Showing posts with label ကဗျာ စာစု. Show all posts
Showing posts with label ကဗျာ စာစု. Show all posts

Monday, October 25, 2010

ကျွန်တော်သိတဲ့ ကျွန်တော့်မြေ

ကျောက်ပန်းတောင်းမြို့
အင်္ဂလိပ်လို kyaukpadaung
မြန်မာပြည်ရဲ့ အလယ်ပိုင်း
မန္တလေးတိုင်း မြင်းခြံခရိုင်ကမြို့။

ဆောင်းနွေမိုး သုံးရာသီမှာ
ဆောင်းဆိုအေး၊ နွေဆိုပူ၊ မိုးဆိုမိုး
စိမ်းလန်းစိုပြေတဲ့ ပုပ္ပါးအရိပ်အောက်မှာ
သဘာဝက ခန်းနားစွာ နေရာချပေးခဲ့ပြီ။

ပန်းပေါင်းစုံ ဆေးပင်ဆေးမြစ်စုံ
စိမ့်ကြီး မြိုင်ကြီး ပုပ္ပါးတောင်ကြီးနဲ့
စုံတော မြိုင်တော ရှုမောဖွယ်တွေကြောင့်
ကျောက်ပန်းတောင်းက နေချင့်စဖွယ်မြို့။

ထန်းပင် ထန်းလက် ထန်းလျှက်တွေနဲ့
ချိုချဉ်ဖန်ခါး အရသာတွေကြားမှာ
လက္ဖက်ရည်က နာမည်ခိုးချခံရတဲ့မြို့ပေါ့
ကျောက်ပန်းတောင်းဟေ့ ဆိုရင် ချိုအီပြစ် ခွေယိုင်လဲ။

သဘာဝအမွေပေးတဲ့ အိုအေစစ်လေးတခု
မြို့နေလူထုရဲ့ ရင်ထဲဖြတ်သန်းစီးဆင်းသွားတယ်
အစဉ်အလာအရ ရုပ်ခန္တာဖြစ်တည်မှုမှာ တည်တန့်
ညဏ်ရည်မြင့် ကံကောင်းခြင်းလက်ဆောင်တခုရခဲ့ပြီ။

ရိုးသားဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ နေထိုင်ရင်း
တောင်တော်ပုပ္ပါးက ပီအိပ်ခ်ျ ဆဲဗင်း ကိုသောက်လို့
ဒေသတခွင်မှာ ညဏ်ရည်ထက်မြတ်ထူးချွန်တဲ့
မျိုးရိုးဗီဇ နဲ့ လူသားတွေ အဖြစ် ကမ္ဘာက သိကြတယ်။

နှလုံးသွေးကို စစ်ကြည့်လိုက်မလား
အခြေနေအရ ကိုယ့်ဒေသနဲ့ ဝေးနေပေမယ့်
ငါဟဲ့ ကျောက်ပန်းတောင်းသား ဘိုးဘွားအမွေဆက်ခံလို့
ကောင်းသတင်းနဲ့ကျော်ဇောစေရမယ်ဆိုတဲ့ ဆန္ဒရှိသူတွေ ထုနဲ့ဒေး။

တို့ပြေ တို့မြေ ကျောက်ပန်းတောင်းမြေသို့
အနီးကပ် ချစ်ခွင့်ရသူများ အဝေးက ချစ်နေကြသူများ နဲ့
ကောင်းသတင်းနားစွင့် ကောင်းသည်ထက်ကောင်းစေချင်သူများ
ကမ္ဘာတည်သရွေ့ အိုအေစစ်တည်နေအောင် ထိန်းသိမ်းကြစို့လေ။

ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Thursday, July 8, 2010

အချစ်ဆိုတာ

အချစ်ဆိုတာ -
နူးညံ့သိမ်မွေ့ပြီး
အဓိပ္ပါယ်တွေပြည့်နေတဲ့ ဝေါဟာရတစ်ခု။

ဖြည်းဖြည်းချင်းဖွဲ့နှောင်တဲ့
သံယောဇဉ်ကြိုးလေးတွေနဲ့ အနာဂါတ်ကို ပုံဖေါ်ပေးတဲ့အရာ။

ကျေးဇူးစကားဆိုလို့ မရတဲ့
အဖြူရောင် အလင်းတန်းလေးတွေနဲ့ အနာဂတ်ကို လင်းလက်စေတဲ့အရာ။

တစ်နဲ့တစ်ပေါင်းခြင်းတစ်ဆိုတဲ့
ညီမျှခြင်းကို သက်သေထူတဲ့ တစ်ခုတည်းသော ဥပဒေသ။

ခိုင်မြဲသော ချစ်ခြင်းအတွက်
ချစ်သူတွေတိုင်းက အလေးထားဦးညွတ်ရတဲ့ နှလုံးသားက လိုက်နာရတဲ့ ဥပဒေ။

ရင်ဘတ်တခြမ်း ရင်းနှီးပြီး
နှစ်ယောက်တစ်အိမ်မက် ဘ၀ခရီးကိုဆက်ခဲ့တဲ့ ဆွယ်တော်ရွက်လေးတွေရဲ့ ပိုင်ဆိုင်မှု။

--------------- ဆက်ရန်။

Wednesday, June 23, 2010

ကြယ်စုံည

အညာရဲ့
တန်ဆောင်မုန်းလပြည့်ညမှာ
အမေ့အိမ်ရှေ့ခြံဝန်းထဲ
ထန်းလက်ကုလားထိုင်ပေါ် ခေါင်းမော့ရင်း
ကြယ်စုံညကို ကြည့်မိတယ်။

ကျနော်က
ကောင်းကင်ပေါ် လက်ညှိုးထိုးပြီး
လိပ်ကြယ်လား၊ ဓူဝံလား
ဟင်္သာကြယ်လား၊ ခုနှစ်စဉ်ကြယ်လား
မောင်ရင်ဆိုင်းထမ်းလား
အဖေ့ကို တဖွဖွမေးနေမိတယ်။

အဖေက
သူ့ရဲ့နက္ခတ်ကြည့်ဆရာက
ညကောင်းကင်က ကြယ်တွေကို
လက်နှိပ်ဓာတ်မီးနဲ့ထိုးပြီး
ဘယ်ရာသီမှာ ဘာရုပ်ပေါ်ကြောင်း
ဆက်စပ်ပြပုံကို ပြောနေတယ်။

အမေက
စိပ်ပုတီးကို တချောက်ချောက်စိပ်ရင်း
ကျနော့်ကို ကြည့်နေတယ်။

ကျနော်က
အောက်ပြည်အောက်ရွာက မအိမ်သူကို
အညာရဲ့ကြယ်စုံညကို မော့ကြည့်ခိုင်းလိုက်တယ်။

အညာဆောင်းက
တစိမ့်စိမ့်အေးလာတယ်
ဥပုသ်စောင့်ထားတဲ့ အမေက
“မယ်ဇလီဖူးသုပ်လေး စားလိုက်ဦး” လို့ ပြောတယ်။

တကယ်တော့
ချမ်းမြေ့ကြည်နူးဖို့ရာ
ကောင်းကင်မှာ ကြယ်စုံသလို
နှလုံးသားမှာ ကြယ်စုံဖို့လည်း လိုပါတယ်။ ။

သင်းဝေအောင်
မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၄ ခုနှစ်။
ရေနံချောင်းဇာတိ၊ ပန်းချီဆရာ သန်းမြင့်အောင်(ကဗျာဆရာ သင်းဝေအောင်) ၂၀၁၀ မေလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။

Friday, June 18, 2010

ချစ်သူပျော်ပါစေ

ကိုယ့်ရဲ့ သတိရခြင်းမှာ
အဖြူရောင် အတောင်ပံတစုံ တပ်လို့
တမ်းတခြင်း အလွမ်းတွေ ပွေ့ဖက်
ချစ်သူ့ဆီ ၀ဲပျံခဲ့မယ်။

ချစ်သူ့ သတိရခြင်းမှာ
အဖြူရောင် အတောင်ပံတစုံတပ်လို့
ဝေးကွာခြင်း အလွမ်းတွေယူဆောင်ပြီး
ကိုယ့်ဆီကို ၀ဲပျံခဲ့ပါ။

တိမ်တိုက်တွေကို ထိုးဖောက်
ပြာလွင်လွင် ကောင်းကင်ထက် အတူဆုံ
နေရာင်ခြည်မှာ တွဲခိုနားရင်း
အလွမ်းသင့် ချစ်စကား ဆိုကြမယ်။

တမ်းတခြင်းတွေ ငြင်းခုံနေတုန်း
ယုယစွာ ထွေးပွေ့ ထားမယ်
ရင်ခုံသံတွေ အေးချမ်းလို့
ချစ်သူပျော်ပါစေ။

Saturday, January 9, 2010

စံပယ်ဖြူ ပွင့်တိုင်းမွှေးစေ။

ခရောင်းလမ်းမှာ
ဘယ်လောက်ကြမ်းပါစေ
စိတ်အားမငယ်နဲ့ အားတင်းထားနော်။

မိုးတွင်း မိုးရွာမယ်.
နွေမှာ နေချစ်ချစ်ပူမယ်.
ဆောင်းမှာ ခိုက်ခိုက်တုန်အောင်အေးမယ်။

မိုးရွာလို့ ပင်ခြေရေ၀ပ်
ပင်စီ ရိုးတံ ချည့်နဲ့ နေပါစေ
စံပယ်ဖြူကို ချစ်တဲ့ ဥယျာဉ်မှူး ရှိတယ်။

ပင်ယံမှာ နှင်းတွေသီး
အသက်ရှူရပ်မတတ် အေးခဲပါစေ
နေရောင်ချည်နဲ့တူတဲ့ ဥယျာဉ်မှူး ရှိတယ်။

နွေနေ ကြဲကြဲမှာ
မနေရဲလောက်အောင် ပူပါစေ
ဥယျာဉ်မှူး ရင်ခွင်မှာ အေးမြစေမယ်။

လောဘနဲ့ လူသားတွေက
စံပယ်ဖြူ လိုချင်စိတ်နဲ့
စိမ်းမြတဲ့ အရွက်တွေချွေချတယ်။

ခါးသီးတဲ့ မျှားချက်တွေကြားမှာ
စိတ်ဆိုတဲ့ စိတ္တဇနာမ်ကို မထိစေနဲ့
သက်ရှိအားလုံး အပေါ်မှာ မေတ္တာထား။

ရှေ့ဆက်မယ့် လမ်းတွေမှာ
ကံကျမ္မာ အလှည့်ပြောင်းတွေနဲ့
စံပယ်ဖြူ ပွင့်တိုင်း မွှေးစေသား။

Wednesday, December 30, 2009

ဆယ်နှစ်

ဆယ်နှစ်..
ဘာလိုလိုနဲ့ ဆယ်နှစ်ရှိပြီ။

လုပ်ချင်တာတွေများ
ငါ ဘာလဲ...
ငါ ဘယ်လဲ.. ငါမသိ။

ရှေ့ဆက်ဖို့ခြေလှမ်းတွေ
နောက်ပြန်ဆွဲချခံနေရတယ်။

ရှေ့နောက်ဘယ်ညာ
မကြည့်ချင်ဘူး မတွေ့ချင်ဘူး။

တခါတခါ
ဘာကိုမှ မသိတတ်ချင်ဘူး။

ငါ့ခြေလှမ်းတွေ
ဘယ်သူဆွဲချတာလဲ...

စိတ်တွေရှေ့ရောက်ပြီး
ခြေလှမ်းတို့ နောက်ကျနေဆဲ...
ငါမောတယ်... ဟူး...............။

Thursday, August 20, 2009

ကန္တာရ လမင်း ။


ကန္တာရ
သဲမုန်တိုင်းတွေနဲ့
မိုးခေါင် ရေရှား
နေပူပူ လူအရောက်နည်းတဲ့နေရာ
အဲဒါ ငါ့ကမ္ဘာ။

ငါ့ကမ္ဘာလေးမှာ
အာရုံတက် နေမင်းကို ကြည့်ပြီး
ငါ့ခြေထောက်တဖက် ချနိုင်သေးရင်
ငါအသက်ရှင်လို့ရတယ်။

ထာဝရ ထွန်းလင်းမယ့်
လမင်းတစ်စင်း မဖြစ်တောင်မှ
ငါ့အသက်ရှင်နေသမျှ
ကန္တာရကို စိမ်းမြစေမယ်။

Friday, July 17, 2009

ရှုတိုင်းလှသည့် အညာဒေသ သဘာဝ။

ညနေခင်း
စိမ်းမြမြ တမာပင်ထက်မှာ
“တကူကူး ခါးခါး” … “တကူကူး ခါးခါး” တဲ့
ငှက်တစ်ကောင်က ရော့ဂီတ ဟစ်ဆိုတယ်။

နေညိုညိုအောက်က
ထနောင်းပင် ထိပ်မှာ
“တကူကူး….ကူး…” “တကူကူး…..ကူး…” တဲ့
စလိုးရော့ ဂီတကို ချိုးငှက်က ဖန်တီးတယ်။

လူသူ အလစ်မှာ ဟိုဒီ ပျံသန်းရင်း
“ရွှီး……....ပြုံ..” “ရွှီး……....ပြုံ..” တဲ့
ငှက်ငယ်လေးက လေတမြမြ ချွန်လို့
လစ်ဟာနေတဲ့ ဂီတစီးချက်ကို ဖြည့်စွက်လိုက်ပြန်တယ်။

လက်ပန်ပင်ထက်မှာ
များလှတဲ့ ဇရက် ငှက်ငယ်တို့ရယ်
ကျလိ. ကျလိ. ကျွိကျွိကျွိ …ကျလိ. ကျလိ. ကျွိကျွိကျွိ … တဲ့
ခေတ်သစ် ဟစ်ဟော့ လေလား ထင်မိမှား၏ ။

တမာပင်တန်း မမောတန်းလျှောက်
မန်ကျီး ပင်တို့ စိမ်းညို့ညို့
ထန်းပင်တော နှင့် ခင်တန်းငယ်
ရှစ်ခွင် မှိုင်းမြ ရှုတိုင်းလှသည့်

အညာဒေသ သဘာဝ။ ။

Monday, July 13, 2009

ချစ်ဇွဲ ။

ပန်ချင်ပါလျက်
အခြူခက်တဲ့ ပင်မြင့်သဇင်
မြေနှင့်ရန်ဘက်
ငြိုးမာန်ဖွဲ့ ၍
စိမ်းလေလားခင်...
လေယူရာသူအတိမ်း
ညှာတံနွယ်မြေအယိမ်းကို
ဆယ်ကမ္ဘာကြာစေဦး
စောင့်ရမည်ပင်...

>> ကျောက်ပန်းတောင်းသား ကိုအောင်မျိုးမင်း ၏ ရင်တွင်းဖြစ်လေးပါ <<

Wednesday, July 8, 2009

ချစ်သော စံပယ်

အသည်းထက်
အက္ခရာ တင်
သက်ဆုံးတိုင်ထိ
ချစ်မည်ပင်။

နှလုံးသား တခု
ရူးသွပ်မှုဟု
ထင်ကထင်စေ
ဘ၀ဆုံးထိ ရူးပါစေ။

ချစ်သော စံပယ်
မောင့်သက်လယ် သည်
နှလုံးအိမ်၌ တည်ရှိနေမည်
ဆယ်ကမ္ဘာတိုင် ခိုင်မြဲသည်။

Sunday, June 28, 2009

စမ်းသပ် ပစ်မှတ်။

အ ချစ်ရယ် ငါ့နှလုံးသာဟာ
စမ်း သပ်ပစ်မှတ် တခုတဲ့လားကွယ်
သပ် သပ်မဲ့ မင်းလုပ်ရပ်က
ခံ စားရသူ ရင်ကိုထိစေတယ်
အချစ်တွေ မေ့လိုက်ပြီလား
ဝေးကွာခဲ့တဲ့ ခဏတာအတွက်
သင်ဘယ်သူလဲဆိုတဲ့စကား ငါ့အတွက်လား
ကျောင်းသားဘ၀ ချစ်ဒုက္ခ
ငါ့နှလုံးသာ မင်းရဲ့ စမ်းသပ် ပစ်မှတ် ဖြစ်ခဲ့ရ။

ဟိုး..တချိန်က.. မိတ္ထီလာ အဝေးသင် တက္ကသိုလ် တက်စဉ်က ညစ်ညစ်နဲ့ ရေးခဲ့ဖူးတယ် စာလေးပါ။

Friday, June 12, 2009

အချစ်ငတ်တဲ့ ငါ့နှလုံးသား

တကယ်ဆို
ငါ့ကိုယ်ငါ ပြောထားခဲ့တယ်
အချစ်နဲ့ ငါ ဘာမှ မဆိုင်ဘူး။

အခုတော့
အချစ်နဲ့ငါ ဘာမှ မဆိုင်ဘူးဆိုတဲ့
ငါ့စကားကို မင်းက ချေဖျက်ပစ်လိုက်တယ်။

ဘယ်လိုလုပ်မလဲ
ငါ့နှလုံးသားက မင်းခြေသံတွေကို
အငမ်းမရ နောက်ကလိုက်လို့ နားထောင်နေတယ်။

မင်းသိစေချင်တယ်
အချစ်ငတ်တဲ့ ငါ့နှလုံးသားက ပြောတယ်
မင်းကို သိပ်ချစ်တယ်တဲ့။

ဝင်လာလှည့်ပါတော့ အချစ်ရယ်
မင်းကိုသိပ်ချစ်တဲ ငါ့နှလုံးသားလေး
တခါးဖွင့်လျှက် မင်းရှေ့မှာ အဆင်သင့်ရှိနေလေရဲ့။

>> သူများရေးတာအားကျလို့ ရေးကြည့်တယ် <<

Monday, June 8, 2009

စကားပြောသော ခရေပန်း

ကျို့ကုန်း ဘူတာက ထွက်လိုက်လို့
ဒီ ခရေပင်တန်း ကိုဖြတ်လျှောက်မိရင်
တခါက ခရေကောက်ဖူးတဲ့ အတိတ်ဆီကို
စိတ်ဝိညှဉ်က ပြန်ရောက်သွားတယ်။

မုခ်ဦးမှာ ဖီးဆင့်စက်ဘီးတွေ တန်းစီလို့
စေတီကြီးဘုရားရင်ပြင်တော်မှာ ချစ်သူစုံတွဲများ သစ္စာပြု။
မိသားစုတွေ ကလေးတွေလည်း ဘုရားဖူးလို့ နေကြတယ်။
ခရေနံသင်းတဲ့ လေနုအေးကိုရှူ ၊ အေးမြတဲ့ ကြွေပြားအခင်းပေါ်မှာ ထိုင်လို့
ကမ္ဘာမြေ အေးချမ်းစေဖို့ တောင်းဆုတွေပြု။

ခရေပင်အောက်မှာ ခရေချစ်သူတွေ ခရေပန်းကောက်နေကြတယ်။
ခရေပွင့်လေးတွေ ကြွေကျလာတာဟာ
ဟိုး.. ကောင်းကင်က ကြယ်လေးတွေ ကြွေကျလာသလိုပဲ။
ဟော.. ဟိုမှာကြည့် လေထဲမှာ ၀ဲပျံလို့ ချစ်စရာလေး။
လေပြေ အဝှေ့မှာ ခရေပန်းလေးတွေ ၀ဲပျံလို့ကျလာတယ်။

တပင်တည်း ခရေပင်မှာ ခရေပန်းကောက်သူတွေကများလှတယ်။
လေထဲမှာ ၀ဲပျံနေတဲ့ ခရေပန်းလေးတွေ မော့်ကြည့်လို့
မြေပေါ်မကျခင် ဖမ်းနိုင်ဖို့ ပြင်နေကြတယ်။
အော်.. ခရေပင်ကြီးရယ် ခရေချစ်သူတွေရယ် ပျော်စရာ အတိ။

တခါက ညချမ်းလေပြေရယ်။
တခါက ခရေပင်ကြီးရယ်။
တခါက ခရေချစ်သူတွေရယ်။
လေမှာ ၀ဲပျံတဲ့ခရေပန်းလေးတွေ ကောက်ချင်သေးတယ်။

ခေါင်းချင်းတိုက်မိ စိတ်မရှိကြေးပေါ့။

Thursday, June 4, 2009

စိန်ပန်းတွေ မြေမှာကြဲတဲ့ ကျောင်းဖွင့်ချိန်။

အတိတ်က ပုံရိပ်တွေ ကြာခဲ့ပေမယ့် အမှတ်ရနေဆဲ။
သူငယ်ချင်းတို့ရေ.... ဖိုးရာဇာ ကျောင်းဆောင်ရှေ့ အေးမြတဲ့ မယ်ဇလီပင်ရိပ်မှာ
ကမ္ဘာမြေကို ဖင်ခုထိုင်လို့ စာသင်ခဲ့တဲ့ မင်းတို့ ငါတို့ ငယ်စဉ်က ဘ၀ကို ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ....... ကျောင်းသာယာလှပရေးအတွက်
ကျောင်းဥယျာဉ်မှာ စံပယ် ကြက်ရုံး၊ ဇွန်ပန်း၊ ရွှေပန်းပင်၊
စိန်ပန်းပင်၊ ဒန်းပန်းပင် တွေ တူတူစိုက်ခဲ့ကြတာ ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ...... နိုင်ငံတော်အလံ အလေးပြုစဉ် ကျောင်းနောက်မှာ ခိုးပုန်းလို့
ခြင်းလုံးခတ်ခဲ့တာကြောင့် သုံးယောက်တည်း နိုင်ငံတော် အလံကို အလေးပြုပြီး
ကျောင်း ငါးပတ် ပတ်ပြေးခဲ့ရတာ ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ........ စာရလျှက်သား စာပြန်ရမှာ ပျင်းလို့
သုံးယောက်သား ညာညှိကာ စာမရဘူး ဘူးခံခဲ့လို့
အရိုက်ခံရတာ သိပ်မနာပေမယ့် ဆရာမ စိတ်ဆိုးသွားလို့ ချော့ခဲ့ရတာ ငါသတိရနေတယ်။

သူငယ်ချင်းတို့ရေ....... ဆောင်းကာလ နှင်းတွေသီးနေတဲ့
ပဲစိမ်းငုံ ခင်းကိုတိုးလျှို ဖြတ်ရင်း နေမင်းကိုဦးတည် လမ်းလျှောက်လို့
ထမင်းချိုင့်ကိုယ်စီနဲ့ ပျော်ပျော်ပါးပါး ကျောင်းသွားတက်ရတာ ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ... အဌမတန်း စာမေးပွဲပြီးနောက်
တို့တွေခွဲခွာခဲ့ရ အတော်ကြာခဲ့ပြီ။ စိန်ပန်းတွေလဲ အကြိမ်ကြိမ် ပွင့်ခဲ့ပြီ။
သို့ပေမယ့် ဒီလိုကျောင်းဖွင့်ချိန်ရောက်တိုင်း သူငယ်ချင်းတို့ကို ငါသတိရနေတယ်။

အခုလဲ စိန်ပန်းတွေ မြေမှာကြဲတဲ့ ကျောင်းဖွင့်ချိန်ရောက်ပြန်ပီလေ။

Monday, May 25, 2009

မြင်ရောင်မိတယ်။

အမေ...
အမေနဲ့ခွဲခွာနေရတာ ကြာလေလေ
အမေ့ကို ပိုလွမ်းလေလေ ပဲအမေရယ်။
သားကိုလွမ်းနေတဲ့ အမေ့မျက်နှာကို
သား မြင်ရောင်နေမိတယ် အမေ။

မှတ်မိသေးတယ် ..
ဟိုး.. ငယ်စဉ် ကလေးဘ၀က
တနေကုန် အလုပ် နဲ လက် မပြတ် တဲ့အမေ။
အငယ်ကောင် အကြီးကောင် နဲ့ အလုပ်တွေ ရှုပ်နေတဲ့အမေ။
နေရောင်ရှိနေတဲ့ တနေ့လုံး
အဝေးက အမေ့ သားကြီးကို မလွမ်းအားဘူး။

ည အိပ်ယာဝင် သားတွေ သမီးတွေ စုံတော့
အကိုကြီး အကြောင်းပြောကြရင်း
အမေလေ.. အမေ့သားကြီးကို လွမ်းပြီး ငိုခဲ့တာ
သားမှတ်မိနေသေးတယ် အမေ....။

အခု သား အလှည့်မှာ အမေရယ်
ညည သားကိုလွမ်းလို့ ငိုနေမယ့် .. အမေ့မျက်နှာကိုလေ
သားမြင်ရောင်နေမိတယ် အမေ..

အားမငယ်ပါနဲ့ အမေရယ်
သား အမေ့ရင်ခွင်ကို အမြန်ဆုံးပြန်လာမယ်။

Wednesday, May 20, 2009

သူခိုးက လူလိုဟစ်

ကာလနှယ် ဆိုးပါဘိ၊‎
သူခိုးက လူလူ၊‎
တောလေ့ပေါက် နန်းမူ၊‎
အိမ်သူကို ဧည့်စောင်း၊‎
သူကောင်းကို အပြစ်တင်၊‎
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

Saturday, May 2, 2009

လယ်တော

မိုးကောင်းကင်တွင်
မိုးသားတိမ်တိုက်တို့ မှိုင်းညို့ညို့။
ဦးခေါင်းကို မော့်ကြည့်မိခိုက်
တိမ်တိုက်များ၏နောက်ကွယ်မှ
နေခြည် တစ်ချို့ ထိုးထွက်လာသည်။

အဝေးဆီတွင်
စိမ်းမြမြ စပါးပင်တွေရယ် ယိမ်းကလို့နေ။
အနီးကပ်မြင်တွေ့ရတဲ့
စပါးပင် ပင်စည်ထက်မှာ ဖုံးလုံး ကိုယ်ဆီနဲ့
ပင်ပျို အလှနဲ့ ရှက်သွေးကြွလို့ မျက်လွာလေးချထားလေရဲ့။

ကန်သင်းရိုးကို ဖြတ်အကူးမှာ
ဖားပေါင်စင်းလေး တစ်ကောင်
ကောက်ပင်ကြားကို ဒိုင်ပင်ပစ် သွားလေရဲ့။
ကတွတ်ဝက ရေအိုင်လေးထဲမှာတော့
ငါးပြေမ လေး တစ်အုပ် စိန်ပြေးတန်း ကစားလို့နေတယ်။

မြစိမ်းရောင် အရွက်တွေနဲ့ ၀ါဆိုပင်မှာ
ဆက်ရက် ငှက်ငယ်တို့ ဆူဆူညံလို့။
သာယာတဲ့ လယ်တောတခွင်
ရသစုံ ပန်ချီကားတချပ် အဖြစ်
အဘယ်သို့ မှတ်တမ်းတင်အံနည်း။

နေညိုညို ညနေဆောင်း တော့
လယ်ကန်စွန်း တဆုပ် ခူးပါလို့
လာလမ်းအတိုင်း ပြန်ခဲ့တယ်။

Sunday, April 26, 2009

စံပယ်ပျိုးမယ့် ဥယျာဉ်မှူး

သင်းပျံ့ပျံ့ ရနံ့
ချစ်စရာ့အသွင်၊ ဖြူစင်တဲ့ သဘောထား တွေနဲ့
ပန်းတွေအလယ်မှာ ဂုဏ်တင့်တဲ့ စံပယ်ဖြူရယ်
လူတကာရဲ့ ကေသာ ထက်မှာလဲ
ခန်းနားစွာ နေရာယူ လိုက်ပါဦးလေ။

တစ်ပွင့်ထဲပွင့်ခဲ့ရရင်
အားငယ်ပါနဲ့ စံပယ်ဖြူလေးရယ်။
စံပယ်ရုံထက်က စိမ်းမြမြ အရွက်လေးတွေရယ်
ပန်းသတင်းဆောင်တဲ့ လေညှင်းလေးတွေရယ်လေ
အဖေါ်အဖြစ် နေပေးနေမှာပါ။

ပန်း စံပယ်ဖြူ
ဖြူဖြူဖွေး ရနံ့သင်းသင်းလေး နဲ့
ပန်းအလှ ခြူချင်သူတွေ ၀ိုင်းလို့။
လှသွေးကြွယ်တဲ့ တော်ဝင်နန်းသုံး စံပယ်ဖြူရယ်
လိုချင်သူတွေ ၀ိုင်းလို့ လေယူရာယိမ်းလိုက်ပါနဲ့။

ခရေ၊ နှင်းဆီ၊ ခတ္တာ၊ ချာယ်ရီ ပန်းတွေ
ဘယ်လောက် လှတယ် ပြောပြော
ကိုယ်ကတော့ စံပယ်ဖြူကို မြတ်နိုးတဲ့
စံပယ်ပျိုးမယ့် ဥယျာဉ်မှူး ပါကွယ်။

ပိတုန်းမိုက်ရယ်.လာနမ်းဖို့ပြင်
လေပျင်း၊ နေပျင်း တွေက ချွေချင်နေ
ဘ၀ခါးခါးကို ဖြတ်လျှောက်ရလဲ
အားငယ်ပါနဲ့ စံပယ်ဖြူလေးရယ်
မွေးပျံတဲ့ ရနံ့တွေနဲ့ ရန်သူကို မိတ်ဆွေပြုလို့ အောင်ပွဲဝင်လိုက်ဦးလေ။

Saturday, March 28, 2009

ပန်း ရဲ့ ချစ်သူ

ပန်း ရဲ့ စိတ်ဝိညဉ်
မျှော်လင့်ခြင်း ခြေထောက်
လမ်းလျှောက်နေတာ
ချစ်သူကိုရှာဖို့။

လေညင်းလို မမြင်နိုင်အောင်
ကိုယ်ရောင် ဖျောက်နေလည်း
ချစ်သူ့ ရနံ အနားမှာရှိနေတာ
ပန်း ခံစားသိတယ်။

ပန်းကိုချစ်တဲ့
ပန်းချစ်သူတွေ
ပျော်ရွှင်စွာ နှစ်သစ်ကူးဖို့
ပန်းချစ်တဲ့ မိုးပြေးရယ်
ကိုယ်ထင်ပြလှည့်တော့ကွယ်။

ရေးသူ = မြန်မာမလေး ပန်းပိတောက်

Thursday, March 26, 2009

အမေ့ကို လွမ်းတယ်

နှလုံးသွေးခြင်း ထပ်တူပါ အမေ။
အမေပေးတဲ့ နှလုံးသွေးနဲ့
သား အမေ့ကို လွမ်းတယ် အမေ။
အမေ့ကို လွမ်းတဲ့ သားရဲ့ ရင်ခုံသံတွေ
အမေ နားဆင်ဖို့ပါ အမေ။

အဝေးရောက် သား
အမေ့ကို လွမ်းနေတယ် အမေ။
စိတ်ခြင်းထပ် နှလုံးသွေးခြင်း ဆက်လို့
အမေလည်း သားကိုလွမ်းနေတယ်ဆိုတာ
သားသိပါတယ် အမေ။

သနပ်ခါး ရေကြဲလေးနဲ့ အမေ့မျက်နှာ
သား အမြဲမြင်ရောင် နေမိတယ် အမေ။
အလုပ်တွေ ဘယ်လောက်များစေ
တစ်ချက်လေး မညှိုးတဲ့ အမေ့မျက်နှာ
သားအတွက် အင်အားတွေပါ အမေ။

ငယ်ငယ်က ကြားနေကြ
အမေ ဗိုင်းငင်၊ ချည်ချ သံ
ယက်ကန်းစင်က အမေ့လက်ခတ်သံ
သားအတွက် ထာဝရ ချိုတဲ့
ဂီတ စီးချက် တွေပါ အမေ။

သားကြီးမို့ သားငယ်ဖို့
သမီးလေးနဲ့ သမီးထွေး
တူညီသော မေတ္တာ ဖြန့်ဝေ
အေမြတဲ့ အမေ့ရင်ခွင်ကို
သား အမြန်ဆုံး ပြန်လာမယ်အမေ။

အခုများတော့ ဝေးတစ်မြေ
အလွမ်းတွေနဲ့ သားတစ်ယောက်
အမေ့အတွက် ဆုမွန်ကောင်းများ တောင်းလို့
သား ကန်တော့ပါတယ် အမေ။