Saturday, May 2, 2009

လယ်တော

မိုးကောင်းကင်တွင်
မိုးသားတိမ်တိုက်တို့ မှိုင်းညို့ညို့။
ဦးခေါင်းကို မော့်ကြည့်မိခိုက်
တိမ်တိုက်များ၏နောက်ကွယ်မှ
နေခြည် တစ်ချို့ ထိုးထွက်လာသည်။

အဝေးဆီတွင်
စိမ်းမြမြ စပါးပင်တွေရယ် ယိမ်းကလို့နေ။
အနီးကပ်မြင်တွေ့ရတဲ့
စပါးပင် ပင်စည်ထက်မှာ ဖုံးလုံး ကိုယ်ဆီနဲ့
ပင်ပျို အလှနဲ့ ရှက်သွေးကြွလို့ မျက်လွာလေးချထားလေရဲ့။

ကန်သင်းရိုးကို ဖြတ်အကူးမှာ
ဖားပေါင်စင်းလေး တစ်ကောင်
ကောက်ပင်ကြားကို ဒိုင်ပင်ပစ် သွားလေရဲ့။
ကတွတ်ဝက ရေအိုင်လေးထဲမှာတော့
ငါးပြေမ လေး တစ်အုပ် စိန်ပြေးတန်း ကစားလို့နေတယ်။

မြစိမ်းရောင် အရွက်တွေနဲ့ ၀ါဆိုပင်မှာ
ဆက်ရက် ငှက်ငယ်တို့ ဆူဆူညံလို့။
သာယာတဲ့ လယ်တောတခွင်
ရသစုံ ပန်ချီကားတချပ် အဖြစ်
အဘယ်သို့ မှတ်တမ်းတင်အံနည်း။

နေညိုညို ညနေဆောင်း တော့
လယ်ကန်စွန်း တဆုပ် ခူးပါလို့
လာလမ်းအတိုင်း ပြန်ခဲ့တယ်။

Tuesday, April 28, 2009

ကျွန်ုပ် နှင့် ပတ်ဝန်းကျင်

၁။ ကမ္ဘာလုံးဆိုင်ရာ စီပွားရေး ကျဆင်းမှု ဗိုင်းရပ်စ် ပိုးသည် နေရာဒေသ အစုံ ၊ လုပ်ငန်းစုံကို ပျံနှံ့နေသည်။

၂။ တရုတ်နိုင်ငံ မှ ကမ္ဘာလုံးဆိုင်ရာငွေကြေး ပုံစံသစ် မက်စေ့အား လေလုံးပစ် လိုက်သဖြင့် အမေရိကန် ဒေါ်လာဈေး ပြန်လည် မြင့်တက်လာသည်။

၃။ သဘောင်္ကျင်း လုပ်ငန်းတွင် ယခင် နေ့ဆိုင်း၊ ညဆိုင်း မျာဖြင့် နေ့ညမပြတ် လုပ်ကိုင်ရသော လုပ်ငန်းသည် ယခုမူ တစ်နေ့ အလုပ်ချိန် ၈ နာရီပင် ပုံမှန်မရခြင်တော့ပေ။

၎။ ယမန်နေ့က ကြားရသည့် သတင်းအရဆိုလျှင် စင်္ကပူနိုင်ငံ ကယ်ပဲ သဘောင်္ကျင်းလုပ်ငန်းမှ အလုပ် သမားများ ကာတာနိုင်ငံ ကယ်ပဲ သဘောင်္ကျင်းသို့ ပြောင်းရွှေ့ လုပ်ကိုင်ရန် ရှိသည်ဟု ဆိုသည်။

၅။ လုပ်ငန်းများမှာလဲ.. မေဂျာ ပရောဂျက် များ မရှိတော့ပဲ .. မိုင်နာ ပြင်ဆင်မှုများသာ ရှိသော ကြောင့် လုပ်အား လိုအပ်မှု လျှော့ကျသည်။ အချို့ သဘောင်္ကျင်းများတွင် တစ်ရက်အလုပ်ဆင်း တစ်ရက်နား ရသည်။

၆။ မြန်မာအလုပ်သမားများမှာ လူဦးရေ ပေါများပြီး ပေးသလောက်ဖြင့် လုပ်နိုင်သော အိန္ဒိယ နှင့် တရုတ်နိုင်ငံမှ အလုပ်သမားများ နှင့်ယှဉ်ကာ လုပ်ကိုင်ရသည်မှာ မစားသာပေ။ မြန်မာ့ နိုင်ငံ ပညာရေး သည် အထူးမြှင့် တင်ရန် လိုအပ်သည်ဟုမြင်မိသည်။

၇။ ကျွန်ုပ်ပတ်ဝန်းကျင်မှ အချို့သော မိတ်ဆွေများမှ စီးပွားရေး ဘယ်တော့ ဦးမော့ လာမည်နည်း ဟု မေးကြသည်။ ဤအရေးတွင် ကျွန်ုပ်ကား ပါစပ် အဟောင်းသားရှိချေသည်။

၈။ ကျွန်ုပ်သည် ယမန်နေ့က သဘောင်္၏ အမြင့်ဆုံး နေရာသို့ အရောက်တွင် ဒိုင်ပင်ထိုးကာ မြန်မာပြည် ပြန်ခြင်စိတ်များ တဖွားဖွားပေါ်လာသဖြင့် ဒိုင်ပင်ထိုးရန် စိတ်ကူးသော်လဲ ငါးမန်းများ ရေကစားနေသည်ကို မြင်သဖြင့် မထိုးဖြစ်ခဲ့ပေ။

၉။ ဤကား ကျွန်ုပ် နှင့် ပတ်ဝန်းကျင် ဖြစ်ချေသည် တမုံ့။ ကျွန်ုပ် မဖြေနိုင်သော မေးခွန်းတစ်ခုအား ဖြေနိုင်သူ ဖြေပေးက ကျေးဇူး အသင်္ချ ရှိချေသည်။

Sunday, April 26, 2009

စံပယ်ပျိုးမယ့် ဥယျာဉ်မှူး

သင်းပျံ့ပျံ့ ရနံ့
ချစ်စရာ့အသွင်၊ ဖြူစင်တဲ့ သဘောထား တွေနဲ့
ပန်းတွေအလယ်မှာ ဂုဏ်တင့်တဲ့ စံပယ်ဖြူရယ်
လူတကာရဲ့ ကေသာ ထက်မှာလဲ
ခန်းနားစွာ နေရာယူ လိုက်ပါဦးလေ။

တစ်ပွင့်ထဲပွင့်ခဲ့ရရင်
အားငယ်ပါနဲ့ စံပယ်ဖြူလေးရယ်။
စံပယ်ရုံထက်က စိမ်းမြမြ အရွက်လေးတွေရယ်
ပန်းသတင်းဆောင်တဲ့ လေညှင်းလေးတွေရယ်လေ
အဖေါ်အဖြစ် နေပေးနေမှာပါ။

ပန်း စံပယ်ဖြူ
ဖြူဖြူဖွေး ရနံ့သင်းသင်းလေး နဲ့
ပန်းအလှ ခြူချင်သူတွေ ၀ိုင်းလို့။
လှသွေးကြွယ်တဲ့ တော်ဝင်နန်းသုံး စံပယ်ဖြူရယ်
လိုချင်သူတွေ ၀ိုင်းလို့ လေယူရာယိမ်းလိုက်ပါနဲ့။

ခရေ၊ နှင်းဆီ၊ ခတ္တာ၊ ချာယ်ရီ ပန်းတွေ
ဘယ်လောက် လှတယ် ပြောပြော
ကိုယ်ကတော့ စံပယ်ဖြူကို မြတ်နိုးတဲ့
စံပယ်ပျိုးမယ့် ဥယျာဉ်မှူး ပါကွယ်။

ပိတုန်းမိုက်ရယ်.လာနမ်းဖို့ပြင်
လေပျင်း၊ နေပျင်း တွေက ချွေချင်နေ
ဘ၀ခါးခါးကို ဖြတ်လျှောက်ရလဲ
အားငယ်ပါနဲ့ စံပယ်ဖြူလေးရယ်
မွေးပျံတဲ့ ရနံ့တွေနဲ့ ရန်သူကို မိတ်ဆွေပြုလို့ အောင်ပွဲဝင်လိုက်ဦးလေ။

Friday, April 24, 2009

အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်။

၁။ အသင်သည် ရုံးခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင် စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက် အလုပ် ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့် အလား ဆင်တူသည်။ အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ် သွားမည့်သူဖြစ်၏။

၂။ သာမာန် အလုပ်ဖြစ်သော်ငြား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။ အများအမြင်တွင် တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် အီးမေးစစ်ခြင်း။ မိမိ လစာတွက်ခြင်း များ လုပ်နိုင်သည်။ ချက်တင် ၀င်ပါက သတိထားပါ။ တစ်ယောက်ထဲ မရယ်မိပါစေနှင့်။

၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့ နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်းများ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့) သဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။

၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည် အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက “အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။ ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွှတ် ပါနှင့်။

၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ) ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည် သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။ (ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)

မိတ်ရွှေ အားလုံးပဲ အလုပ်ထဲမှာ အဆင်ပြေကြပါစေ။

Tuesday, April 21, 2009

မရဲ့ မောင်

“လေ့ကျင့်ခန်း လုပ်ပြီးနောက် … လူငယ်များ.သည် ကလပ် ဘေးနားရှိ ထိုင်ခုံများတွင် ဟိုတဖွဲ ဒီတဖွဲ့ ထိုင်ကာ နားနေကြသည်..” “ရုတ်တရက် မြည်လာသော ဖုန်းသံနှင့်အတူ လူငယ်တယောက်သည် ဖုန်းကိုင်ကာ ဖေါ်ပြပါ စကားများ ပြောဆိုလေသည်”

“ဟယ်လို….?”
“မောင်…. မ..ပါ…။ မောင်.ကလပ်ကို..ရောက်နေတယ်လား…”

“ဟုတ်တယ်…”
“ အို…. အဆင်ပြေလိုက်တာ.. မ..လေ..မောင်နဲ့.. နှစ်ဘလောက်.. အကျော်က ရှော့ပင်းမောမှာသိလား… အခုပဲ…မြွေပါ အမွေးနဲ့ လုပ်ထားတဲ့ ကုတ်အင်္ကျီ တစ်ထည် တွေ့လို့..မောင်ရဲ့.. အရမ်းလှတယ်သိလား.. အဲဒါ… ၀ယ်လိုက်မယ်နော်……”

‘ဈေးက ဘယ်လောက်လဲ…..”
" $2,500 ပဲရှိပါတယ် မောင်ရယ်….မောင့် ဘဏ်ကဒ်ထဲမှာ အများကြီးဟာကို…."
“အိုကေ… မကြိုက်တယ်ဆို.. ၀ယ်လိုက်လေ..…”
“အရမ်းချစ်….”
“မောင်… ။ မ..အတွက်လေ.. လိုအပ်တဲ့.. အလှပြင် ပစ္စည်းလေးတွေ.. တခါထဲဝယ်လိုက်ချင်တယ်..သိလား.. ဈေးလဲသင့်တယ်.. ပစ္စည်းကလဲ.. အမှန်ကန်တွေလေ.. နော်..မောင်..၀ယ်လိုက်မယ်နော်…”
“များလှချည်လား.. အကုန်လုံး ဘယ်လောက်ကျမလဲ…. ”
“ဟွန်း… မောင်နော်… $1,800 လောက်ကိုများ… ”
“အင်းပါ..အင်းပါ.. ၀ယ်လိုက်..၀ယ်လိုက်….ဟုတ်ပီလား..”

“မောင်…. ဟိုလေ.. အသစ်ထွက်တဲ့.. ဆိုနီအယ်ရစ်ဆင်.. ဖုန်းလေး..အရမ်းလှတာပဲသိလား.. ၀ယ်ချင်လိုက်တာ.. ၀ယ်လိုက်မယ်နော်…. နောက်ပြီးတော့.. လက်တော့ လဲ အသစ်လိုခြင်တယ်..လမ်းကြုံတာပဲမောင်ရယ်…၀ယ်လိုက်မယ်… ဒီမှာက ဒစ်စကာင့်ချရောင်းတာ…..”

“အင်.. နောက်ထပ် $3,000 လောက်တော့ ကုန်မှာပဲမလား.. သေချာတော့ စစ်ဆေးပြီးဝယ်နော်…..”
“စိတ်ချပါ …မောင်ရယ်… မရဲ့ မောင်က ဒီနေ့ အရမ်းချစ်ဖို့..ကောင်းတာပဲ…. စောစောပြန်ခဲ့နော်... အရမ်းချစ်တယ်နော်..မောင်…”
“အိုကေ...… ဘိုင်ဘိုင်… ”

ထိုလူသည် ဖုန်းချပြီးနောက်.. အနားရှိလူများအား ဖုန်းကိုမြောက်ပြကာ မေးခွန်းတစ်ခု မေးလိုက်သည်.. “အားလုံပဲ..ဒီမှာ …. ဖုန်းပိုင်ရှင် ဘယ်သူလဲ သိကြပါလား ခင်ဗျာ………………”

Friday, April 17, 2009

အားလုံးအတွက် နှစ်သစ်ဆုမွန်

ယနေ့ ၁၃၇၁-ခု၊ တန်ခူးလပြည့်ကျော် (၈) ရက်၊ နှစ်ဆန်းတစ်ရက်နေ့။
နှစ်သစ်ကို ရောက်လာပါပြီ။ အခုလို နှစ်သစ် အခါသမရမှာ
ပထမဦးဆုံး အနေနဲ့ ကျေးဇူးရှင် မိဘ နှစ်ပါး ကျန်းမာစေဖို့ တောင်းဆုပြု ပါမယ်။
ပြီးတော့ မြန်မာပြည်သူ ပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာ ကြပါစေ။
အများကောင်းကျိုး သယ်ပိုးကြသော ဘလော့ဂါ ဘော်ဘော် အပေါင်း ကျန်းမာ ကြပါစေ။
ခုနှစ်ရက် သားသမီးအားလုံး ရေလိုအေးလို့ ပန်းလိုလန်းကြပါစေ။
ကျောက်ပန်းတောင်းသားလေး မောင်ဆန်းဝင်း မေတ္တာပို့ပါတယ်။
အားပေးသော မိတ်ဆွေ သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ပါသည်။

Saturday, April 11, 2009

ချစ်စရာ ပိတောက်ပန်းများ

ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ကိုယ်တိုင် ရိုက်ယူထားတာတော့ မဟုတ်။ သူများဆီက ပေးပေး မပေးပေး ယူလာတာ။ ချစ်စရာလေးတွေ အရမ်းလှတယ်။ ကြည့်ကြည်လိုက်။ ပိတောက်ပန်း ပန်းပိတောက် ။ Padauk Flowers

Thursday, April 9, 2009

နှစ်သစ်ကူးပွဲ သင်္ကြန်

“အတာကြူးတဲ့ တခူးလ ချိန်ခါ.. နှစ်ကူး သင်္ကြန်မဟာ …. သူလေးနဲ့ တွေ့ရပုံမှာ မေ့လည်း မမေ့နိုင်ပါ …. ”
သီချင်းလေး ဆိုလို့ ကျနော် သူလေးကို သတိရ နေတယ် မထင် လိုက်ပါနဲ့။ ဒီအချိန်မှာ ဒီလို သီချင်းလေး တစ်အေးအေးနဲ့ ဖြစ်နေတာ သင်္ကြန်ပိုးကြောင့်ပါ။ ရန်ကုန် သင်္ကြန်၊ မန္တလေး သင်္ကြန် တွေ အရမ်းစည်ပါတယ်။ ပျိုပျို အိုအို ကိုကို မမ တွေ ကြိတ်ကြိတ်တိုး ရေကစားလို့ပေါ့။ ဘီယာ၊ ၀ီစကီ (အရက်မပါ) ပါဝါ တင် စိမ့်စိမ့်တုန် အောင် အေးတဲ့ ရေခဲရေကို အံတုလို့ တစ်နေကုန် ပျော်ခဲ့ဖူးပါတယ်။ အရမ်း ပျော်ဖို့ကောင်းပါတယ်။

အခု ကျနော် ပြောချင် တဲ့ သင်္ကြန် အကြောင်း အရာက သိပ်ပြီး လူသိနည်း လှတဲ့ အညာမြေ ရွာလေး တစ်ရွာမှာ သင်္ကြန်ပွဲ ဆင်နွှဲတဲ့ အကြောင်း လေးပါ။ ဘယ်က စပြောမလည်း .. ဆိုတော့ .. အင်း… ဟုတ်ပြီ.. ရွာနာမည်က စမယ်။ အဲဒီ ရွာလေး နာမည်က လက်ပန်ကျင်းရွာ တဲ့။ လက်ပန်ကျင်း ဆိုတာ ရွာလေးရွာ ကို ပေါင်း ထားတာ - တစ်ရွာမှာ မှာ ဘုန်းကြီးကျောင်းက တစ်ကျောင်းဆီ ရှိတယ်။ အကြိုနေ့ မတိုင်မှီမှာ ရွာဦး စေတီ ကို ကာလသားခေါင်း နှင့် ကာလသမီးခေါင်းမှ ဦးဆောင်ကာ ဘုရား သန့်ရှင်းရေးလုပ်၊ ရေသပ်ပယ် ပါတယ်။ သင်္ကြန်ရက် လေးတွေ မှာ ဥပုတ် သတင်း ဆောင်တည်ကြမယ့် လူကြီး သူမများ၊ လူလတ်ပိုင်းများ လူငယ် ပိုင်းများ အားလုံး အတွက် သင်္ကြန်တွင်း ငါးရက်လုံး အကျွေးမွေး များဖြင့် တည်ခင်း ဧည့်ခံ ပါတယ်။ အညာ ဒေသတွင် နှစ်ဆန်း တစ်ရက် နေ့ အပါဝင် သင်္ကြန်ပွဲကို ငါးရက် တိတိ ဆင်နွှဲသည်။

အဘိုးဘွားများက အကြိုနေ့ တော့ ရွာဦးကျောင်းမှာ သီလယူမယ်။ အကျနေ့ တောင်ဘက်ရွာကျောင်း ဆရာတော်ထံမှာ ဥပုတ် ယူမယ်။ အကျက်နေ့ မြောက်ဘက်ရွာကျောင်း ၊ အတက်နေ့မှာ အလယ်ရွာကျောင်း စသည် စသည် သင်္ကြန်တွင်း ကာလမှာ တစ်နေ့ တစ်ကျောင်း လှူဖွယ် များဖြင့် သတင်း သီလ ဆောက်တည် ကြသည်။ အဘိုးရယ် အဘွားရယ် ဘုရားသွား ကျောင်းတက် တူတူ ဆိုတာမျိုးပေါ့။

လူကြီးများ သာမက ကလေး သူငယ်များ တွင်လည်း အစီအစဉ် ရှိသည်။ သင်္ကြန် ငါးရက်တွင် ဘုန်းကြီးကျောင်း ငါးကျောင်းမှာ - ဘယ်နေ့မှာ ဘယ်ကျောင်းက သာကူကြို တိုက်တယ်။ ကြက်သား ဆန်ပြုတ် တိုက်တယ်၊ အအေး တိုက်တယ် ၊ စသည်ဖြင့် နေ့အလိုက် အစီစဉ်များ ဆွဲထားကြသည်။ ဗိုက်ဝအောင် စားသောက်ပြီး လွယ် အိတ် ထဲမှာ ရေဗူးထည့် ကျောမှာပိုးပြီး ရေပြွတ်ပိုက်နဲ့ ရေပတ်ကြသည်။ ဆိုးသွမ်းသော ကလေးများမှာမူ ပူစီပေါင်း များဖြင့် ရေထည့်ကာ ပစ်ပေါက် ဆော့ကစားကြသည်။ (သားသားက ရေသနတ် နဲ့ ပတ်တာ)။ ဒီလို ကလေး တစ်သိုက်နှင့် တွေ့လျှင် ပျိုပျို အိုအို အထီး အမ မရွေး အကုန်ပြေးမလွတ် ရေပတ်ခံရသည်။

ကျေးလက် ကိုကို ကာလသားများ မှာတော့ အချက်ပြုတ် အကျွေးမွေး တာဝန်ယူ ထားရပါတယ်။ အဲဒီမှာ.. ဟိုဖက်ရွာ ဒီဖက်ရွာက ကွမ်းတောင်ကို အချော အလှ ညိုချော လေးတွေ ကိုယ့်ရွာကျောင်းကို လှူဖွယ်ပစ္စည်းများ နဲ့ လာတဲအခါ.. အပြန်ကို စောင့်ကာ ရေပက်ကြသည်။ အကျွေးမွေး အလှည့် ကျတဲ့သူ တစ်ယောက်က ..“ဟေ့ကောင် .. “ညိုကြီး”.. မင်း.. ကောင်မလေး “ဖြူစုပ်” ပြန်တော့မယ်.. ကျောင်း ပေါက်ဝ က ရေဖလားနဲ့ အသင့် စောင့်..” အဲသလိုလည်း ပြောလိုက်ရော ရေပက်မည့် ကိုကို ကာလသားက မိန်းမပျိုလေး အပြန် အဆင့်သင့် စောင့်နေတယ်။ မိန်းမပျို လာတော့ ရေဖလား လေးထဲမှာ နံသာရေတော့ ဟုတ်ဘူး .. ရေမွှေး ထည့်ပြီး လောင်းပါ တယ်။ အဲဒီလိုပဲ… အပြုံးလေးတွေ ကိုယ်စီနဲ့ ... တစ်ချို့တွေလည်း ချစ်ရေး ဆိုလို့ပေါ့။ (ကျနော် ပါဘူးနော်)။

မြို့ ပြ နဲ့မတူတာကတော့ နှစ်ဆန်း တစ်ရက်နေ့ပါပဲ။ မြို့ပြမှာ နှစ်ဆန်းတစ်ရက်နေ့ဆို မဏ္ဍပ်တွေ ဖျက်နေပါပြီ။ ရွာမှာတော့ နှစ်ဆန်းတစ်ရက်နေ့ ညနေမှာ ပွဲကြီး ပွဲကောင်းပါပဲ။ လူငယ် ကာလသားတွေ၊ အကိုကြီးတွေ၊ ပျော်တတ်တဲ့ ဦးလေးကြီးတွေ စုဖွဲ့ချီတက်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံရေလောင်းပါတယ်။ အိမ်ရှိ လူဦးရေ တွက်ပြီးပါ လောင်းပါတယ်။ အားလုံးကလည်း သူ့အမျိုး ကိုယ့်အမျိုးတွေချည်း ဆိုတော့ စိတ်ဆိုးလို့ မရပါဘူး။ ရေပက် မခံပဲ ထွက်ပြေတဲ့ အိမ်များဆို အ၀တ်တွေကို ရေနှစ်ထားခဲ့တာလည်း ရှိပါတယ်။ ရွာလယ် လမ်းမ တစ်လျှောက် တူးပို့.. တူးပို့ .. သီချင်းများဆိုလို့ ပျော်ရွှင်စွာ သင်္ကြန်ပွဲ ဆင်နွှဲကြပါတယ်။

Monday, April 6, 2009

အချစ် ဆိုတာ...

“စိုးမင်း ..သူငယ်ချင်း..”
“ဟေ့ကောင်… ငါခေါ်နေတာကြားရဲ့လား.”
သူ လှည့်၍ ပင်မကြည့်။ စိတ်ကူးယဉ်နေရလျှင် ထမင်းမေ့ ဟင်းမေ့၊ ကဗျာရေးနေရလျှင် ခေါ်မကြား အော်မကြား။ ငယ်ပေါင်း မဟုတ်သော်လည်း အလွန် ခင်သော သူငယ်ချင်းဖြစ်သည်။
“ဖြန်း”
“အား….. နာလိုက်တာ ၊ ဘာလည်းကွာ… တအား ရိုက်ရလားကွ..”
“ငါဒီလောက်ခေါ်နေတာ.. ပြောစမ်းပါဦး မင်း ဘာတွေ စိတ်ကူးယဉ် နေတာလည်း”

“မင်း ဘယ်သူ့မှ မပြောဘူးဆို ငါပြောပြမယ်”
“အေးပါကွ မင်းကလည်း ပြောစမ်းပါ.. ငါ ကတိပေးတယ်ကွာ.. ယောင်္ကျားကတိ”

“ငါ ချစ်တဲ့ ကောင်မလေးအကြောင်းကို ကဗျာဖွဲ့ နေတာ.. ကောင်မလေးက တအား လှတာပဲ.. တကယ်ကို နတ်သမီးလေး လိုပဲကွာ ။ သူဟာ ငါ့အတွက် ပြစ်ကင်းစင်တဲ့ ရွှေရုပ်လေး တစ်ရုပ်လိုပဲ … ငါသူ့ကို တအား ချစ်တယ် ”
“အင်း.. ဆက်ပြောပါဦး သူငယ်ချင်း”

“အချစ်ဆိုတာ တကယ်ကို မွန်မြတ် သန့်စင်တဲ့ အရာပါကွာ။ ငါ့ သူ့ကို ချစ်တာ တကယ် အချစ်စစ် အချစ်မှန် နဲ့ချစ်တာ… သူ့ကို ထိုင်ကြည့်နေရရင် ကျေနပ်တယ်။ သူ့ မျက်နှာလေး မြင်ရရင် ငါ့ရင်ထဲ အေးမြတယ်။ သူအပြုံးတွေက လျှို့ဝှက်ချက် ကင်းတယ် ရိုးသားဖြူစင်တယ် ဆိုတာ ပေါ်လွင်နေတယ်။ သူ့အကြောင်းတွေး ပြီး ကဗျာရေးနေရတဲ့ အရသာ ဘာနဲ့မှ မလဲနိုင်ဘူး။ သူလမ်းလျှောက်လာရင် လွယ်အိတ် လေးကို လက်တစ်ဖက်က ကိုင်လို့ .. သူ့ လက်လေး တွေ လှုပ်ရှားတာက အစ တကယ်ကို ကဗျာ ဆန်တယ်။ ပုခုံးပေါ် ၀ဲကျနေတဲ့ ဆံပင် လေးတွေ ကလည်း ကဗျာဆန်တယ်.. ငါလေ .. ငါသူ့ကို ချစ်နေတာ သူသိရင် - ချစ်နေခွင့်ရရင် ကျေနပ်တယ် သူငယ်ချင်း .. သူနဲ့ပတ်သက်ရင် .. သူအချစ်ကိုရမှ လို့ အသည်းသန် သူ စိတ်ညစ် ရအောင် မတောင်း ဆိုခြင်ဘူး.. ကိုချစ်တဲ့ သူက ကိုယ့်ကို ပြန်ချစ်ပြီး ဘ၀ တသက် လက်တွဲခွင့်ကို လူတိုင်း လိုခြင် သလို ငါလည်း လူသား တစ်ဦး ပါကွာ။ ငါ့အချစ်က သူ့အတွက်ဆို သူစေရာ ငါ အဆင်အသင့် ရှိနေတယ် သူငယ်ချင်း။ ဘာပဲလုပ်ရ လုပ်ရ ဆိုသလိုပေါ့ကွာ ”

“ အေး ချစ်တာလည်း ချစ်.. စာမေးပွဲနီးပြီ သူငယ်ချင်း.. ဆယ်တန်းက ဘ၀ အတွက် အရေးပါတယ်။ စာကို လည်း ခေါင်းထဲထည့်ဦး ”

“ အေးပါကွာ။ ခုလောလောဆယ်တော့ တစ်နေ့ကိုကဗျာ တစ်ပုတ် မရေး ရရင် မနေနိုင်ဘူး။ ဒီချိန်ဆို သူ ၀ရံတာမှာ ထွက် စာကျက် တတ်တယ် .. ငါ ကဗျာ ရေးဖို့ စိတ်ကို အစာကျွေး လိုက်ဦးမယ်.. မင်းလိုက် ဦးမလား .. ”
“မလိုက်တော့ဘူး သူငယ်ချင်း။ ငါ ဆရာဆီ စာသွားမေးမလို့ ”

သူသည် ကျနော့်အား နှုတ်ဆက်ခါ ထွက်သွားသည်။ ကျနော်လည်း ဆရာအိမ်ဖက်သို့ ခြေဦးတည်လိုက်သည်။ ခြေလှမ်းများ မှန်မှန် လျှောက်နေသော်လည်း ခေါင်းထဲတွင်တော့ အချစ်ဆိုသော အရာကို ဘာသာပြန်နေမိသည်။ အချစ်ဆိုတာ...... ???