလို အင်တာနက်မှာရှာဆိုသလို ဖြစ်နေပါပီ။ အဲဂလို ရှာရင်းနဲ့ easycalculation.com ဆိုတဲ့ ဆိုဒ်လေး တွေ့ပါတယ်။ သင်္ချာနဲ ပတ်သတ်တာ လေးတွေ တော်တော်လေးကောင်းပါတယ်။ ကြည့်နေရင်းနဲ့ ကျောင်းပြန်ရောက်နေသလိုပဲ။ Right Angled Triangle Calculation မှာ Opposite Side , Hypotenuse Side , Adjacent Side အတွက် ပုံသေနည်း အပြင် calculator ပါသုံးလို့ရတာ တွေ့ရတယ်။ စိတ်ဝင်စားတယ် ဆို အမြန်ဆုံးသာ ကလစ်လိုက်ပါ။
စကားမစပ်
မနေ့ညက မြန်မာ ဗီဒီယိုဇာတ်ကား တကားကြည့်ဖြစ်တယ်။ ပြောခြင်တာက ကျောင်းဆရာမ အခန်းမှာ ဆရာမက မြန်မာစာရေးတာ မရေးတတ်ဘူးဗျာ။ (၀) ၀လုံး မ၀ိုင်းတတ်ဘူးဗျာ။ တော်တော်လေး ဆိုးပါတယ်။ နောက်ပီး င သတ် (င်) လည်း မရေးတတ်ဘူး၊ သူငယ်တန်း မနေခဲ့ရဖူးထင်တယ်။
..... အင်း...ဒွတ်ခ.. ဒွတ်ခ.......

Sunday, February 8, 2009
ဘလော့ ခြင်းအား ခေတ္တ နားထားပါသည်
ကျနော်
ဆန်းဝင်း (ကျောက်ပန်းတောင်း)
ဘလော့ ခြင်းအား ခေတ္တ နားထားပါသည်။
ဘာလို့လည်း ဆိုတော့ အင်း.. ဖြေရခက်ပါတယ်။
စိတ်ညစ်ရင်လည်း ဘလော့မှာပေါ့။ ပျော်စရာရှိရင်လည်း ဘလော့မှာပေါ့။
ခုတော့ ဘာဆိုဘာမှ အာရုံမရ။ အတော်ပင် နေရခက်နေသောကြောင့် ဘလော့ခြင်း၊
ဘလော့ဖတ်ခြင်း အား ယာယီအားဖြင့် နားထားလိုက်ပါသည်။
ဘလော့ဂါ အပေါင်း ကို လေးစား ခင်မင်လျှက်
ဆန်းဝင် (ကျောက်ပန်းတောင်း)

Monday, January 5, 2009
နေရာသစ်
ပြီးခဲ့တဲ့နှစ် ၂၀၀၈ ခုနှစ်က ကျနော် Panjuru Place မှာနေပါတယ်။ Company ပေါင်းစုံက အလုပ်သမား ပေါင်းစုံ နေတဲ့ အဆောင်ပေါ့။ အဆောင်သစ်ဆိုတော့ အသုံးအဆောင် ပစ္စည်းတွေ အားလုံးကောင်းပါတယ်။ ကြည့်ရတာ အခန်းလေးတွေက လူ ၈ ယောက် နေဖို့ ရည်ရွယ်ပြီး တည်ဆောင်ထားပုံရတယ်။ အိပ်ခန်း ၊ ဧည့်ခန်း ၊ မီးဖိုချောင်၊ ရေအိမ် ရေချိုးခန်း ပြင်ဆင်ပုံလေး မဆိုးဘူး။ ဒါပေမယ့် အဲဒီလို လူ ၈ ယောက်စာနေရာမှာ ခုတင်တွေကို နှစ်ထပ် ဆင့်တွေ ထားပြီး လူဦးရေ ၁၈ ယောက်ထားပါတယ်။ အဆောင်မှာ လူစုံလာရင် နေစရာ မရှိတော့ဘူး။ သိတဲ့အတိုင်းပဲ လူများတော့ လက်များတယ် ခြေများတယ် (လူတစ်ယောက် တွင် လက်နှစ်ဖက် ခြေနှစ်ဖက် ရှိသည်)။ ပါးစပ် တစ်ပေါက်သာ ပါသဖြင့် ကံကောင်းသည် ဟု ဆိုရမည်။ ၁၂ နာရီကျော်လျှင် ငြိမ်ငြိမ် တိတ်တိတ် အိပ်ရသည်။ ဒီလို ညစ်ညစ်နဲ့နေခဲ့ရတာ Company မှာ အလုပ်သမားတွေ လျှော့ချတော့ အခန်း နှစ်ခန်းကို တစ်ခန်းတည်းပေါင်းလိုက် ပါတယ်။ ပေါင်းလိုက်တော့ အားလုံး ၂၁ ယောက်ဖြစ်သွားတယ်။ ၁၈ ယောက်ပဲနေလို့ရတာ ဆိုတော့ ပိုနေတဲ့ ၃ ယောက်ကို အခြား အဆောင်မှ မြန်မာများအခန်းတွင် ပေါင်းလိုက်တယ်။
နေသားကျနေတဲ့ နေရာကို စွန့်ခွာပြီး နေရာသစ် ကို စိတ်ဝင်စားတဲ့ကျနော် အဆောင်ပြောင်းဖို့ နာမည် စာရင်းပေးလိုက် ပါတယ်။ အနည်ထိုင် တတ်တဲ့ စိတ်၊ အကျင့်ကိုမုန်းတယ်။၂၀၀၈ ခုနှစ် ဒီစင်ဘာ ၂၈ ရက်နေ့တွင် နေရာဟောင်း Panjuru place မှ Kian Teck Lane ရှိ Blue Star အဆောင်သို့ ပြောင်း ရွှေ့ ခဲ့သည်။ အခုနေရတဲ့နေရာဟာ အရင်နေရတဲ့နေရာထက် သွားရေးလာရေး လွယ်ကူသည်။ Boon Lay (MRT) နှင့် နီးသည်။ မနက်စောစော ဖယ်ရီ ၆ နာရီခွဲမှထွက်သည်။ အိပ်ရေး၀၀ အိပ်ရသည်။ ကောင်းတာတွေပဲ ပြောနေတာ မကောင်းတာလည်း ရှိတာပေါ့။ ၅ လွှာမှာ နေရတာ အတက် အဆင်း ပျင်းစရာကောင်းသည်။ Lift မရှိ။ အရာရာမှာ အကောင်းနဲ့ အဆိုး အတူ တွဲတွေ့ရတတ်ပါတယ်။ ကောင်းတာပဲ လိုခြင်တာ လူ့သဘောနေမှာပေါ့။ အဆိုးကိုလည်း ပစ်ပယ်လို့တော့မရဘူး။
နှစ်သစ်၂၀၀၉ ခုနှစ်။ ကျနော် နေရာသစ်မှာနေတယ်။
လိပ်စာက ဒီမှာပါ လမ်းကြုံလို့ဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ် လာလည်ပါနော် .. ကြိုဆိုပါတယ်..

Thursday, January 1, 2009
ငါလာပြီ ၂၀၀၉ ရေ
၂၀၀၉ ခုနှစ်
စိတ်ခွန်အားသစ်နဲအတူ ကြိုဆိုပါတယ်။
ရှေ့ဆက် လျှောက်မယ့် လမ်းမှာ တွေ့ကြုံမယ့် ကောင်းဆိုး နှစ်တန်အား
ရင်ဆိုင်ဖို့ ငါမှာ ခွန်အား အပြည့်ရှိတယ်။ အမှားလုပ်ခဲ့တာတွေ က နမူနာ၊
အမှန်လုပ်ရပ်တွေက ထာဝရသိမ်း ဆည်းစရာ။
နှေးကွေးစွာ လျှောက်နေတဲ့ ခြေထောက်တွေထက် တစ်နေရာမှာ အနည်ထိုင်တတ်တဲ့
စိတ် နဲ ခန္တာကို နှိုးဆွပြီး အတွေ့ကြုံက ပေးတဲ့ အမြင်သစ်နဲ ငါ ဆက်လျှောက်မယ်...
ငါလာပြီ .. ၂၀၀၉ ရေ။

Monday, December 29, 2008
စူဇူကီးဖလား ချန်ပီယံ ဗီယက်နမ်
အကောင်ငယ်ပေမယ့် အဆိပ်လေးတွေနဲ့ဗီယက်နမ်က ထိုင်းအသင်းကို ပထမအကျော့
ထိုင်းနိုင်ငံတွင် ၂ ဂိုး ၁ ဂိုး၊ ဒုတိယ အကျော့ ဗီယက်နမ် နိုင်ငံတွင် ၁ ဂီုးစီ သရေကျ ကာ နှစ်ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ဂိုးဖြင့် ဗိုလ်ဆွဲသွားပါသည်။ အခုလို ဗိုလ် ဆွဲသွားတဲ့ ဗီယက်နမ်အသင်း မှာ စိတ်ဓာတ်ခိုင်မာခြင်း ၊ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်ခြင်း၊ ဘောလုံး ပညာကျွမ်းကျင် ခြင်း၊ တွေ အပြင် အသင်းလိုက် စုဖွဲ ကစားခြင်း အထူးကောင်းမွန်ပါတယ်။
ဒီပြိုင်ပွဲကို 1996 ခုနှစ်က စပြီ တိုက်ဂါး ဘီယာ စပွန်စာ နဲအတူ တိုက်ဂါးဖလားလို့ ခေါ်ဆိုခဲ့ပါတယ်။
2004 ခုနှစ်မှာတော့ တိုက်ဂါး ဖလားကနေ အေဆီယံ ဖလား အဖြစ် သတ်မှတ်ခေါ်ဆိုပြီး
ယခုနှစ် စူဇူကီး မှ စပွန်စာနဲအတူ စူဇူကီးဖလား ဟု ပြောင်းလည်း အမည်တွင်စေပါတယ်။
ဒါနဲ့ တို့မြန်မာနိုင်ပီ ဆိုတာ သီချင်းထဲမှာ လားမသိဘူးနော်..
ငယ်ငယ်က ရွာမှာ ရုပ်မြင်သံကြား မရှိသေးဘူး ရေဒီယိုကတစ်ဆင့် ဘောလုံးပွဲ အစီစဉ်ကြေညာ သံကို နားထောင်ခဲ့ရတယ်။ (မြန်မာခင်ဗျ..လိမ်တယ်ခင်ဗျာ..လိမ်တယ် .အနားမှာ ရှိနေတဲ့ လူကိုပေးလိုက်တယ်ခင်ဗျာ.. အဲ.. သူလည်း လိမ်တယ်ခင်ဗျ.. နောက်တစ်ယောက်အပေးမှာ တစ်ဖက်အသင်း ဦးသွားတယ်ခင်ဗျာ.. အခု..လိုက်ဖျက်တယ်..အဲ..အင်း....အဲ... မြန်မာ ပြန်ရ ပါတယ်ခင်ဗျာ..).
ဒီလိုနဲ့ အားပေးကြည့်ရှုခဲ့တာ.. ၂၅နှစ် တိတိ။ သိုပေသော်လည်း အားပေးဆဲ..ထာဝရ မြန်မာ။
Monday, December 22, 2008
ကျနော် ထင်ရင် လွဲခဲတယ်.
တကယ်ပါ.. ဗီယက်နမ်နိုင် မယ်လို့ ထင်တဲ့ အတိုင်း နိင်တယ်..ဗျ..
နိုင်တာမှ ထိုက်ထိုက်တန်တန်နိုင်တာ. ညစ်ကျယ်ကျယ်နဲ့ ကစားတဲ့
အသင်း ရှုံးတာတောင်နည်းသေးတယ်။ လူချတယ် ။ မလေးဒိုင်ကလည်း
ဘက်လိုက်တယ် ။ စင်္ကပူက အိမ်ရှင်လည်းဖြစ်တယ်။ ပွဲကြည့်ရတာ တကယ်ကို
အရသာရှိတယ်။
ဖိုင်နယ်မှာ ထိုင်းနဲ့တွေ့မယ်။ ကြည့်ဖြစ်ဦးမလား မပြောတတ်ဘူး ။

Thursday, December 18, 2008
အာရှမှ အဆင့်မြင့် ဘောလုံးအသင်း
အရှေ့တောင် အာရှ ဘောလုံး ပြိုင်ပွဲ များကို တခုတ်တရ မကြည့်ဖြစ်သည် အတန်ကြာခဲ့ပြီ။ အင်္ဂလန် ပရီးမီးယား ပွဲများအား စိတ်ဝင်စား ချိန်မှ စတင်ကာ အာရှပွဲ မည့်သည့်ပွဲကို မှ ကြည့်မရတော့။ ဘောလုံးရသ ပေးနိုင်မှု အလွန်နည်းသည် ဟုထင်သည်။ သို့သော်လည်း ကျနော်သည် ဘောလုံးကို တစ်စိုက်မတ်မတ် ကြည့်သူတော့ မဟုတ်ပေ။
မနေ့ညနေက စူဇူကီး ဖလား ဆီမီးဖိုင်နယ် ဗီယက်နမ် နှင့် စင်္ကပူပွဲစဉ် အား အစဆုံးကြည့် လိုက်ရတော့ ဗီယက်နမ်အသင်းအား မချီးမွမ်းပဲ မနေနိုင်။ အရှုံးအနိုင် ရလဒ်သည် သရေဟု ဆိုသော်ငြား ပွဲစဉ်တစ်လျှောက် ရသပေးစွမ်းနိုင်မှုက ဗီယက်နမ် အသင်းမှာ အပြည့်ရှိသည်။ လက် ဝှေ့ ပွဲများလို ဒိုင်ပွဲရပ် အနိုင်ပေး လို့သာ ရရင် ကျနော် ဗီယက်နမ်ကို ပထမပိုင်း ကတည်းက အနိုင်ပေးလိုက်မည်။ အထူးသဖြင့် အရှေ့တောင် အာရှ နိုင်ငံငယ် ဘောလုံး အသင်း တစ်သင်းတွင် ဒီလောက် ဘောလုံပညာရပ် အသင်းလိုက် အတွဲညီညီ ကစားနိုင်မှု ဒီလောက်ရှိလိမ့်မည် မထင်ခဲ့။ ဗီယက်နမ် ဘောလုံး အသင်းသည် ဥရောပ အဆင့်မှီ အသင်း တစ်သင်း ပင်ဖြစ်သည်။
ကစားပုံမှာ အာစင်နယ်မှ လူငယ်များ အမြန်ပေး ကာ အတက်အဆင်း ကစားသလို ဆင်တူသည်။ တကယ်တန်း သူတို့ကစားတာ နည်းမှန်သည်။ အာရှ ဘောလုံးသမား တစ်ယောက် အနေနှင့် ကွင်း ၂ ပတ် ၃ ပတ် လောက် ပြေးပြီးပါက အတော် ပင်မောနေပြီ။ နောက်ပြီ ခဏလေး ကစားရတာမဟုတ် မီနစ် ၉၀ တိတိ ကစားရတာ ဆိုတော့ တစ်ယောက်တည်း အပင်ပန်းခံ ကစားတာမျိုး လုံးဝမဖြစ်သင့်ဟု ထင်သည်။ ယခု ဗီယက်နမ်က အမြန်ပေးသည်၊ ခြေထောက်ထဲ ဘောလုံး ကြာကြာမထား အသင်းလိုက် ကောင်းသည်။ တစ်ဖက်လူ မကပ်ခင် ဘောလုံးကို ပေးတော့ ဘောပေးလွဲတာ အဖြစ်နည်းသည်။ တောင်ပံနှစ်ဖက် တိုက်စစ်အား အထူးကောင်းသည်။ နောက်တန်း အလယ်တန်း ရှေ့တန်း အားလုံး နားလည်မှုရှိပြီး အချိတ်ဆက်မိသည်။
ဂိုးမရ သော်လည်း လူတိုင်းပါးစပ်ဖြားမှာ ဗီယက်နမ် ကွလို့ တသသ ဖြစ်ရလောက်အောင်ကောင်းသည်။
စင်္ကပူဖက်မှ အထိုင်ကစားသည်. လူချသည်.. ဂိုးသမားတစ်ယောက်သာ အရပ်ရှည်သဖြင့် ကောင်းသည်။
အဟတ်... စိတ်ဓာတ်ရေးရာလည်း တခြားဆီဖြစ်သည်။ သရေရဖို့ မနည်းထိမ်း ကစားသွားသည်။
မြန်မာတွေ အတူယူသင့်တာတော့ ဗီယက်နမ်ရဲ့ ကစားနည်းကိုပါ။ အရပ်မောင်း လူလုံး အားဖြင့် မြန်မာ လောက်ရှိမည် မထင်. သို့ပေသော်လည်း ဘာကြောင့် ဒီလောက်ကောင်းရသလဲ ဆိုတာ..........
နောက်ပွဲ ကို စင်္ကပူမြေတွင် ကစားရမည်ဖြစ်သည်။ ပွဲအခြေနေ မည်သို့ရှိမည် စောင့်ကြည့်ရဦးမည်။

Tuesday, November 11, 2008
လက် ကျ ရာ ရေး လိုက် တယ်
ဒီရက်ပိုင်း ဘာလုပ်ဖြစ်လဲဆိုတော့..
gtalk မှာ စကားပြောတာ ကို လျှောချဖြစ်တယ် .
ဘလော့ကို ဖွင့်ကြည့်တဲ့ အရေ အတွက်လဲ လျှော့ကျသွားတယ် ။
ဟိုလိုလို ဒီလိုလို အတွေးတွေလည်း သိပ်မရှိတော့ဘူး ။
မယ်လိုဒီမောင်ရဲ ပိုစ်တစ်ခု ကလည်း အင်အားတွေ နဲ အမြင်ကို ရှင်းလင်းစေတယ် ။
အိမ် (ရွာ) ကို ဖုန်ခေါ်ဖြစ်သွားပြီ အမေနဲ စကားပြာဖြစ်တယ် ။
အမေ့အသံကြားရရုံနဲ အမေ့ရင်ခွင်ထဲ ရောက်နေ သလို ခံစားရတယ် ။ အေးမြတယ် ။
ညီငယ်ကိုလည်း လမ်းကြောင်းတစ်ခု ချပြနိုင်ခဲ့တယ် ။
ဒီနေ့..ဘာလုပ်ဖြစ်လဲဆိုတော့..
လက်ရှိ ကုမ္မဏီက ကျနော့် အလုပ်တွေ တစ်ဝက်လောက် ပြီးသွားတယ်..
ဒီတော့ နည်းနည်း ခေါင်းအေးသွားတယ်.
ဒါနဲ ဘလော့လစ်ထဲက အပေါ်ဆုံးက ဘလော့ကို ဖတ်ကြည့်တယ်..
သတင်းတစ်ခု.. စိတ်မကောင်းစရာသတင်းတစ်ခု ကို ဖတ်မိတယ် ။
တွေးတွေးပြီး ရင်ထဲ နင့်ခနဲ နေသွားတယ် ။ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ လို့လည်း ခံစားရတယ် ။
ညနေရောက်တော့
မစ်(စ်) သွန်းသွန်း ဘလော့ကို ကြည့်တယ် ။ ဖတ်လို့မရဘူး ။
နောက်ပြီး တောင်ပေါ်သားလေး ဘလော့ကို သွားကြည့်တယ် ။ ဖတ်လို့မရဘူး ။
မခိုင်ဖြူဇော် ဘလော့ကို ဖွင့်ကြည်တယ် ။ ပိုစ်အသစ်တွေဖတ်လို့မရဘူး ။ ဘာလို့လည်း မသိ ။
မြန်မာ ၀ီကီကိုေ၇ာက်တယ် ။ မက်ထရိုပိုလိတန် ဘလော့ကိုရောက်တယ် ဗဟုသုတစုံတဲ့ ဘလော့တစ်ခုပဲ ။
အခု အလုပ်မှာ ၉ နာရီ အိုတီယူတယ် ၀ီကီ ကို နည်းနည်ပါးပါး ကြည့်တယ် ။စိတ်ထဲ တစ်ခုခု ဖြစ်တော့နေတယ် ။ ပြန်တော့မယ် ။

Sunday, October 26, 2008
Subscribe to:
Posts (Atom)