Monday, April 25, 2011

ကြက်မောက်တောင်ဆည်


ကြက်မောက်တောင်ဆည်ဟာ ပုပ္ပါးတောင်ကို အမှီပြုလို့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် (ကျောက်ပန်းတောင်း - မိတ္တီလာကားလမ်းဘေး) မှာ တည်ရှိပါတယ်။ ပုပ္ပါးတောင်ကို မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသရဲ့ အိုအေစစ်လို့ ခေါ်ဆိုကြပါတယ်။ ပုပ္ပါးတောင်ပတ်လည် သစ်တော ဝါးတောနဲ့ အေးမြတဲ့ ရေမြေ တောတောင် ကိုအမှီပြုလို့ ရွာပေါင်း ၂၇ ရွာရှိတည်ရှိပါတယ်။ (သမိုင်းအချက်လက်များအရ ဘာသာတရား ကိုင်းရှိုင်း ရိုသေသော ပျူလူမျိုးတို့၏ အဆက်အနွယ်ဝင်များ ဖြစ်နိုင်သည်)။ ပုပ္ပားလွင်ရွာ၊ ငါးရံ့ကုန်းရွာ၊ ကျောက်တံခါးရွာ၊ မြောက်တောရွာ၊ တောင်ပေါ်(တောင်)ရွာ၊ တောင်ပေါ် (မြောက်)ရွာ၊ ရွာသစ်ကလေး၊ ဆင်ဆင်းရွာ၊ နတ်ကန်လည်(နဂါးလည်)ရွာ၊ လယ်ကျင်းကောင်းရွာ၊ ပျဉ်မကြီးရွာ၊ ဆည်ရွာ၊ ရှော်တောရွာ၊ စီးမရွာ၊ ဘိုတဲရွာ၊ လွန်အိုင်ရွာ၊ ဝက်မထောက်ရွာ၊ ကျောက်ပုံရွာ၊ ဒန့်ကျင်းရွာ၊ ကင်ပွန်းခြုံရွာ၊ ညောင်ချိုင်း -၄၊ ညောင် ချိုင်း-၃၊ စုံကုန်းရွာ၊ ညောင်ပင်ဖြူရွာ၊ လဲဂရွရွာ၊ လက်ပံအိုင်ရွာ၊ ဂွေးကုန်းရွာဆိုပြီး အသီးသီ တည်ရှိကြပါတယ်။

ပုပ္ပါးတောင်မှ ဆင်းသက်လာတဲ့ ချောင်းတွေဟာ မိုးညိုလာတာနဲ့ လူဖြတ်မကူးရဲလောက်အောင် ရေစီးကြမ်းပါတယ်။ ပုပ္ပါးတောင် မြောက်ဘက် မှာ ဆင်ထဲဝချောင်း၊ လဲပင်ရိုးချောင်း၊ တောင်ဘက်မှာ တောင်ဆင်းချောင်း၊ ကျောက်ပုံချောင်း၊ ပင်းချောင်း၊ အနောက်ဘက်မှာ ပျဉ်းမချောင်း စသည် ရှိကြပါတယ်။ ကြက်မောက်တောင်ဆည်ဟာ ပုပ္ပါးတောင်မှ တောင်ဘက်ကို စီးဆင်းတဲ့ တောင်ဆင်းချောင်းနဲ့ ကျောက်ပုံချောင်းကို ပိတ်ကာ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ (ဆည်တည်ဆောက်သောခုနှစ် နှင့် အင်ဂျင်နီယာရင်းဆိုင်ရာ အချက်လက်ကို သိသူများ ပြောပြပေးကြပါခင်ဗျာ)။ ကျောက်ပန်းတောင်း မြို့နယ် မြိုင်သာယာရွာ၊ စမ်းကုန်းရွာ၊ အိမ်အိုရွာ၊ စည်းကန်ရွာ၊ မုန်ငန်းရွာ၊ သရက်တောရွာ၊ ပေါက်တော (အရှေ့) ရွာ၊ ပေါက်တော (အနောက်)ရွာ ၊ မန်ကျည်းကုန်းရွာ၊ ညောင်ပင်သာ၊ ရှားပင်လှရွာ၊ စည်သာရွာ၊ ချောင်းခြားရွာ၊ မင်းဂေါင်း (တောင်)ရွာ၊ မင်းဂေါင်း (မြောက်) ရွာ၊ အောင်ပဒေသာရွာ၊ အောင်ချမ်းသာရွာ၊ လက်ပန်ကျင်း(သီးကုန်းရွာ+ညောင်ရွာ+အလယ်ရွာ+ တောင်ရွာ)ရွာ၊ လယ်ကြီးရွာ၊ အိုင်မင်းရွာ အစရှိသည့် ရွာများမှ လယ်ယာ ဧကပေါင်းများစွာအတွက် ကြက်မောက်တောင်ဆည်မှ ရေကို အသုံးပြုကြပါတယ်။

ကြက်မောက်တောင်ဆည်တွင် လက်ဝဲ နှင် လက်ယာ ရေလွတ်မြောင်း နှစ်ခုရှိပါတယ်။ ယခုနှစ်များတွင် ကြက်မောက်တောင်ဆည်သည် နွေရာသီများတွင် သီးထပ်စိုက်ပျိုးရန် ရေပေးဝနိုင်မှု နည်းပါလာ ခဲ့ပါတယ်။ အရင် နှစ်တွေက မှတ်မှတ်ရရ ၂၀၀၂-၂၀၀၄ လောက်က တောင်ရေ ရေလှောင် တမံနှင့် ကျောက်တခါး ရေလှောင် တမံအား တည်ဆောက်ကာ ကြက်မောက်တောင် ဆည်အား ရေဖြည့်ရန် စီစဉ်ကြောင်း ကြားဖူးပါတယ်။ သတင်းစာများတွင်လဲ ဖတ်ဖူးပါတယ်။ ၄င်းအပြင် မုန်ငန်းဆည် မှ ရေလွဲရေများ ကြက်မောက်တောင်ဆည်သို့ မြောက်ဖောက်ကာ ရေလွှဲသည်ဟုလဲ ကြားဖူးပါတယ်။ အောင်မြင်မှု ရှိသလား မသိပါဘူး။ (သိရှိသူများ ပြောပြပေးကြပါခင်ဗျာ)။ ယခင့် ယခင်များကလဲ ကြက်မောက်တောင် ဆည် ရေနေရေးအတွက် မိုးကောင်းစေရန် ပုပ္ပါးတောင်မှ စမ်းပေါက်များရေထွက်ကောင်းစေရန် သစ်ပင်အမျိုးစားများစွာ စိုက်ပျိုးခြင်းများ ပြုလုပ်ကြောင်း ဗဟုသုတ အဖြစ် ဖတ်ဖူးပါတယ်။

ကြက်မောက်တောင်ဆည်ဟာ နွေရေ မပေးနိုင်တာ အတော်ကြာပါပြီ။ အရင်တုန်းက အထက်ပါရွာများ အားလုံး ရေရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ အစိုးရ စိုင်ခင်းများ နှင့် ဆည်အနီးနားရှိ လယ်ဧကများလောက်သား ရေပေးနိုင်ကြောင်းနှင့် နွေလယ်များ ရေရရန်အတွက် တောင်သူများ အငြင်းပွားရသည်လဲ ကြားဖူးပါတယ်။ လယ်ဧကများစွာ အတွက် နွေရေပေးနိုင်ရေးအတွက် လည်ဆည်ဝန်ကြီးက အထက်ပါ ကဲ့သို့သော တောင်ရေတမံ ကျောက်တခါးတမံများ တည်ဆောက်စဉ်က ကြက်မောက်တောင်ဆည် လက်အောက်ခံမှ လူထုပြောစကားတွေကြားဖူးပါတယ်။ သိပ္ပံနည်းပညာ အထောက်ထားခိုင်လုံမှု မရှိပေမယ့် ဖြစ်နိုင်မယ်လို သုံးသပ်မိပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

ကြက်မောက်တောင်ဆည်ဟာ နှစ်အတော်ကြာ ဒေသကို အကျိုးပြဲခဲ့ပြီးပါပြီ။ ကာလကြာရှည်လာတာနဲ့အမျှ ဆည်ရေနေအကျယ်ဝန်း တိမ်ကောလာတာ ရှိကောင်းရှိပါမယ်။ မိုးကောင်းတဲ့နှစ်တွေမှာ ဆည်အောက်ခံက ရွာများ မျက်ခုံးလှုပ်ကြရပါတယ်။ သို့ပေမယ့် ဆည်ဘောင်က လုံးဝခိုင်မာပါတယ်။ နွေရောက်သည်နှင့် ဆည်အတွက် ရေအားနည်း ရသည်ကိစ္စမှာ ပြသနာ ဖြစ်ပါတယ်။ မိုးကောင်းသော်လဲ နွေလယ်ရေပေးနိုင်မှု နည်းပါးခြင်းမှာ ဆည်ရေမနေသောကြာင့် ဖြစ်နိုင်ပါတယ်။ ပထမအချက်ဖြစ်တဲ့ ရေနေဧကမှာ နှုန်းအနည်ထိုင်ကာ ဆည်တိမ်ကောလာခြင်းဟာ အနည်းငယ်သာ ဖြစ်နိုင်ပါတယ်။ အဲဒီမှာ ဒေသခံတွေပြောတဲ့ အချက်တခုက စဉ်းစားစရာဖြစ်ပါတယ်။ ဆည်ပိတ်ပြီးခါစက ဆည်အောက်မှ ရွာများ ပထမနှစ် ရေရှားပါးခြင်းကြုံခဲ့ရတယ်လို့ သိရပါတယ်။ ငါနှစ်လောက် ကြာတဲ့အခါ ဆည်အောက်က ရွာတွေဖြစ်တဲ့ မင်းဂေါင်း တောင်/မြောက် ရွာတွေမှာ ရေကို လက်ယက် ဖေါ်နိုင်တဲ့ အခြေနေကိုပြန်ရောက်လာပါတယ်။ ဆည်အောက် အနည်းငယ်ဝေးကွာသော ရွာများလဲ ရေရလို့ အဆင်ပြေ နေဖြစ်နေပါတယ်။ ယခုနောက်ပိုင်း ၂၀၀၀ ခုနှစ်ကျော်နှစ်များမှာ ဆည်ရေက နွေရာသီ လယ်ဧက အကုန်ပေးဖို့ မလုံလောက်ဖူးဖြစ်လာတယ်။ ဒေသခံတွေ ထင်ကြတာက ဆည်ဟာ ရေအောက် ရေစီးကြောင်းပေါက်သွားတယ်။ ဆည်ဘောင်ခိုင်မာပေမယ့် ရေအောက်စိမ့်ကြော ဖြစ်ပြီး ဆည်အောက် ညောင်ပင်သာရွာဘက်မှာ အရင်ကမရှိတဲ့ ရေစိမ့်စမ်းတွေပေါ်လာတယ်။ မိုးတွင်းမိုကောင်းလို့ နွေမှာ လယ်ရေ ရနိုင်မယ် မှန်းထားလဲ မရဘူးဖြစ်နေတယ်။ အပြည့်ရှိတဲ့ ဆည်ရေတွေက လူမမြင်နိုင်အောင် မြေအောက် ရေစိမ့်ကြောကနေ ဆည်ထဲက ထွက်သွားကြတယ်လို့ ဒေသခံတွေက ယူဆ ပြောဆိုနေကြတယ်။ မည်သို့ပင်ဆိုစေကာမူ ကြက်မောက်တောင်ဆည်သည် အိုမင်းရင့်ေ၇ာ်မှုကြောင့် လယ်မြေများအတွက် ရေအပြည်အဝ မပေးနိုင်သော်လဲ ပုပ္ပါးတောင်အား စိမ်လန်းစေရန် တဖန်ပြန်လည် အကျိုးပြုနေပေလိမ့်မည်။ အရာအားလုံး မမြဲသော သဘောတရားရှိပေမယ့် ကျွန်နုပ်တို့သည် အညာဒေသ၏ အိုအေစစ်အား တည်မြဲရန် ထိန်းသိမ်းကြဖို့ လိုအပ်ပါသည်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

ကြည်ပြာမုန်းတဲ့မော်တာ (အပိုင်း ၂)

ကြည်ပြာ..နင်တစ်ယောက်တည်း ဘာတွေသဘောကျပြီး ပြုံးနေတာလဲ.
ဒီလိုပါပဲဟာ.. နင်ကလဲ စပ်စုလိုက်တာ.
လမ်းသွားတဲ့ လူတွေက နင့်ကို ကြည့်နေကြတယ်.
ဟင်..ဟုတ်လား..အမလေး ရှက်လိုက်တာ.
တော်သေးတယ်.ရှက်လို့..ဒီမှာ ရေပြည့်တော့မယ်.
အော်..ဟုတ်သားပဲ..ကျေးဇူး.သူငယ်ချင်း တောသားလေး.

ပြောရင်းဆိုရင်းပင် ရေပုံးသစ်နှင့်လဲလှယ်ကာ ရေပြည့်ပုံးအား ဆွဲသွားသည်။ ရေဘုံပိုင်ငုတ်မှ ရေသည် ဖြေးညင်းစွာ ကျနေ၏။ ရာသီဥတုက ပူပေမယ့် တမာရိပ်မှာ ထိုင်စောင့်ရလို့ အပူသက်သာ၏။ နေပူထဲ ရေဘုံပိုင်မှရေကို စောင့်သယ်ရတာ လွယ်တော့ မလွယ်ကူ။ အခန့်မသင့်က ဖျားနိုင်သည်။ ရေသယ်ရလို့ လက်ပျင်အောင့်နိုင်သည်။ ဒါပေမယ့် ကြည်ပြာကတော့ ကျန်းမာသည်။ အဟုတ် သန်မာသည်။ တခုပဲဆိုးတာ လူကို စကားလာလာပြော ပြီးတော့ နင်နားမလည်ပါဘူးနဲ့ လုပ်သွားတာ များနေပြီ. ဒီနေ့တော့ အပြတ်သက် မေးမှဖြစ်မယ်။

မြန်လိုက်တာ..ဖြေးဖြေးသယ်ပါ ခါးနာနေဦးမယ်.
အလဲ..စိတ်ပူတယ်ပေါ့ ဒါဆို လာကူသယ်ပေးလေ.
အင်း . ဖြစ်ပါတယ်. !
လေသံက အားမရှိလိုက်တာ ဖြစ်-ပါ-တယ် တဲ့..ဟွန်း.
နင် ငါမေးတာ မဖြေသေးဘူးနော်.
ဘာလဲ.
အခုန ဘာလို့ တစ်ယောက်တည်း ပြုံးနေတာလဲ.
အော်..ဒါလား.. ဒီနေ့ မော်တာသံ မကြားရဘူးလေ။ အဲဒါ ပျော်လို့ပေါ့.
ကြည့်. နင်ကတော့ .
ဘာလဲ.
အဲဒီ မော်တာ ကိစ္စလေ. ရှင်းဦး ငါ ခေါင်းမူးလာပီ.
အော် ဒါလား. ဒါကိုရှင်းမပြခင် နင် ရေဘုံပိုင်ကို သေချာကြည့် .
ဘာလို့လဲ..
စကားမများနဲ့ သေချာကြည့် ဘာကိုမြင်လဲ..
ဟ. နင်ကလဲ ရေကျနေတာ မြင်တာပေါ့.
အေး ရေကျနေတယ်. ဟာ..!!! ရေပြည့်တော့မှာပါလား. ကဲ .သူငယ်ချင်း တောသားလေး ရေပြည့်နေပီ.
ဘေးကိုဖယ်. ရေသယ်ရမယ်။
အင်းအင်း.. လုပ်လုပ်.. ငါစောင့်နေမယ်။

ခဏနေ ကြည်ပြာ ရေပုံးထောက်ကို ညာလက်နဲ့ ချာလပတ်လည်အောင်ရမ်းကာ ပြန်ရောက်လာသည်။ သူ့ကြည့်ရတာ မမောပန်း။
ကဲ..ပြောတော့..ကြည်ပြာ..
အင်း ပြောမယ်. ဟိုနေ့တည်းက ပြောမလို့ပါ. အချိန်ကမရတာ.ဟဲ့.. ငါတို့ မိသားစုက ဆင်း၇ဲတယ်. အဖေ နဲ့ အမေ ၂ ယောက်လုံးက ဈေးမှာ အလုပ်လုပ်တယ်။ ရတဲ့ပိုက်ဆံနဲ့ စားသောက်တယ်။ ငါတို့ကို ကျောင်းထားတယ်။ အပိုငွေ သိပ်မရှိဘူးလေ။ အိမ်မှာ အားလုံး အလုပ်ကိုယ်စီ ရှိကြတယ်။ ငါက သောက်ရေ သုံးရေ တာဝန်ယူရတယ်။ နိုင်ရာပေါ့နော်။
အင်း.. ဆက်ပြော.။
နင်မြင်တဲ့အတိုင်းပဲလေ... ဒါနဲ့ နင်ရော အိမ်မှာ ဘာလုပ်လဲ ရေသယ်ရလား.။
ဟင့်အင်း. မသယ်ရပါဘူး. ငါတို့အိမ်က အိမ်မှာ အဝီစိတွင်း ရှိတယ်. စက်နိုးလိုက်တာနဲ့ ပိုက်က ရေထွက်လာ တယ်. ရေကန်ထဲရောက်တယ်လေ။ တခါတလေ အိမ်က အုတ်ကန်ရေ အေးလို့ မချိုးနိုင်ရင် ချောင်း ထဲသွားချိုးတယ်။ လက်ပြစ်ကူးလို့ရတယ်လေ။
အင်း..အဲဒါပေါ့ .. ငါ နင်တို့ တောရွာကို အားကျမိတာ. တို့မြို့မှာ နွေရာသီဆို ရေရှားတယ်ဟဲ့. ဒီနေ့ နေသာတယ်. နောက်ပီးတော့ မော်တာသံ မကြားဘူး. ကြည့်လိုက် ဘုံပိုင် ရေငုတ်ကို.. အဲတော့. .ရေပြည့်နေပီ..
အင်း ဟုတ်သားပဲ. ငါကူငယ်ပေးမယ်လေ.
အမလေး မလိုပါဘူး. ကဲ.. နောက်မှ ဆက်ပြောမယ်နော်။
ဒါနောက်ဆုံးအခေါက်ပဲ ဒီနေ့ ရေလုံလောက်သွားပြီ. ရေပြည့်သွားပြီ။ ဘိုင်ဘိုင် သူငယ်ချင်းလေး ။ တောသားလေး။

ဟင်း...... အင်းပါ အင်းပါ..

အဲဒီနေ့က ကြည်ပြာကို မကြေနပ်ဘူး။ ပြောပြမလိုလိုနဲ့ စကားကိုဝှေ့နေတယ်။ စိတ်တိုတိုနဲ့ မလှပတဲ့ သူမ ကျောပြင်ကို မကြည့်ချင်တော့။ ရေဘုံပိုင်မှ လှည့်ထွက်ကာ အိမ်ပြန်လာခဲ့သည်။

ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက် = ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည်
ကျွန်တော်၏ ဇာတ်ကောင် ဖြစ်ပါသည်) ။

ဝမ်းသာသောနေ့ .. ဒီနေ့

မနက်ကြီးက အိပ်ယာထ နောက်ကျတယ်။
အခန်းမှာ လူကုန်သွားမှ လူးလှိမ့်ထကာ အလုပ်သွားဖို့ အမြန်လှုပ်ရှားပြင်ဆင်ရတယ်။
ဝုန်း ခနဲ အခန်းတခါးကို ပိတ်လို့ အပြေးဆင်းခဲ့တယ်။ ကံကောင်းလို့ ဖယ်ရီမှိတယ်။

အလုပ်ရောက် ကွန်ပျူတာဖွင့် သတင်းပလင်းဖတ် ဒါက နေ့စဉ် နိစ္စဓူဝ။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ဘလော့ဂ်ကို ဖွင့်မရတာ ကြာပြီ။ စိတ်လဲ မလန်းတာနဲ့ ဘာမှ မလုပ်ဖြစ်ဘူး။
ဖွင့်ကြည့်ပြီး စိတ်လေတယ်။ ဒါတောင် အရဲစွန့်ဖွင့်တာ။ ကိုယ့်ဘလော့ကိုယ်ဖွင့်တာနဲ့ ကွန်ပျူတာပဲ ပျက်တော့မလို ဂူဂဲက သတိပေးစာမျက်နှာ ကြောင့်ပါ။ ကွန်မင့်တွေ အကုန်ဖျက်လိုက်တယ်။ လင့်ချိတ်ထားတာတွေလဲ ဖျက်လိုက်တယ်။ အဆုံးခံလိုက်တော့မယ် စိတ်ကူးသေးတယ်။ တချို့သော ပိုစ်များက ကျောက်ပန်းတောင်းဆိုဒ်မှာ ကော်ပီ ကူးထားသေးတယ်။ ကျန်တာတွေက ပေါက်ကရတွေ။

ပေါက်တတ်ကရ ရေးပေမယ့် ၂၀၀၈ တည်းက ရှိနေတဲ့ ပိုစ်လေးတွေ နှမြောနေပြန်ရော။
ဒီနေ့မှ စိတ်ကူးပေါက်ကာ ကိုယ့်ဘလော့ဂ် ကိုယ်ပြန်ဖွင့်ကြည့်တော့ အိုကေနေတယ်။

ဒါနဲ့ နည်းနည်း ပြင်လိုက်တယ်။

ဆန်းဝင်း (ကျောက်ပန်းတောင်း) ပြန်လည် အသက်ဆက်ရှင်သန်နေလို့ ဒီနေ့ ဝမ်းသာပီတိ ဖြစ်မိတယ်။
နှစ်သစ်မှာ မင်္ဂလာပါ။ တကယ့်ကို မင်္ဂလာပါပဲ။
လမ်းကြုံ လမ်းမှား ဖြစ်ဖြစ် တမင်တကာ ဖြစ်ဖြစ် လာလည်သူ မိတ်ဆွေများ ကျေးဇူးတင်ပါကြောင်း။

အားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Monday, March 28, 2011

ကြည်ပြာမုန်းတဲ့မ်ာတာ (အပိုင်း ၁)

ငါ မော်တာ တွေကိုမုန်းတယ်.
ဟင် ! .. ဘာလို့လဲ.
ငါ မော်တာသံကြားရင် ငိုချင်တယ်.
ဟင် ! . လိုက်မမှီတော့ဘူး.
နင်မသိပါဘူး.
ဟာ.. မပြောပြပဲ ငါက ဘယ်လိုလုပ် သိမလဲ.
နင်နားလည်အောင် ပြောပြဖို့ အချိန်မရှိဘူး တောသားရဲ့..
အန်..ဘလိုင်းကြီးပါလား. ရန်မစနဲ့နော်.
ရန်စတာ မဟုတ်ဘူး. အေးဆေးမှ ပြောပြမယ်.
အင်းလေ. နားထောင်ရတာပေါ့။

ကြည်ပြာ ဆိုတဲ့ ကောင်မလေး နဲ့ ဒီစကားတွေ ပြောဖြစ်တုန်းက သူဘာကို ဆိုလိုသလဲ နားမလည်ခဲ့။ အဲဒီတုန်းက ၁၉၉၉ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှာ ကျွန်တော် ဆယ်တန်း တက်နေစဉ် အချိန်။ ကျောင်းမဖွင့်ခင် နွေရက်မှာကတည်းက ကျူရှင်မှာ ဆရာမအတွက် လခ ကောက်ပေးတဲ့ စွာတေးလန်မလေး ကို သတိထားမိ တယ်။ ကြည်ပြာတို့ အိမ်နဲ့ ကျွန်တော် အိမ်ငှားနေတဲ့ အိမ်က တလမ်းထဲ။ ပြီးတော့ အတန်းတူ၊ အခန်းတူ၊ ကျူရှင်တူတူ။ သူပြောပြချက်အရ သူတို့ မိသားစုက ဆင်းရဲတယ်။ တနေ့လုပ်မှ တနေ့စားရတယ်။ အပိုဝင်ငွေက သားသမီးတွေ ကျောင်းစားရိတ်နဲ့ ကုန်ရော တဲ့။ ဆင်းရဲပေမယ့် ကြည်ပြာက ခင်ဖို့ကောင်းတယ် ပွင့်လင်းတယ်။ ဖေါ်ရွေတယ်။ မာနမကြီးပေ။

လမ်းထဲမှာ ကြည့်လိုက်တော့ အိမ်ကြီးအိမ်ကောင်း တိုက်အိမ်တွေ တန်းစီလို့။ လမ်းကတော့ ဖုန်တွေ တလုံးလုံးနဲ့။ အမျိုးအမည် မသိသော အကောင်းစား ကားတစီး ဖြတ်မောင်းသွားရာမှ ထောင်းထောင်းထ နေတဲ့ ဖုန်းလုံးကြားမှာ နှာခေါင်းမိတ် မျက်စိမှိတ်ကာ ခေတ္တရပ်နေလိုက်၏။ လေမှာ ဝဲနေတဲ့ တမာရွက်တွေ မြေပေါ်မကျခင်ဆက်လျှောက် လာခဲ့တယ်။ ရှေ့ဆီသို့ လှမ်းကြည့်လိုက်တော့ လမ်းဘေး တမာပင်အောက်က ရေဘုံပိုင်မှာ ရေစောင့်ခပ်နေတဲ့ ကောင်မလေးတစ်ယောက်။ သူမ ကြည်ပြာ။ ဆံပင်တွေကို သားရေကွင်းနဲ့ ကျက်တောင်စည်းထားတယ်။ နဖူးပေါ်ကျနေတဲ့ ချွေးတွေ၊ နှာခေါင်းမှာ စို့နေတဲ့ချွေးတွေကို ဘယ်လက်ဖမိုးနဲ့ ဆွဲသုတ်နေပုံက ကဗျာ မဆန်လိုက်တာ။ အင်္ကျီလက်မောင်းကို ခေါက်တင်လို့ လက်မောင်း ကြွက်သား ဗလတွေက ယောင်္ကျားလေး တစ်ယောက်ထက်ပင် ပိုမည် ထင်သည်။
ဟေ့..ကြည်ပြာ..
ဘာလဲ..တောသား.
နင့်ပုံစံက ယောင်္ကျားလေးလိုပဲ.
အင်း. ငါက အိမ်မှာ အငယ်ဆုံးသား ယောင်္ကျားလေးပဲ.
အင်းပါ..အင်းပါ.. နင့်နဲ့ပြိုင်ပြောလဲ ငါပဲရှုံးမှာပါ.
သိရင်ပီးရော..ပေါ့.
နင် တစ်နေ့ ရေဘယ်နှစ်ထမ်း သယ်ရလဲ.
သုံးခေါက်ပေါ့..ငါအများကြီးသယ်ချင်လဲ မရဘူး.
ဟင်..ဘာလို့လဲ..
သိချင်လား ..သိချင်ရင် ငါနဲ့ရေလာခပ်..သိလိမ့်မယ်.
ဟာ..နင်ကလဲ.. ငါ ငှားနေတဲ့အိမ်က ရေကန်ရှိတယ် . ရေသယ်စရာ မလိုဘူး
အေး. ဒါဆိုလဲ နင်မသိချင်နဲ့ပေါ့. တောသားရဲ့.. ဒီမှာ ရေပြည့်နေပီ စကားပြောဖို့ အချိန်မရှိဘူး။
အင်းပါဟာ.. ငါလဲ သွားတော့မယ်။
သွားချင်သွား မသွားချင်နေ နင့်သဘော.. ။
အင်းပါ..

ပြောရ ဆိုရ လက်ပေါက်ကပ်လိုက်တာ မြို့သူတွေ။ ဘယ်လို မိန်းကလေးလဲ မသိ။ ပြောပြော ဆိုဆိုနဲ့ ရေပုံးကို ဆွဲကာ ခပ်သွက်သွက်ထွက်သွားသည်။ ကြည့်ရင်းနဲ့ ကြည်ပြာ့ အကြောင်းစဉ်းစားနေမိတယ်။ အခုလဲ စကားကောင်း မပြောဘူး။ ဟိုနေ့ကလဲ မော်တာတွေကို မုန်းတယ်တဲ့။ မော်တာသံ ကြားရင် ငိုချင်တယ်တဲ့။ ဘာတွေလဲမသိ။ စိတ်ဝင်စားစရာပဲ။ နောက်တခါတွေ့မှ သေချာ မေးကြည့်ဦးမည်။

ဆက်ရန် -
ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက်= ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည် ကျွန်တော်၏ ဇာတ်ကောင် ဖြစ်သည်)။

သောကြာသားပါခင်ဗျာ

ဒီပုံပြင်ကိုရေးတာ သိသွားလို့ကတော့ ကျွန်တော် အဆဲခံရမှာ သေချာတယ်။ ဒါပေမယ့် ရေချင်တာ ကြာနေပြီ။ အဲတော့ နာမည်ပြောင်း ရေးမယ်။ သောကြာသား ပုံပြင်က ဒီက စတယ်။

အဲဒီရွာလေးက နေချင့်စဖွယ် သာယာတယ် (ဘယ်ရွာလဲ မမေးနဲ့ မပြောဘူး)။ တောင်ကျချောင်း ဘေးက ရွာတန်းရှည်လေးပေါ့။ မြသိန်းတန် တောင်ကုန်း ဆိုတာ အစိုးရ ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်ထားတာ မကြာသေးဘူး။ ယခင့် ယခင်ကဆို နွေရာသီ အလုပ်ပါးချိန် ထင်းခုတ်ချင်တိုင်းခုတ် လို့ရတယ်။ သန်းပင်၊ ဒဟတ်ပင်၊ ရှားပင်၊ ဇီးပင်၊ ဝါးပင်တွေ အိုး.. အညာဒေသ ပေါက်တဲ့ အပင် စုံလို့ပေါ့။ ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်ပီးကတည်းက မြသိန်းတန် တောင်ကုန်းမှာ ထင်းမခုတ်ရတော့ဘူး။ တောခေါင်းက ချောင်းဖမ်းတယ်။ ဒါပေမယ့် တခါတခါ ခိုးခိုး ခုတ်ကြတယ်။ သိတယ်မလား။ အဲဒီမှာ စတွေ့တာ။

တနေ့တော့ ရွာတန်းရှည် ရွာလေးက ဦးလေးကြီးတွေ ကြိုးဝိုင်းသစ်တော မှာ ထင်းခိုးခုတ်ကြတယ်။ နံနက်ကြီးစောစော ၅ နာရီလောက်တည်းက လှည်း ကိုယ်ဆီနဲ့ ထွက်လာကြပြီး လှည်းနွားများ အရိပ်ကောင်းတွင် ထားကာ ထင်းခုတ်ရန် ပြင်ကြတယ်။ မိုးလင်းတည်းက တိုးတိုး ကြိတ်ကြိတ် ခုတ်ကြ တယ်။ ကံဆိုးချင်တော့ နံနက် ၉ နာရီလောက် ကျတော့ တောခေါင်းက ဖမ်းမိသွားတယ်။ အားလုံးပေါင်း (၇) ယောက်။ ကျောက်ပန်းတောင်း-ချောက် ကားလမ်း ဘေးက သစ်ပင်မှာ “သစ်တစ်ပင်ခုတ် အချုပ်သုံးလ” တဲ့ ရေးထားတာ တွေ့ဖူးတယ်။ ထင်း ခုတ်တာ ဆိုတော့ ဘယ်လောက်ကျခံရမလဲ မသိ။ ဦးလေးကြီးများ ကြောက်ဒူး တုန်နေ၏။

ထင်းခုတ်သူ ဦးလေးကြီးများအား တောခေါင်း၏ တဲသို့ ခေါ်သွား၏။ တောခေါင်း က ဒေါသဖြင့် ပြောသည်။ “ဦးလေးကြီးတို့ ဒီတောဟာ နိုင်ငံတော် အစိုးရ ကြိုးဝိုင်းသစ်တောဖြစ်တယ်။ ထင်းမခုတ်ရဘူး ဆိုတာ မသိကြဘူးလား။ ထင်းခိုးခုတ်ရင် ထောင်ဒဏ်အထိ အပြစ်ပေးလို့ ရတယ် ဆိုတာ ဦးလေးတို့ ရွာသူကြီးက ပြောပြမထားဘူးလား” ဦးလေးကြီးများ အသံပင်မထွက် ဘာမျှ ပြန်မပြောရဲကြ။ တောခေါင်းက ဆက်ပြော၏။ ဦးလေးကြီးတို့ တစ်ယောက်ချင်း ဆီ မေးမယ်။ မဆိုင်တဲ့သူ ဝင်မပြောကြနဲ့ ဟုဆိုကာ တစ်ယောက်ဆီ စစ်မေး၏။

နံပါတ် (၁) ဦးမောင်ပု။ ကဲ.. ဦးလေး ပြော.. ဘာပင်တွေ ခုတ်သလဲ။ ဘာသားတွေ ခုတ်သလဲ။
ဟုတ်ကဲ့ ဆရာလေး ဦးလေးကို မဖမ်းပါနဲ့။
အဲ..ဗျာ.. ဆရာလေးတော့ မခေါ်ပါနဲ့။ ကျွန်တော် မေးတာ အေးဆေး ဖြေပါ။ ဆရာလေး ခေါ်ခံလိုက်ရသောကြောင် တောခေါင်းလေး အနည်းငယ် တင်းသွား၏
ဦးလေး အိမ်က ဆင်းရဲတယ်ကွဲ့။ ခိုင်းနွား ၂ ကောင်၊ နွားမက ၅ ကောင်ရှိတယ်။
ဒီမှာ ဦးလေး အဲဒါနဲ့ ကျွန်တော်မေးတာ ဘာဆိုင်သလဲ..
ဒီလို ဆရာလေး..အဲ. ရောင်လို့ ငါ့တူရဲ့.. ဦးလေး အိမ်က ရွာစည်းရိုးနဲ့ ကပ်နေတယ်။ နွေရာသီမှာ နွားသခိုးက ပူတတ်တယ်။ ဒီတော့ သခိုးရန် မပူရအောင် စည်းရိုးကာဖို့ ဆီးဆူး၊ ရှားဆူး တခက် နှစ်ခက် လာခုတ်တာပါ။ ထင်းခုတ်တာ မဟုတ်ရပါဘူး မောင်ရယ်။ ဒါ့ကြောင့် ဦးလေးကို မဖမ်းပါနဲ့လို့ တောင်းဆိုတာပါ။
အော်..ဒီလိုလား. သေချာရဲ့လား သေချာရင် ဦးလေး လှည်းကို လိုက်ပြပါ။ နောက်မှ လိုက်ကြည့်မယ်။ ကဲ နောက်တစ်ယောက်။

နံပါတ် (၂) ဦးမောင်ကို။ ဘာပင်တွေ ဘာသားတွေ ခုတ်သလဲ ပြောပါဦး ဦးမောင်ကို။
မောင်ရင်ရယ် စဉ်းစားကြည့်စမ်းပါ။ ဦးလေးမှာ အပြစ်မရှိပါဘူး။ အပြစ်ရှိတာ ဦးလေး မိန်းမပါ။ တောခေါင်းလေး မျက်လုံးပြူးသွား၏။ ဦးမောင်ကို ဆက်ပြော၏ ဒီလိုမောင်ရင် ဒီနှစ် မိုးဦးအစက မိုးနည်းနည်းခေါင်းတယ်။ ပဲနှမ်း သိပ်မကောင်းဘူး။ ကံဆိုးတယ် မြေပဲပေါ်တော့ ယာခင်းထဲမှာလဲ မြေပဲတွေ မိုးမိတယ်။ အိမ်ရောက်တော့ လဲ အခြောက်လှမ်းတာ မိုးမိပြန်တယ်။ ပွဲစားနဲ့ တွေ့တော့ ဈေးနှိမ်ခံရပြန်တယ် မောင်ရင်။ တောသူတောင်သား သနားဖို့ ကောင်းပါတယ်။
စိတ်ဝင်စားလာပီ. ဆက်ပါဦး ပုံပြင်က ဘယ်လိုလဲ..(တောခေါင်းက တင်းတင်းနဲ့ ရွဲ့ပြောလိုက်၏)
အဲဒါနဲ့ မိန်းမဖြစ်သူပေါ့ ရွာဦးကျောင်းက ကပ္ပိယကြီးဆီမှာ ဗေဒင်မေးတယ်။ ဗေဒင်အရ အိမ်မှာ ဂျိုလ်ဆိုးဝင်နေတယ်လို့ ပြောပါတယ်။ ဂျိုလ်ဆိုးတွေ ပြောက်အောင် ဘုရားကိုးဆူ ဆွမ်းကြွေးလုပ်ရမယ်။ နေ့တိုင်း နားပူ နားစာ လုပ်လွန်းလို့ ဘုရားကိုးဆူဆွမ်းကြွေး လုပ်ဖို့ ရပ်သတ်မှတ်ပြီး လိုတာလေးတွေ စုဆောင်းရင်း ဆွမ်းချက်ဖို့ ထင်းလေး လိုတာနဲ့ လာခုတ်မိတယ်။ သန်း၊ ဒဟတ်၊ ရှား နည်းနည်းလေးပါ။ ကံကလဲ အခုထိဆိုးတုန်းပါပဲ မောင်ရင်ရယ်။
အော်..အော်.. ဟုတ်ပီ။ သဘောပေါက်သွားပြီ။ ဆွမ်းချက်ဖို့ ထင်းလာခုတ်တယ် ဆိုပါတော့။ ကောင်းလိုက်တဲ့ ဖြေရှင်းချက်။ ကဲ ထားပါတော့ နောက်တစ်ယောက်။
သို့နှင့် နံပါတ် (၃) (၄) (၅) (၆) မေးမြန်း စစ်ဆေးစဉ် ရယ်ရမလို ငိုရမလို ဒေါသထွက်ရမလို နှင့် တောခေါင်းလေး ရူးချင်သွား၏။ နောက်ဆုံးတစ်ယောက်

နံပါတ် (၇) ဦးဟန်ပိုင်။ ဦးဟန်ပိုင်သည် ရိုးသား၏။ တစ်အာရုံသမား သူပြောချင်တာ ပြော၏။ ယခုမူ ကြောက်လွန်းသဖြင့် ဘာကိုမှ မတွေးနိုင်တော့။ သို့သော် အလှည့်ရောက်လာ၏။ ဟန်ပိုင် ဆိုသော နာမည်နှင့်အညီ မေးခွန်းများ ဖြေရတော့မည်ကို ဟန်နှင့် ပန်နှင့် အားမန် အပြည့်ထည့်ထား၏။ ဟန်ကိုယ့်ဖို့ ဟူဆို၏။
တောခေါင်းက မေး၏။ ကဲ..ဦးဟန်ပိုင် ဘာသားလဲ ပြောစမ်းပါဦး။
ဦးဟန်ပိုင် အသံကျယ်ကျယ်ဖြင့် အားရပါးရ “ကျွန်တော် သောကြာသားပါ ခင်ဗျာ” ဟုဖြေ၏။
ဗျာ..သောကြာသား ဟုတ်လား ပြန်ပြောပါဦး
ဟုတ်ကဲ့ ကျွန်တော် သောကြာသားပါ ဗိုလ်လေး။
တောခေါင်း နှင့်တကွ အားလုံးသော ဦးလေးကြီးများ ဝါးခနဲ ဝါးလုံးကွဲ ၇ယ်ချလိုက်လေသည်။ တောခေါင်းလေးသည် ဒေါသစိတ်ထက် ရယ်အား သန်ကာ မေးခွန်းများ ဆက်ကာ မမေးတော့ပေ။

ကဲကဲ.. ဦးလေးတို့ ဒီမှာလာ လက်မှတ်ထိုး။ နောက်တခါ မိရင် ရဲလက်အပ်မယ်။ ကျန်တဲ့ရွာသားတွေရော အနီးနားရွာတွေရော ပြောထားကြ ဟုတ်ပီလား။ ဒီ မြသိန်းတန် တောင်ကုန်းကို ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်တာ အစိုးရ အကြီးကဲတွေက က အပိုင်စီး သစ်ခုတ် ရောင်းစား ချင်လို့ မဟုတ်ဘူး။ ဦးကြီးတို့ သိတဲ့ အတိုင်း ကမ္ဘာကြီးက ပူနွေးလာတယ်။ အညာဒေသမှာ မိုးခေါင် ရေရှား ရာသီဥတုတွေ ပြောင်းလဲလာတယ်။ အဲဒီလို ပြောင်းလဲလာတဲ့ ရာသီ ဥတုကို ထိန်းသိမ်းဖို့ လိုတယ်။ ကြားဖူးကြတယ်မလား ဥတုရာသီ တောကိုမှီတဲ့
သစ်တော ဝါးတော ရှိမှ မိုးမှန်မယ် တောင်သူတွေ အလုပ်ဖြစ်မယ်။ ဝင်ငွေ ကောင်းမယ်။ အဲဒါမှ ဟိုဦးလေး ပြောသလို မိန်းမက နားပူ နစာ မလုပ်တော့ဘူးပေါ့။ သဘောပေါက်ရဲ့လား။

အားလုံးက ပေါက်ပါတယ် ဆရာလေး။ ပေါက်ပါတယ် မောင်ရင်။ ပေါက်ပါတယ် ဗိုလ်လေး။ သဘောပေါက်သွားပြီ ငါ့တူကြီး စသည်ဖြင့် တစ်ယောက် တစ်ပေါက် ပြန်ဖြေကြ၏။ တောခေါင်းလေးသည် ရာသီဥတု ပြောင်းလဲခြင်း နှင့် မည်သို့ မည်ပုံ ထိန်းသိမ်းရမည်များကို ပညာပေး ပြောဆိုကာ ပြန်လွတ်လိုက်၏။

ထိုအချိန်မှစ၍ သောကြာသားသည် နာမည်ကြီးလာ၏။ ဦးဟန်ပိုင်အား မြင်လျှင် အချင်းချင်း တိုးတိုး ကျိတ်ကျတ် သောကြာသားပါခင်ဗျာ ဟုတ် နောက်ကြ၏။ သောကြာသား ဟာသ ပုံပြင် အဖြစ် လူကြီး လူငယ် လက်ဆင့်ကန်းကာ ပြောဆို ဝါးခနဲ ဝါးလုံးကွဲ ရယ်ကြလေသည်။

Thursday, March 24, 2011

နယ်သားဘလော်ဂါများ

ဘလော့ဂ်နာမည်ကို “ရွှေညာသားလေး” လို့ အမည်ပေးထားပါတယ်။ ရေးသူကတော့ မျိုးခန့် (စကားဝါမြေ) ဖြစ်ပါတယ်။ အရေးသား ကောင်းတယ်။ စိတ်ကူးတွေလဲ ကောင်းတယ်။ အညာမြေကို ချစ်ခင်တဲ့ အညာသား စစ်စစ် သွေးတွေနဲ့ ရေးတဲ့စာတွေက စာဖတ်သူကို ဆွဲဆောင်မှု အပြည့်ရှိတယ်။ ဇာတိပုည ဂုဏ်မာန ဆိုတဲ့အတိုင်း ဇာတိမြေအကြောင်း ကမ္ဘာသို့ ဖွင့်ဆို ချပြကာ ဂုဏ်ယူဝံ့ကြွားသူ ဖြစ်တယ်။ အညာမြေ ကျေးလက်ဓလေ့များ အကြောင်း ကိုယ်တိုင် ဘဝဖြတ်သန်းမှု နဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေက စိတ်ဝင်စားဖွယ် ဖတ်လို့ကောင်းတယ်။ http://shwenyartharlay84.blogspot.com/ ရွှေညာသားလေး အား ဇာတိမြေမှ နယ်သား ဘလောက်ဂါ အသစ် မိတ်ဆက် အဖြစ် အဝေးရောက် ကျောက်ပန်းတောင်းအသင်း ဝဘ်ဆိုဒ်မှ မိတ်ဆက်ပေးလိုက်ပါတယ်။

ယခင်က နယ်သား ဘလော်ဂါဆိုဒ်များ တင်ပြဖူးပါတယ်။ ယခု ထပ်မံ ဖေါ်ပြ လိုက်ပါတယ်ခင်ဗျာ။
၁။ ကျောက်ပန်းတောင်းအသင်း ဆိုရှယ်ဆိုဒ် click here.
၂။ ဆရာတော် ဦးကျောက်ပန်းတောင်း click here.
၃။ စကားဝါမြေ စာကြည့်တိုက် wordpress click here.
၎။ စကားဝါမြေ စာကြည့်တိုက် click here.
၅။ အောင်နိမိတ်-သက်နှင်းဆွေ(ပုပ္ပါး) click here.
၆။ အနာဂါတ်သံစဉ် – ညီညီ click here.
၇။ ဆန်းဝင်း(ကျောက်ပန်းတောင်း) click here.
၈။ မောင်မောင်ဆိုလေထီးရိုးရှည် click here.
၉။ ကိုဖိုးလင်း multiply click here.
၁၀။ ရွှေညာသားလေး click here.

နယ်သူနယ်သားများ ဆိုရှယ်နတ်ဝေါ့ဒ် ကွန်ယက်ဖွဲ့ကာ ဇာတိမြေအကျိုး ပိုမို သည်ပိုး နိုင်ကြပါစေ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Tuesday, February 22, 2011

နာမည်ဆိုးတဲ့ အက်စစ်

ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးလက်တောရွာ တရွာမှာ -
ရှေးတုန်းက ယောင်္ကျားများ အသက်ရွယ် ရလာရင် ဒူလာ ရှူနာ ရှိုက်ကုန်း ပိန်တိ ပိန်ညောင်ဖြစ်လာတယ်။ ဒါဟာ ရောဂါကြောင့် ပိန်ခြင်းသာဖြစ်တယ်။ ရှေးဘဝကံ အကျိုးပေးကြောင့် ၉၆ ပါးရောဂါ ဝေဒနာ ခံစားရခြင်းဖြစ်တယ် လို့ မြင်တယ်။ ဘဝကံ အကျိုးပေး မကောင်းလို့ ဒီလိုအဖြစ်ကို သနားကြတယ်။ တစ်ဦးကို တစ်ဦး ဖေးမ လို့ ကူညီကြတယ်။ ရောဂါ ကြောင့် ဘဝ ကူးသွား ခဲ့လျှင်တောင်မှ အသုဘ လိုက်ပို့မည့်သူ မရှားပါ။ ဒီလို အဖြစ်မျိုးတွေဟာ ကမ္ဘာကြီး ရွာတရွာ မဖြစ်ခင်က အမှန်တကယ် ရှိခဲ့တာပါ။

ဒီအယူဆ အတွေး အမြင်ဟာ ပြောင်းသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်က စလို့ ယောင်္ကျား တစ်ယောက် ပိန်တိ ပိန်ညောင် ဝါးခြမ်းပြား အဝတ်ပတ် ထားတဲ့ ပုံစံဆိုရင် အက်စစ် ကိုက်နေတယ် လို့ အပြော ခံရပီသာ မှတ်ပေတော့။ အားလုံးရဲ့ စိတ်မှာ ဆွဲထင်နေတာ တဖြေးဖြေး ပိန်လာရင် အက်စစ်ကိုက် ခံနေရတယ် မကြာခင်မှာ ရှောတော့မယ်တဲ့။ မိဘတွေက သားသမီးတွေကို ဆုံးမကြတယ်။ အဲဒီလူက ကိုယ်ကျင့်တရား ပျက်တဲ့သူ။ ယုတ်မာတဲ့သူ၊ မပေါင်း မသင်းကြနဲ့။ ဝေးဝေး ရှောင်ကြလို့။ ကျေးလက် သားဖွား ဆရာမက အတင်း တုတ် သလိုလို ပညာပေးတော့ လမ်းကြောင်း လွဲမှား သွားတာလဲ ရှိမယ် ထင်ပါတယ်။ မည်သို့ပင် ဖြစ်စေ အက်စစ် ရောဂါကတော့ တောနယ်များ အထိ ရောက်ရှိ နေလေပြီ။

အက်စစ်ကြောင့် ကမ္ဘာကြီး ရွာတစ်ရွာအဖြစ် ပြောင်းလဲ လာတာကို အပြစ် ဆိုရမလို ဖြစ်နေပါပြီ။ တကယ်တော့ ဆင်းရဲခြင်းက အဓိက ပြသနာ တခုပါ။
မိုးခေါင်ရေရှား အညာမှာ နှစ်စဉ် လူဦးရေက များလာတယ်။ အနေ အစား ခြွေတာရတဲ့ဘဝမှာ မိသားစု စားဝတ်နေရး နဲ့ ငွေကြေး အတွက် လူငယ်တွေ မြို့တက် အလုပ်လုပ်ကြ တာ ရှိလာတယ်။ ငယ်ရွယ်သူ စိတ်က ထက်တယ်။ လုပ်ချင် ကိုင်ချင်စိတ် အပြည့်ရှိတယ်။ ဆူးစမ်းတတ်တယ်။ မြို့မှာ အလုပ် လုပ်လို့ လမ်းကြောင်း မှန်ကို ရောက်တဲ့ လူငယ် ရှိသလို လမ်းကြောင်းမှားတဲ့ လူငယ်တွေလဲ ရှိလာတယ်။

လမ်းကြောင်းမှားတဲ့သူက ငွေစလေးတွေနဲ့ ကျေးလက်ရွာကို အပြန် အက်စစ် သယ်လာတယ်။ အက်စစ်ကြောင့် နေ့မြင် ညပြောက် လေးငါးယောက်ရှိတဲ့ အခါ ကြောက်လန့်လာကြတယ်။ အဲဒီကစ သာမန် ကျန်းမာရေးကြောင့် ပိန်လာတဲ့ သူတွေကိုပါ ရောပြီး ယုန်ထင်ကြောင်ထင် ထင်ကြတယ်။ အက်စစ် ကိုက်နေပြီထင်တယ်။ မယုံရင် ကြည့်နေပေါ့။ အက်စစ်က ကြောက်ဖို့ တအား ကောင်းတယ်။ သမားဆရာ တို့ အဆိုရှိတာ အနာသိ ဆေးရှိတဲ့။ အခုတော့ ကုရာနတ္တိ ဆေးမရှိ ဆိုတဲ့ ရောဂါ အက်စစ် ပေါ်လေပြီ။ ကျေးလက်နယ်တွင် အက်စစ်အား ကြောက်လန့် နေသောစိတ်များ လွှမ်းနေ၏။

ဖေးမကူညီ အကြံညဏ်ပေး ကုသရန် စဉ်းစားကြခြင်းထက် ကိုယ့်ကျင့်တရား ဖောက်ဖျက်ခြင်းအမှုကိုသာ ဖိပြောနေကြသည်။ အဆိုး မဆိုသာချေ။ ပြသနာ သည် ခြေတောက်ပေါက်ကာ အလိုလိုရောက်လာခြင်း မဟုတ်။ ပြသနာအား သယ်ဆောင်လာသူသည် အသိတရားလွတ် ဗဟုသုတမဲ့စွာ နေထိုင်ပြုမူခြင်း ကြောင့်ဖြစ်၏။ သို့နှင့် အက်စစ် ကိုက်ခံရသူသည် လူ့အသိုင်းဝိုင်းမှ ဘေးထွက် နေရန်မှတပါး အခြားမရှိ။ ကုသရန် လမ်းကြောင်းကား ပြောက်ဆုံးနေ၏။

ထို့ပြင် အက်စစ်ကြောင့် မိဘ ဆွေမျိုး အသိုင်းဝိုင်း မှာလည်း မျက်မှာ ပျက်ရ၏။ သူတို့သားပေါ့ အက်စစ်ကိုက် သေတာ။ အဲဒီရွာကလူပေါ့ အက်စစ်ကိုက်လို့ သေတာ ၂ ယောက်တောင်ရှိပေါ့။ နေရပ်ဇာတိ နာမည်ကောင်းမရှိပြီ။
ထိုမှတဖန် မြို့နယ် နာမည်ပျက်ရ၏။ ထိုမှတဆင့် …..ရှေးယခင်က သမိုင်းကောင်းသော ကျောက်ပန်းတောင်းနယ်သည် နာမည်ပျက်ရ၏။

အဆိုကောင်း ဒွန်တွဲနေသော သဘောသည်ရှိ၏။ ဘာသာတရား ကိုင်းရှိုင်း သော ရိုးသားသော ဖော်ရွှေသော သူများရှိရာ နယ်မြေသို့ အက်စစ် ရောက် လာသည်။ အထက်ပါ ဥပမာသည် အက်စစ် လမ်းကြောင်းတခုသာဖြစ်၏။ အခြားအကြောင်းများလဲရှိ၏။ သိသလောက်တော့ ရေးဦးမည်။ အေအိုင်ဒီ အက်စ် ကူးဆက်ခံ ဝေဒနာရှင်များ စာရင်းတွင် ကျောက်ပန်းတောင်းက ပါနေ၏။ ဘာကြောင့်လဲ။ HIV AIDS က လူကို ဘယ်လို ကူးဆက်တတ်သလဲ။ မကူးဆက်အောင် ဘယ်လို ဆင်ခြင်ရမလဲ မသိလို့။ အရက်သေစာ သောက်စားကာ အဖေါ်မပါပဲ ခရီးသွားမိလို့ စသဖြင့်။

ကျောက်ပန်းတောင်းမြို့တွင် ဟိုက်ဝေးမောင်း ဆယ်ဘီးကားများ ရှိ၏။ နာမည်ကြီး၏။ ကားသမားသည် နယ်စုံ ရောက်၏။ မိန်းမ လိုက်စား၏။ ကာမတနှာ သွေသားဆန္ဒသည် သတ္တဝါတိုင်းရှိစမြဲပင်။ နယ်စုံရောက်ကာ နယ်စုံမှ ရောဂါများ သယ်လာခြင်းသည် ပြသနာ တရပ်ဖြစ်၏။ ဤသည်မှာ အက်စစ် လမ်းကြောင်းတခု ဖြစ်၏။ ဇာတ်သများ နှင့် နတ်သမာများ သည်လဲ အက်စစ် သယ်ဆောင်ရာ လမ်းကြောင်း ဖန်တီးသူများတွင်ပါဝင်၏။ တသက်လုံး ဒီရွာမှာနေ ဒီရေကို သောက်၊ ဒီလင် ဒီမယား ပေါင်းသင်း နေထိုင် လာတာ ဘာမှ ဖြစ်စရာ အကြောင်း မရှိတာ လူတိုင်းအသိပါ။ နယ်လှည့် နေသူများ သတိထားဖွယ် ဖြစ်ပါသည်။

ကျောက်ပန်းတောင်း ဆရာတော်ငယ်၊ ဆရာတော် ကြီးများသည် အနယ်နယ်အရပ်ရပ်တွင် သာသနာ ပြုကြ၏။ ဒုန်လဘ ကိုရင် ဝတ်လိုသူ များအား သင်တုန်းဓါး အတူရိပ်၏။ ဇာတိပြန် လာခဲ့သော် အက်စစ် သယ်ဆောင် လာနိုင် မလာနိုင် မည်သူငြင်းမည်နည်း။ ကျောင်းသားလူငယ် များလဲ ထည့်တွက်ရမည်။ မြန်မာပြည် အနှံ့ ပညာသွားသင်ကြရာ ဇာတိမြေ သို့ အက်စစ် သယ်လာနိုင်၏။ အက်စစ် ကူးဆက် ပြန့်ပွားခြင်း လမ်းကြောင်း အား ပရော်ဖက်ရှင်နယ်များ ပိုမို ခန့်မှန်းနိုင်လိမ့်မည်။

ဇာတ်သမားတွေတော့ မကောင်းဘူး။ နတ်ကတော် တွေတော့ မကောင်းဘူး။ ဘုန်းကြီးတွေတော့ မကောင်းဘူး။ ကျောင်းသားတွေတော့ မကောင်းဘူးလို့ ပြောလိုသည်မဟုတ်။ အနီးစပ်ဆုံး ဖြစ်နိုင်ခြေ စဉ်းစားမိခြင်းသာဖြစ်၏။ အက်စစ်ကို ကာကွယ်ဖို့ အဓိကကတော့ ပညာပေးခြင်း နှင့် အကာကွယ် ပစ္စည်းများ ဖြန့်ဝေပေးခြင်းသည် ထိရောက် မည်ထင်၏။ အားလုံးလဲ စဉ်းစားမိ ကြမည် ထင်ပါသည်။ အဲဒီတော့ နာမည်ဆိုးတဲ့ အက်စစ်ကြောင့် ကျောက်ပန်းတောင်း နာမည်မပျက်ရအောင် ပညာပေး လုပ်ငန်းများ လုပ်ကြဖို့ တိုက်တွန်း လိုပါတယ်။

ဇာတိမြေကိုချစ်သော – ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Saturday, February 19, 2011

ထန်း နဲ့ ထန်းလျှက်





ကျွန်တော်ရိုက်ထားတာ။ မဟုတ်ပါ။ ပုဂံညောင်ဦး လာလည်တဲ့ ပြည်ပ ခရီးသည်များ ရိုက်ထားတာပါ။ Flickr.com ကနေ ယူထားတာ လင့်မေ့သွားပီ။ အပေါ်ပုံက Ballons over bagan shoot ပါ။

ကြက်မောက်တောင်ဆည်

Monday, January 31, 2011

ပုပ္ပါးတောင် ရှုခင်းများ

ပုပ္ပါးတောင် အာရုံဦး ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)


ပုပ္ပါးတောင် အာရုံဦး ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

မှတ်ချက် = ကျောက်ပန်းတောင်း နဲ့ ပုပ္ပါးကို google search မှာ တွဲပေါ်အောင် ဓာတ်ပုံ ခေါင်းစဉ် တပ်လိုက်တာပါ။ အထက်ပါ ဓာတ်ပုံများကို filckr.com က နိုင်ငံခြားသား တစ်ဦး ဆီမှ မပြောမဆို အလစ်သုတ်လာခဲ့ပါတယ်။ ကွန်မင့်တော့ ပေးခဲ့တယ်။