“အတာကြူးတဲ့ တခူးလ ချိန်ခါ.. နှစ်ကူး သင်္ကြန်မဟာ …. သူလေးနဲ့ တွေ့ရပုံမှာ မေ့လည်း မမေ့နိုင်ပါ …. ”
သီချင်းလေး ဆိုလို့ ကျနော် သူလေးကို သတိရ နေတယ် မထင် လိုက်ပါနဲ့။ ဒီအချိန်မှာ ဒီလို သီချင်းလေး တစ်အေးအေးနဲ့ ဖြစ်နေတာ သင်္ကြန်ပိုးကြောင့်ပါ။ ရန်ကုန် သင်္ကြန်၊ မန္တလေး သင်္ကြန် တွေ အရမ်းစည်ပါတယ်။ ပျိုပျို အိုအို ကိုကို မမ တွေ ကြိတ်ကြိတ်တိုး ရေကစားလို့ပေါ့။ ဘီယာ၊ ၀ီစကီ (အရက်မပါ) ပါဝါ တင် စိမ့်စိမ့်တုန် အောင် အေးတဲ့ ရေခဲရေကို အံတုလို့ တစ်နေကုန် ပျော်ခဲ့ဖူးပါတယ်။ အရမ်း ပျော်ဖို့ကောင်းပါတယ်။
အခု ကျနော် ပြောချင် တဲ့ သင်္ကြန် အကြောင်း အရာက သိပ်ပြီး လူသိနည်း လှတဲ့ အညာမြေ ရွာလေး တစ်ရွာမှာ သင်္ကြန်ပွဲ ဆင်နွှဲတဲ့ အကြောင်း လေးပါ။ ဘယ်က စပြောမလည်း .. ဆိုတော့ .. အင်း… ဟုတ်ပြီ.. ရွာနာမည်က စမယ်။ အဲဒီ ရွာလေး နာမည်က လက်ပန်ကျင်းရွာ တဲ့။ လက်ပန်ကျင်း ဆိုတာ ရွာလေးရွာ ကို ပေါင်း ထားတာ - တစ်ရွာမှာ မှာ ဘုန်းကြီးကျောင်းက တစ်ကျောင်းဆီ ရှိတယ်။ အကြိုနေ့ မတိုင်မှီမှာ ရွာဦး စေတီ ကို ကာလသားခေါင်း နှင့် ကာလသမီးခေါင်းမှ ဦးဆောင်ကာ ဘုရား သန့်ရှင်းရေးလုပ်၊ ရေသပ်ပယ် ပါတယ်။ သင်္ကြန်ရက် လေးတွေ မှာ ဥပုတ် သတင်း ဆောင်တည်ကြမယ့် လူကြီး သူမများ၊ လူလတ်ပိုင်းများ လူငယ် ပိုင်းများ အားလုံး အတွက် သင်္ကြန်တွင်း ငါးရက်လုံး အကျွေးမွေး များဖြင့် တည်ခင်း ဧည့်ခံ ပါတယ်။ အညာ ဒေသတွင် နှစ်ဆန်း တစ်ရက် နေ့ အပါဝင် သင်္ကြန်ပွဲကို ငါးရက် တိတိ ဆင်နွှဲသည်။
အဘိုးဘွားများက အကြိုနေ့ တော့ ရွာဦးကျောင်းမှာ သီလယူမယ်။ အကျနေ့ တောင်ဘက်ရွာကျောင်း ဆရာတော်ထံမှာ ဥပုတ် ယူမယ်။ အကျက်နေ့ မြောက်ဘက်ရွာကျောင်း ၊ အတက်နေ့မှာ အလယ်ရွာကျောင်း စသည် စသည် သင်္ကြန်တွင်း ကာလမှာ တစ်နေ့ တစ်ကျောင်း လှူဖွယ် များဖြင့် သတင်း သီလ ဆောက်တည် ကြသည်။ အဘိုးရယ် အဘွားရယ် ဘုရားသွား ကျောင်းတက် တူတူ ဆိုတာမျိုးပေါ့။
လူကြီးများ သာမက ကလေး သူငယ်များ တွင်လည်း အစီအစဉ် ရှိသည်။ သင်္ကြန် ငါးရက်တွင် ဘုန်းကြီးကျောင်း ငါးကျောင်းမှာ - ဘယ်နေ့မှာ ဘယ်ကျောင်းက သာကူကြို တိုက်တယ်။ ကြက်သား ဆန်ပြုတ် တိုက်တယ်၊ အအေး တိုက်တယ် ၊ စသည်ဖြင့် နေ့အလိုက် အစီစဉ်များ ဆွဲထားကြသည်။ ဗိုက်ဝအောင် စားသောက်ပြီး လွယ် အိတ် ထဲမှာ ရေဗူးထည့် ကျောမှာပိုးပြီး ရေပြွတ်ပိုက်နဲ့ ရေပတ်ကြသည်။ ဆိုးသွမ်းသော ကလေးများမှာမူ ပူစီပေါင်း များဖြင့် ရေထည့်ကာ ပစ်ပေါက် ဆော့ကစားကြသည်။ (သားသားက ရေသနတ် နဲ့ ပတ်တာ)။ ဒီလို ကလေး တစ်သိုက်နှင့် တွေ့လျှင် ပျိုပျို အိုအို အထီး အမ မရွေး အကုန်ပြေးမလွတ် ရေပတ်ခံရသည်။
ကျေးလက် ကိုကို ကာလသားများ မှာတော့ အချက်ပြုတ် အကျွေးမွေး တာဝန်ယူ ထားရပါတယ်။ အဲဒီမှာ.. ဟိုဖက်ရွာ ဒီဖက်ရွာက ကွမ်းတောင်ကို အချော အလှ ညိုချော လေးတွေ ကိုယ့်ရွာကျောင်းကို လှူဖွယ်ပစ္စည်းများ နဲ့ လာတဲအခါ.. အပြန်ကို စောင့်ကာ ရေပက်ကြသည်။ အကျွေးမွေး အလှည့် ကျတဲ့သူ တစ်ယောက်က ..“ဟေ့ကောင် .. “ညိုကြီး”.. မင်း.. ကောင်မလေး “ဖြူစုပ်” ပြန်တော့မယ်.. ကျောင်း ပေါက်ဝ က ရေဖလားနဲ့ အသင့် စောင့်..” အဲသလိုလည်း ပြောလိုက်ရော ရေပက်မည့် ကိုကို ကာလသားက မိန်းမပျိုလေး အပြန် အဆင့်သင့် စောင့်နေတယ်။ မိန်းမပျို လာတော့ ရေဖလား လေးထဲမှာ နံသာရေတော့ ဟုတ်ဘူး .. ရေမွှေး ထည့်ပြီး လောင်းပါ တယ်။ အဲဒီလိုပဲ… အပြုံးလေးတွေ ကိုယ်စီနဲ့ ... တစ်ချို့တွေလည်း ချစ်ရေး ဆိုလို့ပေါ့။ (ကျနော် ပါဘူးနော်)။
မြို့ ပြ နဲ့မတူတာကတော့ နှစ်ဆန်း တစ်ရက်နေ့ပါပဲ။ မြို့ပြမှာ နှစ်ဆန်းတစ်ရက်နေ့ဆို မဏ္ဍပ်တွေ ဖျက်နေပါပြီ။ ရွာမှာတော့ နှစ်ဆန်းတစ်ရက်နေ့ ညနေမှာ ပွဲကြီး ပွဲကောင်းပါပဲ။ လူငယ် ကာလသားတွေ၊ အကိုကြီးတွေ၊ ပျော်တတ်တဲ့ ဦးလေးကြီးတွေ စုဖွဲ့ချီတက်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံရေလောင်းပါတယ်။ အိမ်ရှိ လူဦးရေ တွက်ပြီးပါ လောင်းပါတယ်။ အားလုံးကလည်း သူ့အမျိုး ကိုယ့်အမျိုးတွေချည်း ဆိုတော့ စိတ်ဆိုးလို့ မရပါဘူး။ ရေပက် မခံပဲ ထွက်ပြေတဲ့ အိမ်များဆို အ၀တ်တွေကို ရေနှစ်ထားခဲ့တာလည်း ရှိပါတယ်။ ရွာလယ် လမ်းမ တစ်လျှောက် တူးပို့.. တူးပို့ .. သီချင်းများဆိုလို့ ပျော်ရွှင်စွာ သင်္ကြန်ပွဲ ဆင်နွှဲကြပါတယ်။
No comments:
Post a Comment