Sunday, September 25, 2011

မြင်းခြံ သနပ်ဖက် ဆေးပေါ့လိပ် ။


မြင်းခြံမြို့က ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ် ဆုံရာ ဧရာဝတီ အရှေ့ဘက် ကမ်းခြေမှာ တည်ရှိတယ်။ ခရိုင်မြို့ ဖြစ်ပါတယ်။ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ နထိုးကြီး၊ ငန်းဇွန်း တို့ပါဝင်တယ်။ မြင်းခြံမြို့ရဲ့ အဓိက ထွက်ကုန် ကတော့ ဆေးရွက်ကြီး ဖြစ်ပါတယ်။ မိုးဦးမှာ မြေပဲ ၊ နှမ်း ဆီထွက် သီးနှံများ စိုက်ပျိုး ကြပြီး မိုးနှောင်းမှာ ဆေးရွက်ကြီးကို စီးပွားဖြစ် စိုက်ကြတယ်။ ဆေးရွက်ကြီး စိုက်သူကို ဆေးတောင်သူ လို့ ခေါ်ကြတယ်။ မြင်းခြံမြို့အကြောင်း နဲ့ မြင်းခြံကျေးလက် လူနေမှု အကြောင်းကို မြင်းခြံသူ စာရေးဆရာမ ခင်ခင်ထူးက "အညာသူ အညာသား ကျမ ဆွေမျိုးများ" ဆိုတဲ့ စာအုပ်မှာ ပြည့်စုံစွာ ရေးထားပါတယ်။ ကျွန်တော် အဓိက ပြောချင်တာ မြင်းခြံက ထွက်တဲ့ သနပ်ဖက် ဆေးပေါ့လိပ် အကြောင်းဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ သနပ်ဖက် ဆေးပေါ့လိပ် နာမည်တွေရှိ တယ်။ ရွှေဒေါင်းတောင်၊ ဆောင်းကောက်၊ နေခြည် အစ ရှိသည်ပေါ့ မြင်းခြံမြို့က ထွက်တယ်ထင်ပါတယ်။ အသေချာတော့ မပြောရဲဘူး။ ပဲခူးမြို့ကလဲ သနပ်ဖက် ဆေးလိပ်ခုံတွေ ရှိတယ်။ နောက်ပြီး မန္တလေးကလဲ သနပ်ဖက် ဆေးပေါ့လိပ် ထွက်ပါတယ်။ ဆေးပေါ့လိပ် ဆိုတာ အခုခေတ် စီးကရက် နဲ မတူပါဘူး။ ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုန်း ဘက်က သနပ်ဖက် ထွက်တယ်။ သနပ်ဖက်လှော်ပြီးသား စိမ်းလဲ့နေတဲ့ သနပ်ဖက်နဲ့ မြင်းခြံကထွက်တဲ့ အဓိကထွက်ကုန် ဆေးရွက်ကြီး ဆေးရိုးနဲ့ စနစ်တကျစပ်ကာ လိပ်တယ်။ ဆေး အချိုးအဆ သေချာစပ်မှ အရသာရှိပြီး ရောင်းကောင်းတယ် ပြောတယ်။ အဲဒါကတော့ မြန်မာတွေရဲ့ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ခုံ လုပ်ငန်းအကြောင်းပေါ့။ သနပ်ဖက် ဆေးပေါ့လိပ် ပေါ်တာ သိပ်မကြာလောက်သေးဘူး။ သနပ်ဖက် ဆေးပေါ့လိပ် မပေါ်ခင်ကတည်းက မြန်မာတွေက ဆေးလိပ်သောက်တာပါ။ ကျွန်တော် တို့ ကျောက်ပန်းတောင်းနယ် မှာဆို ပြောင်းဖူး ဖက်ဆေးလိပ်ကို ကိုယ်တိုင် လိပ်သောက်ကြတယ်။ အဘိုးနဲ့အဖွား ဆို ပြောင်းဖူးဖက် ဆေးလိပ် သောက်တယ်။ အဖွားလိပ်တဲ့ ဆေးလိပ်မှ အဘိုးက သောက်တယ်။ တခါတလေ ဆေးများတယ် ဆေးနည်းတယ်နဲ့ ချေးများပေမယ့် အဖွားလက်ရာကိုပဲ သောက်တယ်။ ကျွန်တော်တို့ နယ်ကျတော့ ပုပ္ပါးလွင်က ထွက်တဲ့ ဆေးရွက်ကြီး နဲ့ ကိုယ်တိုင်လုပ် ဆေးရိုးပင်က ဆေးစာနဲ့ ယာတောထဲက ထွက်တဲ့ ပြောင်းဖူးဖက် ကို သုံးတာ။ ဆေးလိုပ်သောက်တာ ကျန်းမာရေးကို ထိခိုက်တယ်လို့ ပြောကြတယ်။ အဘိုးနဲ့ အဖွားတော့ အသက် ၉၀ ဝန်းကျင်ထိ နေသွားကြတယ်။ ဒါပေမယ့် ထူးခြားတာ တခုတွေ့မိတယ်။ အဘိုးနဲ့ အဖွား ငယ်စဉ်က လုံးဝ ဆေးလိပ်မသောက်ပါဘူး။ လူတိုင်း အမျိုးသား အမျိုးသမီး အသက် ၄၅ ကျော်လောက်မှ ဆေးလိပ် စသောက်ကြတယ်။ "ငယ်ငယ်ရွယ်ရွယ် ဆေးလိပ် မသောက်ရဘူး" လို့ ဆုံးမထားတော့ ဆေးလိပ်ဆိုတာ လူကြီးတွေ သုံးတဲ့ အရာလို့ မြင်တယ်။ သနပ်ဖက် ဆေးလိပ်ပေါ်လာတော့ ဆေးလိပ်က လက်ညှိုးလောက် သေးသေးလေး။ လက်ထဲညှပ်လို့ သောက်ချင်စရာလေးပေါ့။ ခေတ်ပေါ်ဆိုတော့ လူကြီးတွေတင်မက လူငယ်တွေပါ သောက်လာကြတယ်။ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ် ဆိုတာ သိတော့သိကြပါတယ်။ ဆေးလိပ်သောက်ရင် အရင်ဆုံး နှုတ်ခမ်းတွေညိုမဲနေမယ်၊ အချောင်းဆိုးမယ်၊ ရင်တုန်ပြီး မောမယ်။ ဆေးလိပ်ကို ငယ်ရွယ်စဉ်ကနေ သောက်တဲ့သူက အဆုပ်မှာ မီးခိုးတွေကပ်လို့ အသက်ရှူမဝဖြစ်မယ်။ ပြောင်းဖူးဖက် ဆေးလိပ်၊ သနပ်ဖက် ဆေးလိပ် မြန်မာ့ မိရိုးဖလာ ဆေးလိပ်သောက်ခြင်းက ကောင်းသလားဆိုတော့ လုံးဝမကောင်းပါ။ ဒါပေမယ့် ဆေးရွက်ကြီး၊ ဗာဂျီးနီးယား၊ ဘိန်း၊ ကိုကင်း အစရှိတဲ့ မူးရစ်ဆေးဝါးတွေက လူခန္တာက တောင်းဆိုတဲ့ အရာတွေ ဖြစ်နေပြန်ရော။ သုံးတတ်ရင် ဆေးပေါ့။ မသုံးတတ်တော့ ဘေးဖြစ်တယ်။ တရုတ်တွေ၊ ရှမ်းတွေ ဘိန်းစားတယ်တဲ့ ဒါကလဲ မူးရစ်ဆေးပါပဲ။ ကျွန်တော့်အထင် နှစ်ပေါင်း ၄၅ လောက် လှုပ်ရှားလာတဲ့ ခန္တာကိုယ်က ထုံထိုင်းလာတယ်။ ကိုယ်ခန္တာက မလန်းဆန်းတာကြောင့် စိတ်ပါ မရွှင်ဖြစ်လာတယ်။ မိသားစု စီးပွားရေး ပြသနာ ဖိအားတွေဝင်လာတဲ့အခါ လူတွေ အသက်ကြီးလာရင် စိတ်ငြိမ်အောင် မူးရစ်ဆေးတော့ သုံးချင်ကြတယ်။ အဲလိုထင်ပါတယ်။ ဆက်ပြောမယ်။ ပြောင်းဖူးဖက် ဆေးလိပ် ကနေ ၁၉ ရာစုမှာ သနပ်ဖက် ဆေးပေါ့လိပ် အဖြစ် ပြောင်းလဲတိုးတက်လာတယ်။ အဲဒီကတဆင့် အခုဆိုရင် ဒူးယား၊ လန်ဒန်၊ ဗီးဂက်စ်၊ အစရှိသည် နိုင်ငံခြား နည်းပညာများဖြင့် ပေါင်းစပ် ထုတ်လုပ်သော စီးကရက် ခေတ်ကိုရောက် လာပါတယ်။ စီးကရက်ခေတ် ရောက်လာတော့ လူငယ်များ ဆေးလိပ်သောက်ခြင်းကို ပိုကို လုပ်ဆောင်လာကြတယ်။ မင်းသား မင်းသမီးတွေက ဆေးလိပ်သောက်ပြ၊ ပိုစတာများဖြင့် ကြေငြာ ဆိုတော့ ဆေးလိပ်ကို ပိုသောက်လာတယ်။ လူငယ်တွေကြားမှာ စီးကရက် နဲ့ စတိုင်မိုက်သလိုလို ၊ စီးကရက် မသောက်တတ်ရင် လူရာမဝင်သလို အထင်မြင်မှားမှုတွေ ရှိလာတယ်။ တကယ်တော့ စီးကရက်ကလဲ ဆေးရွက်ကြီးထက် ပိုတဲ့ ကိုနီဒင်း ထည့်ထားလို့ သောက်မိတာနဲ့ ဆွဲလန်းစေပါတယ်။ ရောဂါလဲ ပိုမိုဖြစ်စေပါတယ်။ ရေရှည်သောက်လို့ ကိုနီဒင်းက သွေးကြောထဲ စိမ့်ဝင်တဲ့အခါ ကင်ဆာ လို့ခေါ်တဲ့ ရောဂါကို ရစေနိုင်ပါတယ်။ လောင်းကစား၊ ဆေးလိပ်၊ အရက် လုပ်ငန်းက စီးပွားဖြစ်လွယ်ပါတယ်။ အဲဒီတော့ လူကြီးတွေ သိပါလျှက် ဆေးလိပ်သောက်တာ မပြောလိုပါ။ ကျွန်တော်လဲ သောက်ပါတယ်။ ဆေးလိပ် အလွယ်ရရင် ပိုသောက်ဖြစ်ပါတယ်။ ဈေးပေါပေါနဲ့ ရရင်လဲ ပိုသောက်ဖြစ်မှာပါပဲ။ ဒါကို နိုင်ငံ အုပ်ချုပ်သူ သမ္မတ အနေနဲ့ သိထားရပါမယ်။ ဆေးလိပ်၊ အရက်၊ လောင်းကစား လုံးဝ မလုပ်ရ တားမြစ်ထားရင် ပိုဆိုးမယ်ထင်ပါတယ်။ အဲတော့ ဒီလုပ်ငန်းတွေကို အခွန်နှုန်းမြင့်စွာ ကောက်ယူ စည်းကြပ် သင့်ပါတယ်။ အခွန်ပေးဆောင်ခ မြင့်တဲ့အခါ ထုတ်လုပ်သူအနေနဲ့ ဈေးမြှင့်ရောင်း ရပါမယ်။ ဆေးလိပ်၊ စီးကရက် ဈေးကြီးချင် ကြီးပါစေ ဒါဟာ ဆန် ဆီ မဟုတ်တဲ့ အတွက် ပြသနာတခု မဟုတ်ပါဘူး။ တခုရှိတာက မှောင်ခိုလုပ်ငန်း လုပ်လာနိုင်ပါတယ်။ ဒါကိုတော့ တင်းကျပ်စွာ ကိုင်တွယ်ရပါမယ်။ နောက်တခု မြန်မာပြည်မှာ ကွမ်းယာဆိုင် ယဉ်ကျေးမှုကို မနှစ်သက်ပါဘူး။ ကွမ်းလဲ ရှေးအစဉ်လာ ဆိုပေမယ့် ကွမ်းဆွဲသည်ထိ မစားသင့်ပါ။ မူးရစ်ဆေး တစ်မျိုးပဲဖြစ်ပါတယ်။ ကွမ်းယာဆိုင်မှ မဖွင့်ရင် ဘာလုပ်စားမလဲ လို့ လာမေးရင် ကျွန်တော်ကတော့ လဲသေလိုက်ပါ လို့ပဲ ဖြေပါ့မယ်။ လူတွေဆိုတာ အလွယ်လိုက် လွန်းပါတယ်။ တောင်းစား ရတာလွယ်တော့ သူတောင်းစားဘဝမှာတောင် ပျော်တတ်ကြပါတယ်။ အလုပ်လုပ်ရပါမယ်။ အနာဂတ်အတွက် လူငယ်၊ လူရွယ်၊ လူကြီး၊ ယောင်္ကျား၊ မိန်းမ၊ တစ်ယောက်မကျန် အလုပ်လုပ်ရပါမယ်။ အလုပ်လုပ်ဖို့ အတွက် အချိုအချောင် လုပ်ငန်းတွေ သေချာစည်းကျပ်ရပါမယ်။ ကိုယ့်အသိနဲ့ကိုယ် ဆိုပေမယ့် ဒါကို နိုင်ငံ အုပ်ချုပ်သူတွေ နားလည်ရပါမယ်။
ကျွန်တော့် ရေးရင်းနဲ့ အကြောင်းအရာကို ကျော်လွန်သွားတယ်ထင်ပါတယ်။ ဒီမျှပါပဲ.......။ ။
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေပါသည်။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ။

3 comments:

mabaydar said...

ဟုတ်တယ် ကိုဆန်းဝင်းရေ... ဒါမျိုးတွေကို အုပ်ချုပ်သူတွေက တင်းတင်းကျပ်ကျပ်လုပ်သင့်တယ်... စကာင်္ပူက လုပ်သလိုပေါ့... ဆေးလိပ်သောက်တာ သောက်တဲ့သူတင်မကဘူး သူ့ပတ်ဝန်းကျင်က မိသားစု ကလေးသူငယ်တွေကိုပါ တူညီတဲ့ ထိခိုက်မှုပေးနိုင်တယ်လို့ကြားဖူးတယ်... မဗေဒါတော့ ကိုယ့်နားဆေးလိပ်လာသောက်ရင် သိပ်မုန်းတာပဲ... ဟီး...

ကွမ်းလဲဒီတိုင်းပဲ မြန်မာပြည်မှာ ဘာမှမလုပ်တတ်ရင် ကွမ်းယာဆိုင်ဖွင့် အရင်းနည်းပြီး ရှုံးဖို့ သိပ်မရှိတာလဲပါမယ်... ကွမ်းစားတာ အရေမရ အဖတ်မရ အလုပ်လို့ ဘုန်းဘုန်းတပါးပြောတာကြားဖူးတယ်... အရေလဲ ထွေးထုတ်ရတယ်... အဖတ်လဲ ထွေးထုတ်ရတယ်လေ... ပြီးတော့ စားတဲ့သူကိုလဲ ညစ်ပတ်စေသလို ခံတွင်းနံ့ကလဲ ခပ်လှမ်းလှမ်းက စကားပြောရင်တောင်ရတယ်... ပြီးတော့ ဟိုထွေးဒီထွေးနဲ့ တိုင်းပြည် ညစ်ပတ်တယ်... မစားနဲ့တော့ မပြောလိုပါဘူး.. စည်းနဲ့ ကမ်းနဲ့ ကြပ်မတ်သင့်တယ်... ဒါတွေက အုပ်ချုပ်သူတွေလုပ်ရင်ဖြစ်နိုင်တဲ့ အသေးအဖွဲတွေပါ...

ဒါပေမဲ့ လူငယ်ထုတွေကို ဟိုဟာ(သိတယ်ဟုတ် အဟမ်း... အဟမ်း)မလုပ်ရင်ပြီးရော ကျန်တာအကုန်လုံးကို မျက်လုံးမှိတ်ပြီး ပျက်စီးချင် ပျက်စီးပစေ လွှတ်ထားတာပဲဟာ...

Ðaywalker(စိုးလှိုက်ဦး) said...

မြင်းခြံသူ လုံမေချောရယ်... သနပ်ဖက်တော့ မသောက်ပါရစေနဲ့ကွယ်... :P

Win Htut said...

ကိုနီဒင်းမဟုတ်ပါဘူးဗျာ နီကိုတင်း(Nicotine) ပါဗျ။