ညနေခင်း
စိမ်းမြမြ တမာပင်ထက်မှာ
“တကူကူး ခါးခါး” … “တကူကူး ခါးခါး” တဲ့
ငှက်တစ်ကောင်က ရော့ဂီတ ဟစ်ဆိုတယ်။
နေညိုညိုအောက်က
ထနောင်းပင် ထိပ်မှာ
“တကူကူး….ကူး…” “တကူကူး…..ကူး…” တဲ့
စလိုးရော့ ဂီတကို ချိုးငှက်က ဖန်တီးတယ်။
လူသူ အလစ်မှာ ဟိုဒီ ပျံသန်းရင်း
“ရွှီး……....ပြုံ..” “ရွှီး……....ပြုံ..” တဲ့
ငှက်ငယ်လေးက လေတမြမြ ချွန်လို့
လစ်ဟာနေတဲ့ ဂီတစီးချက်ကို ဖြည့်စွက်လိုက်ပြန်တယ်။
လက်ပန်ပင်ထက်မှာ
များလှတဲ့ ဇရက် ငှက်ငယ်တို့ရယ်
ကျလိ. ကျလိ. ကျွိကျွိကျွိ …ကျလိ. ကျလိ. ကျွိကျွိကျွိ … တဲ့
ခေတ်သစ် ဟစ်ဟော့ လေလား ထင်မိမှား၏ ။
တမာပင်တန်း မမောတန်းလျှောက်
မန်ကျီး ပင်တို့ စိမ်းညို့ညို့
ထန်းပင်တော နှင့် ခင်တန်းငယ်
ရှစ်ခွင် မှိုင်းမြ ရှုတိုင်းလှသည့်
အညာဒေသ သဘာဝ။ ။
Friday, July 17, 2009
Wednesday, July 15, 2009
What is that?
Forward mail တစ်ခုကို ပို့စ် အဖြစ် တင်လိုက်ပါတယ်။ အရမ်း နှစ်သက်မိပါတယ်။ ပို့ပေးတဲ့ သူငယ်ချင်းကိုလဲ ကျေးဇူးတင်တယ်။ ဒီ ဇာတ်လမ်းလေး ကြည့်ပြီး ရွာက အဖေ့ကို အရမ်းသတိရမိတယ်။ ငယ်ငယ်က အဖေ့အပေါ် အမြင်မှားတွေ ရှိခဲ့ဘူးတယ်။ ပြန်စဉ်းစားကြည့်တော့ အဖေ့ဘ၀ တော်တော် ရုန်းကန်ခဲ့မှန်း သိနားလည်ခဲ့ တယ်။ ကျေးဇူးတွေ ကြီးလှပါတယ်။
ဘလော့ဂါ အကို အမတွေ ကြည့်ဖူးပြီး ဖြစ်မယ်ထင်တယ်..ထပ်ကြည့်ကြည့်ပါနော်။
Monday, July 13, 2009
ချစ်ဇွဲ ။
ပန်ချင်ပါလျက်
အခြူခက်တဲ့ ပင်မြင့်သဇင်
မြေနှင့်ရန်ဘက်
ငြိုးမာန်ဖွဲ့ ၍
စိမ်းလေလားခင်...
လေယူရာသူအတိမ်း
ညှာတံနွယ်မြေအယိမ်းကို
ဆယ်ကမ္ဘာကြာစေဦး
စောင့်ရမည်ပင်...
>> ကျောက်ပန်းတောင်းသား ကိုအောင်မျိုးမင်း ၏ ရင်တွင်းဖြစ်လေးပါ <<
အခြူခက်တဲ့ ပင်မြင့်သဇင်
မြေနှင့်ရန်ဘက်
ငြိုးမာန်ဖွဲ့ ၍
စိမ်းလေလားခင်...
လေယူရာသူအတိမ်း
ညှာတံနွယ်မြေအယိမ်းကို
ဆယ်ကမ္ဘာကြာစေဦး
စောင့်ရမည်ပင်...
>> ကျောက်ပန်းတောင်းသား ကိုအောင်မျိုးမင်း ၏ ရင်တွင်းဖြစ်လေးပါ <<
Wednesday, July 8, 2009
ချစ်သော စံပယ်
အသည်းထက်
အက္ခရာ တင်
သက်ဆုံးတိုင်ထိ
ချစ်မည်ပင်။
နှလုံးသား တခု
ရူးသွပ်မှုဟု
ထင်ကထင်စေ
ဘ၀ဆုံးထိ ရူးပါစေ။
ချစ်သော စံပယ်
မောင့်သက်လယ် သည်
နှလုံးအိမ်၌ တည်ရှိနေမည်
ဆယ်ကမ္ဘာတိုင် ခိုင်မြဲသည်။
အက္ခရာ တင်
သက်ဆုံးတိုင်ထိ
ချစ်မည်ပင်။
နှလုံးသား တခု
ရူးသွပ်မှုဟု
ထင်ကထင်စေ
ဘ၀ဆုံးထိ ရူးပါစေ။
ချစ်သော စံပယ်
မောင့်သက်လယ် သည်
နှလုံးအိမ်၌ တည်ရှိနေမည်
ဆယ်ကမ္ဘာတိုင် ခိုင်မြဲသည်။
Saturday, July 4, 2009
မြန်မာ စကား
မြန်မာပြည်မှာ တစ်နေရာနဲ့ တစ်နေရာ စကားပြောကြတာ မတူ ကွဲပြား ကြပါတယ်။ ကျွန်တော်မွေးရပ်မြေဒေသမှာ ထူးထူးခြားခြား သုံးတဲ့ စကားလုံး တွေရှိပါတယ်။ အင်္က္ခရာ သ နဲ့ တ ပီသအောင် မပြောတတ် တာကတော့ စာဖွဲ့စ၇ာ မဟုတ်တော့ပါဘူး။
ထူးခြားတယ် ဆိုတဲ့ စကားလုံး က ဘာလဲဆို တော့ “မနက်ကြီး” ဆိုတဲ့ စကားပါပဲ။ နံနက် စောစော အာရုံတက် နေမထွက်ခင် အချိန်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အချိန်းအချက် ပြောကြ တဲ့အခါ “ ဟေ့.. မနက်ကြီး ကျရင် ရွာထိပ်မှာ လူစုမယ် ..” အဲလို ပြောကြ တယ်။ မနက်လေး တော့ မရှိပါဘူး။
နောက်တခု ရှိသေးတယ်.. ဆန်ချိန်တဲ့ နို့ဆီဗူးကို ပိတောက် လို့ခေါ်ပါတယ်။ နို့ဆီဗူး ရှစ်လုံး တစ်ပြီ လို့ ငယ်ငယ်က သင်ရပေမယ့် ပိတောက် ဆိုတဲ့ အခေါ်ပဲ နှုတ်ကျိုးနေတယ်။ ထမင်းချက်ရင် အမေရေ.. ဘယ်နှစ်ပိတောက် ချက်ရမလဲ လို့ အော်မေးတဲ့အကျင့်က ပြန်သွားလဲ မပြောက်တော့ဘူး။ ဗူး = ပိတောက် ပါ။
အခန်းမှာ တူတူနေတဲ့ အထဲမှာ မွန် ၂ ယောက်ရှိပါတယ်။ မြန်မာစကား သိပ်မတတ်ရှာဘူး။ အမှတ်မထင် ပြောလိုက်တဲ့ စကားလေးတွေဆို မျက်စေ့ တောင် လည်သွားတယ်။ ညပိုင်း ထမင်းစားအပြီးမှာ “.. ဟ ..ဘယ်ကိုက်မလဲ .. ထမင်းစားရတာ လည်ပင်း မထိဘူး..” တဲ့ ။ ပြောချင်တာက ခံတွင်းမတွေ့ ဘူး.. အရသာ မရှိဘူး ပြောချင်တာပါ။
မိတ္ထီလာမှာနေခဲ့စဉ်က သူငယ်ချင်းတစ်ယောက်ပေါ့။ ချစ် ကို ပီသအောင် မပြောတတ်ဘူး။ ချစ်တယ် လို့ ပြောရင် ရှစ်တယ် လို့ပဲ အသံထွက်တယ်။ အ၇မ်းရယ်ရပါတယ်..သူ ကောင်မလေးကို ရည်းစားစကား ပြောပါတယ်.. အရှစ်ရယ်...ကိုယ်မင်းကို အရမ်း ရှစ်တယ် ကွာ တဲ့..။ ကဲ.. ဘယ့်နဲရှိစ။ အခုဆို သူ ရှစ်တဲ့ ကောင်မလေးနဲ့ ပေါင်းဖက်လို့ ကလေး ၂ ယောက် တောင် တော်တော် ကြီးနေပီ။

Thursday, July 2, 2009
သံရုံး တစ်ခေါက် ရောက်ခဲ့သည်
29 June, 2009 နေ့ နံနက်
နံနက် အစောကြီး အောချတ် လမ်းမကြီးမှာ လမ်းလျှောက်လို့ ကောင်းတာ အခုမှ သိတယ်။
ဘူတာက ထွက်လိုက်တာနဲ့ ယဉ်ကျောကို မျက်နှာမူ ပြီး လျှောက်တယ်.. သံရုံးထိအောင်ပဲ။
လေညင်းလေးတွေ က မျက်နှာကို ထိတော့ တကယ်ကို အမောပြေသွားတယ်။
လမ်းလျှောက်ရတာလဲ တော်တော်လေး အရသာ ရှိတယ်။ ဖိနပ် နဲ့ ကျောက်ခင်လမ်း မထိဘူး လို့ ထင်ရတယ်။
မီးတိုင်လေးတွေ ထွန်းထားတာကလဲ ကဗျာဆန်ပါတယ်။ လမ်းဘေးမှာ သစ်ပင်ကြီးတွေလဲ ရှိတယ်.. မီးရောင်စုံတွေထက် စွတ်စွတ်ဖြူတဲ့ မီးလုံးတွေက ပိုပြီး အသက်ဝင်သလိုပဲ ခံစားရတယ်။
ပထမဆုံး ထွက်တဲ့ ရထားပဲ။ ပိုင်အိုနီးယား ကနေ ရထား စထွက်တော့ ရထားပေါ်မှာ လူတချို့ပဲတွေ့ရတယ်။ ဘူတာ မှတ်တိုင်တွေ တခုပြီးတခု ဖြတ်ပြီး တာနဲ့ ရထားထဲမှာ လူတွေ ရောက်လာကြတယ်။ သေချာ ကြည့်မိတော့ သက်ကြီးပိုင်း တွေများတယ်။ အ၀တ်စား ၀တ်ထားတာတွေက ငယ်ငယ်က ၀တ်ခဲ့တဲ့ အ၀တ်စားတွေ လို့ထင်ရတယ်။ ဘေးနားက လူကြီးတစ်ယောက်က ပုံစံကတော့ သန့်ရှင်းရေး အလုပ်လုပ်တဲ့ ပုံစံပဲ။ အသက် ၅၅ နှစ် ကျော် လောက်ရှိမယ် ထင်တယ်။ ဒီလိုပဲ ရထားကို စီးနေကျထင်ပါရဲ့။ တက်လာတဲ့ သူတွေကို နှုတ်ဆက်တယ်။ ဆင်းသွားတဲ့သူတွေကိုလဲ နှုတ်ဆက်တယ်။ မာန်မာန ကင်းစင်တဲ့ မျက်နှာတွေနဲ့ နွေးထွေးမှု တခုကို တွေ့လိုက်ရတယ်။
သံရုံး ရောက်တော့ တံခါးဝမှာ အိပ်ပြီး စောင့်နေသူတွေ ၊ ငုတ်တုတ် မတ်တတ် တွေ တွေ့ရပါတယ်။ နာမည် စာရင်း ဖြည့်မယ်ကြည့်တော့ အမှတ်စဉ် ၃၆ မြောက်မှာ နေရာရပါတယ်။ ဒီလိုနဲ့ ၈ နာရီထိစောင့်ရင်း တဖွဲဖွဲနဲ့ ပိုက်စံ ပေးမယ့် သူတွေရောက်လာကြတယ်။ လူတစ်ရာ ကျော်မယ်ထင်ပါတယ်။ ဖြူ ဖြူ မဲမဲ ပုပု ကွကွ ရှည်ရှည် ကျားကျား မမ စုံလို့ပေါ့။ ပတ်စပို့ ရယ် ပါမစ်ရယ် မိတ္တူ ကူးလို့ ထိုင်စောင့်နေရသေး။ ၉ နာရီမှာ စတင်ကာ စာရွက် စာတမ်း များ လက်ခံပါတယ်။ အဖွားကြီး၏ ချိုသာသော မြန်မာ စကားများအား နားထောင်ရင်း သည်းငြီးခံ ကာစောင့်ဆိုင်းလို့ ၁၁ ကျော်မှာ ကိစ္စပြတ်ခဲ့ပါတယ်။
ဟူး……....၀ူ…………… လေပူတချက် မှုတ်ထုတ်ကာ ခပ်သွက်သွက် လှမ်းထွက်ခဲ့ပါတယ်…
အပြန်ရထားထဲမှာ ကျတော့ နံနက် စောစော က ရထားနဲ မတူဘူး။ ပလူးပလဲ အတွဲ တွေလဲ တွေ့ရတယ်။ ခပ်တည်တည်နဲ့ ရထားပိုင်ရှင်လို မျက်နှာတွေလဲတွေ့ရတယ်။ စင်္ကပူရီးယန်း ဆိုတဲ့ အထာတွေနဲ့ ဘ၀င်လေဟပ် နေသူတွေ အလုပ်ပဲ များသရောင် အိုက်တင်နဲ့ အချင်းချင်းလဲ စကားမပြောကြဘူး။ မျက်နှာကြီး မျိုးတွေထင်ပါရဲ့။ ဘယ်သူမှ မသိဘူး အပိုင်ပဲ ဆိုပြီး အတင်းတုတ်တဲ့ ရွှေတွေလဲ တွေ့ရပါတယ်။ ဗိုက်ကြီးသည် လာလို့မှ နေရာပေး ရကောင်းမှန်း မသိတဲ့ သူတွေလဲတွေ့ရပါတယ်။ ရထားတွဲချင်း တူပေမယ့် မတူဘူးရယ်။ အဲယားကွန်း က အေးနေပေမယ့် နံနက်စောစောက ရထားထဲကလို နွေးထွေးမှုမျိုး မတွေ့ရတော့ဘူး။

Sunday, June 28, 2009
စမ်းသပ် ပစ်မှတ်။
အ ချစ်ရယ် ငါ့နှလုံးသာဟာ
စမ်း သပ်ပစ်မှတ် တခုတဲ့လားကွယ်
သပ် သပ်မဲ့ မင်းလုပ်ရပ်က
ခံ စားရသူ ရင်ကိုထိစေတယ်
အချစ်တွေ မေ့လိုက်ပြီလား
ဝေးကွာခဲ့တဲ့ ခဏတာအတွက်
သင်ဘယ်သူလဲဆိုတဲ့စကား ငါ့အတွက်လား
ကျောင်းသားဘ၀ ချစ်ဒုက္ခ
ငါ့နှလုံးသာ မင်းရဲ့ စမ်းသပ် ပစ်မှတ် ဖြစ်ခဲ့ရ။
ဟိုး..တချိန်က.. မိတ္ထီလာ အဝေးသင် တက္ကသိုလ် တက်စဉ်က ညစ်ညစ်နဲ့ ရေးခဲ့ဖူးတယ် စာလေးပါ။

Friday, June 26, 2009
Friday, June 19, 2009
လိုဂို အသစ်နဲ့ လူငယ့်အားမာန်

လူငယ့် အားမာန် လိုဂို အသစ်လေးပါ။
ယခုဆို လူငယ် အားမာန် အဖွဲ့လေးက လုပ်ငန်းတွေ စလုပ်ပါပီ။
ကျွန်တော် မွေးရပ်မြေ လက်ပန်ကျင်း အခြေခံပညာ အလယ်တန်းကျောင်း အတွက် ပညာရေး အထောက်ကူပြု စာအုပ်များ၊ အပါတ်စဉ်ထုတ် သတင်းစာ ဂျာနယ်များ လှူဒါန်းပါမယ်။ ငွေကျေး အရင်းနှီးကတော့ တစ်စုံတစ်ယောက်က မတည်ထားခြင်း မဟုတ်ပါဘူး။ အဖွဲ့ဝင်အားလုံး စေတနာ နဲ့ နိုင်သလောက် ပါဝင်ထည့်ဝင်ကြတာဖြစ်ပါတယ်။ တစ်လကို အနည်းဆုံး ငွေသား သုံး သောင်းဖိုး လစဉ် လှူဒါန်းပါမယ်။ ရန်ကုန် ရှိ စားသောက်ဆိုင် နှင့် company များတွင် အလုပ် လုပ်ကိုင် ကြသော ညီငယ် လေးများ၏ ပါဝင် မှုကို အထူးဂုဏ်ယူမိပါသည်။
နောက်နှစ်များမှာ ဒီထက်မက လှူဒါန်းနိုင်ဖို့ အဖွဲ့ဝင်များ တိုးလာအောင် ထပ်မံ စည်းရုံး သွားမှာ ဖြစ်ပါတယ်။
ဇာတိပုည ဂုဏ်မာန တဲ့ ကျေးလက်က ရွာငယ်လေးက ကျွန်တော့ ဇာတိပါ။ အေးချမ်းလှတဲ့ လက်ပန်ကျင်း ရွာသားလေး ဖြစ်ရတာ ဂုဏ်ယူ မိပါတယ်။
ဒီအကြောင်းတွေ အင်တာနက် စာမျက်နှာမှာ ရေးရတာကတော့ နတ်လူ သာဓုခေါ်စေဖို့ ဖြစ်ပါတယ်ခင်ဗျာ။
ဆန်းဝင်း
ကျောက်ပန်းတောင်း
Saturday, June 13, 2009
စင်္ကပူမှာသာတဲ့လ
ကျွန်တော် နေခဲ့တဲ့နေရာကို Jurong East MRT ကနေ Busကားစီးသွားရင် တစ်ကျပ်ဆယ်ပြား ပေးရတယ်။ Company ပေါင်းစုံက အလုပ်သမားတွေနေတဲ့ အဆောင်ပေါ့။ အဆောင်နားက ကားလမ်းမကြီးဘေးမှာရေကန် အကြီးကြီးရှိတယ်။ ရေကန်ထဲမှာ ဇလားဖီးယား ငါးတွေ၊ ယက်ကန် ယက်ကန်နဲ့ လိပ်တွေ ရှိတယ်။ စင်္ကပူမှာ လူအများစုက ရုံးလုပ်ငန်း လုပ်သူများတယ်။ တစ်နေကုန် စားပွဲမှာထိုင်ကာ ကွန်ပျူတာကြည့်ရ လက် ညောင်း ဇက်ညောင်း အလုပ်လုပ်ကြရတယ်။ ညနေပိုင်းဆို ကန်ဘောင်မှာ အညောင်းပြေ လမ်းလျှောက်သူတွေ၊ အပြေး လေ့ကျင့် သူတွေ လေညှင်းခံ တဲ့သူတွေစုံလို့။ ရန်ကုန်မြို့က အင်းယားကန်လို မလှပေမယ့် နှစ်ယောက် ထိုင်ခုံ လေးတွေ၊ ငါးမမျှားရ၊ ရေမကူးရဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ရှိတယ်ဗျ။
ကျွန်တော့် အဘို့တော့ အညောင်းပြေ လမ်းလျှောက်ဖို့ ဝေးသေး။ ပြန်ရောက်တာနဲ့ လမ်းထိပ်ဆိုင်မှာဝင်လို့ မြန်မြန် ကျက်လွယ်မယ့် ငါးနဲ့သီးနှံလေးတွေ ၀ယ်ပြီး အဆောင်ထဲဝင်ရတယ်။ အခန်းရောက်တာနဲ့ အ၀တ်တွေ ကို အ၀တ်လျှော်စက်ထဲ ပစ်ထည့်လို့ လျှော်ရတယ်။ နောက်ပြီးတော့ ဆန်ဆေး ထမင်းချက်ရ တာပေါ့ဗျာ။ တ လက်စတည်း ၀ယ်လာတဲငါးကို အကြေးခွံတွေ အူတွေသင်ပြီး မန်ကျီးမှည့်ရည်လေးနဲ့ အမြန်ချက်ရတယ်။ ဟင်း ချက် ရင်း သူငယ်ချင်းတွေနဲ့ စကားပြောလိုက် တီဗွီကလာတဲ့ ဂျိုလီရဲ့ ဇာတ်ကားလေး ပြေးကြည့်လိုက်ပေါ့ဗျာ။ ဂျိုလီ ကိုကြိုက်ပေမယ့် ဟင်းအိုးတူမှာဆိုးလို့ ကောင်းကောင်း မကြည့်ရပါဘူး။ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစား စရာ မလိုပါဘူး အစီစဉ်တကျပဲ ခဏနေတော့ ရေမိုး ချိုးလိုက် တယ်လေ။
ကျွန်တော့် ညစာက တီဗွီကြည့်ရင်း လွှေးရတာပေါ့။ ထမင်းစားလို့ ပြီးတော့ ဖတ်လက်စ ဆရာမြသန်းတင့်ရဲ့ “ကျနော်ဆက်၍ရေးချင်သောဝတ္တုများ” စာအုပ်လေး ဆက်ဖတ်လိုက်တယ်။ စာအုပ်ထဲ စိတ်ဝင်စားသွားလိုက် တာ နာရီကိုကြည့်လိုက်တော့ ဆယ့်တစ်နာရီ ရှိပါရောလား။ မနက်အလုပ်သွားဖို့ ရှိတာကြောင့် ဖုန်းလေးကို နှိုး စက်ပေးပြီး အိပ်ယာဝင်လိုက်တယ်။ မှန်ပြတင်းကနေ အပြင်ကို တချက်ကြည့်လိုက် တော့ သဘာဝအလင်း ရောင်တချို့ကို တွေ့လိုက်ရတယ်။ အော်. ဒီနေ့ လပြည့်နေ့ပါလား။ အလုပ်ထဲမှာ သွားလိုက် ပြန်လိုက်နဲ့ မေ့နေ လိုက်တာ လမင်းကြီးတောင် မကြည့်ရတာ ဘယ်လောက်ကြာနေပြီလဲ။ အတွေးတွေနဲ့ ဆက်အိပ်ဖို့ ကျိုးစား ပေမယ့် အိပ်လို့မရပေ။ လသာသာမှာ လမ်းလျှောက်ချင်တဲ့စိတ်က များနေတယ်။ ဒါနဲ့ လမ်းထိပ်က ကန်ဘောင် ဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်။
ကျွန်တော် လမ်းလျှောက်ထွက်သော ဆယ့်တစ်နာရီကျော် အချိန်သည် စင်္ကပူနိုင်ငံအဖို့ စောနေသေးသည် ထင်သည်။ လမ်းမပေါ်မှာ သွားလာနေသော လူတချို့အားတွေ့ရသည်။ ကန်ဘောင်မှာတော့ လူမရှိသ လောက် ရှင်းသွားသည်။ ကျွန်တော် ကန်ဘောင်ပေါ်မှာ လေညှင်းခံ လို့ လရောင်အောက်မှာ လမင်းကို မော့် ကြည့်ကာ လမ်းလျှောက် နေလိုက်တယ်။ နှစ်ယောက်ထိုင် ထိုင်ခုံလေးတခုမှာ ထိုင်လို့ လရောင်လျှပ်ပြေးနေ တဲ့ ကန်ရေပြင်ကို ငေးကြည့်ကာ ဟိုအရင်အချိန်က အကြောင်းတွေ တွေးနေမိတယ်။ စင်္ကပူပူမှာသာတဲ့လမင်း ကလဲ အရင်က ငါမြင်ဖူးတဲ့ လမင်းကြီးလို ၀ိုင်းစက်လို့နေတယ်။
ကျွန်တော် ရွာမှာနေစဉ်က ဒီလို လပြည့်ညဆိုရင် အဖေရယ် အမေရယ် အကိုအမ တွေရယ် အိပ်ရှေ့ တလင်း မှာ ထိုင်လို့ အေးမြတဲ့လမင်းရဲ့ အလင်းရောင်ကို ခံစားရင်း စကားပြော ကြတယ်။ လျှပ်စစ်မီး မရှိတဲ့ ရွာလေးမှာ လမင်း အလင်းရောင်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကလေးတွေကတော့ ထုတ်စီးတိုးတမ်း ကစားကြတယ်။ လိပ်ဥဖွက်တမ်း၊ ပုံပြောတန်းကစားကြတယ်။ ကြည်နူးရပါတယ်။ လရောင်အောက်မှာ အိပ်ရတာလဲ တကယ် အရသာရှိတယ်ဗျာ။ လပြည့်ညတိုင်း အိမ်ကနွားလှည်းကို အိပ်ရှေ့ထုတ် သင်ဖြူးဖျာလေး ခင်းလို့ လမင်းကို ကြည့်ရင် အိပ်လေ့ရှိတယ်။ စံပယ်ရုံက စံပယ်ပန်း ရနံလေးတွေရယ်၊ ခမောက်ပန်း ရနံ လေးတွေရယ် သင်းပျံ့လို့ လရောင်ရွှန်းပ ညတစ်ညဟာ ဘာနဲ့မှ မလဲနိုင်ဘူး။
ကျွန်တော် အခုကန်ဘောင်က ထိုင်ခုံတန်းလေးပေါ်မှာ လှဲလို့ လမင်းကိုငေးကြည့်နေတယ်။ ကျနော် စိတ်မှာ မြန်မာပြည်မှာ သာတဲ့လကို တမ်းတနေမိတယ်။ ဘာလို့လဲ သိလား။ စင်္ကာပူမှာ သာတဲ့လက မြန်မာပြည်မှာ သာတဲ့ လလောက် မအေးမြဘူးလို့ ခံစားရလို့ပဲ။ မိတ်ဆွေရာ ဒီလိုခံစားရလား။ ကျွန်တော်ထင်တယ်လေ ဘယ်နိုင်ငံက လမင်းဖြစ်ပါစေ မြန်မာပြည်က လမင်းလောက် အေးမြမှာ မဟုတ်ဘူး။ ဒီလိုခံစားချက်ကို လမင်းကြီး ကတော့ သိနိုင်မယ် မထင်ဘူး။ လမင်းကြီး သိရင်ရော ဘယ်လိုခံစားမလဲ သိချင်လိုက်တာ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)
Subscribe to:
Posts (Atom)