Showing posts with label ရေ. Show all posts
Showing posts with label ရေ. Show all posts

Monday, April 25, 2011

ကြည်ပြာမုန်းတဲ့မော်တာ (အပိုင်း ၃)

တမာရွက်တို့ မြေသို့ ကြွေကျ နေ၏ ။
ပင်ယံထက်မှ ပြိုင်တူ ခုန်ချနေသည့်နှယ်။ ကြည့်နေရင်းပင် လိုက်ကာ ဖမ်းချင်နေတော့သည်။ နံနက်ခင်း နေသည် အညှိုးကြီးကာ ရက်စက်တော့မည်ထင်၏ ။ အိမ်ရှေ့ ခုံတန်းရှည်၌ ထိုင်နေရင်း တမာရွက်ကြွေများကို ရေတွက် နေမိသည်။ ဒီနေ့ ရေကို အစောကြီးချိုးလိုက်သည်။ အိမ်ရှင်က သဘောကောင်း၍ တော်သေးသည်။ ရေကိုလိုသလောက် သုံးခွင့် ပေးထားသည်။ ။ အပြင်ထွက်စရာမရှိ။ အားလပ်ရက်မို့ အေးဆေးရှိ၏။ သူငယ်ချင်းတွေဆို အိမ်ရှင်သတ်မှတ်သည့်အတိုင်းသာ ရေကို သုံးရသည်။ “ရေချိုးရင် ငါးပုံးထက် မပိုစေနဲ့” ဟု ငှက်ဆိုးထိုးသံကဲ့သို့ ပြောတတ်သည်ဟု သိရ၏။ လူများသည့် အဆောင်များတွင် နောက်ဆုံးကျသူသည် ရေအနှယ်အကပ်ကို သုံးရ၏။ ချိုးရ၏။ မသန့်သောရေကြောင့် ယားနာပေါက်တတ်သည်။ ရေသည် တကိုယ်ရေ သန့်ရှင်းရေး အတွက် အလွန် အရေးကြီးသည်။ လမ်းထိပ်ဘက်ဆီ လှမ်းကြည့်မိတော့ ကြည်ပြာ။ ဘုံပိုင်ဘေး တမာပင်အောက်က ထိုင်ခံမှာ ထိုင်နေသည်။ အခွင့်ရေးကို အကျိုးရှိစွာ အသုံးပြုရမည်။ ကြည်ပြာ့ထံ ထွက်လာခဲ့သည်။ လူတစ်ယောက် အနားရောက် လာတာ မသိလောက်အောင် ကြည်ပြာ ငိုင်နေသည်။

“ကြည်ပြာ . နင်ဘာဖြစ်နေလဲ.”
“ဘာမှ မဖြစ်ဘူး”
“ဟင်..ဘာမှမဖြစ်ဘူးဆိုတယ် မျက်နှာမကောင်းပါလား.”
“နင်မကြားဘူးလား မော်တာသံတွေညံနေတာ.”
“အော်..အဲဒါကြောင့်လား..ဘာဖြစ်လဲ ညံတာ.”
“သိချင်လား. ရေငုတ်ကို သေချာကြည့်.”
“အင်း ကြည့်တယ်. ဘာဖြစ်လဲ.”
“အေး. သေသေချာချာကြည့်. ရေနည်းနည်းပဲကျတယ်တွေ့လား. ဒီနေ့ နေရတပုံးပြည့်ဖို့ ငါအကြာကြီးစောင့်ရတယ်. အဲတော့ ဒီနေ့ ငါတို့ အိမ်အတွက် ရေဝယ်သုံးရတော့မယ်”
“နင်ကလဲ..ရေတစ်စည်မှ ၇၅ ကျပ်ပဲဟာ.. တရက်တလေ ဝယ်သုံးတာ ဘာမှ မဖြစ်ပါဘူး”
“အေးပေါ့.. ဘာမှမဖြစ်ဘူး။ ဒီနေ့ ရေမခပ်တော့ဘူး။ နင် အဲဒီရေပုံးကို ဖင်မှောက်ထားလိုက်စမ်း.။ ငါပြောပြမယ်. ဒီမှာလာထိုင်..”
“အင်း ပြော.. ငါသေချာ နားထောင်နေပါတယ်။ နင်တကယ် ဝမ်းနည်းနေတယ်နော်. ငါစပ်စုမိတာ စိတ်မကောင်းပါဘူးဟာ”
“ထားပါတော့.. နင် လမ်းထိပ်က ရေထမ်းတဲ့ ဒေါ်အေး ကိုသိလား. ”
“အင်း သိတယ်လေ. သူ့သားက ရေလှည်းတွန်းတယ်လေ.”
“အဲဒါပဲပေါ့ . ဒီမြို့ပေါ်မှာ ငါတို့လို ဆင်းရဲတဲ့ မိသားစုတွေ အများကြီးရှိတယ်။ လောကကြီးက မတရားဘူးဟယ်။ ငါမော်တာတွေ မုန်းတယ် ဆိုတာ အဲဒါကြောင့်ဟဲ့ .. စဉ်းစားကြည့်. ငါတို့ ခပ်တဲ့ ဘုံပိုင်မှာ ရေမလာဘူး အဲဒါ သဌေးအိမ်တွေက ရေကို မော်တာနဲ့ စုပ်ယူပြီးတော့ လှောင်ကန်မှာ လှောင်ထားကြလို့လေ။ သူတို့ မော်တာနဲ့ စုပ်ယူထားတဲ့ရေကို ငါတို့က ပြန်ဝယ်သုံးရတယ်။ အဲဒါ တရာသလား ဟင်.. ဒေါ်အေး တို့က ရေထမ်းခ လှည်းတွန်းခ လောက်ပဲရတာ ကိုယ့်ရေ ကိုယ်ရောင်းတာမဟုတ်ဘူး သဌေးအိမ် ရေကန်က ရေကို တဆင့်ဝယ်ရောင်းတာ။”
“အင်း.. အဲဒါတော့ မကောင်းဘူးပေါ့..ငါမှ အစက မသိခဲ့တာ”
“နင် မိဖြူ ကိုသိတယ်နော်”
“အင်း သိတယ်.”
“မိဖြူတို့ အိမ်က ချမ်းသာတယ်. အခု သွားကြည့်လေ. နင်သိလိမ့်မယ်။ ဒိချိန် သူတို့ အိမ်ရှေ့ အိမ်နောက် အေးနေအောင်လို့ ရေဖြန်းတယ်။ တခါတလဆို သူတို့ အိမ်ရှေ့လမ်းကိုတောင် ဖုန်မထအောင် ရေဖြန်းထားတယ်။ ငါ မပြောလိုပါဘူး။ ကိုယ့်ကုသိုလ်နဲ့ကိုပါ.. ရှေးဘဝ ကံနည်းခဲလို့ ဒီဘဝ ဒီလိုနေရာတာ လို့ အမေက သင်ပေးထားတယ်။ ငါလဲ အဲလိုပဲ ယုံကြည်လိုက်တယ်။”
“အင်းပေါ့. စာနာစိတ်နဲ့ မတွေးမိသေးလို့ပါ..”
“ငါ လူတွေမမုန်းပါဘူး။ လမ်းတွေ့ရင် ပြုံးပြနိုင်အောင် လေ့ကျင့်ထားတယ်။ ဒါပေမယ့် ငါရေခပ်ချိန် မှာ ဘေးအိမ်တွေက မော်တာတွေ တလုံးပြီး တလုံး ဖွင့်လို့ အသံတွေ မြိုင်လာရင် တခါတလေ ငါ ငိုတောင်ငိုမိတယ်။ အဲလိုနဲ့ ကြာလာတော့ဟာ မော်တာသံကို မကြားတောင် မကြားချင်တော့ဘူး။ … ကဲ..နင်သိပြီလား..”
“အင်း. သိသွားပြီ...”
“ငါ ဒီနေ့ ရေစောင့်ခပ် မနေတော့ဘူး။ ပြန်တော့မယ်။ အချိန်က အရမ်း တန်ဖိုးရှိတယ်။ အိမ်မှာ ထင်းရှူးသား ခွဲရဦးမယ်..”
ကြည်ပြာတစ်ယောက် ရေမပါတဲ့ ပုံးအခွံတွေဆွဲကာ ပြန်သွားသည်။ ကျွန်တော်မှာတော့ တမာပင်အောက် ထိုင်ခုံ တန်းမှာ ထိုင်လို့ အတွေးနယ်ချဲ့နေမိပြန်သည်။ ကြည်ပြာပြောတာ ဟုတ်နေသည်။ ချမ်းသာတဲ့သူများ ကျတော့လဲ အိမ်ရှေ့ အိမ်နောက် အေးပက်ဖြန်းလို့ ဆင်း၇ဲတဲ့သူတွေ ကျပြန်တော့ ရေဝယ်သုံးနေရ တယ်။ နောက်ပြီး မော်တာ။ ရေဘုံပိုင်ချင် တူရင် ရေရတာချင်း တူမည်။ အခုတော့ မော်တာဖြင့် စုပ်ယူသည်။ ကြည်ပြာ မော်တာတွေ ကို မုန်းတာ မုန်းထိုက်သည်။ ဒေါသထည့်ကာ စဉ်းစားမိပြန်သည်။ နွေနေက အစွမ်းပြလို့ ထိုင်ခုံတခြမ်း နေပူလာမှ သတိထားမိသည်။ အတွေးရပ်ကာ အိမ်ပြန်ခဲ့သည်။ ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက် = ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည် ကျွန်တော်၏ ဇာတ်ကောင် ဖြစ်ပါသည်) ။

ကြည်ပြာမုန်းတဲ့မော်တာ (အပိုင်း ၂)

ကြည်ပြာ..နင်တစ်ယောက်တည်း ဘာတွေသဘောကျပြီး ပြုံးနေတာလဲ.
ဒီလိုပါပဲဟာ.. နင်ကလဲ စပ်စုလိုက်တာ.
လမ်းသွားတဲ့ လူတွေက နင့်ကို ကြည့်နေကြတယ်.
ဟင်..ဟုတ်လား..အမလေး ရှက်လိုက်တာ.
တော်သေးတယ်.ရှက်လို့..ဒီမှာ ရေပြည့်တော့မယ်.
အော်..ဟုတ်သားပဲ..ကျေးဇူး.သူငယ်ချင်း တောသားလေး.

ပြောရင်းဆိုရင်းပင် ရေပုံးသစ်နှင့်လဲလှယ်ကာ ရေပြည့်ပုံးအား ဆွဲသွားသည်။ ရေဘုံပိုင်ငုတ်မှ ရေသည် ဖြေးညင်းစွာ ကျနေ၏။ ရာသီဥတုက ပူပေမယ့် တမာရိပ်မှာ ထိုင်စောင့်ရလို့ အပူသက်သာ၏။ နေပူထဲ ရေဘုံပိုင်မှရေကို စောင့်သယ်ရတာ လွယ်တော့ မလွယ်ကူ။ အခန့်မသင့်က ဖျားနိုင်သည်။ ရေသယ်ရလို့ လက်ပျင်အောင့်နိုင်သည်။ ဒါပေမယ့် ကြည်ပြာကတော့ ကျန်းမာသည်။ အဟုတ် သန်မာသည်။ တခုပဲဆိုးတာ လူကို စကားလာလာပြော ပြီးတော့ နင်နားမလည်ပါဘူးနဲ့ လုပ်သွားတာ များနေပြီ. ဒီနေ့တော့ အပြတ်သက် မေးမှဖြစ်မယ်။

မြန်လိုက်တာ..ဖြေးဖြေးသယ်ပါ ခါးနာနေဦးမယ်.
အလဲ..စိတ်ပူတယ်ပေါ့ ဒါဆို လာကူသယ်ပေးလေ.
အင်း . ဖြစ်ပါတယ်. !
လေသံက အားမရှိလိုက်တာ ဖြစ်-ပါ-တယ် တဲ့..ဟွန်း.
နင် ငါမေးတာ မဖြေသေးဘူးနော်.
ဘာလဲ.
အခုန ဘာလို့ တစ်ယောက်တည်း ပြုံးနေတာလဲ.
အော်..ဒါလား.. ဒီနေ့ မော်တာသံ မကြားရဘူးလေ။ အဲဒါ ပျော်လို့ပေါ့.
ကြည့်. နင်ကတော့ .
ဘာလဲ.
အဲဒီ မော်တာ ကိစ္စလေ. ရှင်းဦး ငါ ခေါင်းမူးလာပီ.
အော် ဒါလား. ဒါကိုရှင်းမပြခင် နင် ရေဘုံပိုင်ကို သေချာကြည့် .
ဘာလို့လဲ..
စကားမများနဲ့ သေချာကြည့် ဘာကိုမြင်လဲ..
ဟ. နင်ကလဲ ရေကျနေတာ မြင်တာပေါ့.
အေး ရေကျနေတယ်. ဟာ..!!! ရေပြည့်တော့မှာပါလား. ကဲ .သူငယ်ချင်း တောသားလေး ရေပြည့်နေပီ.
ဘေးကိုဖယ်. ရေသယ်ရမယ်။
အင်းအင်း.. လုပ်လုပ်.. ငါစောင့်နေမယ်။

ခဏနေ ကြည်ပြာ ရေပုံးထောက်ကို ညာလက်နဲ့ ချာလပတ်လည်အောင်ရမ်းကာ ပြန်ရောက်လာသည်။ သူ့ကြည့်ရတာ မမောပန်း။
ကဲ..ပြောတော့..ကြည်ပြာ..
အင်း ပြောမယ်. ဟိုနေ့တည်းက ပြောမလို့ပါ. အချိန်ကမရတာ.ဟဲ့.. ငါတို့ မိသားစုက ဆင်း၇ဲတယ်. အဖေ နဲ့ အမေ ၂ ယောက်လုံးက ဈေးမှာ အလုပ်လုပ်တယ်။ ရတဲ့ပိုက်ဆံနဲ့ စားသောက်တယ်။ ငါတို့ကို ကျောင်းထားတယ်။ အပိုငွေ သိပ်မရှိဘူးလေ။ အိမ်မှာ အားလုံး အလုပ်ကိုယ်စီ ရှိကြတယ်။ ငါက သောက်ရေ သုံးရေ တာဝန်ယူရတယ်။ နိုင်ရာပေါ့နော်။
အင်း.. ဆက်ပြော.။
နင်မြင်တဲ့အတိုင်းပဲလေ... ဒါနဲ့ နင်ရော အိမ်မှာ ဘာလုပ်လဲ ရေသယ်ရလား.။
ဟင့်အင်း. မသယ်ရပါဘူး. ငါတို့အိမ်က အိမ်မှာ အဝီစိတွင်း ရှိတယ်. စက်နိုးလိုက်တာနဲ့ ပိုက်က ရေထွက်လာ တယ်. ရေကန်ထဲရောက်တယ်လေ။ တခါတလေ အိမ်က အုတ်ကန်ရေ အေးလို့ မချိုးနိုင်ရင် ချောင်း ထဲသွားချိုးတယ်။ လက်ပြစ်ကူးလို့ရတယ်လေ။
အင်း..အဲဒါပေါ့ .. ငါ နင်တို့ တောရွာကို အားကျမိတာ. တို့မြို့မှာ နွေရာသီဆို ရေရှားတယ်ဟဲ့. ဒီနေ့ နေသာတယ်. နောက်ပီးတော့ မော်တာသံ မကြားဘူး. ကြည့်လိုက် ဘုံပိုင် ရေငုတ်ကို.. အဲတော့. .ရေပြည့်နေပီ..
အင်း ဟုတ်သားပဲ. ငါကူငယ်ပေးမယ်လေ.
အမလေး မလိုပါဘူး. ကဲ.. နောက်မှ ဆက်ပြောမယ်နော်။
ဒါနောက်ဆုံးအခေါက်ပဲ ဒီနေ့ ရေလုံလောက်သွားပြီ. ရေပြည့်သွားပြီ။ ဘိုင်ဘိုင် သူငယ်ချင်းလေး ။ တောသားလေး။

ဟင်း...... အင်းပါ အင်းပါ..

အဲဒီနေ့က ကြည်ပြာကို မကြေနပ်ဘူး။ ပြောပြမလိုလိုနဲ့ စကားကိုဝှေ့နေတယ်။ စိတ်တိုတိုနဲ့ မလှပတဲ့ သူမ ကျောပြင်ကို မကြည့်ချင်တော့။ ရေဘုံပိုင်မှ လှည့်ထွက်ကာ အိမ်ပြန်လာခဲ့သည်။

ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက် = ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည်
ကျွန်တော်၏ ဇာတ်ကောင် ဖြစ်ပါသည်) ။

Monday, March 28, 2011

ကြည်ပြာမုန်းတဲ့မ်ာတာ (အပိုင်း ၁)

ငါ မော်တာ တွေကိုမုန်းတယ်.
ဟင် ! .. ဘာလို့လဲ.
ငါ မော်တာသံကြားရင် ငိုချင်တယ်.
ဟင် ! . လိုက်မမှီတော့ဘူး.
နင်မသိပါဘူး.
ဟာ.. မပြောပြပဲ ငါက ဘယ်လိုလုပ် သိမလဲ.
နင်နားလည်အောင် ပြောပြဖို့ အချိန်မရှိဘူး တောသားရဲ့..
အန်..ဘလိုင်းကြီးပါလား. ရန်မစနဲ့နော်.
ရန်စတာ မဟုတ်ဘူး. အေးဆေးမှ ပြောပြမယ်.
အင်းလေ. နားထောင်ရတာပေါ့။

ကြည်ပြာ ဆိုတဲ့ ကောင်မလေး နဲ့ ဒီစကားတွေ ပြောဖြစ်တုန်းက သူဘာကို ဆိုလိုသလဲ နားမလည်ခဲ့။ အဲဒီတုန်းက ၁၉၉၉ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှာ ကျွန်တော် ဆယ်တန်း တက်နေစဉ် အချိန်။ ကျောင်းမဖွင့်ခင် နွေရက်မှာကတည်းက ကျူရှင်မှာ ဆရာမအတွက် လခ ကောက်ပေးတဲ့ စွာတေးလန်မလေး ကို သတိထားမိ တယ်။ ကြည်ပြာတို့ အိမ်နဲ့ ကျွန်တော် အိမ်ငှားနေတဲ့ အိမ်က တလမ်းထဲ။ ပြီးတော့ အတန်းတူ၊ အခန်းတူ၊ ကျူရှင်တူတူ။ သူပြောပြချက်အရ သူတို့ မိသားစုက ဆင်းရဲတယ်။ တနေ့လုပ်မှ တနေ့စားရတယ်။ အပိုဝင်ငွေက သားသမီးတွေ ကျောင်းစားရိတ်နဲ့ ကုန်ရော တဲ့။ ဆင်းရဲပေမယ့် ကြည်ပြာက ခင်ဖို့ကောင်းတယ် ပွင့်လင်းတယ်။ ဖေါ်ရွေတယ်။ မာနမကြီးပေ။

လမ်းထဲမှာ ကြည့်လိုက်တော့ အိမ်ကြီးအိမ်ကောင်း တိုက်အိမ်တွေ တန်းစီလို့။ လမ်းကတော့ ဖုန်တွေ တလုံးလုံးနဲ့။ အမျိုးအမည် မသိသော အကောင်းစား ကားတစီး ဖြတ်မောင်းသွားရာမှ ထောင်းထောင်းထ နေတဲ့ ဖုန်းလုံးကြားမှာ နှာခေါင်းမိတ် မျက်စိမှိတ်ကာ ခေတ္တရပ်နေလိုက်၏။ လေမှာ ဝဲနေတဲ့ တမာရွက်တွေ မြေပေါ်မကျခင်ဆက်လျှောက် လာခဲ့တယ်။ ရှေ့ဆီသို့ လှမ်းကြည့်လိုက်တော့ လမ်းဘေး တမာပင်အောက်က ရေဘုံပိုင်မှာ ရေစောင့်ခပ်နေတဲ့ ကောင်မလေးတစ်ယောက်။ သူမ ကြည်ပြာ။ ဆံပင်တွေကို သားရေကွင်းနဲ့ ကျက်တောင်စည်းထားတယ်။ နဖူးပေါ်ကျနေတဲ့ ချွေးတွေ၊ နှာခေါင်းမှာ စို့နေတဲ့ချွေးတွေကို ဘယ်လက်ဖမိုးနဲ့ ဆွဲသုတ်နေပုံက ကဗျာ မဆန်လိုက်တာ။ အင်္ကျီလက်မောင်းကို ခေါက်တင်လို့ လက်မောင်း ကြွက်သား ဗလတွေက ယောင်္ကျားလေး တစ်ယောက်ထက်ပင် ပိုမည် ထင်သည်။
ဟေ့..ကြည်ပြာ..
ဘာလဲ..တောသား.
နင့်ပုံစံက ယောင်္ကျားလေးလိုပဲ.
အင်း. ငါက အိမ်မှာ အငယ်ဆုံးသား ယောင်္ကျားလေးပဲ.
အင်းပါ..အင်းပါ.. နင့်နဲ့ပြိုင်ပြောလဲ ငါပဲရှုံးမှာပါ.
သိရင်ပီးရော..ပေါ့.
နင် တစ်နေ့ ရေဘယ်နှစ်ထမ်း သယ်ရလဲ.
သုံးခေါက်ပေါ့..ငါအများကြီးသယ်ချင်လဲ မရဘူး.
ဟင်..ဘာလို့လဲ..
သိချင်လား ..သိချင်ရင် ငါနဲ့ရေလာခပ်..သိလိမ့်မယ်.
ဟာ..နင်ကလဲ.. ငါ ငှားနေတဲ့အိမ်က ရေကန်ရှိတယ် . ရေသယ်စရာ မလိုဘူး
အေး. ဒါဆိုလဲ နင်မသိချင်နဲ့ပေါ့. တောသားရဲ့.. ဒီမှာ ရေပြည့်နေပီ စကားပြောဖို့ အချိန်မရှိဘူး။
အင်းပါဟာ.. ငါလဲ သွားတော့မယ်။
သွားချင်သွား မသွားချင်နေ နင့်သဘော.. ။
အင်းပါ..

ပြောရ ဆိုရ လက်ပေါက်ကပ်လိုက်တာ မြို့သူတွေ။ ဘယ်လို မိန်းကလေးလဲ မသိ။ ပြောပြော ဆိုဆိုနဲ့ ရေပုံးကို ဆွဲကာ ခပ်သွက်သွက်ထွက်သွားသည်။ ကြည့်ရင်းနဲ့ ကြည်ပြာ့ အကြောင်းစဉ်းစားနေမိတယ်။ အခုလဲ စကားကောင်း မပြောဘူး။ ဟိုနေ့ကလဲ မော်တာတွေကို မုန်းတယ်တဲ့။ မော်တာသံ ကြားရင် ငိုချင်တယ်တဲ့။ ဘာတွေလဲမသိ။ စိတ်ဝင်စားစရာပဲ။ နောက်တခါတွေ့မှ သေချာ မေးကြည့်ဦးမည်။

ဆက်ရန် -
ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက်= ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည် ကျွန်တော်၏ ဇာတ်ကောင် ဖြစ်သည်)။