Wednesday, September 8, 2010

လက်ဖဝါးပေါ်က အရေးအကြောင်းများ။


တနင်္ဂနွေရဲ့ ရာသီဥတုက မိုးသားတိမ်တိုက်တို့ အုံ့ဆိုင်းလို့နေတယ်။ ဘယ်ကိုမှ သွားချင်စိတ် မရှိဘဲ အခန်းအောင်းကာ တီဗွီကြည့်နေရင်း လက်နှစ်ဖက်ကို ဖြန့်ကာ သေချာ ကြည့်မိတယ်။ လက်ဖဝါးက အရေးအကြောင်း လက္ခဏာတွေ ပြတ်သား ထင်ရှားစွာ မြင်နေရတော့ အံသြနေ မိတယ်။ အရင်ကဆို လက်ဖဝါးနှစ်ဖက်စလုံး အရေးအကြောင်း တွေက များလိုက်တာ။ ကျွန်းခံနေတာ မဟုတ်ပါ၊ မကြည့်ချင်အောင် ခြုံတွေထူထပ် နေတယ်တောင် ထင်ခဲ့ရတယ်။ အခုမှ တော်တော် ထူးဆန်းနေတယ်။



အဲဒီအကြောင်း အတူနေ အကိုကြီး တစ်ယောက်ကို ပြောပြမိတယ်။ သာမန်ပါပဲ -“ကျွန်တော်လက်က လက္ခဏာတွေ အရင်နဲ့မတူဘူး ထင်ထင်ရှားရှား မြင်လာရတယ်” လို့ ပြောရင်း သူကလဲ စိတ်ဝင်းစားသွားတယ်ထင်တယ်။ “ပြစမ်းပါဦးကွ” ဆိုပြီး လက်နှစ်ဖက်ကို သေချာ ယှဉ်ကြည့်တယ်။ သူက ပြောသေးတယ် “အကိုက အရမ်းနားလည် လို့တော့ မဟုတ်ဘူး ကိုင်ရိုစာအုပ်ဖတ်ပြီးတည်းက လက္ခဏာကို စိတ်ဝင်းစားလို့ လေ့လာခဲ့တယ်၊ နည်းနည်း ပြောကြည့်မယ်” တဲ့။ ဒါနဲ့ ကျွန်တော်လဲ လုပ်စမ်းပါဦးပေါ့ သိချင်စိတ်နဲ့ ဆက်မေးမိတယ်။ ပညာရေး၊ ကျန်းမာရေး၊ နှလုံးသားရေး နဲ့ အောင်မြင်ရေး အကြောင်းတွေ သူပြောပြတယ်။

ထူးထူးခြားခြား ကျွန်တော့ကို သူပြောပြတာ တခုရှိတယ်။ “ညီက မွေးရပ်မြေကို လုံးဝစွန့်ခွာ ရမယ့် လူတစ်ယောက်ပဲ” တဲ့။ သေချာ၇ဲ့လားဗျာ ဆိုတော့ သေချာတယ် ညီ့ရဲ့ လက္ခဏာမှာ ထင်ထင်ရှားရှား ပါနေတယ်တဲ့။ အဲဒီမှာ စပြီး ကျွန်တော် ဝမ်းနည်းတဲ့စိတ်ဝင်လာတော့တာပဲ။ တကယ်ဆို မွေးရပ်မြေကို လွမ်းလို့ကောင်းနေဆဲ အချိန်ပါ။ စင်္ကာပူနိုင်ငံကို ခေတ္တ ခဏ အလုပ်လာလုပ်တယ်။ ပြီးရင် အဖေ အမေရှိတဲ့ မွေးရပ်မြေကို ပြန်မှာပေါ့။ ခဏတာခွဲခွာ နေရတာတောင် လူပင်ပန်း စိတ်ပင်ပန်း ရာသီစာတွေလွမ်းလိုက်ရတာ။ အခုလို မွေးရပ် မြေကို လုံးဝစွန့်ခွာရမယ်ဆိုရင်ဖြင့် .. အပြင်မှာလဲ မိုးတွေအုံနေဆဲ.. သက်ပြင်းတွေ အခါခါချလို့ ခုတင်ပေါ် ပြန်လှဲကာ အတွေးများ နယ်ချဲ့ နေမိတယ်။ ကျောက်ပန်း တောင်းမြို့ ဆိုတာ နယ်နယ်ရရမြို့မှ မဟုတ်ဘဲ။ ရာဇာဝင်နဲ့ သမိုင်းနဲ့။ အချစ်ကြီးတဲ့ ရိုးသားတဲ့ လူတွေ ရှိတဲ့မြို့.......။

ငယ်ငယ်က။ အဖေ မြို့ကို ပဲတွေ နှမ်းတွေ သွားရောင်းတဲ့အခါ တအား လိုက်ချင်ခဲ့တယ်။ မြို့ကို မလိုက်ရတဲ့ အခါများဆို ငိုရတာ အမော။ ကျောက်ပန်းတောင်းမြို့ပေါ်မှာ လူတွေအများကြီးနဲ့ ကားတွေမျိုးစုံ၊ မြင်းလှည်းတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ ကြားမှာ လမ်းလျှောက်ရင်း ငေးရတာ ပျော်စရာကြီး။ ဆယ်တန်းနှစ်ရောက်တော့ ကျောက်ပန်းတောင်းမြို့ပေါ်က ဗိုလ်ချုပ်လမ်း ဆရာမ ဒေါ်ယဉ်ယဉ်အေး (မြို့ရှေ့ကျောင်း ဆရာမ) အိမ်မှာနေလို့ ကျောင်းတက်။ အထက (၁) ဆိုတာ ကျွန်တော်နေခဲ့တဲ့ အထက်တန်းကျောင်းကြီးပေါ့။ ကျောင်းရှေ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နိုင်ငံတော် အလံ အလေးပြုဖို့ တန်းဆီကြတော့ ရင်တွေတုန်နေမိသေး။ အစိမ်း အဖြူ တူညီ ကျောင်းဝတ်စုံ တွေနဲ့ မူလတန်းမှ အထက်တန်းထိ ကျောင်းသူ/သား တွေနဲ့ နိုင်ငံတော်သီချင်း သံပြိုင်ဆိုတော့ ပဲ့တင်ထပ်လာတဲ့ အသံက ကျောထဲစိမ့်အောင်ပင် ကျက်သီးထမိပါရဲ့။

ပထဝီမှာ သင်ရတယ် မြန်မာနိုင်ငံ အလယ်ပိုင်းက ရေမြေတောတောင် သဘာဝအကြောင်းတွေ၊ ရာသီဥတုအကြောင်းတွေကို။ အမြင့်ပေပေါင်း ၄၉၈၁ ပေမြင့်တဲ့ ပုပ္ပားတောင်ဟာ ကိုယ့်မြို့ အနားမှာ ရှိတော့ ခဏခဏ ရောက်ဖူးတယ်။ ဟိုတလောက သတင်းတွေထဲမှာ ပုပ္ပားတောင်ကလပ်က မြောက် တွေထက် မြောက်စာရောင်းတဲ့လူတွေက ပိုကြောက်ရတယ်လို့ ဖတ်ရသေးတယ်။ မဖြစ်သင့်ဘူး။ ယခုဆို ပုပ္ပားမှာ ငှက်ပျောသီးတွေ ဘယ်ဈေးရှိမလဲ။ ဆေးပင်ဆေးမြစ်တွေရော ရှိရင်း စာရင်း တွေထဲက ခုန်းဆင်းသွားလေမလား။ အေးမြတဲ့ဆောင်းရာသီ ဒီဇင်ဘာ အားကစားလမှာ ပုပ္ပားတောင် တက်ပွဲ ကျင်းပတာ မှတ်မိတယ်။ စောစောအိပ်လို့ စောစောထိလို့ မြူနှင်းများကြားမှာ လမ်းလျှောက် ချင်သေးတယ်။ အဲဒီအချိန်မှာ အိမ်ချင်မူးတူးနဲ့ ကျောင်းသားတွေ ရဲ့ စာကျက်သံတွေ ကြားနေရ လိမ့်မယ်။ မကြာခင်မှာ ဆောင်းဝင်တော့မယ်။

ဆက်ရန်။ ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

မှတ်ချက် = ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော့်မေး အဟတ်ခံရပါတယ်။ ဂူဂဲကို ရီကွက် လုပ်လို့ အခုပြန်ရပါပီ။ ထူးခြားမှုတော့ မရှိဘူး။

No comments: