ခေါင်းစဉ်ကို ဂွေးချိုတောင်တန်း သက်သေတည် လို့ အမည်ပေးလိုက်တယ်။ ခေါင်းစဉ်ကြည့်ပြီး ယောင်္ကျား မိန်းမ အချစ် အလွမ်း နဲ့ ဂွေးချိုတောင်တန်း၊ ဘယ်ပန်းချီရေးလို့ မမှီတဲ့ အညာမြင်ကွင်းတခု ထန်းတောတွေနဲ့ ရေပြင်ကျယ်ကြီး ရှိတဲ့ ဂွေးချိုကန် ကိုနောက်ခံထား ရေးဖွဲ့မယ့် အချစ်ဝတ္တုတခု လို့ မထင်လိုက်ပါနဲ့ ။ ဆန်းဝင်း ဆိုတဲ့ ကျွန်တော်က စာသာ အဆုံးသတ်ထိ အရေးမတော်တာ ခေါင်းစဉ် နားမည်ပေးတော့ ကောင်းတယ်။ ဂွေးချိုက သူငယ်ချင်းဆိုလို့ ကျောက် ပန်းတောင်း အထက (၁) တက်ခဲ့စဉ်က အဆောင်ချင်းကပ်ရပ် ဂွေးချိုသား ပိန်ညောင်ညောင်နဲ့ ကျော်နိုင်ထွန်း တစ်ယောက်သာရှိတယ်။ အခုတော့ နှုတ်ခမ်းမွေးနဲ့ ကွမ်းစားမပျက် ဝတုတ်တုတ် မှတ်မိဘူး။ ၁၀ နှစ်ကျော် မတွေ့ရဘဲ စင်္ကာပူ ကျောက်ပန်းတောင်းအသင်းမှာ ပြန်တွေ့ရမှ စကားပြောရင်း "ခင်ဗျား ဦးထွန်းထွန်း ကျူရှင်တက်တယ်မဟုတ်လား၊ ဒေါ်ခင်မြဝင်း ကျူရှင်က မဟုတ်လား၊ မြို့မ ထဲမှာနေတာမဟုတ်လား" နဲ့ မေးမြန်းယူရတယ်။ ခွေးချိုတောင်တန်း သက်သေ တည်ရအောင် ငယ်ငယ်က ဘာမှ ဇာတ်လမ်းရှိခဲ့ဖူးဘူး။ ဒါဖြင့်ရင် ဘာကိုရေးမလဲ...
အညာဒေသ သဘာဝပေါက်ပင် အကြောင်းလေးတွေ ရေးခဲ့တယ်။ သိလို့ တတ်လို့ ဟုတ်ဘူး။ လက်က အငြိမ်မနေနိုင်လို့ ။ အခုလဲ ကျောက်ပန်းတောင်းနဲ့ အိမ်နီးချင်း မြို့တွေ အကြောင်း ရေးချင်လာ တယ်။ ရေးခဲ့ပြီးပြီ။ ငါ့သရောက် အိုး ၊ မြင်းခြံ သနပ်ဖက် ဆေးပေါ့လိပ် ။ အခုရေးမှာ က ဂွေးချိုမြို့အကြောင်းပေါ့။ ကိုယ့်နယ်က လူတွေကတော့ သိပီးသား ပါ။ မြန်မာပြည် ဒေသ အသီးသီးက မိတ်ဆွေများအတွက် ဗဟုသုတပေါ့။ ဂွေးချိုမြို့ လို့ နာမည် ဘာကြောင့်တွင်လဲ မသိပါဘူး။ အနီးနားမှာ ဂွေးပင် ဆိုတဲ့ ၇ွာလဲရှိတယ်။ ဂွေးချိုသီး ပင်တွေ ရှိပုံပေါ်တယ်။ ဂွေးချိုမြို့က ကျောက်ပန်းတောင်းမြို့ နဲ့ ၇ မိုင် ကွာဝေးပါတယ်။ ကျောက်ပန်းတောင်း -ချောက်-ရေနံချောင်း လမ်း ၃ ခု ဆုံတဲ့မြို့ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျောက်ပန်းတောင်း -ဂွေးချို-ချောက်-ဆိပ်ဖြူ လမ်း။ ကျောက်ပန်းတောင်း-ဂွေးချို- ရေနံချောင်း-မကွေးလမ်း စသည်ဖြင့်သွားလို့ရပါတယ်။ ရန်ကုန်-မကွေး-ရေနံချောင်း-ဂွေးချို-ကျောက်ပန်းတောင်း - ညောင်ဦး အိတ်စပရပ် ကားတွေ ဂွေးချိုမှာ ဆီဖြည့် ခေတ္တနားကြတယ်။
ဂွေးချိုတောင်တန်းက အမြင့်ကြီး မဟုတ်ဘူး။ တောင်တန်းက တောင်မြောက်ရှည်ပါ တယ်။ ရေနံချောင်းက လာတဲ့လမ်း၊ ချောက်က လာတဲ့လမ်း၊ ကျောက်ပန်းတောင်းက လာတဲ့လမ်း ၃ ခု ဆုံတဲ့နေရာက အနိမ့်မြေဖြစ်တယ်။ ဂွေးချိုက နာမည်ကြီးတဲ့ အထူးသဖြင့် ပန်းချီဆရာများ၊ ဓာတ်ပုံ ဆရာများအတွက် သဘောကျ နှစ်သက်ဖွယ် ဂွေးချိုကန်က လမ်းဆုံ အနီးမှာ တည်ရှိတယ်။ ဂွေးချိုကန်က ရေမြင်ကျယ်တယ်။ ကန်ရေပြင် နေရာ တခုလုံးမှာ ထန်းပင်တွေနဲ့ ပြည့်နက် နေတယ်။ အဲဒါ အညာ၇ဲ့ ထူးခြားမှုတခုပဲ။ မိုးတွင်းမှ ရေပြည့်တဲ့ ကန်ဖြစ်တယ်။ မိုးအခါ ဘတ်စ်ကားပေါ်ကနေ မြင်ရတဲ့ ကန်ရေပြင်ကျယ်မှာ ထန်းပင်တွေနဲ့ ပြည့်နေတဲ့ မြင်ကွင်း က ဘယ်မှာမှ မရှိနိုင်ဘူး။ လမ်းဆုံ လမ်းခွမြို့ဖြစ်လို့ လူသိများတယ်။ နောက်တခုက ဂွေးချိုကန်ကြောင့် လူသိများတယ်။ နောက်ထပ်ရှိသေးတယ်.. ဂွေးချိုတောင်တန်းက ထွက်တဲ့ နံ့သာသွေး ကျောက်ပြင် က နာမည်ကြီးတယ်။ မြန်မာပြည် အနှံက သနပ်ခါးချစ်သူတိုင်း ဂွေးချို ကျောက်ပြင်ကို သုံးကြတယ်။ နောက်ပြီး မီးဖိုးချောင်သုံး ငရုတ်ဆုံ၊ ဘိန်းတော ဆေးဆရာများအတွက် ဆေးငရုတ်ဆုံ များကိုလဲ ဂွေးချိုက ထွက်တယ်။
လမ်းမကြီး ဘေးမှာ ကျောက်ပြင်၊ ကျောက်ငရုတ်ဆုံ တွေနဲ့ ဒေသထွက်ကုန်တွေ ရောင်းတဲ့ ဆိုကြီးတွေရှိတယ်။ မြန်မာပြည်အနှံက ခရီးသွားတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ ဝယ်ယူ အားပေး ကြည့်ရှုကြတယ်။ အညာဒေသ ဖြစ်တော့ ထုံးစံအတိုင်း ဆီးသီးပင်ေ ပါတယ်။ ဆီးသီး ထွက်ပါတယ်။ ဂွေးချိုက ထွက်တဲ့ ဖီးကို ဇီးယို ဇီးထုတ် လုပ်ကာ မြန်မာပြည် အနှံစားသုံးကြတယ်။ အခြား ဒေသထွက် ကုန်တွေအနေနဲ့ မန်ကျည်းသီး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ တွေထွက်သေးတယ်။ သောက်ရေ သုံးရေ အတွက် ဂွေးချိုကန်ကို အမှီသဟဲ ပြုနေကြရတယ်။ ကန်ရေက လူတွေအတွက်ရော၊ ခိုင်းနွားတွေအတွက်ပါ အသုံးဝင်တယ်။ တောင်ကုန်းပေါ်မှာ သန်း၊ ဒဟတ်၊ ရှား၊ ဆူးခြစ်၊ ဝါး၊ ထနောင်း ပင်တွေကြောင့် အပူသက်သာတယ်။ ဒါပေမယ့်လဲ နွေအခါမှ ပူပါတယ်။ တစ်ချို့ ပိုက်ဆံ ချမ်းသာသူတို့ ကိုယ်ပိုင် စက်ရေတွင်းတူးလို့ ရေအတွက် သောက အေးရတယ်။ ငယ်စဉ်က ချောက်မြို့ အသွားအပြန် ဂွေးချိုမှာ ကားခဏ နားတဲ့အခါ ငုံးဥ၊ ပြောင်းဖူးပြုတ်၊ ရေခဲထုတ်၊ ဆတ်သားခြောက်တွေ ဝယ်စားဖြစ်တယ်။ ကျောင်းဝတ်စုံ ဖြူစိမ်း၊ သနပ်ခါးဘဲကျားနဲ့ ကလေးမတွေ ဈေးရောင်းနေ တာ တွေ့ဖူးတယ်။ သနပ်ခါး ပါးမှာပုံလို့ ဆံပင်ကို ကြက်တောင်စီး ဆီးထားတဲ့ အညာက ကလေးတွေရဲ့ ဒီဇိုင်းက သဘာဝအတိုင်းကို ချစ်စရာ ကောင်းပါတယ်။ ရိုးသားတဲ့ မျက်လုံးလေးတွေနဲ့ပေါ့။
အဲဒီ လမ်းဆုံ လမ်းခွ မြို့ကလေး ဂွေးချိုမြို့က တချိန်မှာ လူနေထူထပ် စီးပွားရေး ကောင်းတဲ့ မြို့လေး ဖြစ်လာပါဦး မယ်။ ဘေးနားပတ်ပတ်လည်မှာ ရွာတွေများစွာရှိတယ်။ ရောက်ဖူးသူတိုင်း သိကြတယ်။ ဂွေးချို ကန်ကြီးနဲ့ ဂွေးချိုတောင်တန်းကြိးကို သက်သေတည်လို့ ပြောရဲပါတယ်။ ။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ။
No comments:
Post a Comment