Tuesday, February 22, 2011
နာမည်ဆိုးတဲ့ အက်စစ်
ရှေးတုန်းက ယောင်္ကျားများ အသက်ရွယ် ရလာရင် ဒူလာ ရှူနာ ရှိုက်ကုန်း ပိန်တိ ပိန်ညောင်ဖြစ်လာတယ်။ ဒါဟာ ရောဂါကြောင့် ပိန်ခြင်းသာဖြစ်တယ်။ ရှေးဘဝကံ အကျိုးပေးကြောင့် ၉၆ ပါးရောဂါ ဝေဒနာ ခံစားရခြင်းဖြစ်တယ် လို့ မြင်တယ်။ ဘဝကံ အကျိုးပေး မကောင်းလို့ ဒီလိုအဖြစ်ကို သနားကြတယ်။ တစ်ဦးကို တစ်ဦး ဖေးမ လို့ ကူညီကြတယ်။ ရောဂါ ကြောင့် ဘဝ ကူးသွား ခဲ့လျှင်တောင်မှ အသုဘ လိုက်ပို့မည့်သူ မရှားပါ။ ဒီလို အဖြစ်မျိုးတွေဟာ ကမ္ဘာကြီး ရွာတရွာ မဖြစ်ခင်က အမှန်တကယ် ရှိခဲ့တာပါ။
ဒီအယူဆ အတွေး အမြင်ဟာ ပြောင်းသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်က စလို့ ယောင်္ကျား တစ်ယောက် ပိန်တိ ပိန်ညောင် ဝါးခြမ်းပြား အဝတ်ပတ် ထားတဲ့ ပုံစံဆိုရင် အက်စစ် ကိုက်နေတယ် လို့ အပြော ခံရပီသာ မှတ်ပေတော့။ အားလုံးရဲ့ စိတ်မှာ ဆွဲထင်နေတာ တဖြေးဖြေး ပိန်လာရင် အက်စစ်ကိုက် ခံနေရတယ် မကြာခင်မှာ ရှောတော့မယ်တဲ့။ မိဘတွေက သားသမီးတွေကို ဆုံးမကြတယ်။ အဲဒီလူက ကိုယ်ကျင့်တရား ပျက်တဲ့သူ။ ယုတ်မာတဲ့သူ၊ မပေါင်း မသင်းကြနဲ့။ ဝေးဝေး ရှောင်ကြလို့။ ကျေးလက် သားဖွား ဆရာမက အတင်း တုတ် သလိုလို ပညာပေးတော့ လမ်းကြောင်း လွဲမှား သွားတာလဲ ရှိမယ် ထင်ပါတယ်။ မည်သို့ပင် ဖြစ်စေ အက်စစ် ရောဂါကတော့ တောနယ်များ အထိ ရောက်ရှိ နေလေပြီ။
အက်စစ်ကြောင့် ကမ္ဘာကြီး ရွာတစ်ရွာအဖြစ် ပြောင်းလဲ လာတာကို အပြစ် ဆိုရမလို ဖြစ်နေပါပြီ။ တကယ်တော့ ဆင်းရဲခြင်းက အဓိက ပြသနာ တခုပါ။
မိုးခေါင်ရေရှား အညာမှာ နှစ်စဉ် လူဦးရေက များလာတယ်။ အနေ အစား ခြွေတာရတဲ့ဘဝမှာ မိသားစု စားဝတ်နေရး နဲ့ ငွေကြေး အတွက် လူငယ်တွေ မြို့တက် အလုပ်လုပ်ကြ တာ ရှိလာတယ်။ ငယ်ရွယ်သူ စိတ်က ထက်တယ်။ လုပ်ချင် ကိုင်ချင်စိတ် အပြည့်ရှိတယ်။ ဆူးစမ်းတတ်တယ်။ မြို့မှာ အလုပ် လုပ်လို့ လမ်းကြောင်း မှန်ကို ရောက်တဲ့ လူငယ် ရှိသလို လမ်းကြောင်းမှားတဲ့ လူငယ်တွေလဲ ရှိလာတယ်။
လမ်းကြောင်းမှားတဲ့သူက ငွေစလေးတွေနဲ့ ကျေးလက်ရွာကို အပြန် အက်စစ် သယ်လာတယ်။ အက်စစ်ကြောင့် နေ့မြင် ညပြောက် လေးငါးယောက်ရှိတဲ့ အခါ ကြောက်လန့်လာကြတယ်။ အဲဒီကစ သာမန် ကျန်းမာရေးကြောင့် ပိန်လာတဲ့ သူတွေကိုပါ ရောပြီး ယုန်ထင်ကြောင်ထင် ထင်ကြတယ်။ အက်စစ် ကိုက်နေပြီထင်တယ်။ မယုံရင် ကြည့်နေပေါ့။ အက်စစ်က ကြောက်ဖို့ တအား ကောင်းတယ်။ သမားဆရာ တို့ အဆိုရှိတာ အနာသိ ဆေးရှိတဲ့။ အခုတော့ ကုရာနတ္တိ ဆေးမရှိ ဆိုတဲ့ ရောဂါ အက်စစ် ပေါ်လေပြီ။ ကျေးလက်နယ်တွင် အက်စစ်အား ကြောက်လန့် နေသောစိတ်များ လွှမ်းနေ၏။
ဖေးမကူညီ အကြံညဏ်ပေး ကုသရန် စဉ်းစားကြခြင်းထက် ကိုယ့်ကျင့်တရား ဖောက်ဖျက်ခြင်းအမှုကိုသာ ဖိပြောနေကြသည်။ အဆိုး မဆိုသာချေ။ ပြသနာ သည် ခြေတောက်ပေါက်ကာ အလိုလိုရောက်လာခြင်း မဟုတ်။ ပြသနာအား သယ်ဆောင်လာသူသည် အသိတရားလွတ် ဗဟုသုတမဲ့စွာ နေထိုင်ပြုမူခြင်း ကြောင့်ဖြစ်၏။ သို့နှင့် အက်စစ် ကိုက်ခံရသူသည် လူ့အသိုင်းဝိုင်းမှ ဘေးထွက် နေရန်မှတပါး အခြားမရှိ။ ကုသရန် လမ်းကြောင်းကား ပြောက်ဆုံးနေ၏။
ထို့ပြင် အက်စစ်ကြောင့် မိဘ ဆွေမျိုး အသိုင်းဝိုင်း မှာလည်း မျက်မှာ ပျက်ရ၏။ သူတို့သားပေါ့ အက်စစ်ကိုက် သေတာ။ အဲဒီရွာကလူပေါ့ အက်စစ်ကိုက်လို့ သေတာ ၂ ယောက်တောင်ရှိပေါ့။ နေရပ်ဇာတိ နာမည်ကောင်းမရှိပြီ။
ထိုမှတဖန် မြို့နယ် နာမည်ပျက်ရ၏။ ထိုမှတဆင့် …..ရှေးယခင်က သမိုင်းကောင်းသော ကျောက်ပန်းတောင်းနယ်သည် နာမည်ပျက်ရ၏။
အဆိုကောင်း ဒွန်တွဲနေသော သဘောသည်ရှိ၏။ ဘာသာတရား ကိုင်းရှိုင်း သော ရိုးသားသော ဖော်ရွှေသော သူများရှိရာ နယ်မြေသို့ အက်စစ် ရောက် လာသည်။ အထက်ပါ ဥပမာသည် အက်စစ် လမ်းကြောင်းတခုသာဖြစ်၏။ အခြားအကြောင်းများလဲရှိ၏။ သိသလောက်တော့ ရေးဦးမည်။ အေအိုင်ဒီ အက်စ် ကူးဆက်ခံ ဝေဒနာရှင်များ စာရင်းတွင် ကျောက်ပန်းတောင်းက ပါနေ၏။ ဘာကြောင့်လဲ။ HIV AIDS က လူကို ဘယ်လို ကူးဆက်တတ်သလဲ။ မကူးဆက်အောင် ဘယ်လို ဆင်ခြင်ရမလဲ မသိလို့။ အရက်သေစာ သောက်စားကာ အဖေါ်မပါပဲ ခရီးသွားမိလို့ စသဖြင့်။
ကျောက်ပန်းတောင်းမြို့တွင် ဟိုက်ဝေးမောင်း ဆယ်ဘီးကားများ ရှိ၏။ နာမည်ကြီး၏။ ကားသမားသည် နယ်စုံ ရောက်၏။ မိန်းမ လိုက်စား၏။ ကာမတနှာ သွေသားဆန္ဒသည် သတ္တဝါတိုင်းရှိစမြဲပင်။ နယ်စုံရောက်ကာ နယ်စုံမှ ရောဂါများ သယ်လာခြင်းသည် ပြသနာ တရပ်ဖြစ်၏။ ဤသည်မှာ အက်စစ် လမ်းကြောင်းတခု ဖြစ်၏။ ဇာတ်သများ နှင့် နတ်သမာများ သည်လဲ အက်စစ် သယ်ဆောင်ရာ လမ်းကြောင်း ဖန်တီးသူများတွင်ပါဝင်၏။ တသက်လုံး ဒီရွာမှာနေ ဒီရေကို သောက်၊ ဒီလင် ဒီမယား ပေါင်းသင်း နေထိုင် လာတာ ဘာမှ ဖြစ်စရာ အကြောင်း မရှိတာ လူတိုင်းအသိပါ။ နယ်လှည့် နေသူများ သတိထားဖွယ် ဖြစ်ပါသည်။
ကျောက်ပန်းတောင်း ဆရာတော်ငယ်၊ ဆရာတော် ကြီးများသည် အနယ်နယ်အရပ်ရပ်တွင် သာသနာ ပြုကြ၏။ ဒုန်လဘ ကိုရင် ဝတ်လိုသူ များအား သင်တုန်းဓါး အတူရိပ်၏။ ဇာတိပြန် လာခဲ့သော် အက်စစ် သယ်ဆောင် လာနိုင် မလာနိုင် မည်သူငြင်းမည်နည်း။ ကျောင်းသားလူငယ် များလဲ ထည့်တွက်ရမည်။ မြန်မာပြည် အနှံ့ ပညာသွားသင်ကြရာ ဇာတိမြေ သို့ အက်စစ် သယ်လာနိုင်၏။ အက်စစ် ကူးဆက် ပြန့်ပွားခြင်း လမ်းကြောင်း အား ပရော်ဖက်ရှင်နယ်များ ပိုမို ခန့်မှန်းနိုင်လိမ့်မည်။
ဇာတ်သမားတွေတော့ မကောင်းဘူး။ နတ်ကတော် တွေတော့ မကောင်းဘူး။ ဘုန်းကြီးတွေတော့ မကောင်းဘူး။ ကျောင်းသားတွေတော့ မကောင်းဘူးလို့ ပြောလိုသည်မဟုတ်။ အနီးစပ်ဆုံး ဖြစ်နိုင်ခြေ စဉ်းစားမိခြင်းသာဖြစ်၏။ အက်စစ်ကို ကာကွယ်ဖို့ အဓိကကတော့ ပညာပေးခြင်း နှင့် အကာကွယ် ပစ္စည်းများ ဖြန့်ဝေပေးခြင်းသည် ထိရောက် မည်ထင်၏။ အားလုံးလဲ စဉ်းစားမိ ကြမည် ထင်ပါသည်။ အဲဒီတော့ နာမည်ဆိုးတဲ့ အက်စစ်ကြောင့် ကျောက်ပန်းတောင်း နာမည်မပျက်ရအောင် ပညာပေး လုပ်ငန်းများ လုပ်ကြဖို့ တိုက်တွန်း လိုပါတယ်။
ဇာတိမြေကိုချစ်သော – ဆန်းဝင်း (ကျောက်ပန်းတောင်း)။
Saturday, February 19, 2011
ထန်း နဲ့ ထန်းလျှက်
Monday, January 31, 2011
ပုပ္ပါးတောင် ရှုခင်းများ
Sunday, January 23, 2011
တခါတလေ သတိရပါတယ်
ဝါသနာအပြည့် ဇွဲနဘဲနဲ့ ရေးနေဆဲ အကို အစ်မ များလဲ တွေ့ရတယ်။
နောက်ထပ်ပေါ်လာတဲ့ ဘလော်ဂါတွေလဲ တွေ့ရတယ်။
ဒီဘလော့ဂ်မှာ စာမရေးဖြစ်ပေမယ့် ကျောက်ပန်းတောင်းအသင်း မှာ အနည်းအပါး မဆိုစလောက် ရေးဖြစ်သေးတယ်။
တခါတလေ သတိရပါတယ်။ ဘော်ဘော်တွေကို........
We are Theravada
တနင်္ဂနွေနေ့တုန်းက မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကို ရောက်ဖြစ်ခဲ့တယ်။ အရှေ့ဘက်မုခ်ကစလို့ မပြောင်းလဲသေးတာတွေကို ပြန်တွေ့ရတယ်။ ကြွပ်ကြွပ်အိတ်ပေးပြီး မုန့်ဖိုးတောင်းတဲ့ ကလေးတွေ ပေါ့လေ။ သူတို့လေးတွေကို ငြင်းဆန်ကျော်ဖြတ်ရင်း ရင်ပြင်တော်ပေါ် ရောက်သွားတယ်။ တန်ဆောင်းတစ်လျှောက်က (နိဗ္ဗာန်ဈေးဆိုင်) လို့ အမည်တပ်ထားတဲ့ ဗေဒင်၊ နတ်ရုပ်၊ ဘိုးတော်အပါအ၀င် သာသနာတွင်း/ပ အကုန်ရတဲ့ဆိုင်တွေကိုလည်း အရင်အတိုင်း တွေ့ရသေးတယ်ပေါ့။ ဒါနဲ့ပဲ ရင်ပြင်တော်ပေါ် ရောက်တယ်ဆိုပါတော့လေ . . . ။
ပျားပန်းခပ် လူးလာခေါက်တုံ့နေတဲ့ မြန်မာပြည်သူတွေရဲ့ တစ်ကိုယ်ရေ အမွှေးနံ့သာနံ့တွေရယ်၊ လှူဒါန်းပူဇော်ထားကြတဲ့ ပန်း၊ အမွှေးနံ့သာတိုင်နံ့တွေ၊ မီးခိုးတွေကြားမှာ ကျွန်တော်လည်း အရင်လိုပဲ စူးစမ်းရင်း လျှောက်လာခဲ့ တယ်။ စေတီတော်ယဉ်ကျေးမှုက အရင်အတိုင်းပါပဲ။ အုန်းသီး၊ ငှက်ပျောသီးနဲ့ တံခွန်၊ ကုက္ကားတွေ အဖွေးသား၊ အရဲသား၊ တချွန်ချွန်၊ တပြောင်ပြောင်နဲ့ ရှိတုန်းပဲ၊ မွေးနေ့ဂြိုဟ်တိုင် ရှေ့ရောက်တော့ ဘာရယ်မဟုတ် ရပ်မိနေတယ်။ (အကျင့်ပါနေလို့လည်း ဖြစ်နိုင်ပါတယ်) ဂြိုဟ်တိုင်ကို ကြည့်လိုက်၊ စေတီတော် ကို မော့ကြည့်လိုက်လုပ်နေုတုန်း
” ပန်းလှူမလား၊ ရေသပ္ပာယ်ရင်းနဲ့ ဂြိုဟ်ပြေ၊ နာမ်ပြေ၊ ယတြာချေလို့ရတယ်” ဆိုတဲံ စေတီတော်ကြီးကို အမှီပြုပြီး အသက်မွေးနေတဲ့ အရောင်းအ၀ယ် လုပ်သူရဲ့ စကားသံက ကျွန်တော့်နားထဲရောက်လာတယ်။ ဒါနဲ့ သူ့ကို ပြုံးပြီး “မလုပ်သေးဘူးနော်”လို့ ငြင်းလိုက်ရတယ်။ သူလည်း လှည့်အထွက် ကျွန်တော့်အနားက မြန်မာလိုဝတ်ထားတဲ့ နိုင်ငံခြားသားစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။ ကျွန်တော့်ကိုမေးတာ အလုပ်မဖြစ်တော့ မြင်ရတဲ့ နိုင်ငံခြားသားစုံတွဲကို ဂြိုဟ်တိုင်မှာ ရေသပ္ပာယ်လို့ရတဲ့ အကြောင်း၊ ပန်းလှူ လို့ရတဲ့အကြောင်း အင်္ဂလိပ်တစ်ဝက်၊ မြန်မာတစ်ပိုင်း၊ ခြေဟန်လက်ဟန်နဲ့ ပြောပါတယ်။
အဲဒီအခါမှာ အမျိုးသားကြီးက ပြုံးပြီး ပြန်ပြောပါတယ်။ “No! We are Theravada”တဲ့ တစ်ခွန်းတည်းပါပဲ။ ကျွန်တော်လည်း သေသေချာချာ ကြားလိုက်ရပါတယ်။ ပြီးတော့ အဲသည့်စုံတွဲက ဆက်ထွက်သွားတယ်။ ပန်းကပ်ဖို့၊ ရေသပ္ပာယ်ဖို့ ပြောတဲ့ အမျိုးသမီးက နောက်လူတွေနဲ့ သူ့အလုပ်ကို ဆက်လုပ်ဖို့ ထွက်သွားတယ်။ ကျွန်တော်သာ အဲသည့်ဂြိုဟ်တိုင်ရှေ့မှာပဲ ရေသပ္ပာယ်နေတဲ့သူတွေကို ကြည့်ပြီး ရပ်ကျန်ရစ်ခဲ့တယ်။ နားထဲမှာတော့ အမျိုးသားကြီးပြောသွားတဲ့ စကားသံကို ပြန်ကြားယောင်မိတုန်း။ ဘယ်လောက် အားရစရာကောင်းသလဲဗျာ။
ကျွန်တော်က “မလုပ်သေးဘူးနော်”လို့ ငြင်းတာ။ နောင်လုပ်ချင်လုပ်မယ်ဆိုတဲ့ သဘောပါနေပြီး သူငြင်းတဲ့ “No! We are Theravada” ဆိုတာကတော့
ပြတ်သားမှုအပြည့်နဲ့ဗျ။ ဒါကို ရေးရတာကတော့ သူငယ်ချင်းတို့လည်း နောင်မှာ ဒီလိုအဖြစ်မျိုးကြုံခဲ့ရင် ပြတ်သားနိုင်ဖို့ပါ။
သင့်တာရာ (မေတ္တာတံခွန်)
ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာတော် ဥပဒေသငါးရပ်
၁။ ယုံကြည်မှု သဒ္ဓါတရား ရှိရမည်။ (ဤနေရာတွင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ အပေါ်၌ အပြည့်အ၀ယုံကြည်သူကို ဆိုလိုပါသည်။)
၂။ စောင့်ထိန်းမှု သီလရှိရမည်။ (ဤနေရာတွင် ဗုဒ္ဓသာသနာက သတ်မှတ်ထားသော ကိုယ်ကျင့်သီလကို စောင့်ထိန်းသူဖြစ်ရပါမည်။)
၃။ ကောတုဟလမင်္ဂလာကို မယုံကြည်ရ။ (ဤနေရာတွင် ကောတုဟလမင်္ဂလာဆိုသည်မှာ ရက်ရာဇာ၊ ပြဿဒါး၊ နေကြတ်၊ လကြတ်စသော
စိတ်ကူးယဉ်အတွေးတို့၌ ယုံကြည်နေမှုကို ဆိုလိုပါသည်။)
၎။ ကံကိုသာ ယုံကြည်နေသူဖြစ်ရပါမည်။ (ဤနေရာတွင် မိမိ၏ကံနှင့်ကံ၏အကျိုးဆက်ကိုသာ ယုံကြည်ရမည်။အခြားယုံကြည်မှုများကို မယုံကြည်ရဟု ဆိုလိုသည်။)
၅။သာသနာတော်ပြင်ပ ကိုးကွယ်မှုကို မရှာမှီးရ။ (ဤနေရာတွင် သာသနာ တော်မှအပဖြစ်သော ကိုးကွယ်မှုများ၊ သာသနာပြင်ပမှ အလှုခံပုဂ္ဂိုလ်တို့ကို ရှာမှီး၍ မဆည်းကပ်ရပါ။ နတ်၊ သိကြား၊ ဗြဟ္မာ၊ ဂြိုဟ်နတ်၊ ထွက်ရပ်ပေါက်၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဖာ စသော သာသနာ့ပြင်ပကိုးကွယ်မှုများကို ရှောင်ရှားရမည်ဟု ဆိုလိုပါသည်။)
ရေစကြို အရှင်ဧသိက၏ ‘ ထေရ၀ါဒဗုဒ္ဓဘာသာ’ စာအုပ် စာမျက်နှာ ၁၇၂၊၁၇၃ မှကောက်နှုတ်ချက်။
ဖိတ်ခေါ်ခြင်း
အသင်းဝင်များ၊ နယ်သူနယ်သားများနှင့် ပြည်တွင်းပြည်ပ မိတ်ဆွေများ အားလုံး မင်္ဂလာပါ -
http://kyaukpadaung.com အင်တာနက် ဝဘ်ဆိုဒ်တွင် ဖေါ်ပြရန် ဇာတိ မြေနှင့်သက်ဆိုင်သော ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များ၊ သတင်းအချက်လက်များ ပေးပို့ပေးကြရန် – ဖိတ်ခေါ်ပါသည်။
http://kyaukpadaung.com အင်တာနက် ဝဘ်ဆိုဒ်တွင် ဖေါ်ပြရန် စာရေးခြင်းအား နှစ်ခြိုက်သော စာပေဝါသနာရှင်းများသို့ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္တုတို၊ ဝတ္တုရှည်၊ သမိုင်းမှတ်တမ်းများ ပါဝင်ရေးသား ပေးပို့ပေးကြရန် – ဖိတ်ခေါ်ပါသည်။
ဆက်သွယ်ရန် = admin@kyaukpadaung.com သို့ အီးမေး ပေးပို့ခြင်း နှင့် Contact Us မှ အဖွဲ့ဝင်များ၏ အီးမေးမှ တဆင်လည်း ပေးပို့နိုင်ပါသည်။
http://kyaukpadaung.com ဝဘ်ဆိုဒ်သည် ဇာတိမြေ ကျောက်ပန်းတောင်း မြို့၏ ကိုယ်ပွား ပုံရိပ်ဖြစ်သည်။
ကျောက်ပန်းတောင်းသို့ စာအုပ်လှူမည်
ကျွန်တော် ငယ်စဉ်ကတည်းက အားလပ်သော အချိန်များတွင် စာဖတ်ခြင်းဖြင့် အချိန်ကုန်စေ၏။ နွေကာလများတွင် ရွာဓလေ့အတိုင်း တောပစ်၊ ကြက်တိုက်၊ အာဝါဒေးပွဲများသို့ မရောက်ဖြစ်ခဲ့။ အဘိုး၏ တရားစာအုပ် ပုံတိုပတ်စ အကုန် ဖတ်ဖြစ်သည်။ ငါးပိ ငါးခြောက်ထုတ်သော သတင်းစာကအစ ဖတ်သည်။ အတန်းကြီး အတန်းငယ် သင်ခန်းစာ စာအုပ် အကုန်ဖတ်သည်။ ရွာမှ အတန်းကြီး အကိုအမ များထံမှ စာအုပ် (ရုပ်ပြ ကာတွန်း ဝတ္ထု) များငှားကာ ဖတ်ဖြစ်သည်။ စာဖတ်များလွန်း၍ ကောင်းတာရှိသည် မကောင်းတာလဲ ရှိသည်။ မည်သည့်စာပေကို ဖတ်သင့်သည် လမ်းညွန်ပေးမည့်သူမရှိ။
ယခုအရွယ်မှ ပြန်လည်စဉ်းစားမိသောအခါ မကောင်းသည့်အချက်ကိုတွေ့ ရသည်။ ဖတ်စရာမရှိ- ရှိတာဖတ်သော ကျွန်တော် အချစ်ဝတ္တု စာအုပ်များနှင့် ရင်းနီးခဲ့သည်။ ဖတ်ပါများလာသောအခါ ဝါသနာထုံလာသလို အချစ်ဝတ္တု ဇာတ်ကောင်များ၏ စိတ်များကူးစက်ခြင်း မသိမသာ ခံလာရသည်။ ယခုမူ ရသစာပေ အချစ်ဝတ္တု (အဆိပ်စာပေ) ကို မုန်းတီးမိလာသည်။ အကယ်၍သာ ငယ်စဉ်အချိန် စာဖတ်ချင်စိတ်များသော အရွယ်က လမ်းကြောင်းမှန်ဖြင့် နည်းပညာ စာအုပ်များ လက်တကမ်းတွင် ရှိခဲ့ပါမူ။
စာဖတ်ဝါသနာပါလာ၏။ သို့သော် ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဒသမတန်း တက်ရောက်ခဲ့စဉ် အချိန်အထိ စာကြည့်တိုက် ဆိုတာ ဘာလဲ ကျွန်တော် နားမလည်ခဲ့ပါ။ ကျောင်းတွင် စာကြည့်တိုက်ရှိသည်ဟု သိသော် လည်း မရောက်ဖြစ်ခဲ့။ တစ်ယောက်တည်းနေ၍ ပတ်ဝန်းကျင်နှင့် အလှမ်းကွာလှသော ကျွန်တော် သည် စာအုပ်စာပေ အလကားရသော နေရကိုမသိခဲ့။ မဖြစ်စလောက် အပိုငွေလေးဖြင့် လင်းဦးတာယာ စာပေ ၊ မျိုးဆက်သစ်စာပေ အစရှိသော ဆိုင်မှားမှ ဝယ်ယူ ဖတ်ရှုခဲ့ရသည်။
ပထမဆုံး စာကြည့်တိုက် အသင်းဝင်ဖြစ်သည်မှာ မကွေးတက္ကသိုလ်တွင် အဝေးသင် နောက်ဆုံးနှစ်တက်ခဲ့စဉ်က နိုင်ငံတော်အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော E-library တွင်ဖြစ်သည်။ စာအုပ်စင် စာကြည့်တိုက်မှ အီလက်ထရောနစ် စာကြည့်တိုက်စနစ်သို့ မြေစမ်း ခရမ်းပြိုးကာလဖြစ်သည်။ စာအုပ်များကို စီဒီ ကူးထားပြီး ကွန်ပျူတာဖြင့် ဖတ်ရှုနိုင်ရန် စီစဉ်ထားသည်။ အီးမေး အင်တာနက် ဆိုတာ အစာအစာ နာမည်တခုမဟုတ်ဟု ပြည်သူများသို့
စတင် အသိပေးချိန်ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ကျွန်ပျူတာ အသုံးပြု တတ်သူ လက်ချိုး ရေ၍ ရသေးသည်။ (ဆိုလိုသည်မှ ကွန်ပျူတာ သုံးတတ်သူ နည်း၏)။ ယခုလို ၂၀၁၁ နှစ်များတွင် E-library သည် အတော် အသုံးဝင် လိမ့်မည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်မှ စီမံကိန်းများအား မဝေဖန်လိုပြီ။ ပြောစရာကတော့ ရှိနေသေးသည်။
ရန်ကုန်မြို့ ပန်းဆိုးတန်းမှ လမ်းဘေးတွင် ပုံအောထားသော စာပေ အဟောင်းဆိုင်မှ ဝယ်ယူရရှိသော စာကြည့်တိုက် နှင့်ပတ်သက်သည့် စာအုပ်တအုပ် ဖတ်ခဲ့ဖူးသည်။ စာကြည့်တိုက်သည် ကျေးလက် စာကြည့်တိုက်များ မှ မြို့နယ်စာကြည့်တိုက်များ ထိုမှတဆင့် နိုင်ငံတော် အဆင့် စာကြည့်တိုက် အဆင့်သို့ ချိတ်ဆက် တည်ရှိပုံ များပါဝင်သည်။ စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ကာ စာအုပ်စာပေ စီးဆင်းခြင်း မြစ်တဆင်း ဖတ်တီးကြရမည်။ (လဲလှယ်ကာ ဖတ်ရှုစေခြင်း)။ ယခုအခါ ကျေးလက်စာကြည့်တိုက် အစီ အစဉ်များဖြင့် စာကြည့်တိုက်များ ဖွင့်လှစ် ပေးနေသည်ကို သတင်းစာများတွင် ဖတ်ရသည်။ ပညာဖြင့် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် အတွက် အုပ်ချုပ်သူ အစိုးရချည်း အားကိုး နေ၍ မဖြစ်ခြေ။ တမျိုးသားလုံးအတွက် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် လူတိုင်း လူတိုင်းတွင် တာဝန်ရှိဟု ကျွန်ုပ်ယူဆသည်။
ဒုတိယအကြိမ် အဝေးရောက် ကျောက်ပန်းတောင်း သူ/သားများ တွေ့ဆုံပွဲတွင် ဇာတိမြေ ကျောက်ပန်းတောင်းမြို့ စာကြည့်တိုက်သို့ စာအုပ်စာပေများ လှူဒါန်းမည် ဟု သိရသည့်အတွက် အထူးပင် ဝမ်းမြောက်မိသည်။ ဒေသတိုင်း ဒေသတိုင်း တပိုင်တနိုင် စာကြည့်တိုက်များ စည်ပင်ဖွင့်ဖြိုးလာလျှင် တမြို့နယ်နှင့် တမြို့နယ် စာကြည့်တိုက် အချင်းချင်း သဘောတူမှုရယူ ချိတ်ဆက်ကာ စာအုပ်များအား မျှဝေ ဖတ်ရှုစေခြင်းဖြင့် ပညာဘဏ်တိုက်ကြီး ဖြစ်လာပေလိမ့်မည်။ သို့ဖြင့် အမှောင်ခွင်း၍ အလင်း ဆောင်ရန် မခက်ခဲ့တော့ပေ။ ထို့ထက်ပိုကာ တွေးရလျှင်ဖြင့် အစိုးရ စာကြည့်တိုက်များ၊ ဒေသတွင်း တပိုင်တနိုင် စာကြည့်တိုက်များ၊ တက္ကသိုလ် စာကြည့်တိုက်များ၊ ဘာသာရေး စာကြည့်တိုက်များ မှ စာကြည့်တိုက်မှုးများ တွေ့ဆုံညှိနိုင်းကာ စာအုပ်စာပေး စီးဆင်းမှု လွတ်လပ်ခြင်းအား ဖန်တီးကြပါလျှင် အတိုင်းထက်လွန်ဖြစ်တော့၏။
ဆန်းဝင်း (ကျောက်ပန်းတောင်း)။
Sunday, January 9, 2011
ပုပ္ပါးတောင်
တခြမ်းပူ တခြမ်းအေး
ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေမှာ
သင်ခံစားနေရတာတွေ အံ့သြမသွားလိုက်ပါနဲ့ဦး.....
ဒီမှာ စကားဝါပန်းတွေ ရှိတယ်
မျောက်မျက်ကွင်းဖြူတွေ ရှိတယ်
ချစ်စဖွယ် ခပ်ရိုးရိုးပျံဝဲနေတဲ့
ရှားရှားပါးပါး ရွှေလိပ်ပြာကြီးတွေလည်း ရှိတာပေါ့.....
စာဖွဲ့ကြတယ် "အညာမြေရဲ့ အိုအေစစ်" တဲ့
အပူပိုင်းဇုန်ထဲ ရေထွက်ပေါင်း ၁၀၃
သုံးမကုန် ဖြုန်းမကုန် မဟုတ်ဘူး
ဖြုန်းရင်တော့ ကုန်မှာပဲ
တောပြုန်း တောင်ပြုန်းရေတွေ ပြုန်းပြီး
အခွင့်အရေးအားလုံး ဆုံးရှုံးသွားလိမ့်မယ်.....
အခုတော့
ရှင်သန်နေတဲ့ သဘာဝတရားဟာ မမုန်းနိုင် မမေ့နိုင်စရာ
သင့်မျက်လုံးအစုံကို မှိတ်ထားပြီး စဉ်းစားကြည့်လိုက်စမ်းပါ
ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းလောက်က
ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့ မီးတောင်သေ
ယဉ်ကျေးမှုအယူတွေအရ ဒေဝတို့ ပျော်စရာတောင်
သီးချင်းမှတ်တမ်းထဲက ကျောက်နွားသိုး ၉ ကောင်ရော
ဘယ်မှာ ရှောင်ပုန်းနေလေသလဲကွဲ့.....
အရုဏ်ဦးအလင်းရောင်ဟာ ဇော်ဂျီယောင်ဆောင်လို့
မြူတိမ်တိုက်ထဲက တိုးထွက်ဖြာဆင်းလာပုံ
ဘယ်လောက်ဂုဏ်ကျက်သရေရှိ လှပလိုက်သလဲ.....
ခင်ဗျားတို့ ကျွန်တော်တို့အားလုံး
မိုက်မဲလို့တော့ မဖြစ်ချေဘူး.....
မင်းထက်မောင်










