Saturday, April 4, 2009

အသွားမတော် တစ်လှမ်းတဲ့။

ဤပုံကိုကြည့်ပါ။ အဝေးက မြင်နိုင်သည်။
အဲဒါ မောင်ဆန်းဝင်း ရဲ့ ပေါင်သလုံး ဖြစ်ပါတယ်။
ဒီမနက် ၉ နာရီ လေးဆယ့်ငါး မီနှစ် ၀န်းကျင် ခန့်ကပေါ့ ခြေချော်ကျကာ ဒဏ်ရာရသွားတယ်။ အလုပ်မရှိ အကိုင်မရှိ ကွန်ပျူ တာရှေ့မှာ ထိုင် ဘလော့တွေ ဖတ်နေရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ အညောင်းပြေ သဘောင်္ပေါ် သွားပြီး ရှောက်ကြည့် လိုက်ပါဦး မယ်လေ ဆိုပြီးသွားတာ ဒီဒဏ်ရာ ရလာတာပဲ။ အသွားမတော် တစ်လှမ်းဆိုတာ လက်တွေယုံသွား ပြီ။
စိတ်ကူးထဲမှာ ကဗျာ ရေးနေတာ။ စဉ်းစားရင်း လမ်းလျှောက် ။ ကာဂို အပိတ် နှစ်ခုကြား အပေါက်ကို မမြင်ဘူး။ ကျွံကျသွား တယ်လေ။ ဂျင်းဘောင်းဘီ ထူထူနဲ့မို့ အပွန်း သက်သာသည်။ ဖြစ်စက ဘာမှ မဖြစ်သလိုပဲ။ ဆေးထည့်တော့မှ အား..လာ..လာ.. ကြိမ်းစက်နေတာပဲ။ စိတ်နဲ့လူနဲ့ မကပ်ပဲ လမ်းလျှောက် မိတဲ့ ရလဒ်ပေါ့။
လမ်းလျှောက်ရင်း စိတ်ကူးထဲကရေးတဲ့ ကဗျာလေး က ဒီလို။

ဟိုး.. အဝေးဆီမှာ
တိမ်လွာဖွေးဖွေးတွေနဲ့
ပင်လယ်ရေ ပြာပြာတို့
ထိစပ်သွားတာ ငါမြင်ရတယ်။

ပြေးတက်လာတဲ့ ရေလှိုင်းနဲ့ အတူ
ပင်လယ်လေက ငါ့ ပါးပြင်ကို
အနမ်းပျင်းပျင်းတွေ ချွေခိုက်
အညာသားလေး အသားမည်းခဲ့ရ။

Friday, April 3, 2009

ကျနော် နှင့် အင်တာနက်

ဤ အကြောင်းအရာအား ရေးသား ခြင်သည်။
သို့သော် ဘာမှ မယ်မယ်ရရ ပြောပြဖို့ မရှိသလို ဖြစ်နေသည်။
အင်တာနက် အကြောင်းကို ပြောမည် ဆိုလျှင် ကွန်ပျူတာ ကစရ မည်။ ကွန်ပျူတာ အကြောင်း စရေးမယ် ကြံတော့လည်း လက်နှိပ်စက် ဆိုတာ လေးက ပေါ်လာပြန်သည်။ ကျနော် အင်တာနက် အသုံးပြု တတ်ရန် သတင်း အချက်လက် အင်ဖော်မေးရှင်းများ ရှာလိုက် မှတ်လိုက် ရတဲ့ နှစ်တွေ မနည်းပေ။ နေထိုင် ကျင်လည် ခဲ့သော ပတ်ဝန်းကျင်သည် သူလိုလို ငါလိုလို အောက်ခြေလူတန်းစား တွင်ဖြစ်သည်။ အထက်တန်း ကျောင်း တက်စဉ်က ကျောင်းတွင် ကွန်ပျူတာ အခန်းရှိသည်။ သို့သော် ပြတင်းမှန်မှ ချောင်းကြည့်ခဲ့ရသည်။

အကိုကြီး တစ်ယောက် လက်နှိပ်စက် ရိုက်ခြင်းအား ဘေးမှနေ စာခေါ်ပေးဖူးသည်။ ဤမှ ကျနော်သည် လက်နှိပ်စက် ဖြင့် အင်္ဂလိပ်စာ၊ မြန်မာစာ ရိုက်နည်းများ အကျွမ်းဝင်လာခဲ့သည်။ ထိုမှတစ်ဖန် ကွန်ပျူတာသို့ စိတ် ၀င်စားမှု ပိုခဲ့ သည်။ ကွန်ပျူတာနှင့် ပတ်သက်သော သတင်း နည်းပညာများ များအား အသည်းသန် ရှာဖွေဖတ်ရှုခဲ့သည်။ ကွန်ပျူတာ (အခမဲ့) ပြင် သော မိတ်ထီလာမှ ကိုမော်ကြီး၏ ကျေးဇူးကား ကြီးလှသည်။ သူသည် မြန်မာစာ ဖြင့် ကျောင်းပြီး သော်လည်း အီလက်ထရောနစ် ပစ္စည်းများအား အလွန်ဝါသနာ ထုံသည်။ အားလပ် ချိန်များတွင် ကွန်ပျူတာ ပြင်သော ကိုမော်ကြီး အနားကပ်ခါ မေးခွန်းများ မေးခြင်း၊ တစ်စစီ ဖြုတ်ထား သော ကွန်ပျူ တာအပိုင်း အစများအား ကိုင်ကြည့်ခြင်း ဖြင့် လေ့လာရသည်။ ဒါကမော်နီတာ၊ ဒါကအောက်စက် စီပီယူ၊ ဒါကတော့ မီးပျက် တဲ့ အခါသုံးတဲ့ ယူပီအက်(စ်) ၊ ကွန်ပျူတာ ပစ္စည်းမှာ အပျော့စား၊ အမာစား နှစ်မျိုးရှိသည် စသည်ဖြင့် ရှင်းလင်းပြ တတ်သည်။ ကိုမော်ကြီးသည် စိတ်ရှည်သည်။ စေတနာထားသည်။ ပတ်ဝန်းကျင် ကတော့ သူ့အား အထင်မကြီး ကြပေ။ ပြင်သမျှ ပြန်ကောင်းလာတာ ခပ်ရှားရှားဖြစ်သည်။

ကွန်ပျူတာ စာရိုက်ရန် ကီးဘုတ် လက်ကွက် စာရွက်လေး ရတော့ ကျနော် အလွန်ပျော်သည်။ လက်နှိပ်စက်ဖြင့် သိပ်မကွာ၍ လေ့လာရတာ အခက်ခဲမရှိ။ တစ်နေ့ ကိုမော်ကြီး သည် အိုင်ဘီအမ် ပီသရီး တစ်ပတ်ရစ် ကွန်ပျူ တာလေးဝယ် သည်။ သူ ကွန်ပျူတာ ရိုက်နေသည်ကို ဘေးမှကြည့် ကာ လေ့လာသည်။ အခြေခံ အကြောင်း အရာ များ ရှင်းပြ သည်။ ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းရှိ ဖော်အဲဗား ကွန်ပျူတာ သင်တန်း ဖွင့်စက သင်တန်း တက်ဖူး သည်ဟုပြောပြသည်။ သင်ခန်း စာ စာအုပ်များငှားသည်။ ကွန်ပျူ တာ အခြေခံများ အတော်လေး ရလိုက် သည်။ ကွန်ပျူတာ ဖွင့်ပိတ်ခြင်း၊ ဖိုင် တစ်ခုဖွင့် သိမ်းခြင်း၊ နာမည်ပေးခြင်း၊ မြန်မာ နဲ့ အင်္ဂလိပ် တွဲရိုက်ခြင်း၊ စာမျက်နှာ ရွေးခြင်းနှင့် မာဂျင် ပေးခြင်း များ ရှင်းပြသည်။ ကွန်ပျူတာ ကီးဘုတ်အား အစမ်း ရိုက်ကြည့် သောအခါ လက်နှိပ် စက် ရိုက်ဖူးသော ကျနော့် လက် သည် နုနုရွရွ ကီးဘုတ်နှင့် အထာမကျ။ နွေအခါ လယ်တော ခရောင်းလမ်းတွင် ထော်လာဂျီ မောင်းလာသော အသံဖြစ်နေသည်။

ပုဂံညောင်ဦးတွင် ကိုမော်ကြီးနှင့်တွဲဖြစ်သည်။ ထိုအချိန်တွင် ကိုမော်ကြီးသည် အင်တာနက် သုံးသူ အဆင်သို့ ရောက်နေပြီ ဖြစ်သည်။ အင်တာနက်သည် မည်သို့ အရေးပါကြောင်း ၊ စီးပွားရေး လုပ်ငန်းများတွင် မည်သို့ အသုံးပြုကြောင်း ရှင်းပြသည်။ ကျနော်သည်လည်း မြန်မာစာ၊ အင်္ဂလိပ်စာ မြန်မြန်ဆန်ဆန် ရိုက်နိုင်သည်။ ဇယားများ ဆွဲသော အိတ်ဇဲလ် အားစတင်နေပြီဖြစ်သည်။ ပါဝါပွိုင့် အား အခြေခံကာ အဒိုဗီ ဖိုတိုရှော့အား လက်တည့်စမ်းခြင် သောစိတ် ပင် ရှိနေပြီ ဖြစ်သည်။ ၀န်ကြီးချုပ် ဟောင်း တစ်ဦး၏သား ပိုင်သော ပုဂံ ဆိုက်ဘာ တက် အင်တာနက် ဆားဗစ် စတင်ကာ အိုင်ပီစတားများ ဖြန့်ဝေရောင်းချသော အချိန်ဖြစ်သည်။ မြန်မာ ပြည်တွင် အင်တာနက် အသုံး ပြုသူ နည်းပါးသေးသည်။ ကျနော်သည် ရသမျှ နည်းပညာ သတင်း အတိုအထွာများ ဖတ်ကာ အင်တာဆိုတာ ဘာကွလို့ ရမ်းသမ်းပြော တတ်နေပြီဖြစ်သည်။ ဂူဂဲ၊ ရဟူး နှင့် ဒေါ့ကွန်းတစ်ချို့အား အသေမှတ်ထားတတ်သည်။

သို့နှင့် ကိုမော်ကြီးနားကပ်ကာ အင်တာနက်သုံးနည်းအား လေ့လာရသည်။ သို့သော် ပေးမသုံး။ တစ်နေ့ သူ အပြင်ထွက်ခိုက် အင်တာနက်အား စမ်းဖွင့်ကြည့်သည်။ သူကြည့်နေကျ ကျနော် အလွတ်ရနေတဲ့ အ၀တ်ဗလာ ထိုင်းမော်ဒယ်မ လေးများ ဆိုဒ်တစ်ခု ကိုဖွင့်ကြည့်သည်။ ကလစ်ချက်တွေ များတော့ ပိတ်မနိုင်ဖြစ် လာသည်။ ကွန်ပျူတာ တစ်ခုခုဖြစ် သွားပြီ ထင်ကာ ကိုမော်ကြီးအား ခေါ်မေးရသည်။ သို့နှင့် အင်တာနက် ၀က်ဆိုဒ် အကြောင်း၊ အီးမေးအကြောင်း၊ ချက်တင် စကားပြောခြင်းအကြောင်းများ ရှင်းပြသည်။

ဂျာနယ်များမှ အင်တာနက် ကဖေး များ စတင်မိတ်ဆက် ရေးသားလာသောအခါ အင်တာနက်ကဖေး ဆိုတာ ဘာလည်း သိခြင်လာသည်။ ကော်ဖီဆိုင်တွင် အင်တာနက်ပြခြင်းလော။ ကော်ဖီသောက်ပြီး အင်တာနက်ကြည့် ရခြင်လော။ အင်တာနက်အား ကော်ဖီဟု တင်စားခြင်လော စသည်ဖြင့် စဉ်စားခန်းဖွင့်ဖူးသည်။

ညဆယ်နာရီခန့်တွင်ဖြစ်သည်။ ကိုမော်ကြီး တကုတ်ကုတ်နဲ့ ဘာတွေလုပ်နေလည်းမသိ ။ ဘေးနာကနေ အသံမပေးပဲ ကပ်ခါ ချောင်းကြည့်သည်။ သူမျက်နှာသည် ပြုံးရွှင်နေ သည်။ လက်မှလည်း အဆက်မပြတ် စာတွေရိုက်နေသည်။ ဟိတ်လူ ခင်ဗျား ဘာတွေလုပ်နေတာလည်း ဟု မေးသောခါ - ယခုအခေါ် ကြူကြူ လုပ်နေကြောင်း သေဘာပေါက်ခဲ့သည်။ ကိုမော်ကြီ၏ နစ်နိမ်းကား မိုက် ဖြစ်သည် တစ်ဖက်မှ မိန်းကလေး၏ အမည်မှာ လမင်းလေး ဖြစ်သည်။ သို့နှင့် ကျနော်သည် ကိုမော်ကြီးထံ ထဏခဏ ရောက်ဖြစ်လေသည်။

ကျနော် နားပူ နားစာ လုပ်လွန်း၍ ကိုမော်ကြီးမှ http://www.walla.com/ မှ ဖရီးမေး တစ်ခု လုပ်ပေးသည်။ ဤတွင် အင်တာနက်အား ကျနော် ပို၍ သဘော ပေါက်ခဲ့သည်။ အင်္ဂလိပ်စာ၏ အရေးပါမှုအား နားလည် လာရသည်။ အီးမေး လိပ်စာတစ်ခုရှိလျှင် ဆိုဒ် အတော်များများ ၀င်၍ရသည်။ သူငယ်ချင်းနှင့် စာပေး စာယူလုပ်၍ရသည်။ ပထမဆုံး ကျနော် မန်ဘာဝင်ခဲ့သော ဆိုဒ်မှာ မြန်မာချက်နက် ဖြစ်သည်။ မြန်မာ ချက် တွင် အကန့်များခွဲထား သည် အားလုံး ၀င်ပြော၍ရသည်။ ပရိုက်ဗိတ် ပြော၍ ရသည်။ ချောင်းသာ၊ ငပလီ၊ စသည်ဖြင့် ချစ်သူများ စုံစည်းရာ နေရာလေးများမှတ်မိသည်။ ထိုအချိန်က ကျနော့် နှင့် စကားအများဆုံး ပြောဖြစ်သော အွန်လိုင်း သူငယ်ချင်းမှာ လသာမှ ကောင်မလေး တစ်ယောက်ဖြစ်သည်။ နောက်တစ်ယောက်မှာ လားရှိုးမှ အစ်မ တစ်ယောက်ဖြစ် သည်။ သူတို့ ဆီမှ အင်တာနက် ဝေါဟာရ နှင့် နည်းပညာများ သင်ယူခဲ့ဖူးသည်။

ထိုမှ ဤမှ ကျနော်သည် အင်တာနက် နှင့်ထိတွေ့မှု ဝေးကွာခဲ့ရပြန်သည်။ ၄င်းနောက် အင်တာနက်အား အဆက်ပြတ်သွားသလို နည်းပညာအားလည်း ပြတ်ကျန်ခဲ့လေသည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ အကို ၀မ်ကွဲ အကူ ညီဖြင့် ဂျီမေး အကောင့်တစ်ခုရသည်။ အင်တာနက် သုံးသည် ဟုဆိုသော်ညား ချက်တင်လုပ်ခြင်း ဘာဘာညာညာ ကြည့်ခြင်းသာဖြစ်သည်။ ရှေ့ဆက်၍ကား မတက်နိုင်ခဲချေ။

Wednesday, April 1, 2009

အမေ့ယက်ကန်းစင် (၂)

နံနက်ခင်း မိုးလင်း သည်မှစ၍ နွေနေမင်း သည် စတင်ကာ အစွမ်းပြ တော့သည်။
နေ ဘယ်ချိန်ထွက် လည်း ကျနော် မသိ။ ကျောင်းအားရက် ဖြစ်သောကြောင့် ကျနော် နေရောင် ဖင်ထိုးအောင် အိပ် တတ်သည်။ အမေသည် အိမ်အလုပ်များနှင့် ရှုပ်နေသည်။ မနက်မိုးလင်း ကနေ မိုးချုပ် ပါးစပ်က လည်းပြော လက်ကလည် လှုပ်ကာ အိမ်မှုကိစ္စ များ တစ်ခုပြီး တစ်ခု ဆက်ကာ လုပ်နေ တတ်သည်။
အလုပ်လုပ်မှ ထမင်း စားရတာ အလုပ် လုပ်ဖို့ ပျင်းမနေရဘူး” ဆိုသည့် စကားသည် အမေ့၏ ဒသန ဖြစ်သည်။ အဖေနဲ့ အမေ သည် တကယ်ပင် လိုက်ဖက်ညီသော အကြင် လင်မယား ဖြစ်သည်။

ယခုကဲသို့ အလုပ်ပါးသော နွေအခါ မျိုးတွင် ယက်ကန်း လုပ်ငန်းအား စတင်ကြသည်။ ယက်ကန်း လုပ်ငန်း ဆိုသော် လည်း စီးပွားဖြစ် မဟုတ်ပေ။ တစ်ပိုင် တစ်နိုင် အိမ်တွင်းမှု လုပ်ငန်းဟုသာ ခေါ်ဆိုနိုင်သည်။ ၄င်း ယက်ကန်း လုပ်ငန်းသည် ကျနော့် ရွာလေးသို့ မည်သို့ မည်ပုံ ရောက်ရှိလာ သည်မသိ။ အမေ့ ၏ အမေ၊ ကျနော်၏အဖွား အိမ်တွင် အသုံးမပြု သော ယက်ကန်းစင် အဟောင်း တစ်ခု ရှိသည် ။ ဤသည် ကိုကြည်ခြင်း အားဖြင့် နှစ်အတန် ကြာပြီဟု ဆိုနိုင်သည်။ အဖွား ယက်ကန်း ယက်သည် ကို ကျနော် မမြင်ဖူးပေ။ သို့သော် အမေ သည် အဖွား၏ အမွေ ဆက်ခံသူ ဖြစ်သည်မှာ ဧကန် အမှန် ဖြစ်သည်။

ဤတွင် ၀ါဂွမ်း အဆင့်မှ အ၀တ် အထည် ဖြစ်လာ အောင် ယက်လုပ် ရသော လုပ်ငန်း အဆင့်ဆင့် ရှိလေသည်။ ကျနော် ငယ်စဉ်က မြင်တွေ့ နေကျ အရာ လေးများကို ပြောပြချင်သည်။ စိတ်ဖြင့်သိ သော်လည်း စကား လုံးဖြင့် ပုံဖေါ်နိုင် အံ့မထင်။ ပထမဦးဆုံး ၀ါပင်မှ ရသော ၀ါဂွမ်းကို အစေ့ထုတ် စက်ဖြင့် ၀ါဂွမ်း အတွင်းမှဝါ စေ့ များ ကြိတ် ထုတ်ရသည်။ ၄င်း ၀ါဂွမ်းအား ဗိုင်းတောင့် အဖြစ်သို့ ပြောင်းလည်းရသည်။ ဗိုင်းတောင့် ဆိုသည်မှာ နူးညံ့သော ၀ါဂွမ်းအလိမ်အတောင့်လေး ဖြစ်သည်။ ထိုဗိုင်းတောင့် အား ကြိုးမျှင် လေးများ ဖြစ်လာအောင် ဗိုင်းငင် ရသည်။ အချိန်ကို ကိုယ်စားပြုသော “လသာတုန်း ဗိုင်းငင်” ဆိုသည့် စကားပုံသည် ယက်ကန်း လုပ်ငန်းခွင်မှ ဆင်းလာခြင်း ဖြစ်သည်။ ဗိုင်းငင် စက်အား မမြင်ဖူးက ဗိုလ်ချုပ် အောင်ဆန်း ပုံနှင့် တစ်ကျပ်တန် ငွေစက္ကူ အစိမ်းရောင် တွင် ကြည့်ပါ။ (ပိုဝေးသွားမလားမသိ)။

တဖန် ဗိုင်းငင်၍ရသော ချည်လုံးအား ချည်ခင် ပြုလုပ်ရန် ချည်ငင် ရပြန်သည်။ ချည်ငင် ခြင်းတွင် အထူး ဂရုပြုရသည်။ ပြီးစလွယ် လုပ်ပါက ချည်ခင် အူပေါက် ကာ အစရှာမရ ဖြစ်တတ်သည်။ ထိုမှတဖန် ချည်ခင် အား ဆေးဆိုး ရသည်။ ဆေးဆိုး ရာတွင် မိမိ ယက်လုပ် မည့် အရောင် စိတ်ကူး အတိုင်း ဆိုး ကြသည်။ အဖြူထည် အတွက်မူ ဆေးဆိုးရန် မလို။ ဆေးဆိုး ပြီးသော အခါ အဆိုပါ ချည်ခင် အား ထမင်းလုံး များနှင့် နင်းနယ် ရသည်။ ကော်တင် ခြင်းဖြစ် ပေမည်။ ၄င်း အဆင့်ပြီး သောအခါ ချည်များ ခိုင်မာမှု အတွက် နေလှမ်း အခြောက်ခံ ရသည်။ ထို့နောက် ချည်သန့်ခြင်း အတွက် ဆပ်သွား နှင့် ချည်ချ ရပြန်သည်။ အ၀တ် တစ်ထည်ဖြစ်ရန် အဆင့်များ များလွန်းလှသည်။ အဆိုပါ သန့်စင်ထားသော ချည်အား တညင်းလုံး ကြီးတွင် ရစ်၍ သိမ်ဆည်း ထားသည်။ တညင်းလုံး မှ ချည် သည် အဆင်သင့် အသုံးပြုနိုင်သော အဆင့် ဖြစ်သည်။

ကျနော် သည် ငယ်စဉ်က အမေ့ ယက်ကန်း လုပ်ငန်းအား ကူညီ လုပ်ကိုင် ဖူးသည်။ ရံဖန်ရံခါ တွင် လည်း ချည်ခင် ရှုတ်ထွေး သွားတတ် သောကြောင့် အဆူခံ ထိသည်။
“ ဘယ်သူ ဘယ်သူ ၀င်ခါမှ ချည်ခင်ထွေး .. ရှင်းနိုင်ပါ့မယ်” သီချင်းထဲကလို ရှုတ်ထွေး နေသာ ချည်ခင် သည် ကောက်ရိုးပုံထဲ အပ်ပြောက်ရှာရသည်နယ် ခက်ခဲသည်။

ယခု အမေသည် အပ်ချည် နှင့် အပ်ပေါက် တည့်အောင် မထိုးနိုင်ပြီ။ အသက်ရွယ်ရ လာသော အမေ ယက်ကန်း မယက် သည်ပင် ဆယ်နှစ်ခန့် ရှိမည် ထင်သည်။ အမေသည် ငယ်စဉ် ကတည်းက အလုပ်နှင့် လက် ပြတ်သူ မဟုတ်။ အမေရယ်... သားတွေ သမီးတွေ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် လုပ်ကိုင် ကျွေးမွေးခဲ့ ပြီးပါပြီ အခု သားတို့ အလှည့်လေ…. အမေ.. ငြိမ်ငြိမ်လေး ထိုင်နေပါ .. လို့ ကျနော် ပြောလည်း..မရ။ အိမ်မှုကိစ္စ များနှင့် ရှုပ်နေဆဲ ဖြစ်မှာ ကျနော် သိနေသည်။ ကျနော် အမေ့ကို လွမ်းနေသည်။

Nothing is impossible !!!

21 yrs back in his grandma's place........


From one of the poorest family's chair to the most powerful chair in the world. ....!!!


Attitude leads person to any destiny….keep on moving….
OBAMA
O- Originally
B - Born in
A - Africa to
M - Manage
A – America
နှစ်သက်မိသော သူငယ်ချင်း တစ်ယောက်ထံမှ ရသော ဖော်ဝါ့မေး တစ်ခုဖြစ်ပါတယ်။
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲရှိတယ်။

Tuesday, March 31, 2009

လူငယ်အားမာန် အဖွဲ့

လက်ပန်ကျင်းရွာ ဆိုတာ ကျနော့် မွေးရပ်မြေ ရွာလေးပေါ့။
တောင်မှ မြောက် တန်းစီနေတဲ့ တောင်ရွာ+အလယ်ရွာ+ညောင်ရွာ+သီးကုန်းရွာ ဆိုတဲ့ရွာ လေးရွာကို ပေါင်းပြီး လက်ပန်ကျင်းရွာ လို့ခေါ် ပါတယ်။
လူငယ်အားမာန်အဖွဲ့ ဆိုတာကတော့ လက်ပန်ကျင်းရွာမှ နယ်မြေ
ဒေသ အသီးသီး (ပြည်တွင်း ပြည်ပ) ရောက် လူငယ် လေးများ ပေါင်းစည်းမှု အဖွဲ့လေး တစ်ဖွဲ့ဖြစ် ပါတယ်။

လူငယ်အားမာန်အဖွဲ့ ဘာတွေ လုပ်မလဲ - လက်ပန်ကျင်းရွာ အခြေခံပညာ အလယ်တန်း ကျောင်းမှ အနာဂတ်၏ သားကောင်းရတနာ ညီငယ် ညီမငယ်များ အတွက် အထွေထွေ ဗဟုသုတ ရစိမ့်သော ငှာ အပတ်စဉ်ထုတ် ဂျာနယ် ၊ တတင်းစာများ၊ အင်္ဂလိပ် အက်ဆေး စာအုပ်များ၊ မြန်မာစာ စာစီစာကုံး စာအုပ် များ စသည် စသည် များကို လစဉ် လှူဒါန်း သွားမှာဖြစ်ပါတယ်။

စိတ်ကူး ယဉ်တာ ကတော့ - ကျနော် မောင်ဆန်းဝင်း နဲ့ ရန်ကုန်မြို့ ရှိ ပုဆိုး လယ်သိုင်း သူငယ်ချင်း ကိုစိုးငြိမ်းအောင် ပေါ့ ခင်ဗျာ။ လက်တွေ့ အကောင်ထည် ဖေါ်ဖို့ကိုတော့ ကိုစိုးငြိမ်းအောင် ကပဲ တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ ကျနော်ကတော့ ဘေးပြော .. ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား .. ဒါတော့ ဒီလိုဖြစ်သင့်တယ်.. အဲလိုပဲပေါ့ခင်ဗျာ..

ဘယ်လိုလုပ်မလဲ ဆိုရင် - စာအုပ်များ လှူဒါန်းမှု အတွက် ကျောင်းအုပ်ကြီး ဦးမောင်ဝင်း နှင့် တိုင်ပင်ထားပြီး ဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက် တွင် ထာဝရတည် စေရေး - အထက်တွင် မြင်ရသော လူငယ်အား မာန်အဖွဲ့ အမည်ပါ တံဆိပ်တုံး နှိပ်ကာ လှူဒါန်းမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်လား - ခုလောလောဆယ် ၂၀ ဦးခန့် ရှိပါတယ်။ လှူဒါန်းမှုကိုတော့ ငွေကြေးပမာန သတ်မှတ် ထားခြင်း မရှိပါဘူး ခင်ဗျာ။ လစဉ် လစဉ် ပုံမှန် လှူဒါန်း ဖို့ပဲ တိုက်တွန်းပါတယ်။
လှူဒါန်းမှု ကို - ယခုနှစ်ကျောင်းဖွင့်ရာသီ မှ စတင်ကာ လစဉ် လှူဒါန်း သွားမှာဖြစ်ပါတယ်။

Monday, March 30, 2009

အမေ့ ယက်ကန်းစင် (၁)

ကျောက်ပန်းတောင်း မြို့နယ်သည် မြန်မာ နိုင်ငံတွင် သောက်သုံးရေ အရှားပါးဆုံး မြို့ တစ်မြို့ဖြစ်သည်။ မိုးနည်း ရေရှား ရပ်ဝန်းကို ပြပါဆိုလျှင် ကျောက်ပန်း တောင်း မြို့သည် ရှေ့ဆုံးက ပါမည် ဖြစ်သည်။ ပင်လယ်နှင့် ဝေးကွာပြီး သစ်ပင် ၀ါးပင် နည်းပါး မှုကြောင့် မိုးရာသီတွင် မိုးနည်း သည်။ နွေအခါတွင် ချစ်ချစ်တောက် ပူသည်။ ဆောင်းရာသီတွင် အအေးလွန်ကဲသည်။ ဤကား အညာသရုပ် ဖြစ်သည်။

သို့သော် ကျနော့် ဇာတိမြေ လက်ပန်ကျင်းရွာလေး၏ အရှေ့ဖက်တွင် ကန္တာရ အိုအေစစ် တစ်ခု သဖွယ် ဖြစ်သော တောင်စဉ်ချောင်း တစ်ခုရှိသည်။ ၄င်း တောင်စဉ်ချောင်း သည်နွေ၊ မိုး၊ ဆောင်း သုံးရာသီ ရေအမြေဲ မပြတ် စီးဆင်း သည်။ ပုပါးတောင်၏ စိမ်းမြဆိုပြေမှု အကျိုးဆက်တစ်ခုလည်းဖြစ်သည်။ တောင်စဉ်ချောင်းအား အမှိပြုကာ ကိုင်းလုပ်ငန်းလုပ်ကိုင် နိုင်သည်။ ကြက်သွန် ဖြူ နီ၊ ခရမ်းချဉ်၊ မုန်လာ၊ မေမြို့ပန်၊ ဂန္ဒမာပန်းများ ချဉ်ပေါင်၊ ဗူး၊ သခွား၊ ဖရဲ စသည် စိုက်ပျိုး နိုင်ကြသည်။

ယခု အချိန်သည် အညာဒေသ၏ အပူပြင်း ဆုံးအချိန် ဖြစ်သည်။ နွေနေ ပူပူကို အန်တုလျှက် လက်ပန်ပွင့်များ မြိုင်မြိုင် ဆိုင်ဆိုင် ပွင့်သော ကာလဖြစ်သည်။
“လာဟေ့ဒွား သွားကောက် ချေစို့ ပွင်ခြောက်ကယ် အနားလန် ပင်လက်ပန်ကျွေချိန်ကျပြီမို့”
ဆိုတဲ့ကဗျာလေး ကိုပင် သတိရမိသည်။ ကျနော်ကိုယ်တိုင် လက်ပန်ပွင့်ကောက်ဖူးသည်။ နွေအခါသည် အညာဒေသ တောင်သူများ အတွက် အနားယူသော ကာလ လည်း ဖြစ်သည်။ မိုးဦးကျတွင် အဆင်သင့် စိုက် ပျိုးနိုင်ရေး မျိုးစေ့များ သန့်စင်ခြင်း၊ လယ်ယာမြေများ ထွန်ရေးခံကာ အဆင်သင့်ထားရှိခြင်း အလုပ်သာရှိသည်။ တနည်းအားဖြင့် အလုပ်ပါး၍ အနား ရသော ကာလ ဖြစ်သည်။ လူငယ် လူရွယ်များ အဖို့ လည်း ကျောင်းအား ရက်ဖြစ်သည်။ လေးခွ ကိုယ်စီနှင့် ချောင်ရိုးတလျှောက်ရှိ လက်ပန်ပင်တန်းတွင် (ရှဥ့်ဖမ်းခြင်း) တောလိုက် ကြသည်။

ကျနော် ငယ်စဉ်က အလွန် ခြေဆော့ လက်ဆော့ ရှိသည်။ ကျနော့် ထက် ကျနော်၏ညီက ပို၌ ခြေဆော့ လက်ဆော့ရှိသည်။ တခါက သူသည် ရေအိုးရွက်လာသော မိန်းမပျို အား ခါးကို တို့ကာ၊ နှိုက်ကာ ကျီစယ်၏ အဆိုပါ မိန်းမပျိုမှာ ရယ်ခြင်စိတ်ကို မထိမ်းနိုင်ပဲ ရေအိုးကို လွတ်ချ လိုက်ရသည်။ ကျနော့်၏ မိဘများအား တိုင်တန်း ရာ ညီတော်မောင်ခမျာ အရိုက်ခံရသည်။

ကျနော်သည် ညီတော်မောင်နှင့်မတူ။ လက်ဆော့ခြင်းတော့ လက်ဆော့ခြင်းပင်ဖြစ်သည်။ ဒုတိယတန်း အရွယ်ကဖြစ်သည်။ မိဘများ မသိအောင် အိမ်ရှိတိုင်ကပ်နာရီ ကြီးအား ဖွင့်ကာ ဟိုနှိုက် သည်နှိုက် လုပ်၍ စူးစမ်းသည်။ ပြန်ပိတ်သောအခါ စကူ တစ်ခု ပိုနေလေသည်။ သို့သော် နာရီကြီးမှာ စက်သွားနေသေး၍ ကံကောင်း သွားသည်။ ငါးတန်းအရောက်တွင် အကိုကြီးမှ ညီငယ်များအတွက် စာကျက်ထရန် (ကလင် ကလင်မြည်သော) အချက်ပေး နာရီ ၀ယ်ပေးသည်။ အဖေမှ တားမြစ်ထား၍ ဖွင့်ကြည့်ခြင်သော စိတ်အား မနည်းထိမ်း ထားရသည်။

အမေသည် ယက်ကန်းယက် ခြင်းအာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်။ အမေ့ ယက်ကန်းစင် သည် လေးတိုင်ထောင် တစ်လွန်းထိုး ဖြစ်သည်။ အမည်နာမများအာ သိပ်မှတ်မိတော့ချေ။ တိုင်လေးတိုင်နှင့် ယက်ကန်းစင်တွင် လက်ခတ်၊ နှပ်၊ ခြေနင်း၊ လွန်း၊ စသည်ဖြင့်ရှိသည်။ ကျနော် ငယ်စဉ်က ယက်ကန်းနှင့် ပတ်သက် သောအရာ တော်တော်များများအား လုပ်တတ် သည်။ ဗိုင်းငင်တတ်သည်။ ချည်ချတတ်သည်။
ရုံဖန်ရံခါ ယက်ကန်းစင်ပင် ၀င်ကာ လက်ခတ်လိုက်သေးသည်။

သို့သော် တညင်းလုံးခေါ် ရစ်ဘီးမှ ဘီးနှစ်ခုအား (ပိတောက် (သို) နို့စည်ဗူး ဖင်ခေါက် ”တောက် တောက် တောက်” ) လုပ်ရုန် ဖြုတ်ယူခဲ့၍ အမေ့ အရိုက်ခံ ရသည်။

ယက်ကန်း ယက်ရန် ၀ါဂွမ်းကို မိမိယာတောထွက် ၀ါဂွမ်းဖြင့် လည်းလုပ်သည်။ အဆင်သင့် ဗိုင်းတောင့်များ ၀ယ် ယူ၍လည်း ပြုလုပ်သည်။ ၀ါဂွမ်းမှ အ၀တ် တစ်ထည်ဖြစ်လာပုံကား မလွယ်ကူ ပေ။ အဆင့်များစွာ ကျော်ဖြတ် ရသည်။ အမေ ယက်ကန်းစင်မှ လုံချည် (ကွက်စိပ် ၊ ကွက်ကျဲ၊ ချိတ်၊ ပန်းပွင့်ပုံဖေါ်) များ၊ အကျီ (ည၀တ်လက်ရှည်၊ ပင်နီတိုက်ပုံ)စသည်၊ စောင်များ ၊ တဘက်စောင်များ ယက်လုပ်သည်။

အမေသည် ယက်ကန်း မယက်နိုင်သည်မှာ ကြာချေပြီ ။ ယခုမူ အမေ့အမွေ ဆက်ခံမည့်သူ မရှိပေ။

Saturday, March 28, 2009

ပန်း ရဲ့ ချစ်သူ

ပန်း ရဲ့ စိတ်ဝိညဉ်
မျှော်လင့်ခြင်း ခြေထောက်
လမ်းလျှောက်နေတာ
ချစ်သူကိုရှာဖို့။

လေညင်းလို မမြင်နိုင်အောင်
ကိုယ်ရောင် ဖျောက်နေလည်း
ချစ်သူ့ ရနံ အနားမှာရှိနေတာ
ပန်း ခံစားသိတယ်။

ပန်းကိုချစ်တဲ့
ပန်းချစ်သူတွေ
ပျော်ရွှင်စွာ နှစ်သစ်ကူးဖို့
ပန်းချစ်တဲ့ မိုးပြေးရယ်
ကိုယ်ထင်ပြလှည့်တော့ကွယ်။

ရေးသူ = မြန်မာမလေး ပန်းပိတောက်

Thursday, March 26, 2009

အမေ့ကို လွမ်းတယ်

နှလုံးသွေးခြင်း ထပ်တူပါ အမေ။
အမေပေးတဲ့ နှလုံးသွေးနဲ့
သား အမေ့ကို လွမ်းတယ် အမေ။
အမေ့ကို လွမ်းတဲ့ သားရဲ့ ရင်ခုံသံတွေ
အမေ နားဆင်ဖို့ပါ အမေ။

အဝေးရောက် သား
အမေ့ကို လွမ်းနေတယ် အမေ။
စိတ်ခြင်းထပ် နှလုံးသွေးခြင်း ဆက်လို့
အမေလည်း သားကိုလွမ်းနေတယ်ဆိုတာ
သားသိပါတယ် အမေ။

သနပ်ခါး ရေကြဲလေးနဲ့ အမေ့မျက်နှာ
သား အမြဲမြင်ရောင် နေမိတယ် အမေ။
အလုပ်တွေ ဘယ်လောက်များစေ
တစ်ချက်လေး မညှိုးတဲ့ အမေ့မျက်နှာ
သားအတွက် အင်အားတွေပါ အမေ။

ငယ်ငယ်က ကြားနေကြ
အမေ ဗိုင်းငင်၊ ချည်ချ သံ
ယက်ကန်းစင်က အမေ့လက်ခတ်သံ
သားအတွက် ထာဝရ ချိုတဲ့
ဂီတ စီးချက် တွေပါ အမေ။

သားကြီးမို့ သားငယ်ဖို့
သမီးလေးနဲ့ သမီးထွေး
တူညီသော မေတ္တာ ဖြန့်ဝေ
အေမြတဲ့ အမေ့ရင်ခွင်ကို
သား အမြန်ဆုံး ပြန်လာမယ်အမေ။

အခုများတော့ ဝေးတစ်မြေ
အလွမ်းတွေနဲ့ သားတစ်ယောက်
အမေ့အတွက် ဆုမွန်ကောင်းများ တောင်းလို့
သား ကန်တော့ပါတယ် အမေ။

Tuesday, March 24, 2009

ပန်းပိတောက် ပိတောက်ပန်း






ပိတောက်သက်သေတည်

ကိုယ်ရယ် မင်းရယ် ပိတောက်ရယ်။ မင်းရယ် ကိုယ်ရယ် ပိတောက်ရယ်။ ပိတောက်ရယ် မင်းရယ် ကိုယ်ရယ်လေ။ ဒီအဖြစ်ပျက်တွေ။ ကိုယ်လည်း သိတယ်။ ပိတောက်လည်းသိတယ်။ မင်းကိုယ်တိုင်လည်း အသိပါကွယ်။

Sunday, March 22, 2009

နိုင်ငံခြားပညာသင် သွားလိုသူများအတွက်

Written by ချိုစု
Tuesday, 30 September 2008 16:34


အခုအခါ ၁၀ တန်းအောင်ပြီး ကျောင်းသားလေးတွေ နိုင်ငံခြားကို ကျောင်းလျှောက်တာ အရင်ကထက် များပြားလာပါတယ်။ ဒါကြောင့် အခုလို ကျောင်းလျှောက်ချင်တယ် ဆိုရင် ဘာတွေ ပြင်ဆင်သင့်တယ်၊ ဘယ်လိုတွေ လုပ်သင့်တယ် ဆိုတာကို သိရအောင် စကားဝိုင်းလေး တစ်ခု စီစဉ်ဖြစ်ခဲ့တယ်။ ဒီစကားဝိုင်းလေး ဖြစ်မြောက်အောင် ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ ဦးသစ္စာ (Student Services Manager) (သူရိန်ငယ်)၊ အောင်ကျော်ထွန်း (AKT), အေးမြတ်မြတ်သင်း (Jasmine), မေသူသူနွယ်(မေသူ)၊ သူရကျော်တို့ က ကူညီခဲ့ကြပါတယ်။

AKT ။ ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကို နိုင်ငံတကာ တက္ကသိုလ်တွေမှာ ကျင့်သုံးနေတဲ့ အင်္ဂလိပ်စနစ်နဲ့ အမေရိကန်စနစ် ဘာကွာသလဲ ရှင်းပြပေးပါ ဆရာ။

သူရိန်ငယ်။ ။ ဘာကွာသလဲဆိုရင် တက္ကသိုလ် ၀င်ခွင့်ဖြေရတာမှာ ကွာတာပေါ့။ တက္ကသိုလ် ၀င်မယ်ဆိုရင် အင်္ဂလိပ်စနစ်သုံးတဲ့ ကျောင်းတွေ ဆိုလို့ရှိရင် GCE တောင်းတယ်။ ဟိုဘက်မှာကျ တော့ SAT(Scholastic Aptitude Test) တောင်း တာပေါ့။ သို့သော် မာစတာရောက်သွားရင် သိပ် မကွာတော့ဘူး။ မာစတာရောက်ရင်တော့ ဘယ်ဟာပဲဖြစ်ဖြစ် လူမှုရေးသိပ္ပံဆိုရင် GRE (Graduate Record Examination) ဖြေရမယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ဟာဆိုလို့ရှိရင် GMAT (Graduate Management Admission Test) ဖြေရမယ်။ အမှန် GRE, GMAT အမေရိကန် စနစ်ပဲ။ သို့သော် အင်္ဂလိပ်ကျောင်းတွေကိုယ် နှိုက်ကလည်း ဒါကို လက်ခံကျင့်သုံးတယ်။
ဥပမာ၊ အင်္ဂလန်မှာ ဘွဲ့လွန်တက်မယ်ဆိုလို့ရှိရင် First Degree က Related Degree ဖြစ်ရင် ပို ကောင်း တာပေါ့။ စီးပွားရေးနဲ့ပတ်သက်တဲ့ ဘွဲ့ လွန်တက်မယ်ဆိုရင် First Degree က အီကိုဖြစ် ရင်ကောင်းတာပေါ့။ အီကို Directly မဟုတ်ရင် တောင်မှ အီကိုပါတဲ့ ဘာသာရပ်မျိုးဆိုရင် ပိုကောင်းတာပေါ့။ အဲဒီမှာမှ ကြားထဲမှာ ခင်ဗျားဟာခင်ဗျား IELTS (International English Language Testing System) ပဲဖြေဖြေ TOEFL (Test of English as a Foreign Language) ပဲဖြေဖြေ၊ Postgraduate က နည်းနည်းလေး Free ပိုဖြစ်သွား တာပေါ့။နောက် Credit ပေးတဲ့ဟာတွေဆိုလို့ရှိရင် First Degree (Under-graduate) ဆိုလို့ရှိရင် တချို့ဟာတွေက Semester တစ်ခုကို ၃ ဘာသာနဲ့ လက်တွေ့တစ်ခု လုပ်တယ်။ ဒါမှမဟုတ် ၄ ဘာသာ အပြည့်ယူခိုင်း တာလည်း ရှိတယ်။ အဲဒီဟာကတော့ ကျွန်တော့်အမြင်ပြောရရင် အင်္ဂလိပ် စနစ်၊ အမေရိကန် စနစ်ရယ် မဟုတ်တော့ဘူး၊ ကျောင်းက သူ့ Course Design ကို ဘယ်လိုချထားသလဲဆိုတာမှာပဲ မူတည်ပါတယ်။ တချို့က သီအိုရီ အရမ်းအားသန်တဲ့ကျောင်းမျိုး၊ သီအိုရီ အရမ်းတွန်း သင်တာပေါ့။ လက်တွေ့ နည်းနည်းအားသန်တဲ့ကျောင်းဆို လက်တွေ့(Practical Work) တွေပါ လုပ်ရတယ်။ သီအိုရီအားသန်တဲ့ကျောင်းဆို ခေါင်းစဉ်တစ်ခုကို Paper အနေနဲ့ ချပေးလိုက်တယ်။ Semester တစ်ခုလုံး စာဖတ်ပြီးရေး၊ ဒီဘက်က တက်တာလည်း တက်နေရတာပေါ့။ ဒါကို Credit တစ်ခုပေးတဲ့ အနေနဲ့ ဘာသာရပ် တစ်ခု အနေနဲ့ ပေးပြီး လုပ်ခိုင်းတာလည်း ရှိတယ်။ အဲဒါကတော့ တော်တော်လေး Busy ဖြစ်တယ်။SAT ဖြေဖြေ GCE ဖြေဖြေ ၀င်သွားတယ်၊ တက်ပြီဆိုရင် ဆေးကျောင်း တက်တယ် ဆိုရင် သင်တဲ့ Main Course တွေက ဒီ Frame တွေပဲ။ ဥပမာ ထားပါတော့ ဒီက ဆေးကျောင်းတက် နေတဲ့လူက ပိုသိမှာပေါ့။ အမေရိကန်က ဆေးကောလိပ်မှာ သင်တဲ့ဟာနဲ့ ကျွန်တော်တို့ဆီက ဆေးကျောင်း First MB, Second MB သင်တဲ့ဟာနဲ့ နည်းနည်းလေး ကွာချင်ကွာလိမ့်မယ်။ အဓိကကတော့ ဒီဟာတွေပဲသင်ရမှာပဲ။ ကျွန်တော်တို့ Physiology သင်ရ မယ်။ Human Biology သင်ရမယ်။ နောက်ပိုင်း ကြာလေကြာလေမှာ Focus နည်းနည်းလေး။
ဥပမာ ကျွန်တော်တို့ဆို Tropical Disease တွေပေါ တဲ့တိုင်းပြည်။ သင်တဲ့နောက်ပိုင်းတွေ Tropical Disease တွေနဲ့ပတ်သက် ပြီး ပိုပြီးတော့ပါမယ်။ ဟိုမှာကျတော့Tropical Disease က မရှိသလောက် ဆိုတော့၊ တခြားကင်ဆာနဲ့ပတ်သက်တာတို့၊ သူတို့ဆီမှာ နည်းနည်း Hot ဖြစ်တဲ့ဟာတွေ သင်ရမယ်။ နောက် US မှာ ရှိတဲ့ ဆေးကျောင်းတွေက အစိုးရကျောင်းတွေ မဟုတ်ဘူး။ ပုဂ္ဂလိကကျောင်းတွေ။ ပုဂ္ဂလိကကျောင်း တစ်ခုချင်းစီရဲ့ သူ့အားသာချက်အလိုက် ရှိတာပေါ့။ ဘယ်ဘာသာရပ်တွေ စိတ်ဝင်စားကြလဲ။

AKT။ ။ ကျွန်တော်က Bio ဘက်ကို စိတ်ဝင်စားတယ်။ Paramedical (ဆေးဘက်ပညာ) တို့ဘာတို့ပေါ့။ ပြီးတော့မှ ဆေးကျောင်း တက်ဖို့ စိတ်ကူး ထားတယ်။ အခု Bio နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ဒီမှာတက်နေတယ်။ ကျောင်းရောက်လို့ရှိရင် မစိမ်းအောင်ပေါ့နော်။ ရင်းနှီးအောင် လုပ်ထားတယ်။ ကြိုတင်ပြင်ဆင် ထားတယ်ပေါ့။သူရ။ ။ ကျွန်တော်က Dental (သွားဘက် ဆိုင်ရာ) စိတ်ဝင်စားတယ်။ Dental ကကျတော့Dental မတက်ခင် Biochemistry က ၂ နှစ် တက်ရတယ်။ နောက် Dental တက်၊ Dental ပြီးသွားတော့မှ မျက်နှာပိုင်းဆိုင်ရာ သွားတွေ ပြန်ပြင်တဲ့။ Plastic Surgery နဲ့ တော်တော်လေး နီးစပ်တယ်။ Maxillofacial ဆိုတာ ၄ နှစ် တက် ရတယ်။ ဆိုတော့ Biochemistry ၂ နှစ် Dental ၄ နှစ်၊ Maxillofacial ၄ နှစ် စုစုပေါင်း ၁၀ နှစ်။Jasmine ။ ။ Biomedical ကနေ ဆရာဝန်လိုင်း ပြန်ကူးဖို့ စဉ်းစားထားတယ်။

မေသူ။ ။ အတိအကျတော့ မရှိသေးဘူး။ လော လောဆယ် Business ပိုင်းကို စိတ်ဝင်စားတယ်။ အခု LCCI တက်နေတယ်။

ဦးသူရိန်ငယ်။ ။ အဲဒီတော့ ကျောင်းလျှောက် တဲ့အခါမှာ မြန်မာပြည်က ကျောင်းသားတစ် ယောက်အနေနဲ့၊ ဆယ်တန်းအောင်ပြီးသား လူငယ် တစ်ယောက်အနေနဲ့ ဘာအခက်အခဲ အရမ်းဖြစ် လဲ။

AKT ။ ။ အခက်အခဲက SATဖြေတာပဲ။ SAT က English တော်တော်လုပ်လိုက်ရတယ်။

သူရိန်ငယ် ။ ။ ကိုယ် အားထုတ်ရမယ့်ဟာ ပေါ့နော်။ ဥပမာ ထားပါတော့TOEFL ဆိုရင် အားလုံး ၆၀၀ ပတ်ဝန်းကျင်ရအောင် လုပ်တယ်။ ဒီဘက်က SAT ဆိုရင်လည်း Average လောက် ရတယ်ဆိုတာ ကိုယ်အား စိုက်ထုတ်နိုင်တယ်၊ Control လုပ်နိုင်တယ်ဆိုတဲ့ အပိုင်းပေါ့။ ကိုယ် အားစိုက်ထုတ်လို့ လုံးဝမရတဲ့ ကျောင်းရွေးတာ က စပြီးတော့ပေါ့နော်။ Ranking တွေ ကြည့် တာတို့၊ သူတို့က ကိုယ့်ကို မရွေးဘူး ရွေးတယ် ဆိုတာကျတော့ ဒီအပိုင်းက နည်းနည်းလေး ပိုပြီးတော့ စိတ်ဝင်စားဖို့ ပိုကောင်းတယ်။ အဲတော့ ကျောင်းကို ဘယ်လိုရွေးလဲ။

AKT။ ။ ကျောင်းက အဓိကက မေဂျာနဲ့ပဲဆိုင် တာပေါ့။ ကိုယ်ယူမယ့် မေဂျာ လူကြိုက်များ မများ ပေါ့နော်။

မေသူ။ ။ International Student (နိုင်ငံတကာ ကျောင်းသား)ကို Financial Aid (ငွေကြေး အထောက်အပံ့)ပေး၊ မပေးကို ကြည့်တယ်။

သူရိန်ငယ် ။ ။ အဲလိုရွေးတဲ့အခါမှာ ကျောင်း နာမည်ကြီးတာတွေ Focus လုပ်သေးလား။ ဥပမာ ဆေးကျောင်းတက်မယ့်လူဆို ဘယ် ကျောင်းတွေ ဘယ်ကျောင်းတွေ၊ သွားနဲ့ပတ် သက်တဲ့ Dental Technician ဆို ဘယ်ကျောင်း ဘယ်ကျောင်း၊ Business ဆိုရင် ဘယ်ကျောင်း ဘယ်ကျောင်း၊ အဲလိုရွေးတာမျိုး ရှိလား။Jasmine ။ ။ Ranking တွေကြည့်ပြီးတော့ ရွေးတာ။

သူရိန်ငယ်။ ။ကျောင်းလျှောက်ရတာ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိလား။ ဒါမှမဟုတ်လည်း ကျွန်တော်တို့ ငယ်ငယ်တုန်းက ပြောသလို ဗုံးကြဲ လိုက်တာပေါ့။ ၁၅ ကျောင်းဆိုပြီးလျှောက်၊ အဲဒီကနေ ၅ ကျောင်း ပြန်တက်လာလည်း မနည်းဘူးဆိုပြီး၊ အဲလိုလျှောက်လား။ ကျွန်တော် ဆိုလို့ရှိရင် ကျွန်တော်က Postgraduate ဖြစ်တော့ ကျွန်တော်တို့အတွက် တကယ်ခက်တဲ့ဟာက Essay ပါ။ ကျွန်တော်တို့ Postgraduate မှာ Working Experience (လုပ်ငန်းအတွေ့အကြုံ) ရယ်၊ အက်ဆေးရယ် ၂ ခုက အလေးအပေးဆုံး ဆိုတော့ အလေး ပေးတဲ့ဟာကို ကိုယ်က အလေး ထားနိုင်မှရမယ်။ မဟုတ်ရင် မရဘူး။ အဲဒီအခါ ကျတော့ ၂၀ လျှောက်တယ်။ ၁၅ ကျောင်း လျှောက်တယ်။ အနည်းဆုံး ၁၀ ဂဏန်းနဲ့ အထက်ပေါ့နော်။ ၁၀ ကျောင်းကနေ ကျောင်း ၂၀ လောက်လျှောက်တဲ့အခါမှာ တချို့လည်း ရတယ်။ တချို့လည်း မရသေး ဘူး။ ဘာဖြစ်လို့ မရဘူးထင်လဲ။ ကိုယ် ဘာတွေလုပ်ဖို့လိုတယ်လို့ ထင်လဲ။ မြန်မာပြည်က ကျောင်းလျှောက်တဲ့လူအနေနဲ့။

AKT ။ ။ အဓိက ဘယ်လိုပြောရမလဲ။ အက်ဆေးပေါ်မှာ အများကြီး မူတည်တယ်။

သူရ။ ။ မရကြတာ အက်ဆေးကောင်းကောင်း မရေးနိုင်လို့၊ ပြီးတော့ Extra Curriculumာ က သူတို့တောင်းတဲ့ဟာ Standford တို့ ဘာတို့ဆို ၆ ခုတို့ ဘာတို့ တောင်းတယ်။

သူရိန်ငယ် ။ ။ အဲဒါဆိုရင် အက်ဆေးအကြောင်း နည်းနည်းပြောရအောင်။ အက်ဆေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဆောင်းပါးတွေ ရေးဖူးတယ်။ Application Process မှာ အက်ဆေးရေးတာကို ဘယ်လိုမြင်လဲ။ ခက်လား လွယ်လား။မေသူ။ ။ ခက်တယ်လို့ ထင်တယ်။

သူရိန်ငယ် ။ ။ Personal အက်ဆေးရေးရတယ်၊ နောက် ဘာရေးရသေးလဲ။

မေသူ။ ။ ပြီးတော့ ကျောင်းတစ်ခုချင်းစီက သူတို့ ထပ်မေးထားတဲ့ မေးခွန်း တိုလေးတွေ၊ သူတို့ကျောင်းကို ဘာလို့စိတ်ဝင်စားသလဲ၊ အဲလိုမျိုးတွေ။

သူရိန်ငယ် ။ ။ ကျောင်းတွေမှာ များသောအားဖြင့် မေးလေ့ရှိတာ"Your achievement" - within 200 words. "The most significant achievement." အဲဒါမျိုးတွေကျတော့ ဘယ်လိုပြင်ဆင်လဲ။Jasmine ။ ။ အဓိကကတော့ပေါ့နော်။ Personal အက်ဆေးက ကိုယ့်ရဲ့ Personalငအပ ကို ဖော်ပြတဲ့နေရာ၊ ကိုယ့်ရဲ့ Background တစ်ခုကနေ ဆွဲထုတ် ပြီးတော့ Idea ကို ပြန်ပြီးဖော်ပြရတာပေါ့။

AKT ။ ။ ကျွန်တော့်တုန်းက ကျွန်တော် ရေးလိုက်တာက ဒီကျောင်းကို ဘာလို့ရွေးတာလဲ၊ နောက်တစ်ခါကျတော့ ကျောင်း Website တွေ၊ ကျောင်း စာအုပ်တွေထဲက ဒီကျောင်းရဲ့ ကောင်းကြောင်းတွေ အဲဒါတွေကို ရှာပြီးတော့ ပေါင်းပြီး ကြိုးစားပြီး ရေးလိုက်တာပေါ့။

သူရ ။ ။ ကျွန်တော်ကျတော့ ကျွန်တော်ရေးတဲ့ အက်ဆေးကို ပထမဦးဆုံး အစပျိုးလိုက်တယ်။ နောက် ဘယ်အချက်တွေထည့်မလဲ Factsတွေ လိုက်စု ပြီးတော့ ရေးတယ်၊ ရေးပြီးတော့ မကောင်းတာရှိရင် ပြန်ပြန်ပြကြည့်တယ်။ အစ်ကိုကို ပြတယ်၊ သူငယ်ချင်းတွေကို ပြတယ်။

AKT ။ ။ သူငယ်ချင်းတွေကျတော့ တစ်ယောက်နဲ့တစ်ယောက် ပြန်စစ်ခိုင်း လို့ရတာပေါ့။

သူရိန်ငယ် ။ ။ အဲဒါတွေ ဘယ်နှရက်လောက်ကြာလဲ။မေသူ။ ။ အချိန်များများပေးနိုင်လေ ပိုပြီးတော့ကောင်းလေပေါ့။ ပြန်ပြန် ပြင်လို့ရတာပေါ့။

သူရိန်ငယ် ။ ။ အားလုံး တစ်ယောက်ယောက်ဆီက အကူအညီ နည်းနည်း တော့ ယူကြတာပေါ့နော်။ အဲဒါကောင်းတယ်။ ကျွန်တော့် ဆရာတစ်ယောက် ပြောဖူးတယ်။ သူ ပြောတာက အက်ဆေးကို သူတို့က သိပ်အလေးထားတယ်။ ကျွန်တော်တို့ကသာ အက်ဆေးကို ကျောင်းမှာ ငယ်ငယ်တုန်းက ဖြစ်သလို လျှောက်ရေးတာ။ ကိုယ့်စိတ်ထဲ သိပ်လည်း အရေးမကြီးဘူးလို့ ထင်တယ် နော်။ စာမေးပွဲဆိုလို့ရှိရင် မြန်မာအက်ဆေးဆိုရင်တောင် အမှတ် ၂၀ ပေး တာဆိုရင် နည်းတဲ့အမှတ် မဟုတ်ဘူး။ အဲဒါကို တော်ရိလျော်ရိပဲ ဖြေတယ်။ တစ်ခါတလေကျရင် ဖြေတောင်မဖြေဘူး။ ကိုယ်က ဟိုဘက်က အမှတ် ၈၀ လုံး အပြည့်ရမယ်လိုလို ဘာလိုလိုဆိုတော့ ကျွန်တော်တို့က အက်ဆေး ကို သိပ်မယဉ်ပါးဘူး။ မယဉ်ပါးတာ ကျွန်တော်တို့က ရေးနေမကျလို့။ ရေးရတဲ့အလုပ်က သီးသန့်ကြီးကို ဖြစ်နေတာ။ ကျွန်တော်တို့က အက်ဆေးနဲ့ ရန်ဖြစ်ထားသလိုပဲ။ သို့သော် ကျွန်တော့်ဆရာ ပြောတာကကျတော့ သူတို့ က အက်ဆေးကို သိပ်အလေးထားတယ်။ ကျောင်းသားတစ်ယောက်ကို မရွေးဘူးရွေးတယ် ဒီအက်ဆေးနဲ့ပဲ ဆုံးဖြတ်တယ်။ သူက အဓိကပဲ။ တခြား လိုအပ်တာတွေတော့ ရှိတာပေါ့နော်။
ဥပမာTOEFLပါရမယ်၊ ဘာပါရမယ်၊ ညာပါရမယ်၊ အဲဒီဟာတွေအားလုံး ဖြစ်တော့မှ အက်ဆေးကို စဖတ် တာကိုး။ အဲဒါမပါဘူးဆိုရင် ဖတ်တဲ့အဆင့် မရောက်တော့ဘူး။ အဲတော့ အဲဒါတွေ အကုန်ပါရင် အက်ဆေးကို စဖတ်တယ်။ ဖတ်တဲ့အချိန်မှာ ပထမဦးဆုံး တစ်ပိုဒ်ပဲ ဖတ်တယ်။ ဖတ်ကြည့်လိုက်တဲ့အခါမှာ ပထမဦးဆုံး စာပိုဒ်သည် စိတ်ဝင်စားစရာ မကောင်းဘူး ယူဆရင် ကျန်တာကို ဖတ်ချင်ဖတ်မယ်၊ မဖတ်ချင် မဖတ်တော့ဘူး။ ကျောင်းဘုတ်တစ်ခုမှာ ခင်ဗျားတို့လိုပဲ လျှောက် တဲ့လူက အများကြီး။ ထောင်နဲ့သောင်းနဲ့ချီပြီး ဖတ်ရတဲ့အခါမှာ၊ နံပါတ် တစ် အပေါ်ဆုံးတစ်ပိုဒ်ဖတ်လိုက်လို့ စိတ်ဝင်စားစရာ သိပ်မကောင်းဘူး ဆိုရင် သူက အဲဒီမှာ လျော့သွားရော။ တခြားဟာတွေတော့ ရှိတာပေါ့။ တချို့ကျောင်းတွေဆိုလို့ရှိရင် သူက Program လုပ်ထား တာပေါ့။ ဥပမာTOEFL ဆိုဘယ်လောက်၊ သူက Generalise လုပ်ချလိုက်တယ်။ ထားပါ တော့၊ အယောက် ၂၀၀ ခေါ်မယ်ဆိုလို့ရှိရင်TOEFL တို့ SAT တို့ အဲဒါ တွေနဲ့ စီလိုက်လို့ရှိရင် ၄၀၀ လောက်ရှိမယ် ၅၀၀ လောက်ရှိမယ်။ အဲဒီ ၄၀၀ ၅၀၀ ထဲမှာမှ တောက်လျှောက်ပြန်ဖတ်ကြည့်တာပေါ့။ ကျွန်တော် လည်း ဟိုရေး ဒီရေးနဲ့ တောင်ရေးမြောက်ရေးနဲ့ လျှောက်ရေးပြီး ကျောင်း ရောက်သွားပြီးတော့မှ အက်ဆေးကတော့ အရမ်းအရေးကြီးတယ်ဆိုတာ သိတာ။ အဲတော့ တစ်ခု ကျွန်တော် မေးဦးမယ်။ အက်ဆေးကော ဖတ်လား။

သူရ။ ။ သူများရေးတဲ့ အက်ဆေးတွေတော့ ဖတ်တယ်။

AKT ။ ။ ဖတ်တယ်ဗျ။ အဓိကက လေ့ကျင့်ဖို့ လုပ်ဖို့လည်း လိုတယ်။ ဖတ်ပြီးတော့ မလေ့ကျင့်ရင်၊ မလုပ်ရင် မဖြစ်ဘူး။

သူရိန်ငယ် ။ ။ လေ့ကျင့်တဲ့တဲ့အခါမှာ ကျွန်တော်တို့ Coaching လို့ပဲ ပြောရအောင်။ ရေးတယ်ပြတယ်။ ကျွန်တော် သိသလောက် များသော အားဖြင့် ကျွန်တော်တို့ဆီက အင်္ဂလိပ်ဆရာတွေက ရေးတဲ့ Grammar ကို စစ်ပေးတယ်။ ဒါပေမယ့် ရေးတဲ့ Idea ကို သိပ်မပြောနိုင်ကြဘူး။ Language ဆရာက Language အနေနဲ့ပဲ ပြောတယ်။ ဒီ Sentence ကို ဟိုလို ရေးရမယ် ဒီလိုမရေးရဘူး။ အက်ဆေးတစ်ပုဒ်လုံးအနေနဲ့ Theme ကတော့ သိပ်မရှင်းဘူး ဒီနေရာလေးမှာဆို ဒီလိုအချက်တွေက အထောက်အကူ ဖြစ် တယ်။ ဒီအချက်ကတော့ အထောက်အကူမဖြစ်ဘူး စသည်ဖြင့်ပေါ့နော်။ အဲလိုပြောပေးနိုင်တဲ့လူ သိပ်မရှိဘူး ထင်တယ်။

AKT ။ ။ SAT အက်ဆေးဆိုရင် အဲလိုပဲပေါ့နော်။ွမောာမေ တွေ သိပ်မကြည့်ဘူး။ သူကIdea အဓိကပဲ။

သူရိန်ငယ်။ ။ ကျွန်တော် အဓိကမြင်တာတော့ ဒီအခုနက အခက်အခဲတွေ အများကြီး ကြုံရတာပေါ့။ ဥပမာ SAT ဖြေရတယ်။ ကျောင်းတွေ အများ ကြီး ရှာရတယ်။ တစ်ခါ TOEFL ဖြေရတယ်။ ကျောင်းလျှောက်တဲ့အချိန် မှာ အဓိကက အက်ဆေး ဖြစ်သွားတယ်။ အက်ဆေး ဘယ်လောက် အရေး ကြီးလဲဆိုတာကတော့ အခုနက ကျွန်တော့်ဆရာပြောသလိုပဲ အက်ဆေး တစ်ပိုဒ်ပဲ ဖတ်ကြည့်တယ်။ ထိပ်ဆုံးအပိုဒ် မကောင်းရင် ထားလိုက်တယ်။ နောက်တစ်ခု ဆက်ဖတ်တာပေါ့။ Admin Selection Board မှာ Copy တွေ ပွားလိုက်တာပေါ့။ လျှောက်လွှာ အစောင်တွေ အက်ဆေးတွေဆိုလို့ရှိရင် လေးငါး ယောက်လောက် အဲလို ၀ိုင်းဖတ်ခိုင်းလိုက်တယ်။ အဲဒီမှာ တချို့က ၀င်ခွင့်အက်ဆေးကို Professionally လာဖတ်တဲ့လူ ရှိတယ်။ ပိုက်ဆံပေးရ တယ်။ Professional လာဖတ်တဲ့လူတွေက Expert တွေ။ ကျွန်တော် ကျောင်းတက်တုန်းက တွေ့ဖူးတယ်။ သူ့ကို ကျွန်တော် မေးဖူးတယ်။ ဘယ်လိုရွေးလဲ။ သူကတော့ လုံးဝ ပွင့်ပွင့် လင်းလင်းကို ပြောတယ်။ သူက နာရီနဲ့ငှားတာ၊ နာရီ ဒီလောက်ဒီလောက်အတွင်း၊ ဒီလောက် ဒီလောက် ပြီးရမယ်ဆိုတဲ့ဟာမျိုး၊ ဥပမာ တစ်ပုဒ် ကို တစ်ရက်လုံးကြာအောင် ဖတ်လို့လည်း မရဘူး။ ကျောင်းအနေနဲ့က သူကိုလည်း အများ ကြီး ယုံကြည်ထားတာကိုး။ သူက ဒီအက်ဆေး ကောင်းတယ်၊ ပေးသင့်တယ်လို့ဆိုရင် ကျောင်း က များသောအားဖြင့် သိပ်ပြီးတော့ ထပ်ကြည့် လေ့တော့ မရှိဘူး။ ဌာနကတော့ သူ့ဌာန ရောက်ရင် ဥပမာ ထားပါတော့ သွားနဲ့ပတ်သက် လို့ သွားဌာနရောက်မယ့်လူကို နည်းနည်းတော့ ကြည့်သေးတယ်။ ဒါပေမယ့် သူ့ရဲ့ အဆုံးအဖြတ် ကို တော်တော်များများက အလေးထားကြ တယ်။ ကဲ... အဲတော့ အက်ဆေးနဲ့ပတ်သက် ပြီးတော့ သမီးတို့ကရော သမီးတို့လို လူငယ်မျိုး တွေကို ဘယ်လိုအကြံပေးချင်လဲ။

သူရ။ ။ အင်တာနက်မှာ သူများရေးထားတဲ့ အက်ဆေးတွေ အများကြီးရှိတယ်။ နောက် အင်တာနက်မှာ Techinque တွေ အများကြီး ရှိတယ်။ အက်ဆေးမှာ အမျိုးအစားက အများကြီး ရှိတယ်။ ဒါပေမယ့် အက်ဆေးအားလုံးမှာ Persuasive က အရေးကြီးဆုံးပဲ။ နောက်ပြီးတော့ Idea ပိုင်းက Guide ပေးတဲ့ Encarta လိုမျိုး ဆော့ဖ်ဝဲလ်တွေ ရှိတယ်။

သူရိန်ငယ် ။ ။ ဒါဆို ကျွန်တော် နောက်တစ်ခု ထပ်မေးမယ်။ အက်ဆေးရေးတဲ့အခါ Personal အက်ဆေးပဲ ပြောကြပါစို့။ ဘယ်ကျောင်းမဆို အရင်ဆုံး Personal အက်ဆေးကတော့ ရေးရတာ ချည်းပဲ။ ကျန်တဲ့ ကျောင်းအလိုက် ကွဲသွားတဲ့ တခြား အက်ဆေးလေးတွေလည်း ရှိတယ်။ အဲတော့ Personal အက်ဆေးရေးတဲ့အခါမှာ ဘယ်လို စပြီးတော့တည်လဲ။ ဥပမာ My name is Thitsar. အဲလိုစပြီးတော့ ရေးလား၊ ဘယ်လို ရေးလဲ။

Jasmine ။ ။ ကိုယ့်ရဲTurnning Point တို့ ဘာတို့ ပြောနိုင်ရင် ပိုကောင်းတယ်လို့ ပြောတယ်။ ကိုယ်က ရင့်ကျက်တာ ဖြစ်လာတယ် ပေါ့နော်။ အဲလိုပုံစံမျိုး။ ပြီးတော့ ကိုယ့်ရဲ့ ကောင်းကွက်လေးတွေ ကိုယ့်ရဲ့အားသာချက် တွေကို ကြွားတာမဟုတ်ဘဲနဲ့ တစ်နည်းနည်းနဲ့ ထုတ်ဖော်တာပေါ့။

သူရိန်ငယ် ။ ။ မြန်မာအမျိုးသမီး Professor တစ်ယောက်။ သူ ပြောတဲ့ဟာ တစ်ခုက ကျွန်တော် မှတ်မိသလောက် ပြန်ပြောပြမယ်။ သူ ပြောတာက ကိုယ်က အကြောင်းအရာတစ်ခု ဆွဲထုတ်တဲ့အခါမှာ ပထမဆုံးစာပိုဒ်မှာ အဲဒီ အကြောင်းအရာကို နောက်လူ ဖတ်ချင်အောင်၊ ဆက်ဖတ်သွားချင်တဲ့ အနေအထားဖြစ်အောင် ဆွဲဆောင်ပြီး ရေးဖို့လိုတယ်လို့ ပြောတယ်။ အဲတော့ အကြမ်းဖျင်း ပြောရရင် ကျွန်တော်တို့ အက်ဆေး တော်တော်လုံးပမ်းရတယ်။ ဟုတ်ပြီ၊ ဒါက တစ်ခုပေါ့။ အခုနက ၀င်ခွင့်လျှောက်တဲ့ အခါ အက်ဆေးအပြင် Reject အလုပ်ခံရတဲ့ အချက်က ဘာလို့ထင်လဲ။

Jasmine ။ ။ ဒီနှစ်ကတော့ US ဘက်မှာ Bankruptcy တွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ တချို့ကျောင်းတွေက Financial Aid မပေးနိုင်ဘူး။ တချို့ ကျောင်းတွေဆိုရင် ခါတိုင်း သုံးယောက်လောက်ခေါ်တဲ့ ကျောင်းတွေ၊ အခု လုံးဝမခေါ်ဘူး။

သူရိန်ငယ် ။ ။ နောက်တစ်ခုက Financial Aid ခွဲတမ်းရှိတဲ့ အတန်း တစ်တန်း ကျောင်းတစ်ကျောင်းမှာပေါ့နော်။ ဒီနှစ် Foreign Student ၃၀% ခေါ်မလား ၄၀% ခေါ်မလား ၅၀% ခေါ်မလား စသဖြင့်၊ ဒါမှမဟုတ်လည်း Foreign Student သည် အမြဲတမ်း ၄၀% ဖြစ်ရမယ်။ အဲဒါမျိုးရှိတယ်။ တစ်ခါတလေကျရင် ဘယ်လိုဖြစ်တတ်လဲဆိုတော့Share က ၂၀% ၃၀% ရှိတယ်။ ကိုယ်လျှောက်တဲ့နှစ်ကျမှ အရမ်း Foreign Student တွေ လှိမ့် လျှောက်တဲ့ဟာမျိုးဆိုရင် ရနိုင်ခြေက နည်းသွားတာမျိုးတွေ ရှိတတ်တာ ပေါ့နော်။ ကျောင်း Website တွေ ကြည့်တဲ့အခါမှာ အဲဒါတွေကော ကြည့်သေးလား။

Jasmine ။ ။ ကြည့်တယ်။

သူရိန်ငယ် ။ ။ နောက် Postgraduate နဲ့ Undergraduate နဲ့ လိုင်းနဲ့တော့ ဆိုင်မယ်နဲ့ တူတယ်။ ဒါပေမယ့် ညီလေး လျှောက်တဲ့ Subject မျိုးဆို Undergraduate က Scholarship များလား Postgraduate က Scholarship များလား။AKT ။ ။ Post က များမယ် ထင်တယ်။ Undergarduate က နည်းမယ်။ တချို့က သိပ်မပေးဘူး။ ဘွဲ့လွန်တွေလည်း မပေးဘူး။ ကိုယ်လျှောက်တဲ့ လိုင်းပေါ်မှာလည်း မူတည်သေးတယ်။ Medical ဘက်ဆိုရင်တော့ သိပ်မပေး ကြဘူး။

မသီတာ။ ။ Development Study တွေဆိုရင် ပေးတယ်။

သူရိန်ငယ်။။ အကြမ်းဖျင်း ပြောရရင် လူမှုရေးသိပ္ပံဘာသာရပ်တွေဆိုရင်တော့ Scholarship ပေးတာများတယ်ပေါ့နော်။ ကိုယ့်ဘာသာကိုယ် ကျောင်းပြီးလို့ မန်နေဂျာလုပ်စားမယ့်သူတွေ၊ ကျောင်းပြီးလို့ ကိုယ့်ဆေးခန်း ကိုယ်ဖွင့် စားမယ့် လူမျိုးတွေကျတော့ အဲလိုဘာသာရပ်မျိုးတွေကျတော့ ပေးဖို့ Chance နည်း တာပေါ့။

မသီတာ။ ။ နောက်တစ်ခု ဟိုမှာ အထက်တန်းကျောင်းဘ၀ကို ၁၂ တန်း အထိ တက်ခဲ့တာကိုး။ ပညာရေးစနစ်ပုံစံ မတူတာလည်း ပါတယ်။ Grade ၁၂ အထိကျော်ခဲ့တဲ့ဟာမျိုး ရှိတာပေါ့။ ဒီဘက်မှာကျတော့ သူငယ်တန်းကို အခုမှ Grade ၁ ပြောင်းထားတာပဲ ရှိတယ်။ တကယ်တမ်းကျတော့ Grade ၁၀ ပဲရှိတယ်။ အဲတော့ အဲလိုမှာလဲ တို့ဘက်က နည်းနည်းလေး သူတို့ ပုံစံနဲ့ အဆင်သင့် ဖြစ်မနေတာပေါ့။ အမှန်တော့ တကယ့်တကယ်ကျတော့ ၁၀ တန်းပြီးလို့ ကျောင်းလျှောက်တဲ့အချိန်မှာ Bechelor Degree အတွက်က အဆင်သင့်ဖြစ်မယ့် အနေအထားမျိုး ရှိမယ်ဆိုရင် အထူးတလည် ထပ်ပြီး ဒီတစ်နှစ်ကို အချိန်ထပ်ကုန်စရာ မလိုရဘူးလေ။ နောက် SATဆိုရင် အဓိကက ဘာမေးတာလဲ။သူရိန်ငယ်။ ။ Language ရယ် Maths ရယ်။

AKT ။ ။ နောက် Critical Thinking.

မသီတာ။ ။ တကယ်တမ်းကတော့ အဲဒါတွေ အကုန်လုံးက ဘယ်လို ခေါ်မလဲ အထူးတလည် ဘာသာရပ် မဟုတ်ဘူးလေ။ အင်္ဂလိပ်စာဆိုတာ လည်း ကိုယ် သူငယ်တန်းကနေ ၁၀ တန်းအထိ သင်ခဲ့ရတဲ့ ဘာသာရပ်ပဲ။ သင်္ချာဆိုတာလည်း သင်ခဲ့တာပဲ။ Critical Thinking ဆိုတာလည်း အမှန်က တော့ ဘာသာရပ်တစ်ခုအနေနဲ့ မသင်ရပေမယ့် သိလာခဲ့ရမှာလေ။ ဆိုတော့ အမှန်က ၁၀ တန်း ဖြေပြီးတဲ့အချိန်မှာကတည်းက ဒီ ၃ ခုက ထပ်ပြီး တော့ ကျူရှင် တက်စရာ မလိုလောက်အောင် ဖြစ်မယ်ဆိုရင် SATအတွက် အချိန်က မရှိသင့်တော့ဘူး ပေါ့နော်။ အဲလိုဟာမျိုး တစ်ချက် စဉ်းစားမိ တာပါ။ အဲလိုတွေးမိလား။

Jasmine ။ ။SAT မှာ Subject Testတွေ ရှိသေးတယ်။ Maths , Maths, Physic, Chemistry, Bio ပေါ့နော်။သူရိန်ငယ် ။။ Medical သွားမယ့် လူတွေ SATမှာ ဘာ Subject တွေ ယူရလဲ။Jasmine ။ ။Subject က Bio, Chemistry.

AKT ။ ။ Maths , English က မယူမနေရ ယူရတာ။

မသီတာ။ ။ Maths တို့ English တို့ အနေနဲ့ကတော့နော် တကယ်တမ်း ၁၀ တန်းဖြေပြီးတာနဲ့ ဒီစာမေးပွဲကို ၀င်ဖြေနိုင်လောက်တဲ့ အနေအထားမျိုး ရှိမယ်ဆိုရင်တော့ ဒီအတွက် အချိန်မပေးရဘူးပေါ့။

သူရ။ ။ နောက် အခုနက အစ်ကိုပြောသလိုပဲ။ ကျွန်တော်တို့ အက်ဆေးရေး တဲ့အခါမှာ အရမ်းအခက်အခဲတွေ့တာ ငယ်ငယ်လေးကတည်းက အက်ဆေး ဆိုတာကို အသေအချာ Idea ပိုင်းတော့ မသိဘူးပေါ့နော်။ Intro, Body, Conclusion ဒီလောက်ပဲ သိတာ။

AKT ။ ။ Idea က များများဖတ်ရင်တော့ ပိုရတာပေါ့နော်။

မသီတာ။ ။ တို့မေးတာက တခြားမဟုတ်ပါဘူး။ အခုက ကိုယ်ကတော့ ဖြတ်သန်းခဲ့ပြီးပြီပေါ့နော်။ အခုမှ ၈ တန်းဖြေနေတဲ့ အဲဒီတစ်ယောက်ကလည်း အဲလိုပဲ တစ်ချိန်ချိန်မှာ သွားမယ်လို့ Target နဲ့ ဆိုလို့ရှိရင် ၈ တန်းလောက်မှာ ကတည်းက သူတို့ ပြင်ဆင်ဖို့ စဉ်းစားဖို့လိုပြီ။ အကြံဥာဏ်ပေး လို့ရတာပေါ့။မဟုတ်ဘူးလား။ အဲလိုဆိုရင် ဘယ်လို အကြံ ဥာဏ်မျိုး ပေးချင်လဲ။ ဥပမာ အခုလောက် ၇ တန်း ၈ တန်းပဲပေါ့။ အခုလို ရည်ရွယ်ချက်မျိုး ရှိတယ်ပေါ့။ ၁၀ တန်းဖြေပြီးပြီးချင်းမှာ အချိန်ဟ မသွားချင်ဘူး။ အခုလောက် အချိန်တွေ မသုံးချင် ဘူး ဆိုရင်ပေါ့နော်။ ကြားထဲမှာ အဲဒီအရွယ်က တည်းက ဘာတွေပြင်ဆင်သင့်တယ် ထင်လည်း ပေါ့။ ကိုယ့်အတွေ့အကြုံအရပေါ့။

AKT ။ ။ အဓိက Critical thinking ပဲ Thinking ပိုင်းကိုရမှ။သူရ။ ။ အင်္ဂလိပ်စာအုပ်တွေ များများဖတ်ထားဖို့။မေသူ။ ။ English Magazine, English Series တွေ ဖတ်ဖို့။

AKT ။ ။ ဒါက ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးရမယ်။

မသီတာ။ ။ အက်ဆေးကော။

AKT ။ ။ အက်ဆေးကတော့ ကျင့်ကို ကျင့် သင့်တယ်။ ငယ်ငယ်လေးကတည်းက။ ကျောင်း လျှောက်ရုံနဲ့ မပြီးသွားဘူး ကျောင်းမှာလည်း ရေးရမှာပဲ။

မသီတာ။ ။ အခုဆိုရင်တော့ တို့ သိသလောက် က ၁၀ တန်းကို Target ထားပြီး ပြင်ဆင်ကြ တာ နည်းနည်းများတယ်လေ။ ဟုတ်တယ် မလား။ အဲဒီ ၁၀ တန်းကို ပြင်ဆင်တာတောင် ၉ တန်းရောက်မှ ပြင်ဆင်တယ်လို့ ထင်တယ်။ တို့တော့ မသိတော့ဘူးပေါ့နော်။ ဒါပေမယ့် ကိုယ် အပြင်ကကြည့်တဲ့ လူတစ်ယောက်အနေနဲ့ မြင်နေ တာကလေ။ ၉ တန်း ရောက်တော့မှ နောက် နှစ်ခါ ၁၀ တန်း အတွက်ဆိုပြီး အဲလိုစုပြီးတော့ သင်တဲ့နေရာမျိုးတွေ သွားထားမယ်။ အဲလိုမျိုး ပေါ့နော်။ ၁၀ တန်းလောက်အထိ Target ကို ထားပြီး ပြင်ဆင်တာလေ။ ၁၀ တန်း ဟိုဘက်ကို ရည်ရွယ်ပြီး ပြင်ဆင်တာမျိုး မဟုတ်ဘူး။ ၁၀ တန်းမှာ အမှတ်များများ ရအောင်ဆိုတဲ့ Step တစ်ခုပေါ့နော်။ Long Term Plan နဲ့ မဟုတ်ဘဲ ပိုင်းပိုင်းပြီး ပြင်ဆင်နေသလိုပဲ။ ၈ တန်း ၉ တန်းလောက်အထိမှာ ကိုယ်ရထားတဲ့ အချက် အလက်နဲ့ ပြင်ဆင်တာက ၁၀ တန်းလောက်ကို အမြင့်ဆုံးနေရာနဲ့ချိန်ပြီး ပြင်ဆင်တာ။ ၁၀ တန်း အောင် သွားပြီးတော့ ရလာတဲ့ ရလဒ်ပေါ် မူတည်ပြီးတော့မှ ဟိုဘက်ကို သွားတဲ့အခါကျ တော့ အချိန်က တစ်ခါပြန်ဖြစ်နေတယ်လေ။
ဥပမာ ကိုယ်က အလယ်တန်းလောက်မှာက တည်းကိုက နိုင်ငံခြားတက္ကသိုလ်ရဲ့ စံတစ်ခုကို သိနိုင်လောက်တဲ့ English, Maths, Critical Thinking ကို အဲဒီတည်းက ပျိုးထောင်လာမယ် ဆိုလို့ရှိရင် ပုံစံလည်း မတူတော့ ဘူးပေါ့နော်၊ အချိန်လည်း ကွာသွားပြီပေါ့။ ၇ တန်း ၈ တန်း ကတည်းက ဖတ်လာခဲ့တဲ့ အင်္ဂလိပ်စာ ဖတ် လာတဲ့ သဘာ၊ အက်ဆေးရေးကျင့်လာတဲ့ သဘာမျိုးက အခု ၁၀ တန်းအောင်တော့မှ ပြန်ကျင့်ရတာမျိုးနဲ့တော့ မတူနိုင်တော့ဘူး။ အဲဒါလေးတစ်ချက် စိတ်ဝင်စားလို့။ အခု နောက်ပိုင်းက စဉ်းစားမယ် ဆိုရင်ပေါ့နော်။ ကိုယ်အစ ကတည်းက Plan လည်း တစ်ခုခု ရှိနေပြီးသား။ တစ်ချိန်ချိန်ကျရင် အပြင်ထွက်ပြီး စာသင်မယ် ဆိုတဲ့ Plan က ရှိနေပြီဆိုလို့ရှိရင်တော့ တို့ထင် တယ် ၁၀ တန်းပြီးမှဆိုတဲ့ Target ထားတာက သိပ်အလုပ်မဖြစ်ဘူးလို့ ထင်လို့၊ သဘောတူလား။သူရ ။ ။ ISY တို့၊ အဲဒီက ကလေး တွေဆိုရင် တော်တော်သာတယ်ဗျ။ အင်္ဂလိပ်စာ ငယ်ငယ်လေး ကတည်းက ထိတွေ့လာတာ။ နောက်ပြီးတော့ ကျောင်းတွေမှာဆိုရင်လည်း လက်တွေ့တွေ လုပ်ရတယ်။ SAT အတွက် ကော SAT အတွက်ကော TOEFL ပြောစရာ မလိုတော့ဘူး။ အက်ဆေးက သူတို့ အမြဲရေး ရတာဆိုတော့လေ။ သူတို့တွေကျတော့ ပိုပြီးတော့ ကောင်းတယ်။ ဒါပေမယ့် တို့ဘာတို့ကျတော့ အရမ်းဈေးကြီးတော့ မိဘတွေက မထားနိုင် ကြဘူး။ အဲဒါကြောင့် ကျွန်တော်တို့က အချိန်ထပ် ယူလိုက်ရတဲ့ သဘောပါ။ သူတို့က GCE လည်း ဖြေတယ်။

သူရိန်ငယ် ။ ။ အခု US ကျောင်းတွေကို လျှောက်ကြတယ်။ US အပြင်က ကျောင်းကော လျှောက်လား။

မေသူ ။ ။ လျှောက်တယ် SMU ရယ် NUS ရယ်။

Jasmine ။ ။ ကျောင်းလျှောက်တဲ့နေရာမှာ အခက်အခဲတစ်ခု ရှိတယ်။ သမီးက ကနေဒါက ကျောင်းတို့ ဂျပန်ကကျောင်းတို့ အဲလိုမျိုး စိတ် ၀င်စားတယ်။ ဒါပေမယ့် သူတို့က 12 years Education တောင်းတယ်။

AKT ။ ။ ဂျပန်ကျောင်းတွေက အဲလိုပဲ။

မသီတာ။ ။Bechelor Degree က အခုအခှါအညေိမေိ က 12 years Education ဖြစ်နေတယ်။

Jasmine ။ ။ သူက ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်က နှစ်နှစ်လောက် သွားတက်ပြီးမှ တက်လို့ရတယ်။

AKT ။ ။ ကျွန်တော် တစ်ခါ ဂျပန်သံရုံးမှာ Seminar ပေးတာ သွားမေး တာ။ ၁၀ တန်းအောင်နဲ့ မရဘူးတဲ့။ ဒုတိယနှစ်အောင်ပြီးတော့မှ လာတက် တော့တဲ့ အဲလိုမျိုး ပြောတယ်။

သူရိန်ငယ်။ ။ ကျွန်တော်တို့ ဒီမှာ ဘွဲ့လွန်သွားတဲ့အခါ ဒီမှာ ရိုးရိုးဘွဲ့တွေက ၃ နှစ်။ သူတို့က Undergraduate ကို ၄ နှစ် တောင်းတယ်။ ကျွန်တော်တို့ ဒီမှာ Hons. ရတဲ့လူမှ ရမယ်။ Hons. မရတဲ့လူ ဒုက္ခရောက်ရော၊ ဘယ်လိုမှ လုပ်လို့မရဘူး။

မသီတာ။ ။ အဲဒါကြောင့်မို့လို့ပေါ့။ အခုနက တို့ပြောတာလေ၊ ငယ်ငယ် လေးကတည်း ပတ်ဝန်းကျင်ရဲ့Target က ၁၀ တန်း ဖြစ်နေခဲ့တယ်။ ကျန်တဲ့ အချက်အလက်ကို ပြည့်ပြည့်စုံစုံ မသိတော့ ၁၀ တန်းမှာပဲ လမ်းဆုံး ပြီးတော့ ဒီ Target နဲ့ပဲသွား၊ ပြီးတော့မှ တစ်ခေါက်ပြန်သွားမယ် လုပ်ကြ နေတယ်။ ကိုယ့်ရဲ့ ရည်ရွယ်ထားတဲ့ Target ကြီးက ခလယ်မှာ တစ်ခါ တစ်ထောက် နားလိုက်ရသလို ဖြစ်နေတယ်။ အမှန်တော့ ဟိုးကတည်းက အရှိန်နဲ့ တက်လာရင် ဒီဟာတွေက အေးအေးဆေးဆေး ကျော်သွားလို့ရတယ်။ Information သာ သိခဲ့မယ်ရင် အခုနကလို ၁၂ နှစ်ပြည့်မှလို့ သိခဲ့ရင် ဘာပဲဖြစ်ဖြစ် ဒီနှစ်နှစ်မှာ တက္ကသိုလ်တစ်ခုကို ကိုယ်က ၀င်ဖြစ်ရင်ဝင် ဖြစ်နေဦးမှာ။ ဒီကြားထဲ တစ်လျှောက်လုံး ပြင်ဆင်ခဲ့လို့ရတယ်လေ။ အခု တစ်ထောက်နားသလို သွားသွားဖြစ်နေတာလေ။

Jasmine ။ ။ ဒါပေမယ့် သမီးတို့ ၁၀ တန်းတက်နေတုန်းက အဲလိုမျိုး SAT, TOEFLတို့ ဖြေပြီးထွက်တဲ့ဟာက Popular သိပ်မဖြစ်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကျူရှင်တွေလည်း သိပ်မရှိသေးဘူး။ ၁၀ တန်းလောက် ရောက်တော့မှ ကိုယ်က Idea ရသွားတာ။

မသီတာ။ ။ အဓိက ပြဿနာက Information လုံလုံလောက်လောက် မရတဲ့ ပြဿနာ။

Jasmine ။ ။ နောက် Generation ကျတော့ ကောင်းသွားတာပေါ့။မသီတာ။ ။ ဒါကြောင့်မို့လို့လည်း ဒီစကားဝိုင်း လုပ်ဖြစ်တယ်ဆိုတာ ဒါပါပဲ။ နောက် Generation ဆိုတာလေ အခု ဒီနှစ် ၁၀ တန်းအောင်သွားတဲ့ သူတွေ အတွက်တော့ ဒီစကားဝိုင်းက သိပ်ပြီးတော့ အသုံးတဲ့ချင်မှတဲ့မယ်။ အခု ၇ တန်း ၈ တန်းသမား အတွက်တော့ အသုံးတဲ့မယ်။ ဒီ Information ရသွားလို့ရှိရင်တော့ သူတို့အတွက် စဉ်းစားစရာ ရသွားပြီ။ ဟုတ်ပြီ ဒါဆို လို့ရှိရင်တော့ ငါတို့ Target က ဒီ့ထက်အရှေ့ကို မှန်းရမယ်၊ ဘယ်လောက်ထိ ဖြတ်သန်းဖို့ ရှိသေးတယ် ဆိုတာသိပြီး သူ အရှိန်တင်သွားလို့ရတာပေါ့။

AKT ။ ။ ကျွန်တော်တို့ကလည်း ၁၀ တန်းပြီးမှပဲ သိလို့လုပ်ဖြစ်တာတွေ များတယ်။ ကျူရှင်ဆိုလို့ရှိရင် ကျွန်တော်တို့တက်တုန်းက လူဘယ်လောက်မှ မရှိဘူး။ အခုဆိုရင် အများကြီးပဲ။ တဖြည်းဖြည်းနဲ့ သိလာတာပေါ့နော်။သူရ။ ။ ၇ တန်း ၈ တန်းကတည်းကနေပြီး ကလေးလေးတွေကို ပြင်ဆင် ပေးသင့်တယ်။သူရိန်ငယ်။ ။ မိဘတွေကို Target ထားပြီး ပညာပေးသင့်တယ်။

မသီတာ။ ။ သူတို့ အခု ဘာသာရပ်ရွေးတာကော ကိုယ်ဝါသနာပါတာ လား။ မိဘရဲ့Input ရှိလား။

AKT ။ ။ Input တော့ မရှိဘူး။ ကိုယ်လည်း စိတ်ဝင်စားတယ်။ ပြီးလို့ရှိရင် ကိုယ့်ရဲ့ Future ကိုလည်း ကြည့်ရသေးတယ်။ ဥပမာ ကျွန်တော်က ဘာသာရပ်တစ်ခု ယူလိုက်ပြီးတော့ အလုပ်တွေဘာတွေ ရှားရင်လည်း မဖြစ် သေးဘူးလေ။ အဓိကက ကိုယ်လည်း စိတ်ဝင်စားတာနဲ့ ၊ Future အတွက် လည်း ကောင်းတာနဲ့။သူရ။ ။ ကျွန်တော်က Dental တက်ချင်တယ်ဆိုတာကလည်း ဟိုမှာကDental က ပိုက်ဆံတော်တော်လေးရတယ်။ ပြီးတော့ ကျွန်တော်က စိတ်လည်း ၀င်စားတယ်။ ဒီမှာလည်း Dental တက်နေတယ်။ ပထမနှစ်ပြီးသွားပြီ။ နောက်ပြီးတော့ လူဆရာဝန် ကျတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် အရမ်းကြီး ဈေးလည်းကြီးတယ်၊ မြင့်လဲမြင့်တယ်။ စိတ်ဝင်စားမှုကတော့ ၅၀% လောက်ပဲရှိတယ်။ အပြည့်အ၀တော့ မဟုတ်သေးဘူး။

Jasmine ။ ။ သမီးကကျတော့ Bio တက်နေတဲ့အချိန်မှာ စိတ်ဝင်စား သွားတာပေါ့နော်။

မေသူ။ ။ အဓိကက သင်္ချာကို စိတ်ဝင်စားတယ်။ ဓာတုဗေဒတို့ဘာတို့ ကျတော့ မှတ်ရတာ သိပ်မကြိုက်ဘူး။ တွက်ချက်အဖြေပေးရတာ ပို ကြိုက်တယ်။

သူရိန်ငယ် ။ ။ နောက် Generationပဲဆိုပါစို့။ ကိုယ်နဲ့ ဘ၀တူတွေကို ဘာများဖြည့်ဆည်းပေးချင်သေးလဲ။ သိသင့်တယ်လို့ ယူဆတဲ့ဟာပေါ့။

သူရ။ ။ ကျွန်တော်ကတော့ နိုင်ငံတကာ သံရုံးတွေက ဖွင့်ထားတဲ့ စာကြည့် တိုက်တွေကို ၀င်စေချင်တယ်။ ပြီးတော့ လှည်းတန်းလမ်းမှာရှိတဲ့ Ice Youth မှာလည်း စာအုပ်တွေ ရှိတယ်။ အဲဒီ စာကြည့်တိုက်တွေက စာအုပ်တွေကို လေ့လာရင် အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။

Jasmine ။ ။Website တွေ ညွှန်းချင်တာ ပေါ့နော်။ College Book တို့ Commonapp တို့ အဲလိုမျိုး Website တွေ။

မေသူ။ ။ ဒီမှာ ကျောင်းသားတွေ အများစုက မရဲကြဘူး။ အတန်းရှေ့ ထွက်ပြောရဲတာတို့ အဲဒါတွေ နည်းနည်း ရင်းနှီးအောင် လုပ်သင့် တယ်လို့ ထင်တယ်။

ဒီစကားဝိုင်းကနေ ဖူးငုံတို့ နိုင်ငံတကာ ကျောင်းတွေကို လျှောက်တဲ့အခါ ကြိုတင်ပြင် ဆင်စရာ အချက်အလက်တွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း ဖူးငုံတို့ရဲ့ ပညာရေး အတွက် အကျိုးရှိမယ့်ဆောင်းပါး တွေကို ဆက်လက်ဖော်ပြပေးနိုင်မယ်လို့ မျှော်လင့် ပါတယ်။

>>> 2 ယောက် မှတ်ချက်ပေးထားသည်

ရန်အောင် October 31, 2008 74.72.236.40 Votes: +0

သိပ်ကောင်းတဲ့ စကားဝိုင်းလေးပါပဲခင်ဗျာ. ဗဟုသုတအများကြီးရ ၊ တက်လမ်းရှာဖွေနေတဲ့ လူငယ်လေးတွေအတွက်လည်း တစ်စုံတစ်ရာကို မီးမောင်းထိုးပြလိုက် သလို ဖြစ်စေပါတယ်. သတင်းအချက်အလက်ရှားပါးတာကြောင့် ကျွန်တော့်တုန်းကလည်း အများကြီး နှောင့်နှေးခဲ့ရဖူးပါတယ်. အခုလိုသာ စုံစုံလင်လင်နဲ့ သိခွင့်ရခဲ့ရင် အချိန်တွေ အများကြီး save ဖြစ်သွားမှာ. ၀ိုင်းဝန်းဆွေးနွေးေ၏ပေး ကြသူအားလုံးနဲ့ စီစဉ်တင်ဆက်ပေးသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်. ဒီ ပို့စ်လေးကို ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ website လေးမှာ ပြန်လည်ဖော်ပြချင်ပါတယ် ခင်ဗျာ. လေးစားခင်မင်လျက် ရန်အောင် www.yanaung.net

အယ်ဒီတာ November 03, 2008 72.195.135.48 Votes: +0
အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်။ တဖန်ပြန်ဖော်ပြဖို့ ခွင့်တောင်းတာကိုလည်း ကျေးဇူးတင်ပါတယ်။ ဖော်ပြပေးတဲ့အခါ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းက ရယူကြောင်းလေးတော့ ထည့်သွင်းပေးပါနော်။


အယ်ဒီတာ၊
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း