Sunday, March 17, 2013

အိပ်မက် (16-03-2013)

ညက အိပ်မက် မက်တယ် ။ အိုဟောင်းစပြုလာတဲ့ ခန္တာက နှိပ်စက်လို့ ညစာက သိပ်စားလို့မရ ။ အနည်းငယ်စားပီး အိပ်လိုက်တယ်။  ညနေခင်းလို့ ထင်မိတယ် ။ အမေ နဲ့ တူတူ စကားပြောရင်း လမ်းလျှောက် အိမ်ပြန်လမ်းမှာ (ရွာထဲလမ်း) မှာ အိမ်နားရောက်တော့ အဖေက အမေ့ကို ဆူတယ် ။ ဘယ်သွားမယ် ညာသွားမယ် ပြောမသွားဘူး အိမ်ကို လူခတောင်းသူတွေက လာတယ် ။ ဘာပြန်ဖြေရမှန်းမသိဘူး ပေါ့ (အဖေက ကူလီ အလုပ်သမားတွေ လူခတောင်းလာရင် ချက်ချင်းပေးမှ ကြိုက်တယ်) အဲဒီလို အဖေက ဆူတော့ ကျွန်တော်က အမေ့ဘက်က ၀င်ပြောတယ် ။ အမေကို ဘယ်သူက ပြောပြော အမေ့ဘက်က အမြဲရှိတယ် ။ အဖေကလဲ ဒီအသက်ရွယ်ထိ အကျင့်ကမပြောက်ဘူး အမေ့ကို အမြဲဆူတယ် လို့ ပြောမိတယ် ။ (တကယ်တော့ အမေကလဲ အဖေပြော တာ ဆူတာ မှာ ကြည်နူးတယ်ထင်ပါတယ် . တခါတလေ အဖေက သူ့ဘာသူ နေရင် အမေ့မျက်နှာ တစ်မျိုးဖြစ်လို့) ။



ဒီလိုနဲ့ အမေက အိမ်ရောက်တော့ သူ့အလုပ်သူဆက်လုပ်တယ် ။ ကျွန်တော်က အဖေ့ညီ ဘထွေးလေး အိမ်ရှေ့ ထန်းလက် ကုလားထိုင်မှာ ထိုင်နေတယ် ။ အဲလို ထိုင်နေတုန်း အလယ်တန်း ၄၅၆၇၈ အတန်းတွေမှာ အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာ (အတော်ကြာပီ ဆရာက အရက်သမား ဖြစ်နေတာ) သူရောက်လာတယ် ။ ဘထွေးလေး အိမ်ထဲက တန်းလျားပေါ်မှာ အိပ်ချလိုက်တယ်ဗျာ ။ အဲဒီတန်းလျားက ညီဝမ်းကွဲ အခုစင်္ကာပူမှာ ရောက်နေတဲ့ကောင် အိပ်နေကျ ။ နွေဘက်ဆို အိမ်မကြီးပေါ် အိပ်သူမရှိ ။ ဆရာက အရက်သမားတာ ဖြစ်နေရှာတာ အခုချိန်ထိ ငါ့တပည့်ကြီး လို့ ခေါ်တယ် ။ ဘာတွေလဲ မသိဘူးပြောတယ် ။ အဲဒါ အသံကြားတော့ ဘထွေး မိန်းမ အဒေါ်က ဆင်းလာပီး ဗိုလ်ဆန်း မင်းဆရာ့ကို ကူတွဲပီး အိမ်ပြန်လိုက်ပို့ လိုက်ပါလား လို့ မေးငေါ့် ပြောတယ် ။ ဒါနဲ့ ဆရာ့ကိုတွဲပီး ကျွန်တော့ အိမ်ဘက် ခေါ်လာတယ် အိမ်ရှေ့ ကွပ်ပျစ်ပေါ်မှာ လှဲနေတယ် ။ ဆရာ ထမင်းစားချင်နေမလာ ဆိုပီး ထမင်းချက်အိမ်ပေါ်တက် ထမင်းခူးမယ် လုပ်တော့  အစ်မငယ်ကို တွေ့တယ် ။ (အစ်မငယ်က တကိုယ်ကောင်ဆန်တယ် လဖ္ဖက်သုတ်ပီး တစ်ယောက်တည်း စားနေတယ်) ။ အစ်မငယ်က အထက်အောက် အသက်သိပ် မကွာတော့ နင်ရယ် ငါရယ် ဘာဖြစ် ညာဖြစ် အပြစ်ပြောမိတယ် ။ ဆရာ့ကို ထမင်းကျွေးမယ် ပြင်တုန်း ကျောက်ပန်းတောင်းမှာ အခု ဘော်ဒါအုပ် ဆရာမ အစ်မ၀မ်းကွဲ ရောက်လာတယ် ။ အရက်သောက်လာတဲ့ ကျွန်တော့်ဆရာက သူ့ဆရာပဲ ။



(ဆရာက အခု အရက်မူး သမားဖြစ်နေတာ အရင်ကဆို တကယ့် အားကျလောက်တဲ့ ဆရာ ။ ဆရာ အင်္ဂလိပ် စာသင်တာ ရှေ့ဆုံးတန်းမှာ ထိုင်တဲ့ ကျွန်တော်က ဆရာ့ ခံတွင်းနံ့ကို မှတ်မိနေတုန်း ။ ရွာမှာ မူတန်းကျောင်းသာ ပွင့်တဲ့အချိန် ဆရာရယ် ဆရာ့သူငယ်ချင်း ၂ ယောက်ရယ် ပေါင်းပီး အလယ်တန်းကို ကိုယ့်ရွာမှာကို သင်လို့ရအောင် ကျိုးစားခဲ့ကြတယ် ။ လုပ်အားပေး ဆရာတွေ ရအောင်ခေါ်တယ် ။ ရွာမှာ အလယ်တန်း မဖွင့်နိုင်ဘူးဆို ကျွန်တော်တို့က အဝေးကြီးက မန်ကျည်းကုန်းကို သွားတက်ရတာ။ ပထမတုန်းက ဆရာက အရက်မသောက်တတ်  ။ ကျောင်းစိမ်းပုဆိုးနဲ့ တိုက်ပုံအဖြူနဲ့ လမ်းလျှောက်ရင် ရှေ့တည့်တည့် ၁၀ ပေ လောက်အတွင်းကို ကြည့်ရင် တစ်ခုခုကို စဉ်းစား လျှောက်တယ် ။ ကျောင်းသားတွေ ညံနေလို့ ဖိုးရာဇာ ကျောင်းဆောင် အရှေ့ပေါက်က အော်လိုက်ရင် အနောက်ပေါက်က ၃ တန်းကလေးတွေက အစ ငြိမ်ကျ သွားတယ် ။ ဆရာက စကားနည်းတယ် အတွေးသမား တစ်ယောက် ။ ကျွန်တော် ၈ တန်းအောင်ပီး မြို့ကျောင်းပြောင်း ၉ တန်း ၁၀ တန်း အောင်သည်ထိ ဆရာပုံစံ နဂိုအတိုင်းသား။ တက္ကသိုလ်တက် ရွာနဲ့ အတော်ကြာဝေးနေချိန်မှာ ဆရာ့ကို ရွာကလူတွေ တပည့်တွေ အရိုသေလျှော့ပါးသွားကြတယ် ။ ..... ကျွန်တော် နေခဲ့တဲ့ ကိုယ့်အားကိုယ်ကိုး ခွဲဖက် အလယ်တန်းကျောင်းကလဲ အစိုးရ အခြေခံပညာ အလယ်တန်းကျောင်း ဖြစ်နေပီ ။ ဆရာနဲ့ လက်တွဲဖေါ်တွေက မြို့ပေါ်ပြောင်းလို့ ကျောက်ပန်းတောင်မြို့ပေါ်မှာ အောင်မြင်တဲ့ ဘော်ဒါဆရာတွေ ဖြစ်နေပီ ။ ဆရာကတော့ ရွာမှာပဲ ခရီးဆက်နေတုန်း ။ .............. ။ ကျွန်တော် ကြားရသလောက် ဆရာ အရက်သောက်တတ်တာ .. (ပညာရေးမူသစ်နဲ့ အုပ်ချုပ်ရေးကြောင့် လို့ထင်တယ် ) အစိုးရကျောင်းဆိုတော့ အသစ်ရောက်တဲ့ ဆရာတွေ ရောက်လာတယ် ။ ရောက်လာတဲ့ ဆရာသစ်တွေထဲမှာ တစ်ယောက်က အရက်သောက်တတ်တယ် ။ စကားရွှင်တယ် ။ အခန်းနားတွေ ဦးဆောင် လုပ်တတ်တယ် ။ အစီးဝေးပွဲ ပီးတာနဲ့ ညနေပိုင်း (ရွာက အဖွဲ့ဝင်တစ်ယောက်ယောက် အိမ်မှာ) သောက်ပွဲလေး လုပ်တဲ့ အကျင့်တွေ ဖြစ်လာတယ် ။

ဆရာ ဘာတွေကို ညစ်နေတယ်မသိ ။ အရက်ဝိုင်းမှာ မြောပါသွားတယ်လို့ ကြားမိပါတယ် ။ တကယ်တော့ လူသာလျှင် အဓိကပါပဲ ) ဒါကတော့ ကျွန်တော် လေးစား အားကျတဲ့ ဆရာ့အကြောင့်ပေါ့ ။



အိပ်မက်က ဆက်ပြန်သေးတယ် ။ အစ်မ ၀မ်းကွဲက သူ့ဆရာကို ကွပ်ပျစ်ပေါ်မှာ အဲလို ထားရပါ့မလား ဆိုပီး အပြစ်ပြောကာ သူ့တို့ အိမ်ထဲ တွဲခေါ်ခဲ့ဖို့ ပြောပြန်တယ် ။ အစ်မ ၀မ်းကွဲက ဘော်ဒါအုပ် .. သူ့ကို ကြောက်ရတယ် ။ အဲလိုနဲ့ အစ်မ၀မ်းကွဲ အိမ်မှာ ဆရာက စကားတွေပြောနေတယ် ။ မောင်ဆန်းဝင်း လူဆိုတာ ဘို့ တစ်ဘို့ထဲ မကြည့်ရဘူးကွ ။ အများကောင်းကျိုးအတွက် အလုပ်လုပ်ရတယ် ။ ကိုယ့်ဘို့ပဲ ကြည့်တဲ့လူက လူ့အတ္တသမားပဲ ။ ပညာသင်လာတာ ကိုယ်သိတဲ့ အသိပညာ အတတ်ပညာကို ပျံ့ပွားအောင် မသိတဲ့သူကို သိအောင် ဖြန့်ဝေရတယ် ။ လက်ရှိ ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ခေတ်မှီသတင်းတွေ တွက်ချက် ချိန်ဆ ကိုယ့်ရွာက စာမဖတ်တတ်တဲ့ လူတွေကို အသိပညာပေးရတယ် ။ ............................ ။ အိပ်မက်က အဲလောက်ပဲ ။



နှုတ်ခမ်းတွေခြောက် အာခေါင်ခြောက်လို့ ရေထသောက်တယ် ။

ပြန်အိပ်တော့ အိပ်မက် မက်ပြန်တယ် ။

မိန်းမရဲ့ အမျိုးဘက်က ဆရာတော် တပါးကို မိန်းမရယ် ယောက္ခမရယ် သွားဖူးတယ် ။ ဆရာတော်က အိပ်ယာထဲမှာ ဖြစ်ပေမယ့် ဖူးတွေ့ရတဲ့အချိန်မှာ မျက်နှာက ကြည်လင်ဝင်းလို့ ပြုံးနေတယ် ။ ပီတိတွေက ကူးဆက်လို့ ကိုယ်တွေလဲ ပျော်နေတယ် ။ အိပ်မက်က နိုးတော့ ပြန်တွေးမိတာက ကြည်လင်ဝင်းပ တဲ့ မျက်နှာ အပြုံးတွေက ဘ၀မှာ သံရောဇဉ်ဆိုတဲ့ ကြိုးတွေကို ပြတ်အောင် ဖြတ်နိုင်ခြင်းကြောင့်လို့ ယူဆမိတယ် ။



အိပ်မက် ပေါင်းချုပ် ။



အဖေ နဲ့ အမေ ကို သတိရတယ် ။
ဦးလေးတွေ အဒေါ်တွေ
အကို အစ်မတွေ
ဝမ်းကွဲ ညီကိုတွေ သတိရတယ်.
ငယ်ဆရာကို သတိရတယ် .

မိန်းမကို သတိရတယ်.
ယောက္ခမလဲ ပါတယ် ။
ဆရာတော်လဲ ပါတယ် ။

ရစ်ပတ်ချင်တဲ့ နှောင်ကြိုး အကြောင်းနဲ့ ဖြေလျှော့ချင်တဲ့ နှောင်ကြိုး ဆွဲအား ဘယ်သူပိုမလဲ .......... ။
စင်္ကာပူမှာ ဆောင်းရာသီ မရှိ ။

No comments: