Wednesday, December 30, 2009

ဆယ်နှစ်

ဆယ်နှစ်..
ဘာလိုလိုနဲ့ ဆယ်နှစ်ရှိပြီ။

လုပ်ချင်တာတွေများ
ငါ ဘာလဲ...
ငါ ဘယ်လဲ.. ငါမသိ။

ရှေ့ဆက်ဖို့ခြေလှမ်းတွေ
နောက်ပြန်ဆွဲချခံနေရတယ်။

ရှေ့နောက်ဘယ်ညာ
မကြည့်ချင်ဘူး မတွေ့ချင်ဘူး။

တခါတခါ
ဘာကိုမှ မသိတတ်ချင်ဘူး။

ငါ့ခြေလှမ်းတွေ
ဘယ်သူဆွဲချတာလဲ...

စိတ်တွေရှေ့ရောက်ပြီး
ခြေလှမ်းတို့ နောက်ကျနေဆဲ...
ငါမောတယ်... ဟူး...............။

Monday, December 14, 2009

ထန်းတက်သမား



နွေဦးကာလ၊ မြူထသော့ခါ၊
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊
ဓါးနှီးထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။



ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ၊
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ် ထန်းဦးရေ၊
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။



ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ၊
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ချောက်သော့ခါ၊
ပတက်ယုန်ခါ၊ တောမှာရှိကြ၊
ငုံးကြက်ကယ်ဖွတ်မြွေ၊ ဝံပုလွေ၊
မနေထွက် လှာကြသည်တည့်လေး။



ဝမ်းသာအားရ၊ မယားကတသွယ်၊
ဟင်းရွက်ဆိုကောင်း၊ သောင်းပြောင်းရော၍လွယ်၊
လင်ကတသွယ်၊ ယုန်ငယ်ကစ၊
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာယူ၍ ချသည်နှင့်လေး။



သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်၊
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး၊
အိုးခင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။



နှီးဒေါင်းလန်းကြီး၊ ခူးပြီးသော့ခါ၊
သမီးးနှင့်သား၊ များလို့မဝင်သာ၊
ဒူးတဘက်ဟာ၊ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ၊ စားတော့မည်စေ၊
စားပေသာလှ အုန်းခွက် ကယ်နှင့်လေး။

ငုံ့လျက် ကိုယ်စီသာ၊ ဆုပ်ကာ လွေးတော့သည်။
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။


ဝန်ကြီးပဒေသရာဇာ

Tuesday, November 17, 2009

ဘ၀နဲ့ အခွင့်အရေး

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
Copy form >> http://www.ourmandalay.net/

Tuesday, November 10, 2009

မှတ်သားဖွယ် ကွန်ပျူတာ ဝေါဟာရများ

်Motherboard = အမေ့အပြားကြီး
Hard Disk = အမာဝိုင်းပြား
Monitor = အတန်းခေါင်းဆောင်
်key board = သော့ပြားကြီး
windows= ပြူတင်းပေါက်
Open Source = တံခါးမရှိ ဓါးမရှိ စူးစမ်းရှာဖွေရေး

မြန်မာအိုင်တီပရို က မအိဝေဖြိုး ရေးသားခြင်းဖြစ်ပါသည် ။
မူရင်းလင့်က ဒီမှာပါ http://ewphyo.co.cc/?cat=23

အင်း..... ရီရမလား ငိုရမလား မသိတော့ပါဘူး။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။

Wednesday, October 28, 2009

ဘလော့ဂ်၊ ဘလော်ဂါ

အို.. ဘလော်ဂါ အပေါင်းတို့…
အွန်လိုင်း မြန်မာ့ စွယ်စုံကျမ်းတွင် ပင့်ကူအိမ်မှတ်တမ်းဟု အများသိထားသော “blog ကို ဘလော့ဂ်” ၊ blogger ကို ဘလော်ဂါ ဟိုဖေါ်ပြ သုံးနှုန်းသည်။ ယနေ့အခါဝယ် လေးစားထိုက်သော မြန်မာဘလော်ဂါတို့၏ ရပ်တည်ချက် လုပ်ဆောင်ချက်များကြောင့် ဘလော့ဂ်အား လူထုက လက်ခံယုံကြည်လာကြသည်။

ယမန်နေ့က ဖတ်လိုက်ရသော ဘိုင်ဝိကလီး ဂျာနယ်တွင် သတင်းတပုဒ်ထူး၏။
စာရေးဆရာ ဆူဒိုနင်က blog ခေါ် ပင့်ကူအိမ်မှတ်တမ်း ကို ခေတ်နှင့်အညီ “blog = ကူမှတ်တမ်း” ဟု မြန်မာမှုပြု ချင်သည်။
ဆောင်းပါး အပြည့်စုံအား http://www.first-11.com/bdet.php?id=23 ဤ မှာ ဖတ်ကြကုန်လော့ ???
မှတ်ချက်= ကျွန်တော်၏နားထဲတော့ ကြားရတာ တစ်မျိုးကြီးပင်။

Sunday, October 18, 2009

လိုအပ်နေတာဘာလဲ။




တိုက်တိုက်ဆိုင်ဆိုင်ပဲ -
အခုရက်ပိုင်း ကျွန်တော် ဖတ်နေတာက “အလွမ်းတက္ကသိုလ် ပန်းတက္ကသိုလ်” ဆိုတဲ့ တက္ကသိုလ် နောက်ခံ ၀တ္တတိုပေါင်းချုပ်ပါ။

မနေ့က စီတီးဟော ပင်နီစူလာ ရောက်တယ် Bi Weekly Eleven ဂျာနယ် ၀ယ်ဖတ်တယ်.
စိတ်ဝင်စားဖွယ် သတင်းတခု ဖတ်ရတယ် - “တခါတုန်းက တက္ကသိုလ်” ဆိုတဲ့ ဆရာနွမ်ဂျာသိုင်း ၀တ္တု ခေါင်းစဉ် ကို စာရေးဆရာ မျိုးကိုမျိုး (တအုပ်မှ မဖတ်ဖူးပါ) က ယူသုံးပြီး နာမည်တူ ဇာတ်လမ်းကွဲ ထုတ်ပါတယ်။
မူပိုင်ခွင့် ပြသနာပေါ့ဗျာ -
အဟမ်း...သိသိကြီးနဲ့လား မသိနိုးနားလား ခိုးတာလား ယူတာလား ဘုံပိုင်လား သိချင် စိတ်ဝင်စားရင် - ဖတ်ကြပါကုန် ?????

ဆရာ မျိုးကိုမျိုးအား ဆနပ်ရှုမှ မေးမြန်းချက်များ
http://www.snapshot-news.com/snapshot/2_51/28.htm

ဆရာ နွမ်ဂျာသိုင်း ၏ ပြောကြားချက်
http://www.first-11.com/bdet.php?id=20

Thursday, October 15, 2009

Tag post by ညီညီ

မည်သူက စတင်၍ တည်ထွင်ဆန်းသစ်လိုက်သည်မသိ။
ဘလော့ဂါ မြစ်ဘေး၌ ငြိမ်းညောင်းသာယာသော အလွမ်းငွေ့ရောင်သန်း လွမ်းဖွဲ့စီးသံ နားဆင်ရင်း
အိပ်ပျော်နေသော ကျွန်တော် မောင်ဆန်းဝင်း လှုပ်နိုးခံလိုက်ရသည်။ ဘယ်သူလဲ ဆိုတော့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ဇာတိမြေ ကျောက်ပန်းတောင်းက ချစ်ညီညီ ပင်ဖြစ်တော့သည်။ ချစ်ညီညီရေ မြန်မာလို တစ်ခုပဲဖြေမယ်နော်။ ဖြေတတ်သလို ဖြေလိုက်ပီ။


1. What is your name : ဆန်းဝင်း (ကျောက်ပန်းတောင်း)။
2. A four Letter Word : ဆန်းသစ်စိတ်ကူး။
3. A boy's Name : ဆန်းဝင်းမောင်ကိုကိုချစ်
4. A girl's Name : ဆန်းသော်တာလ၀န်းစံပယ်ဖြူ။
5. An occupation : ဆန်းပြားထွေလာ မြစ်ဘလော့ဂါနံဘေး ထိုင်ကာငေးလို့ လွမ်းဖွဲ့စီးသံ နားဆင်ခြင်း။
6. A color : ဆန်းလဆည်းဆာ နေချည်ဆွတ်ဖျန်း အလွမ်းငွေ့ရောင်သန်း။ (စဉ်းစားကြည့်)။
7. Something you'll wear : ဆန်းလှသည်မဟုတ် လန်းရမည်အစဉ် မေတ္တာဖြန်းသည့်နှလုံးသားဝိညဉ်။
8. A food : ဆန်းဆန်းဝင်းဝါ ငွေသော်တာ ရွှေလမင်းဆီက ရွှေလင်ဘန်းနဲ့ထမင်းဆီဆန်းတစ်ပွဲ။
9. Something found in the bathroom : ဆန်းလှသည့် ချစ်စိတ်ရယ် နတ်သမီးလေလားသူလေလား ၀ိုးတ၀ါး။
10. A place : ဆန်းပြားထွေလာ မြစ်ဘလော့ဂါနံဘေးက ထိုင်ခုံလေး။
11. A reason for being late : ဆန်းဆန်းလေးတွေ ရေးဖို့ စဉ်းစားရင် ပိုစ်မတင်ဖြစ်ပဲ နောက်ကျသွားတာပါ။
12. Something you'd shout : ဆန်းဝင်းရေ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပါ။
13. A movie title : ဆန်းဆန်းပြားပြား ဖိုက်တင်ကား သားလာမှသိမယ် (သီဟနဲ့တင်စိုး၊ စိုးမြတ်နဲ့သူဇာ အခွေသွားငှားနေလို့)။
14. Something you drink : ဆန်းသစ်ဖို့မလိုပါဘူး သဘာဝအရသာ သစ်သီးဖျောရည်တခုခု ဆိုဖြစ်တယ်။
15. A musical group : ဆန်းဝင်း (ကျောက်ပန်းတောင်း) မြူးစစ်ကယ် ဂလု။ (ဘလော့ဂါမြစ်ဘေးမှာ ဖျော်ဖြေဖူးတယ်လေ)။
16. An animal: ဆန်းဝင်း ရဲ့ အချစ်ငှက် (စံပယ်ဖြူဆိုတဲ့ကောင်မလေး ရင်ခွင်မှာနားနေတယ်)။
17. A street name : ဆန်း စကားလုံးပါတဲ့လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)။
18. A type of car : ဆန်းသစ် ဒီဇိုင်းနဲ့ ကုန်းပေါ် ရေပေါ် မောင်လို့ရရမယ်ပေါ့ (ဘလော့ဂါမြစ်ထဲမောင်းမလို့ပါ)။
19. The title of a song : ဆန်းလဆည်းဆာ နေချည်ဆွတ်ဖျန်း အလွမ်းငွေ့ရောင်သန်း။ (ဒါ အရောင်နာမည်လဲရှိတယ်)။
20. A verb : ဆန်းလပမာရွှေမြန်မာဘလော့ဂါတို့လန်းကြသည်။ (သည်နဲ့ဆုံးတယ်နော်)။

Monday, October 12, 2009

အဖေ လုပ်တာ မှန်ပါတယ်

ကျွန်တော် ငယ်ကယ်က အတော်ဆိုးပါတယ်။ ရွာမှာ ငါးနှိုက်တယ် ဖားနှိုက်တယ်။ နေ့တိုင်း အဖေက ရိုက်တယ်။
မလုပ်ရလို့ တားဖြစ်ထားတဲ့ကြားက လုပ်တယ်။ ခြေသလုံးမှာလဲ အရှိုးတွေပြည့်လို့ပေါ့။ တင်ပါးမှာလဲ အဆင်းကြောင်းတွေထင်လို့။

အဖေက ရိုက်တယ် အမေက ချော့တယ်။ အမေက ပိုချစ်တယ်လို့ထင်တယ်။ အဖေ့ကို မုန်းခဲ့တယ်။ တကယ် ကျွန်တော် အဖေ့ကို မုန်းခဲ့တယ်။ အဖေ စာရင်းတွက်လို့ ရှိရင် ဘေးနားကနေ အမြောက်အလီဆိုပေးရတယ်။ မေးလိုက်တာနဲ့ တက်ခနဲ မဖြေနိုင်ရင် ဒက်ခနဲ အခေါက် ခံရတယ်။ အဖေ့ကို မုန်းတဲ့အထဲမှာ အဲဒါတွေလဲပါတယ်။

ကျွန်တော် လူပျိုပေါက် အရွယ်လောက်မှာ အိမ်က အလုပ်ကို အရမ်းလုပ်ပါတယ်။ ခေတ်သစ်နည်းပညာတွေနဲ့ စိုက်ပျိုးရေးကို လုပ်ပစ်ချင်တယ်။ စပါးစိုက်မယ်။ ပဲစိုက်မယ်။ နှမ်းစိုက်မယ်။ ယာထဲသွားပါ။ လယ်ထဲသွားပါ။ ဒါတွေအားလုံး အဖေက ချုပ်ကိုင် ထားတယ်။ သွားဆိုသွား မသွားလို့မရဘူး။ အဖေက ဒါဆိုဒါမှ။ အဖေ့ကို စီးပွားရေး လဒ်မမြင်ဘူးလို့ ထင်ခဲ့တယ်။ ခေတ် နောက်ကျတယ်လို့ မြင်တယ်။

တကယ်တော့ သားသမီး ၇ ယောက်ကို ကျောင်းထားလို့ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေး ပြုစုရတဲ့ စားရိတ်တွေ မနည်းဘူး ပေါ့။ နေဖို့ညာစာ ဆိုသလို နောင်ရေးအတွက် ကြည့်ကါ ပုံအောလို့ စီးပွား မလုပ်နိုင်တာ သားသမီးသံယောဇဉ်ကြောင့်ဆိုတာ ကျွန်တော် အရင် က မတွေးမိပါဘူး။ လူငယ်စိတ်နဲ့ ဖြစ်ချင်တာ လုပ်ချင်တာ တခုပဲတွေးမိတယ်။

အခု ကျွန်တော်ကိုယ်တိုင် အရွယ်ရောက်လို့ အလုပ်လုပ်နေပါတယ်။ တစ်ကိုယ်ရေ ဆန္ဒပြည့်ဝဖို့ တောင် မနည်းလုပ်နေရတယ်။ မိသားစု တွေ တစ်ပုံကြီးနဲ့ အဖေမှာ သားသမီးအရေးထက် အဖေ့ကိုယ်တိုင် ဖြစ်ချင်တာတွေ ရှိမှာပဲလို့ အခုမှ တွေးမိတယ်။ အဖေကိုယ်တိုင် ဖြစ်ချင်တဲ့ ဆန္ဒတွေကို စွန့်လို့ သားသမီးအပေါ် အချစ်တွေပုံခဲ့တယ်။ ငယ်ငယ်က သားကို ရိုက်ခဲ့တာ မုန်းလို့ မဟုတ်ဘူး ချစ်လို့ဆိုတာ သားနားလည်လာပါပီအဖေ။

သားသိပါပြီအဖေ။ အဖေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ မှန်ပါတယ် အဖေ။

Wednesday, September 30, 2009

ဇာတိမြေမှ ဆရာတော်။

ကျွန်တော်သိသော ဇာတိမြေ ကျောက်ပန်းတောင်းမြို့မှ ထင်ရှားတဲ့ ဆရာတော် တပါးရှိပါတယ်။ ဘွဲ့တော်အမည် အရှင်တေဇနိယ လို့မည်တွင်ပါတယ်။ ဦးဇင်း တိုးတက် သို့မဟုတ် ဦးကျောက်ပန်းတောင်း လို့လဲ အမည်တွင်ပါ တယ်။ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဒန်ကျင်းကျေးရွာ ဇာတိဖြစ်ပါတယ်။
ယခုလက်ရှိ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဆန်ုစကရစ် တက္ကသိုလ် Sanskrit University တွင် ၂၀၀၈ ခုနှစ် (MA) ဘွဲ့ရရှိပြီး။ ယင်း တက္ကသိုလ်တွင် (Ph-D ) ဒေါက်တာဘွဲ့ (ဆန်ခရစ်ဘာသာရပ် နှင့် ပါဠိဘာသာ) ဆင်လက်သင်ယူလျှက်ရှိပါတယ်။
ဆရာတော်၏ ဘလော့ဆိုဒ်အား သွားရောက်ကာ မြတ်ဗုဒ္ဓ၏ သာသနာတော် အမွေနစ် ဓာတ်ပုံများစွာကို ကြည်ရှု နိုင်ပါတယ်။ ထို့အပြင် Sanskrit University အကြောင်းများ ဆရာတော်ရေးသားသော တရားစာ ပေများ ဖတ်ရှုနိုင်ပါတယ်။
ဒီကနေ သွားပါ. - http://ukyaukpadaung.wordpress.com/
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Tuesday, September 29, 2009

ဘယ်သူမပြုမိမိမှု ။

http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote
အထက်က လင့်ကတော့
ပဉ္စ၀ဂီ ငါးကို တရားဟောတော်မူတဲ့ သရုပ်ဖေါ်ပုံကို မစဉ်းမစား ကျော်ညာ အဖြစ်နဲ့ သုံးထားတာဖြစ်တယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဖန်ဆင်းရှင် အဖြစ် မြင်နေကြတာ ဖြစ်နိုင်တယ်။

ဘာသာတရားကို အသုံးချမှုမျိုး ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဖော်ဝါ့မေးမှာ မြန်မာ့ပြည်က ဒီဂျေ လူငယ် တစ်ယောက်ပုံကိုလဲ တွေ့လိုက်ရတယ်။

မလုပ်သင့်တာတွေ လုပ်ကြတယ်။ ဘယ်သူမပြု မိမိမှု ပဲလို့ မှတ်လိုက်ပါတယ်။
ဘယ်သူမပြု မိမိမှု ပဲပေါ့။

Monday, September 21, 2009

မလျှို့မ၀ှက် တွေ့ဆုံကြသည်။


၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်။ တနင်္ဂတွေနေ့ ။
အဆိုပါနေ့ မွန်းလွဲ ၂ နာရီတွင် ကျောက်ပန်းတောင်းအသင်း ၀င်များဖြစ်ကြသော ကိုအောင်မျိုးမင်၊ ကိုကျော်နိုင်ထွန်း၊ ကိုညီညီ နှင့် စာရေးသူတို့သည် စင်္ကပူနိုင်ငံ ပင်နီစူလာ ပလာဇာတွင် မလျှို့မ၀ှက် တွေ့ဆုံခဲ့ကြ သည်။ ဇာတိချက်ကြွေ မွေးရပ်မြေ ကျောက်ပန်းတောင်းမြို့ မှ အဝေးရောက် သူငယ်ချင်းများ ကျောက်ပန်းတောင်းအသင်း အင်တာနက် ဆိုဒ်အား အခြေပြုက တွေ့စုံကြခြင်းဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် စာရေးသူသည် ပါစင်နယ် ကိစ္စတစ်ခု ဖြင့် ပင်နီစူလာ ပလာဇာသို့ ကြိုတင်ကာ ရောက်နှင့် နေသည်။ များမကြာမှီ ရောက်ရှိလာသူမှာ ကိုညီညီဖြစ်သည်။ သူသည် အသားဖြူသည်။ မျက်မှန်တစ်လက်ဖြင့် ခန့်ချော ချောသည်။ နူးညံ့စိတ်ထားရှိသူဖြစ်သည်။ သူနှင့် တွေ့စဉ် ကျွန်တော်သည် ပင်နီစူလာ ပလာဇာ လေးလွှာရှိ သုခ အင်တာနက် ဆိုင်တွင် ဖြစ်သည်။ ဖုန်းလေးကိုင်လျှက်နှင့် “ကျွန်တော် ညီညီပါ အကို” ဟု စတင်မိတ် ဆက်လာသည်။ ကျွန်တော်လည်း - “အား.. ညီ.. အကို ဆန်းဝင်းပါ..” ဟုပြောကာ နှစ်ဦးသား လက်ဆွဲမိတ်ဆက်ကြသည်။ သို့နှင့် စင်္ကပူတွင် နာမည်ကြီး ရဲရင့် လက္ဖက် ရည် ဆိုင်တွင် ထိုင်ရန် ခုံနေရာလွတ်ရှာကြည့်သော် မရှိသဖြင့် မြေအောက်ထပ်ရှိ စားသောက် ဆိုင်သို့ ရောက်ရှိခဲ့ ကြသည်။ လက်ဖက်ရည် နှင့်အကြော်မှာကာ စကား စမည်ပြောဆိုလျှက် နောက်ထပ်ရောက်လာမည့်သူများ အားစောင့်နေလိုက်သည်။

ထို့နောက် ကွမ်းတယာညှပ်ခန့်ကြာသော် အကိုအောင်မျိုးမင် ရောက်လာ၏။ ကိုအောင်မျိုးမင်းသည် ကျွန်တော်တို့ ထဲတွင် အကြီးဆုံးဖြစ်သည် (အသက် )။ ကိုရီးယား မင်းသားကဲ့သို့ ရှည်သောအရပ်၊ ကျစ်လစ်သန်မာသော ခန္တာရှိသည်။ အကို အကို နမ်စားသုံးကာ စကားအပြောကောင်းသည်။ မျက်နှာချို၍ ပွင့်လင်းဖော်ရွှေသည်။ တစ်ချိန် တည်းမှာပင် ရုရှားနိုင်ငံတွင် ပညာသင်ယူနေသော ကိုရဲဖြိုးသူ မှ ဖုန်းဆက်လာသည်။ ကျွန်တော်နှင့် ကိုရဲဖြိုးသူ မှာ အဆက်သွယ်ရှိနေသောကြောင့် ကြိုတင် ချိန်းထားပြီး သားဖြစ်သည်။ ကိုရဲဖြိုးသူ နှင့် တစ်ယောက်ချင်း ဆီ ဖုန်းပြောကြသည်။ အကြော် စားလို့မရပေမယ့် တစ်ဝိုင်း တည်းထိုင်နေသလိုပင် ဖြစ်သည်။ ကိုရဲဖြိုးသူသည် ဘာသာရေးကိုင်းရှိုင်းသည်။ အပြောအဆို ရည်မွန်သည်။ ကွန်ပျူတာ ပညာရပ်တွင် နှံစပ်သည်။

ထမင်းတအိုးကျက် ခန့်ကြာသော် မှ ကိုကျော်နိုင်ထွန်း ရောက်လာသည်။ ကိုကျော်နိုင်ထွန်းသည် စကားပြော လျှင် ပြုံးရယ်ဟား ပြောတတ်သည်။ ခင်ခင်မင်မင်ရှိလှသည်။ ယခုမူ ကျွန်တော်တို့ ၀ိုင်းလေးသည် လူစုံသွားပြီ ဖြစ်သည်။ သို့နှင့် ဇာတိမြေ ကျောက်ပန်းတောင်းမြို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အကြောင်းများ စကားမြိုင် လာသည်။ ယခု ကျွန်တော်တို့တွေသည် အပြင်လောက၍ တခါမှ တွေ့ဖူး ဆုံဖူးကြခြင်းမရှိပေ။ မောင်ရဲဖြိုးသူ တည်ဆောက် ထားသော ကျောင်ပန်းတောင်းအသင်း အင်တာနက်ဆိုဒ်တွင် ဆုံဆည်း ရင်းနီးကြခြင်းဖြစ်သည်။ ထိုနည်းတူ အခြားအခြားသော မန်ဘာများ ကျောက်ပန်းတောင်းမြေမှ သူငယ်ချင်း များနှင့်လဲ တွေဆုံချင်ပါသည်။


ကျွန်တော်တို့ ကျောက်ပန်းတောင်းမြို့ အနေဖြင့် မူလပထမတည်းက စုစုစည်းစည်း ညီညီညွတ်ညွတ်ရှိ ပြီးသား ဆိုတာ မြန်မာတစ်ပြည်လုံးက အသိဖြစ်ပါတယ်။ ဘာသာသာသနာရေး အနေနှင့်ပင်ကြည့်ကြည့်၊ စီးပွားရေး လူမှုရေးဘက်မှာ ကြည့်ကြည့် ဖွံ့ဖြိုးတိုးတက်မှု အများသူငှာ အားကျရသော အဆင့်မှာရှိပါတယ်။ ကျွန်တော်တို့ မြို့သူ မြို့သား လူငယ်များ အနေဖြင့်လဲ အစဉ်လာကောင်းများအား ထိန်းသိမ်းကာ လက်ဆင့်ကမ်းအမွေကို ပုခုံးပြောင်းဆက်ခံဖို့ တာဝန်ရှိပါတယ် လို့ ကျွန်တော် မြင်ပါတယ်။

ယနေ့ အင်တာနက်ခေတ်မှာ အင်တာနက် အီးမေးပို့ခြင်း သည် လုပ်ငန်းများစွာသို့ ထိုးဖောက်နေရာယူ နေသည်။ သတင်းနှင့် နည်းပညာ၊ ပညာရေး အနုပညာ ဖျော်ဖြေရေး အစရှိသည့် တို့မှာ လူငယ်တို့အား ဆွဲဆောင်နေသည်။ ဇာတိမြေမှာ စီးပွာရှာ၊ ပညာရှာ ကြသော၊ မြန်မာပြည် အနယ်နယ် အရပ်ရပ်မှာ ဌာန လုပ်ငန်း ပေါင်းများစွာ၌ လုပ်ကိုင် နေကြသော၊ နိုင်ငံရပ်ခြား အတိုင်းတိုင်း အပြည်ပြည်တွင် သွားရောက် အလုပ်လုပ် ပညာရှာနေကြ သော အကို၊ အမ၊ ညီ၊ ညီမများ အားလုံးလည်း မလွဲမသွေ အင်တာနက် သုံးဖို့ ကြုံလာမှာ ဖြစ်ပါ တယ်။ အဲဒီလို သုံးကြတဲ့အခါမှာ ကျောက်ပန်းတောင်မြေ အသင်းမှာ စုံကြ သတင်းများ ဖလှယ်ကြကာ နဂိုမူလ စည်းလုံးမှုမပျက် အွန်လိုင်းထက်မှာလဲ စည်းစည်လုံးလုံ ညီညီညွတ်ညွတ်ဖြင့် ဇာတိမြေ အကျိုးကို သယ်ပိုးကြစို့ ရယ်လို့ တိုက်တွန်း လိုပါတယ်။ ဒီထက်မက လူတွေ စုံလာတဲ့အခါ ဇာတိမြေအတွက် ဘာသာရေး၊ ပညာရေး၊ လူမှုရေး အကူညီများ ပေးနိုင်ဖို့ လဲ စိတ်ကူးပါတယ်။

သို့ကလို ကျွန်တော်တို့ သူငယ်ချင်းတစ်တွေလည်း စကားပြောဆိုကြပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကြသည်။ စင်္ကပူနိုင်ငံ အထင်ကရ နေရာ တစ်ခုဖြစ်သော မရီနာဘေ သို့ လမ်းလျှောက်ရင်း စကားပြောရင်း ဓာတ်ပုံများ ရိုက်ကြသည်။ ညနေ ပိုင်းတွေ လူစုခွဲကာ ပြန်ခဲ့ကြသည်။ အခုလိုတွေ့ဆုံတာ ကျွန်တော်တို့ အတွက် ပထမ ဆုံးအကြိမ်ဖြစ်ပါတယ်။ နောက်ထပ် အစီအစဉ်များကို ကျောက်ပန်းတောင်းမြေဆိုဒ် တွင် ကြေညာ မောင်းခတ် အသိပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Friday, September 18, 2009

လူ့အခွင့်ရေး ပြည့်ဝသော

စဉ်းစားကြည့်ပါတော့ဗျာ.။ ခေတ် စနစ်တွေ ဆိုးလိုက်ပါဘိ။ တရားဥပဒေဆိုတာ မရှိ။
မတရား ဥပဒေတွေနဲ့ဘဲ လာလာတွေ့နေရတယ်။ ခေတ်တွေပြောင်းလို့ မြို့ဟောင်းတခုသာ ဆွေးမြေ့ ကြေမွ ပျက်သုန်းသွား လိမ့်မယ်။ စနစ်ဆိုးတွေကျတော့ မြို့သစ်တည်တဲ့ထိ လက်ဆင့်ကမ်း သယ်ယူနေကြတယ်။ ကောင်းသော အမွေကို ဆက်ခံဖို့ ၀န်လေးကြ။ မကောင်းတဲ့အမွေကို သယ်ယူဖို့ ၀န်မလေးဘူး။ အဲဒီထဲမှာ အဆိုးဆုံးက အရင်းရှင် လူတန်းစားနဲ့ အုပ်ချုပ်သူ လူတန်းစား တွေပေါ့။ ကပ်ဖား ရပ်ဖား တွေလဲ ပါတယ်။

ကျွန်တော် အမုန်းဆုံးက မတရားတဲ့ ဥပဒေရယ် မတရားဥပဒေကို ၀ိုင်းပီး အကောင်ထည် ဖေါ်တဲ့သူတွေ ကိုပေါ့ဗျာ။ ကျွန်တော် ထမင်းငတ်လို့သေချင်သေသွားမယ် အဆိပ်ပင်ကို လုံးဝ ရေမလောင်းဘူး။ အတိတ်၊ လက်တွေ့ နဲ့ အနာဂတ် ကို အဖန်ဖန် သုံးသပ်လို့ ကောင်းမွန်တဲ့ အနာဂတ် လူမှုပတ်ဝန်းကျင် တခုဖြစ်ဖို့ ၀ိုင်းဝန်း ကျိုးစားဖို့ အထူးလိုအပ်တယ်။ ဒီလို ချိန်မှာ အတ္တတွေ ဘေးဖယ်ထားဖို့ လိုတယ်။

ပြဌာန်းတဲ့ဥပဒေတွေကလည်း များလှပါဘိ။ လူ့ပတ်ဝန်းကျင်မှာ လူလိုကျင့်ပြီး နေထိုင်ရင် ဘာဥပဒေမှ ပြဌာန်းနေစရာမလိုပါဘူး။ လူလိုမကျင့်သူတွေကလဲ ဒုနဲ့ဒေးပေါ့။ ကျွန်တော်ပြောတဲ့ လူဆိုတာ လု၊ လူ၊ လူး ထဲက အလယ်က လူ ကို ဆိုလို ပါတယ်။ လူမှု အသိုင်းဝိုင်းတခုမှာ အရင်းရှင် နဲ့ အုပ်ချုပ်သူ ကပေါင်းလို့ ငါးစာချတယ်။ ငါးစာမှာ ငါးမျှားချိတ်က အရင့်အရင်ခေတ်ကလို ဆူးချိတ် တစ်ခုတည်း မဟုတ်။ အနုမြူ လေဆာ ရောင်ချည်တွေ တပ်ထားတယ်။ ကဲ.. ဘယ့်နဲ့ရှိစ။

ငြိမ်းချမ်းရေး အနုပညာ တဲ့။ ဘယ်သူတွေများတတ်မြောက်ပါသလဲ။ ဘန်ကီမွန်းလေလား။ သူ့ဖိနပ်တောင် ဘာ အရောင်လဲ ပြန်ကြည့်ဖြစ်မယ် မထင်ပါဘူး။ ကျွန်တော်တွေ့နေတာက တော့ဗျာ.. မီးလောင်လို့ ပြာကျလုနီနီး မြို့ပြကြီးကို ကြည့်ပီး ဒီဂျေ ပွတ်နေတာတွေပဲ တွေ့နေ ရတယ်။ နှလုံးသားကို မရှိကြဘူး။

စနစ် - အုပ်ချုပ်မှု စနစ်ကိုကြည့်မလား။ အလုပ်သမားတွေကို တပြေးညီ အုပ်ချုပ်မှု မရှိဘူး။ ဥပဒေ တစ်ခု ထုတ် တယ်။ ကြေညာမောင်းခတ် အသိပေးရမယ်ဆိုတာ သိမှ သိပါလေစဗျာ။ အုပ်ချုပ်သူတို့လက်ထဲ အဆင့်ဆင့် စာ ရွက် စာတန်းတွေ ရောက်ပါရဲ့ ဒီလူတွေပဲ ဥပဒေ ကိုနား လည်တယ်လေ။ အဲတော့ ဘာဖြစ်လဲ တကယ် အလုပ် လုပ်သူတွေက ဘာမှ မသိရတော့ ကျီး လန့် စာ-စား။ တစ်နေ့နေ့တော့များလား အလုပ်သမား တော်လှန်ရေး ဆိုတာ ပြန်ကြား လာရလိမ့်မယ်။ ခံနိုင်သရွေ့သီးခံတာ လူ့သဘာဝပဲ။ မခံနိုင်တဲ့တစ်နေ့ အုံနဲ့ ကျင်းနဲ့ ပေါက်ကွဲ လိမ့်မယ်။ အုပ်ချုပ်သူတို့ လက်နှက်တွေ မိုးထားတဲ့ ကွင်းပြင်ထဲ သေသော်မှတည့် အော်ကောင်း၏ ဆိုတာ ဖြစ်လာမှာမလွဲပဲ။

မနေ့က အဖြစ်ကိုပဲကြည့် အလုပ်သမားတစ်ယောက် အက်စီးဒင့်ဖြစ်တယ်။ ဒါကို ကုသဖို့ ဘယ်မှာလဲ ရှေ့ဦး သူနာပြု။ ဆေးသေတ္တထဲကြည့်လိုက် တော့ ဘာဖြစ်ဖြစ် ပန်နယ်ဒေါ တိုက်လိုက်။ လဲကျနေတဲ့ လူနာကို ဘေးမှာ ထားပြီး ဆေးခန်း ပို့ဖို့ အက်စီးဒင့်ရီပို့တဲ့။ အဆင်ဆင့် လက်မှတ်တွေထိုးရ။ ထမင်းစားချိန်မို့ သကောင့်သားက ရှာမရ။ ကိုစလုံး ကားဆရာက သက်သာရာ သက်သာကြောင်း မောင်းမပို့ချင်တော့ ဝေ့လည် ကြောင့်ပတ် တောပြော တောင်ပြော။ သေဖို့အရေးဆို သေတာ ကြာပေါ့။ ဒေါက်တာ တဲ့ ဘာတုန်းဟ ဒေါက်တာဆိုတာ။ အရင်းရှင်နဲ့ပင်းလို့ အလုပ်သမား နားရင်း ရိုက်တဲ့လူက ဒေါက်တာ တဲ့။ လစာကနေ ဆေးကူသ စားရိတ်ဖြတ် မယ်။ ဒါလား ဟဲ့ လူ့အခွင့်ရေး ပြည်ဝသော။ ဟား.. တိုက်လို့ ရယ်လိုက်ချင်သည်…….။

Thursday, September 17, 2009

mountain story

အခုမှ ဖတ်ဖူးပါတယ်။ ဖတ်လေ ဖတ်လေ အဓိပ္ပါယ်ပေါ်လွင်လေပဲ။
ဘာသာမပြန်တော့ဘူး။ ဖတ်ကြည့်ကြည့်လိုက်....... :)

Mountain Story
"A son and his father were walking on the mountains.
Suddenly, his son falls, hurts himself and screams: "AAAhhhhhhh!!!"
To his surprise, he hears the voice repeating, somewhere in the mountain: "AAAhhhhhhh!!!"
Curious, he yells: "Who are you?"
He receives the answer: "Who are you?"
And then he screams to the mountain: "I admire you!"
The voice answers: "I admire you!"
Angered at the response, he screams: "Coward!"
He receives the answer: "Coward!"
He looks to his father and asks: "What's going on?"
The father smiles and says: "My son, pay attention."
Again the man screams: "You are a champion!"
The voice answers: "You are a champion!"
The boy is surprised, but does not understand.
Then the father explains: "People call this ECHO, but really this is LIFE.
It gives you back everything you say or do.
Our life is simply a reflection of our actions.
If you want more love in the world, create more love in your heart.
If you want more competence in your team, improve your competence.
This relationship applies to everything, in all aspects of life;
Life will give you back everything you have given to it.
"YOUR LIFE IS NOT A COINCIDENCE. IT'S A REFLECTION OF YOU!"
By --- Unknown Author

Wednesday, September 16, 2009

သဲပြင် နဲ့ ကျောက်တုန်း

ဒီပုံပြင်လေးဟာ ကန္တာရကို ဖြတ်ပြီး ခရီးသွားကြတဲ့ သူငယ်ချင်း နှစ်ယောက် အကြောင်း ဖြစ်ပါတယ်။

အရမ်းချစ်တဲ့ သူငယ်ချင်းနှစ်ဦး ခရီးနှင်လာကြရင်းနဲ့ တစ်နေရာ အရောက်မှာ စကားများကြတယ်။

သူငယ်ချင်း တစ်ယောက်က စိတ်မြန် လက်မြန်နဲ့ ပါးရိုက်ပစ်လိုက်တယ်။

ပါးရိုက်ခံရတဲ့ သူဟာ နာကျင်သွားပေမယ့် ဘာမှ ပြန်မပြောဘဲ သဲပြင်မှာ စာတစ်ကြောင်း ရေးတယ်။

" ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့ကိုပါးရိုက် ခဲ့တယ်".

သူငယ်ချင်းနှစ်ယောက် စကားမဆိုတိတ်ဆိတ်လို့ ခရီးဆက်ကြရင်း မထင်မှတ်ဘဲ အိုအေစစ်လေး ကိုတွေ့ရှိခဲ့တယ်။ အဲဒီမှာ သူတို့နှစ်ယောက် ရေချိုးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ရေချိုးရင်းနဲ့ လမ်းခရီးမှာ စကားများလို့ ပါးရိုက်ခံရတဲ့ တစ်ယောက်ဟာ စိမ့်စမ်းနွံထဲကို ကျလို့ နစ်သွားတယ်။ တဖြေးဖြေး နဲ့ လှုပ်လေ မြုတ်လေ ဖြစ်နေလေတယ်။

အဲဒီအချိန်မှာ သူ့ငယ်ချင်းက ကယ်တင်ခဲ့တယ်။

နွံထဲကနေ လွတ်လာတဲ့အခါ သူဟာ ဘေးမှာရှိနေတဲ့ ကျောက်းတုန်းမှာ စာတစ်ကြောင်း ရေးတယ်။

"ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကို ကယ်ခဲ့တယ်"

အဲဒီမှာ ပါးရိုက်တဲ့သူတဖြစ် သူ့ကိုကယ်တဲ့သူငယ်ချင်းက စဉ်းစားလျှက် သူ့ကိုမေးတယ် -

"ငါမင်းကို နာကျင်စေခဲ့တုန်းက သဲပြင်မှာ ရေးတယ် အခု မင်းကိုကယ်တော့ ကျောက်တုန်းမှာရေးတယ် အဲဒါ ဘာကြောင့်လဲ"

ပါးရိုက်ခံရသူတဖြစ် နွံနစ်သူက ပြန်ပြောတယ်။

တစ်စုံတစ်ယောက်က ငါတို့ကို နာကျင်စေတဲ့အခါ လေဖြင့် ဖျက်ရလွယ်တဲ့ သဲပြင်ပေါ်မှာ ရေးမှတ်သင့်တယ်။

အေး .. တကယ်လို့… တစ်စုံတစ်ယောက်က ငါတို့အပေါ် ကူညီဆောင်မတဲ့အခါ ငါတို့ဟာ ကျေးဇူးသိတတ်ပြီး လေအားနဲ့ ပြောက်ပျက်မသွားနိုင်တဲ့ ကျောက်တုန်းမှာ ရေးထွင်းလို့ မှတ်တမ်းတင်သင့်တယ်။

မင်း ငါ့အပေါ် နာကျင်စေခဲ့တာ သဲပြင်မှာ ငါရေးခဲ့တဲ့စာသားပျက်သွားသလို ငါ့ရင်မှာ မရှိဘူး သူငယ်ချင်း။

အခု မင်းငါ့ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားကတော့ ကျောက်တုန်းထက်က စာသားလို နောင်နှစ်ပေါင်းများစွာ တိုင်ပေါ့ကွာ။

မူရင်းလင့်

Monday, September 14, 2009

သတိရပါတယ်။

ဘလောဂါ အကို၊ အမ၊ ညီ၊ ညီမ တွေကို.... သတိရပါတယ်.

တကယ် တကယ်.. ညက အိမ်မက်မက်လို့ .. ရေးလိုက်တာဗျ..

ဆရာကိုသူရိန် က မေးတယ်.. ဘလော့ကို စိတ်ကုန်သွားပီလားတဲ့။

အဲလို မဟုတ်ဘူး.. မဟုတ်ဘူး.. လုံးဝ မဟုတ်ဘူး..

ကိုယ်တိုင် မရေးဖြစ်လို့ပါ.. သူငယ်ချင်းတွေဆီက .. စာတွေခိုးခိုး ဖတ်နေတာ သူမသိရှာဘူး..

ဘလော့ဆိုတာ သတင်းမှန် ရပ်ကွက်လို့ ကျွန်တော်ယုံကြည်တယ်. တစ်ဦး တစ်ယောက် အာဘော်ထက် ကွန်မင့်တွေကို ဖတ်ချင်တယ်လေ။

ကျွန်တော်လဲ.. ရေးပါမယ်.. ရေးမယ်... စိတ်ကူးရှိတယ်.. (ElephanT ကြံ ကြံနေတယ် မထင်စေလိုပါ).


သတိရလျှက်..
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Thursday, August 20, 2009

ကန္တာရ လမင်း ။


ကန္တာရ
သဲမုန်တိုင်းတွေနဲ့
မိုးခေါင် ရေရှား
နေပူပူ လူအရောက်နည်းတဲ့နေရာ
အဲဒါ ငါ့ကမ္ဘာ။

ငါ့ကမ္ဘာလေးမှာ
အာရုံတက် နေမင်းကို ကြည့်ပြီး
ငါ့ခြေထောက်တဖက် ချနိုင်သေးရင်
ငါအသက်ရှင်လို့ရတယ်။

ထာဝရ ထွန်းလင်းမယ့်
လမင်းတစ်စင်း မဖြစ်တောင်မှ
ငါ့အသက်ရှင်နေသမျှ
ကန္တာရကို စိမ်းမြစေမယ်။

Saturday, August 15, 2009

ချစ်ခြင်းတို့ထပ်တူကျ တဲ့နေရာ။

ကျောက်ပန်းတောင်းမြို့နဲ့ အမှတ်တရလေးတွေ ရေးမယ်လို့ စိတ်ကူးရှိသော်လည်း မရေး ဖြစ်ဘူး။ ဒီနေ့ စိတ်ကူးလေးရတာနဲ့ နည်းနည်းရေးလိုက်တယ်။ ကိုယ့်မြို့ ကိုယ့်ဒေသ အကြောင်း တွေးနေတဲ့ အခါ မှာလဲ ငယ်ငယ်က အကြောင်းလေးတွေနဲ့ ပြန်ပြီး နွေးထွေး လာတယ်။ တကယ်ဆို ဟိုး .. လွန်ခဲ့တဲ ၁၀ နှစ်လောက်က ကျောက်ပန်းတောင်မြို့ဟာ ကျွန်တော့်အဖို့ အနည်းငယ် စိမ်းနေသေးတယ်။


ကျွန်တော် န၀မတန်းနှစ်က မန်ကျီးကုန်း အထက်တန်းကျောင်းမှာ တက်ခဲ့တယ်။ ဆယ်တန်းနှစ်မှာ ကျောက်ပန်းတောင်း မြို့လေးက အထက (၁) ကိုရောက်ခဲ့တယ်။ ကျောင်းမှာ အခန်းက (H) အခန်း. သင်္ချာ ဦးငြိမ်းရွှေ၊ အင်္ဂလိပ်စာ ဒေါ်ခင်မြ၀င်း ၊ သိပ္ပံတွဲ သင်တဲ့ ဒေါ်တင်တင်အေး တို့ အဲဒီလို ကျူရှင်လောက နာမည်ရ ဆရာ ဆရာမတွေ နဲ့ သင်ခဲ့ရပါတယ်။


ကျူရှင်တက်တော့ ဆရာ ဦးမောင်မောင်၊ ဦးထွန်းထွန်း ဒေါ်ခင်မြ၀င်း တို့ဆီမှာပဲ။ ဆရာမ ဒေါ်ခင်မြ၀င်း ဆီမှာ တော့ ကျွန်တော်က ကျူရှင်ခ အခမဲ့တက်ခဲ့ ရတယ်။ ဦးမောင်မောင်ဆီမှာလဲ ကျူရှင်ခကို ပေးတလှည့် မပေး တလှည့်ပါပဲ။ ဆရာကလဲ ပြောတယ် လေ "ငါ့ တပည့် ကျူရှင်ခကို ပေးနိုင်မှ ပေး ၊ အတန်းချိန်တော့ မပျက်နဲ့တဲ့" ကွက်တိပဲပေါ့ဗျာ။ ကျွန်တော့် မိဘတွေ ကလဲ မိုးလေ၀သ သိပ်မမှန်တော့ စီးပွားရေးတွက်ချေမကိုက်ဘူးကို။


ဆရာ ဆရာမတွေ ကျူရှင်မှာ ထိုင်တော့လဲ အရှေဆုံးခုံက။ တောက်တိုမယ်ရ လုပ်တော့လဲ ဆန်းဝင်း ပဲပေါ့။ ဘော်ဒါတွေလဲ မရှိသေးဘူး။ ၀ိုင်းနဲ့ ကျူရှင်ပဲရှိတယ်။ "ထူးခြားတာက ဆရာ ဆရာမတွေက ငွေကြေးထက် ပညာကို ပိုပြီးတန်ဖိုးထားကြတယ်။ ကျောင်းသားတွေ အပေါ်မှာ စေတနာထားတယ်။ အမုန်းခံ ဆုံးမကြတယ်။ ဆရာတွေနဲ့ လမ်းမှာတွေ့သည်။ ဈေးမှာတွေ့သည်။ ၀င်းဝင်း စီနီမာမှာ တွေ့သည်။ ထိန်ကန်ဘက် မှာတွေ့ သည်။ စေတီကြီးမှာ တွေ့သည်။ ဘယ်နေရာ ဖြစ်ဖြစ် မမြင်မတော်တာကို ပြောဆိုဆုံးမ ကြတယ်"


အဲဒီနေ့က တနင်္လာနေ့။ ကျွန်တော် အိပ်ယာထ နောက်ကျတယ်။ မျက်နှာသစ်ြပီး ကျူရှင်ကို အပြေး သွားရတယ်။ ကျူရှင်က ပြန်လာတော့ ထမင်းချက်။ ညဦးက မိုးရွာထားတော့ မီးသွေးအိတ်က မိုးမိသွား တယ်ဗျာ။ မီးမွေးဖို့ ထင်းရှူးသားကခွဲရသေး။ ထမင်းကျက်တော့ ရေးမိုးချိုး။ ထမင်းပူပူ ကို ရယ်ဒီမိတ် အိမ်က ချက်ပေးတဲ့ ဟင်းနဲ့ အမြန်လွှေးရတယ်။ နာရီကိုကြည့်လိုက်တော့ ကိုးနာရီ။ ကျောင်းဝတ်စုံ ပုဆိုးအစိမ်းလေးနဲ့ အဖျြူရောင် ရယ်ဒီမိတ် ရှပ်အင်္ကျီလေး အမြန်ဝတ်ကာ ကျောင်းကြီးအတွက် စာအုပ်တွေ ထည့်ပြီး စက်ဘီးကို အမြန်နင်းလို့ အိမ်ကထွက်ခဲ့တယ်။


ဗိုလ်ချုပ်လမ်းအတိုင်း စက်ဘီးနင်းအလာ ဈေးနားရောက်တော့ ဈေး စခင်းနေပြီ။ အိုး … များလိုက်တဲ့ လူတွေ ဈေးရောင်း ဈေး ၀ယ်တွေ စုံလို့။ မြင်းလှည်း ဆရာရဲက လှည်းဘီးကြားကို နှင်တံလေး နဲ့ထိုးလို့ (တောက်.. တောက် တောက်) နဲ့ အချက်ပြ သံ။ "ထုန်းထုန်း ထိုင်းထိုင်း" နဲ့ ထော်လာဂျီ သံတွေ မရိုးနိုင် တဲ့ မြင်ကွင်းတွေ ဖြတ်ရင်း။ ဈေးခေါင်းရုံးနား အရောက်မှာ …


ဈေးဘန်းရွက်လာတဲ့ အဒေါ်ကြီး တစ် ယောက် နဲ့ ကျွန်တော် ထိပ်တိုက် တိုးတာပဲဗျာ။ ပျံကျဈေးမှာ နေရာ တစ်ခုရဖို့ အပြေးနှင် လာတယ် ထင်တယ်။ ကျွန်တော် ကလဲ ကျောင်းတံခါး မပိတ်ခင် ကျောင်းထဲရောက်ဖို့။ အရေးနဲ့အကြောင်း ဆို ကျွန်တော် စက်ဘီးဘရိပ်အုပ်ဖို့ မေ့နေတယ်။ တစ်ဦးကို တစ်ဦးရှောင်ဖို့အရေး ဘယ်ညာ ပြိုင်တူ ရွေ့လို့ ထုပ်စီးတိုးပွဲ တစ်ခုလိုဖြစ်နေတယ်။ ကျွန်တော်က စက်ဘီးနဲ့ အဒေါ်ကြီးက ဈေးဘန်းနဲ့။ မျက်စေ့ထဲမြင်ကြည့်ကြပါဗျာ။ အဒေါ်ကြီး ခြေနှစ်ချောင်း ကြားကို ရှေ့ဘီးရောက်သွားပီ။ အဒေါ်ကြီးလဲ ဈေးဘန်းကို လွှတ်ကာ နောက်ကို ပက်လက်လန် လဲသွားပါ လေရော။ စက်ဘီးလဲကျသွားကာ ကျွန်တော့် အပေါ်ကို ပိလို့ အဒေါ်ကြီးရဲ့ ဈေးဘန်းက ဘယ်လိုဖြစ်ပြီး ကျွန်တော့် လက်ထဲ ရောက်လာလဲ မသိလိုက်ဘူး။


ဘေးနားက လူတွေက ၀ိုင်းကူကြတယ်။

တော်သေးတယ် အဒေါ်ကြီး ဘာမှ မဖြစ်လို့။ "မောင်ကျောင်းသားရယ် အဒေါ်တောင်းပန်ပါတယ် ဈေးထွက်ဖို့ နောက်ကျနေလို့ အဒေါ့် အမှားပါကွယ်" အဲဒီစကား ကိုအဒေါ်ကြီး ဆီက ကြားလိုက်ရစဉ် ကျွန်တော့် ရင်ထဲမှာ အရမ်း အားနာ သွားမိတယ်။ တကယ်ဆို ကျွန်တော်က ၀င်တိုက်မိတာပါ။ ၀ိုင်းကူကြတဲ့ လူတွေကလဲ ကျွန်တော့်ကို ဂရုတစိုက်နဲ့ပေါ့။ ရင်ထဲမှာ ၀မ်းနည်း ၀မ်းသာဖြစ်မိပါတယ်။


အဲဒီနေ့ကစလို့ ကျောက်ပန်းတောင်းမြို့လေးရဲ့ နွေးထွေးမှုကို ကျွန်တော်ရရှိခဲ့တယ်။ မြို့သူ မြို့သားတွေက ကျောင်းဝတ်စုံ အစိမ်း အဖြူလေးနဲ့ အထက်တန်း ကျောင်းသားလေးတွေ ဆို ဦးစား ပေးကာ ပညာရေးကို တန်ဖိုးထား အားပေးကြတာ ကျွန်တော်သိ လိုက်ရတယ်။ ဒီအဖြစ်ပျက်လေးကို စက်ဘီးလဲပြီး ဘယ်ဘက် ခြေထောက်မှာ ပွန်းသွားတဲ့ ဒဏ်ရာလေးကို မြင်တိုင်း သတိရနေမိတယ်။ မြို့သူ မြို့သားတွေ ၀ိုင်းချစ်ကြတဲ့ ကျောက်းပန်းတောင် မြို့ကို ကျွန်တော်လဲ ချစ်တတ်လာခဲ့တယ်။ "ပညာမြှင့်မှ လူမျိုးမြင့်မယ်" ဆိုတဲ့ စကားပုံကို ယုံကြည်ထားတဲ့ ကျောက်ပန်းတောင်း မြို့သူမြို့သားတွေ နဲ့အတူ ထပ်တူကျတဲ့ ချစ်ခြင်းတွေ ကျွန်တော့် နှလုံးသားမှာ ယနေ့ထိ ရှင်သန်ဆဲ့ပါပဲ။

နောင်နှစ်ပေါင်းများစွာတိုင် ကျောက်ပန်းတောင် မြို့သူ မြို့သားတွေရဲ့ ထပ်တူကျတဲ့ ချစ်ခြင်းတွေ ရှင်သန်ပါစေ လို့ ဆန္ဒပြုရင်း ……

ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Wednesday, August 5, 2009

အားနာပါးနာ စကားလေးပြောပါမယ်။

ကျွန်တော် ဘလော့လေးကို ကျွန်တော် ချစ်ပါတယ်။ ဘလော့ဂါလောကကို ဖြူသလား မဲသလား သိအောင် ဘလော့လေးနဲ့ ဘလော့တွေကို စိတ်ဝင်စားတဲ့စိတ်က နိုးစွပေးခဲ့ပါတယ်။ စာတွေရေးသားချင်အောင် အားပေး တဲ့ ညီကိုမောင်နှမ ဘလော့ဂါ အပေါင်းကိုလဲ လှိုက်လှဲစွာ ကျေးဇူးတင်ပါကြောင်း။ ယခု လောလောဆယ် အခြေနေအရ ဘလော့မရေးဖြစ်သည်က တစ်ကြောင်း၊ ရုံးမှာ အရင်လို မလစ်တော့သည်မှာလဲ တစ်ဖုံ၊ ကိုယ်ပိုင် ကွန်ပျူတာ တစ်လုံးမ၀ယ်နိုင်သေးသည်က တစ်လင့်။ အာရုံကျက်စားရာ နေရာပြန့်ကျဲမှု နှင့် ဘ၀ အခြေကျမှု တို့က တစ်မည်။ သို့ကလို အကြောင်းကြောင်းများ (ဆင်ခြေ ဆင်လက် ဆင်နားရွက်များ) မရေးဖြစ်သေးပါ ခင်ဗျာ။ Eမေးမှ ပို့စ်များ ရံဖန်ရံခါ တင်သွားမည် ဖြစ်ပါသည်။ လူမတွေ့သော်လည်း ကျောက်ပန်းတောင်းသားလေး မောင်ဆန်းဝင်း ဘလော့လေးမှ ကြိုဆိုလျှက် ပါခင်ဗျာ။

မှတ်ချက် = ဒီနေရာလေးမှာတော့ ရှိနေဦးမယ်။
အမြဲတန်းလိပ်စာကတော့ = sanwin26@gmail.com and sannwinn@yahoo.com ဖြစ်ပါတယ်ခင်ဗျာ။

လေးစားလျှက် >>> ဆန်းဝင်း (ကျောက်ပန်းတောင်း) ။

Saturday, August 1, 2009

အညာပုံရိပ် ။

ရုံးဘေးမှာ ပွင့်နေတဲ့ ဘဒုံမာ ပန်းပင်ကို ကြည့်လို့ အညာကို သတိရသွားမိတယ်။ ဒီပန်းလေးတွေက ကျွန်တော်တို့ အညာမှာတော့ ခြံစည်းရိုး မှာ စိုက်လို့အသုံးပြုပါတယ်.. ဒီစင်္ကပူမှာတော့ အလှပန်းအဖြစ် နေရာရနေတာပေါ့။ အပွင့်က ချက်စားလို့ရတယ်။ အသီက လဲ ကြက်မောက်သီးလိုပဲ အနီရောင် အလုံးပြောင်ချော ပုံရှိတယ်။ အပင်က ဆူးပင်ဖြစ်ပေမယ့် ဆိတ် အလွန်ကြိုက်တယ်။ ရေရှားတဲ့ နေရာမှာလဲ ရှင်သန်နိုင်တယ်။
မမြင်ဖူးရင် ကြည့်ထားပေါ့။ အညာပုံရိပ်တခုပါပဲ။

Friday, July 24, 2009

ကွန်ပျူတာစနစ်သုံး ဘာသာပြန်ခြင်း။

အားအားရှိတော့ ဒါလေးတွေ ဖတ်ဖြစ်ပါတယ်..
Machine Translation ဆိုသည်မှာ ကွန်ပျူတာ (သို့) စက်ကို အသုံးပြုပြီး ဘာသာစကား တစ်မျိုးမှ တစ်မျိုးသို့ အလိုအလျောက် ဘာသာပြန်ဆိုစေသော စနစ်ကို ဆိုလိုသည်။

မူရင်း ကိုညီလင်းဆက် ဆိုဒ်မှာ စုံပါတယ် ။
ဒီလင့်ကနေသွားပေါ့ ။ http://blog.nyilynnseck.com/search/label/NLP
ဗဟုသုတပေါ့.. မြန်မာဘာသာ အနေနဲ့ အဲဒီလို ကွန်ပျူတာသုံး ဘာသာပြန်ခြင်း စနစ် ပေါ်လာမယ်ဆို ဘာသာပေါင်းစုံက ၀တ္တုတွေ ၊ နည်ပညာ ဆောင်းပါးတွေ စက်နဲ့ဘာသာပြန်ပီး ထိုင်ဖတ်ပစ်လိုက်မယ် ။

ဒါက လက်ဆောင်ပေးတာပါ။
၁။ မြန်မာ - အင်္ဂလိပ် - မြန်မာ ဇောဂျီဖောင့် ဒေရှင်နရီ http://www.ornagai.com/
၂။ ရဟူး ဘာသာပြန်တဲ့ စနစ်လေး ဘာသာပေါင်းစုံ http://babelfish.yahoo.com/အဲဒီမှာ Use correct spelling, grammar, and punctuation for the highest quality translations. အဲလိုရေးထားတယ်။

Saturday, July 18, 2009

အာဇာနည်နေ့ အမှတ်တရ ။

ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် အပေါင်းအား လေးစားဂုဏ်ယူလျှက် ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Friday, July 17, 2009

ရှုတိုင်းလှသည့် အညာဒေသ သဘာဝ။

ညနေခင်း
စိမ်းမြမြ တမာပင်ထက်မှာ
“တကူကူး ခါးခါး” … “တကူကူး ခါးခါး” တဲ့
ငှက်တစ်ကောင်က ရော့ဂီတ ဟစ်ဆိုတယ်။

နေညိုညိုအောက်က
ထနောင်းပင် ထိပ်မှာ
“တကူကူး….ကူး…” “တကူကူး…..ကူး…” တဲ့
စလိုးရော့ ဂီတကို ချိုးငှက်က ဖန်တီးတယ်။

လူသူ အလစ်မှာ ဟိုဒီ ပျံသန်းရင်း
“ရွှီး……....ပြုံ..” “ရွှီး……....ပြုံ..” တဲ့
ငှက်ငယ်လေးက လေတမြမြ ချွန်လို့
လစ်ဟာနေတဲ့ ဂီတစီးချက်ကို ဖြည့်စွက်လိုက်ပြန်တယ်။

လက်ပန်ပင်ထက်မှာ
များလှတဲ့ ဇရက် ငှက်ငယ်တို့ရယ်
ကျလိ. ကျလိ. ကျွိကျွိကျွိ …ကျလိ. ကျလိ. ကျွိကျွိကျွိ … တဲ့
ခေတ်သစ် ဟစ်ဟော့ လေလား ထင်မိမှား၏ ။

တမာပင်တန်း မမောတန်းလျှောက်
မန်ကျီး ပင်တို့ စိမ်းညို့ညို့
ထန်းပင်တော နှင့် ခင်တန်းငယ်
ရှစ်ခွင် မှိုင်းမြ ရှုတိုင်းလှသည့်

အညာဒေသ သဘာဝ။ ။

Wednesday, July 15, 2009

What is that?

Forward mail တစ်ခုကို ပို့စ် အဖြစ် တင်လိုက်ပါတယ်။ အရမ်း နှစ်သက်မိပါတယ်။ ပို့ပေးတဲ့ သူငယ်ချင်းကိုလဲ ကျေးဇူးတင်တယ်။ ဒီ ဇာတ်လမ်းလေး ကြည့်ပြီး ရွာက အဖေ့ကို အရမ်းသတိရမိတယ်။ ငယ်ငယ်က အဖေ့အပေါ် အမြင်မှားတွေ ရှိခဲ့ဘူးတယ်။ ပြန်စဉ်းစားကြည့်တော့ အဖေ့ဘ၀ တော်တော် ရုန်းကန်ခဲ့မှန်း သိနားလည်ခဲ့ တယ်။ ကျေးဇူးတွေ ကြီးလှပါတယ်။

ဘလော့ဂါ အကို အမတွေ ကြည့်ဖူးပြီး ဖြစ်မယ်ထင်တယ်..ထပ်ကြည့်ကြည့်ပါနော်။

Monday, July 13, 2009

ချစ်ဇွဲ ။

ပန်ချင်ပါလျက်
အခြူခက်တဲ့ ပင်မြင့်သဇင်
မြေနှင့်ရန်ဘက်
ငြိုးမာန်ဖွဲ့ ၍
စိမ်းလေလားခင်...
လေယူရာသူအတိမ်း
ညှာတံနွယ်မြေအယိမ်းကို
ဆယ်ကမ္ဘာကြာစေဦး
စောင့်ရမည်ပင်...

>> ကျောက်ပန်းတောင်းသား ကိုအောင်မျိုးမင်း ၏ ရင်တွင်းဖြစ်လေးပါ <<

Wednesday, July 8, 2009

ချစ်သော စံပယ်

အသည်းထက်
အက္ခရာ တင်
သက်ဆုံးတိုင်ထိ
ချစ်မည်ပင်။

နှလုံးသား တခု
ရူးသွပ်မှုဟု
ထင်ကထင်စေ
ဘ၀ဆုံးထိ ရူးပါစေ။

ချစ်သော စံပယ်
မောင့်သက်လယ် သည်
နှလုံးအိမ်၌ တည်ရှိနေမည်
ဆယ်ကမ္ဘာတိုင် ခိုင်မြဲသည်။

Saturday, July 4, 2009

မြန်မာ စကား

မြန်မာပြည်မှာ တစ်နေရာနဲ့ တစ်နေရာ စကားပြောကြတာ မတူ ကွဲပြား ကြပါတယ်။ ကျွန်တော်မွေးရပ်မြေဒေသမှာ ထူးထူးခြားခြား သုံးတဲ့ စကားလုံး တွေရှိပါတယ်။ အင်္က္ခရာ သ နဲ့ တ ပီသအောင် မပြောတတ် တာကတော့ စာဖွဲ့စ၇ာ မဟုတ်တော့ပါဘူး။

ထူးခြားတယ် ဆိုတဲ့ စကားလုံး က ဘာလဲဆို တော့ “မနက်ကြီး” ဆိုတဲ့ စကားပါပဲ။ နံနက် စောစော အာရုံတက် နေမထွက်ခင် အချိန်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အချိန်းအချက် ပြောကြ တဲ့အခါ “ ဟေ့.. မနက်ကြီး ကျရင် ရွာထိပ်မှာ လူစုမယ် ..” အဲလို ပြောကြ တယ်။ မနက်လေး တော့ မရှိပါဘူး။

နောက်တခု ရှိသေးတယ်.. ဆန်ချိန်တဲ့ နို့ဆီဗူးကို ပိတောက် လို့ခေါ်ပါတယ်။ နို့ဆီဗူး ရှစ်လုံး တစ်ပြီ လို့ ငယ်ငယ်က သင်ရပေမယ့် ပိတောက် ဆိုတဲ့ အခေါ်ပဲ နှုတ်ကျိုးနေတယ်။ ထမင်းချက်ရင် အမေရေ.. ဘယ်နှစ်ပိတောက် ချက်ရမလဲ လို့ အော်မေးတဲ့အကျင့်က ပြန်သွားလဲ မပြောက်တော့ဘူး။ ဗူး = ပိတောက် ပါ။

အခန်းမှာ တူတူနေတဲ့ အထဲမှာ မွန် ၂ ယောက်ရှိပါတယ်။ မြန်မာစကား သိပ်မတတ်ရှာဘူး။ အမှတ်မထင် ပြောလိုက်တဲ့ စကားလေးတွေဆို မျက်စေ့ တောင် လည်သွားတယ်။ ညပိုင်း ထမင်းစားအပြီးမှာ “.. ဟ ..ဘယ်ကိုက်မလဲ .. ထမင်းစားရတာ လည်ပင်း မထိဘူး..” တဲ့ ။ ပြောချင်တာက ခံတွင်းမတွေ့ ဘူး.. အရသာ မရှိဘူး ပြောချင်တာပါ။

မိတ္ထီလာမှာနေခဲ့စဉ်က သူငယ်ချင်းတစ်ယောက်ပေါ့။ ချစ် ကို ပီသအောင် မပြောတတ်ဘူး။ ချစ်တယ် လို့ ပြောရင် ရှစ်တယ် လို့ပဲ အသံထွက်တယ်။ အ၇မ်းရယ်ရပါတယ်..သူ ကောင်မလေးကို ရည်းစားစကား ပြောပါတယ်.. အရှစ်ရယ်...ကိုယ်မင်းကို အရမ်း ရှစ်တယ် ကွာ တဲ့..။ ကဲ.. ဘယ့်နဲရှိစ။ အခုဆို သူ ရှစ်တဲ့ ကောင်မလေးနဲ့ ပေါင်းဖက်လို့ ကလေး ၂ ယောက် တောင် တော်တော် ကြီးနေပီ။

Thursday, July 2, 2009

သံရုံး တစ်ခေါက် ရောက်ခဲ့သည်

29 June, 2009 နေ့ နံနက်
နံနက် အစောကြီး အောချတ် လမ်းမကြီးမှာ လမ်းလျှောက်လို့ ကောင်းတာ အခုမှ သိတယ်။
ဘူတာက ထွက်လိုက်တာနဲ့ ယဉ်ကျောကို မျက်နှာမူ ပြီး လျှောက်တယ်.. သံရုံးထိအောင်ပဲ။
လေညင်းလေးတွေ က မျက်နှာကို ထိတော့ တကယ်ကို အမောပြေသွားတယ်။
လမ်းလျှောက်ရတာလဲ တော်တော်လေး အရသာ ရှိတယ်။ ဖိနပ် နဲ့ ကျောက်ခင်လမ်း မထိဘူး လို့ ထင်ရတယ်။
မီးတိုင်လေးတွေ ထွန်းထားတာကလဲ ကဗျာဆန်ပါတယ်။ လမ်းဘေးမှာ သစ်ပင်ကြီးတွေလဲ ရှိတယ်.. မီးရောင်စုံတွေထက် စွတ်စွတ်ဖြူတဲ့ မီးလုံးတွေက ပိုပြီး အသက်ဝင်သလိုပဲ ခံစားရတယ်။

ပထမဆုံး ထွက်တဲ့ ရထားပဲ။ ပိုင်အိုနီးယား ကနေ ရထား စထွက်တော့ ရထားပေါ်မှာ လူတချို့ပဲတွေ့ရတယ်။ ဘူတာ မှတ်တိုင်တွေ တခုပြီးတခု ဖြတ်ပြီး တာနဲ့ ရထားထဲမှာ လူတွေ ရောက်လာကြတယ်။ သေချာ ကြည့်မိတော့ သက်ကြီးပိုင်း တွေများတယ်။ အ၀တ်စား ၀တ်ထားတာတွေက ငယ်ငယ်က ၀တ်ခဲ့တဲ့ အ၀တ်စားတွေ လို့ထင်ရတယ်။ ဘေးနားက လူကြီးတစ်ယောက်က ပုံစံကတော့ သန့်ရှင်းရေး အလုပ်လုပ်တဲ့ ပုံစံပဲ။ အသက် ၅၅ နှစ် ကျော် လောက်ရှိမယ် ထင်တယ်။ ဒီလိုပဲ ရထားကို စီးနေကျထင်ပါရဲ့။ တက်လာတဲ့ သူတွေကို နှုတ်ဆက်တယ်။ ဆင်းသွားတဲ့သူတွေကိုလဲ နှုတ်ဆက်တယ်။ မာန်မာန ကင်းစင်တဲ့ မျက်နှာတွေနဲ့ နွေးထွေးမှု တခုကို တွေ့လိုက်ရတယ်။

သံရုံး ရောက်တော့ တံခါးဝမှာ အိပ်ပြီး စောင့်နေသူတွေ ၊ ငုတ်တုတ် မတ်တတ် တွေ တွေ့ရပါတယ်။ နာမည် စာရင်း ဖြည့်မယ်ကြည့်တော့ အမှတ်စဉ် ၃၆ မြောက်မှာ နေရာရပါတယ်။ ဒီလိုနဲ့ ၈ နာရီထိစောင့်ရင်း တဖွဲဖွဲနဲ့ ပိုက်စံ ပေးမယ့် သူတွေရောက်လာကြတယ်။ လူတစ်ရာ ကျော်မယ်ထင်ပါတယ်။ ဖြူ ဖြူ မဲမဲ ပုပု ကွကွ ရှည်ရှည် ကျားကျား မမ စုံလို့ပေါ့။ ပတ်စပို့ ရယ် ပါမစ်ရယ် မိတ္တူ ကူးလို့ ထိုင်စောင့်နေရသေး။ ၉ နာရီမှာ စတင်ကာ စာရွက် စာတမ်း များ လက်ခံပါတယ်။ အဖွားကြီး၏ ချိုသာသော မြန်မာ စကားများအား နားထောင်ရင်း သည်းငြီးခံ ကာစောင့်ဆိုင်းလို့ ၁၁ ကျော်မှာ ကိစ္စပြတ်ခဲ့ပါတယ်။
ဟူး……....၀ူ…………… လေပူတချက် မှုတ်ထုတ်ကာ ခပ်သွက်သွက် လှမ်းထွက်ခဲ့ပါတယ်…

အပြန်ရထားထဲမှာ ကျတော့ နံနက် စောစော က ရထားနဲ မတူဘူး။ ပလူးပလဲ အတွဲ တွေလဲ တွေ့ရတယ်။ ခပ်တည်တည်နဲ့ ရထားပိုင်ရှင်လို မျက်နှာတွေလဲတွေ့ရတယ်။ စင်္ကပူရီးယန်း ဆိုတဲ့ အထာတွေနဲ့ ဘ၀င်လေဟပ် နေသူတွေ အလုပ်ပဲ များသရောင် အိုက်တင်နဲ့ အချင်းချင်းလဲ စကားမပြောကြဘူး။ မျက်နှာကြီး မျိုးတွေထင်ပါရဲ့။ ဘယ်သူမှ မသိဘူး အပိုင်ပဲ ဆိုပြီး အတင်းတုတ်တဲ့ ရွှေတွေလဲ တွေ့ရပါတယ်။ ဗိုက်ကြီးသည် လာလို့မှ နေရာပေး ရကောင်းမှန်း မသိတဲ့ သူတွေလဲတွေ့ရပါတယ်။ ရထားတွဲချင်း တူပေမယ့် မတူဘူးရယ်။ အဲယားကွန်း က အေးနေပေမယ့် နံနက်စောစောက ရထားထဲကလို နွေးထွေးမှုမျိုး မတွေ့ရတော့ဘူး။

Sunday, June 28, 2009

စမ်းသပ် ပစ်မှတ်။

အ ချစ်ရယ် ငါ့နှလုံးသာဟာ
စမ်း သပ်ပစ်မှတ် တခုတဲ့လားကွယ်
သပ် သပ်မဲ့ မင်းလုပ်ရပ်က
ခံ စားရသူ ရင်ကိုထိစေတယ်
အချစ်တွေ မေ့လိုက်ပြီလား
ဝေးကွာခဲ့တဲ့ ခဏတာအတွက်
သင်ဘယ်သူလဲဆိုတဲ့စကား ငါ့အတွက်လား
ကျောင်းသားဘ၀ ချစ်ဒုက္ခ
ငါ့နှလုံးသာ မင်းရဲ့ စမ်းသပ် ပစ်မှတ် ဖြစ်ခဲ့ရ။

ဟိုး..တချိန်က.. မိတ္ထီလာ အဝေးသင် တက္ကသိုလ် တက်စဉ်က ညစ်ညစ်နဲ့ ရေးခဲ့ဖူးတယ် စာလေးပါ။

Friday, June 26, 2009

Friday, June 19, 2009

လိုဂို အသစ်နဲ့ လူငယ့်အားမာန်


လူငယ့် အားမာန် လိုဂို အသစ်လေးပါ။
ယခုဆို လူငယ် အားမာန် အဖွဲ့လေးက လုပ်ငန်းတွေ စလုပ်ပါပီ။
ကျွန်တော် မွေးရပ်မြေ လက်ပန်ကျင်း အခြေခံပညာ အလယ်တန်းကျောင်း အတွက် ပညာရေး အထောက်ကူပြု စာအုပ်များ၊ အပါတ်စဉ်ထုတ် သတင်းစာ ဂျာနယ်များ လှူဒါန်းပါမယ်။ ငွေကျေး အရင်းနှီးကတော့ တစ်စုံတစ်ယောက်က မတည်ထားခြင်း မဟုတ်ပါဘူး။ အဖွဲ့ဝင်အားလုံး စေတနာ နဲ့ နိုင်သလောက် ပါဝင်ထည့်ဝင်ကြတာဖြစ်ပါတယ်။ တစ်လကို အနည်းဆုံး ငွေသား သုံး သောင်းဖိုး လစဉ် လှူဒါန်းပါမယ်။ ရန်ကုန် ရှိ စားသောက်ဆိုင် နှင့် company များတွင် အလုပ် လုပ်ကိုင် ကြသော ညီငယ် လေးများ၏ ပါဝင် မှုကို အထူးဂုဏ်ယူမိပါသည်။
နောက်နှစ်များမှာ ဒီထက်မက လှူဒါန်းနိုင်ဖို့ အဖွဲ့ဝင်များ တိုးလာအောင် ထပ်မံ စည်းရုံး သွားမှာ ဖြစ်ပါတယ်။
ဇာတိပုည ဂုဏ်မာန တဲ့ ကျေးလက်က ရွာငယ်လေးက ကျွန်တော့ ဇာတိပါ။ အေးချမ်းလှတဲ့ လက်ပန်ကျင်း ရွာသားလေး ဖြစ်ရတာ ဂုဏ်ယူ မိပါတယ်။
ဒီအကြောင်းတွေ အင်တာနက် စာမျက်နှာမှာ ရေးရတာကတော့ နတ်လူ သာဓုခေါ်စေဖို့ ဖြစ်ပါတယ်ခင်ဗျာ။
ဆန်းဝင်း
ကျောက်ပန်းတောင်း

Saturday, June 13, 2009

စင်္ကပူမှာသာတဲ့လ

ကျွန်တော် နေခဲ့တဲ့နေရာကို Jurong East MRT ကနေ Busကားစီးသွားရင် တစ်ကျပ်ဆယ်ပြား ပေးရတယ်။ Company ပေါင်းစုံက အလုပ်သမားတွေနေတဲ့ အဆောင်ပေါ့။ အဆောင်နားက ကားလမ်းမကြီးဘေးမှာရေကန် အကြီးကြီးရှိတယ်။ ရေကန်ထဲမှာ ဇလားဖီးယား ငါးတွေ၊ ယက်ကန် ယက်ကန်နဲ့ လိပ်တွေ ရှိတယ်။ စင်္ကပူမှာ လူအများစုက ရုံးလုပ်ငန်း လုပ်သူများတယ်။ တစ်နေကုန် စားပွဲမှာထိုင်ကာ ကွန်ပျူတာကြည့်ရ လက် ညောင်း ဇက်ညောင်း အလုပ်လုပ်ကြရတယ်။ ညနေပိုင်းဆို ကန်ဘောင်မှာ အညောင်းပြေ လမ်းလျှောက်သူတွေ၊ အပြေး လေ့ကျင့် သူတွေ လေညှင်းခံ တဲ့သူတွေစုံလို့။ ရန်ကုန်မြို့က အင်းယားကန်လို မလှပေမယ့် နှစ်ယောက် ထိုင်ခုံ လေးတွေ၊ ငါးမမျှားရ၊ ရေမကူးရဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ရှိတယ်ဗျ။
ကျွန်တော့် အဘို့တော့ အညောင်းပြေ လမ်းလျှောက်ဖို့ ဝေးသေး။ ပြန်ရောက်တာနဲ့ လမ်းထိပ်ဆိုင်မှာဝင်လို့ မြန်မြန် ကျက်လွယ်မယ့် ငါးနဲ့သီးနှံလေးတွေ ၀ယ်ပြီး အဆောင်ထဲဝင်ရတယ်။ အခန်းရောက်တာနဲ့ အ၀တ်တွေ ကို အ၀တ်လျှော်စက်ထဲ ပစ်ထည့်လို့ လျှော်ရတယ်။ နောက်ပြီးတော့ ဆန်ဆေး ထမင်းချက်ရ တာပေါ့ဗျာ။ တ လက်စတည်း ၀ယ်လာတဲငါးကို အကြေးခွံတွေ အူတွေသင်ပြီး မန်ကျီးမှည့်ရည်လေးနဲ့ အမြန်ချက်ရတယ်။ ဟင်း ချက် ရင်း သူငယ်ချင်းတွေနဲ့ စကားပြောလိုက် တီဗွီကလာတဲ့ ဂျိုလီရဲ့ ဇာတ်ကားလေး ပြေးကြည့်လိုက်ပေါ့ဗျာ။ ဂျိုလီ ကိုကြိုက်ပေမယ့် ဟင်းအိုးတူမှာဆိုးလို့ ကောင်းကောင်း မကြည့်ရပါဘူး။ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစား စရာ မလိုပါဘူး အစီစဉ်တကျပဲ ခဏနေတော့ ရေမိုး ချိုးလိုက် တယ်လေ။
ကျွန်တော့် ညစာက တီဗွီကြည့်ရင်း လွှေးရတာပေါ့။ ထမင်းစားလို့ ပြီးတော့ ဖတ်လက်စ ဆရာမြသန်းတင့်ရဲ့ “ကျနော်ဆက်၍ရေးချင်သောဝတ္တုများ” စာအုပ်လေး ဆက်ဖတ်လိုက်တယ်။ စာအုပ်ထဲ စိတ်ဝင်စားသွားလိုက် တာ နာရီကိုကြည့်လိုက်တော့ ဆယ့်တစ်နာရီ ရှိပါရောလား။ မနက်အလုပ်သွားဖို့ ရှိတာကြောင့် ဖုန်းလေးကို နှိုး စက်ပေးပြီး အိပ်ယာဝင်လိုက်တယ်။ မှန်ပြတင်းကနေ အပြင်ကို တချက်ကြည့်လိုက် တော့ သဘာဝအလင်း ရောင်တချို့ကို တွေ့လိုက်ရတယ်။ အော်. ဒီနေ့ လပြည့်နေ့ပါလား။ အလုပ်ထဲမှာ သွားလိုက် ပြန်လိုက်နဲ့ မေ့နေ လိုက်တာ လမင်းကြီးတောင် မကြည့်ရတာ ဘယ်လောက်ကြာနေပြီလဲ။ အတွေးတွေနဲ့ ဆက်အိပ်ဖို့ ကျိုးစား ပေမယ့် အိပ်လို့မရပေ။ လသာသာမှာ လမ်းလျှောက်ချင်တဲ့စိတ်က များနေတယ်။ ဒါနဲ့ လမ်းထိပ်က ကန်ဘောင် ဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်။
ကျွန်တော် လမ်းလျှောက်ထွက်သော ဆယ့်တစ်နာရီကျော် အချိန်သည် စင်္ကပူနိုင်ငံအဖို့ စောနေသေးသည် ထင်သည်။ လမ်းမပေါ်မှာ သွားလာနေသော လူတချို့အားတွေ့ရသည်။ ကန်ဘောင်မှာတော့ လူမရှိသ လောက် ရှင်းသွားသည်။ ကျွန်တော် ကန်ဘောင်ပေါ်မှာ လေညှင်းခံ လို့ လရောင်အောက်မှာ လမင်းကို မော့် ကြည့်ကာ လမ်းလျှောက် နေလိုက်တယ်။ နှစ်ယောက်ထိုင် ထိုင်ခုံလေးတခုမှာ ထိုင်လို့ လရောင်လျှပ်ပြေးနေ တဲ့ ကန်ရေပြင်ကို ငေးကြည့်ကာ ဟိုအရင်အချိန်က အကြောင်းတွေ တွေးနေမိတယ်။ စင်္ကပူပူမှာသာတဲ့လမင်း ကလဲ အရင်က ငါမြင်ဖူးတဲ့ လမင်းကြီးလို ၀ိုင်းစက်လို့နေတယ်။
ကျွန်တော် ရွာမှာနေစဉ်က ဒီလို လပြည့်ညဆိုရင် အဖေရယ် အမေရယ် အကိုအမ တွေရယ် အိပ်ရှေ့ တလင်း မှာ ထိုင်လို့ အေးမြတဲ့လမင်းရဲ့ အလင်းရောင်ကို ခံစားရင်း စကားပြော ကြတယ်။ လျှပ်စစ်မီး မရှိတဲ့ ရွာလေးမှာ လမင်း အလင်းရောင်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကလေးတွေကတော့ ထုတ်စီးတိုးတမ်း ကစားကြတယ်။ လိပ်ဥဖွက်တမ်း၊ ပုံပြောတန်းကစားကြတယ်။ ကြည်နူးရပါတယ်။ လရောင်အောက်မှာ အိပ်ရတာလဲ တကယ် အရသာရှိတယ်ဗျာ။ လပြည့်ညတိုင်း အိမ်ကနွားလှည်းကို အိပ်ရှေ့ထုတ် သင်ဖြူးဖျာလေး ခင်းလို့ လမင်းကို ကြည့်ရင် အိပ်လေ့ရှိတယ်။ စံပယ်ရုံက စံပယ်ပန်း ရနံလေးတွေရယ်၊ ခမောက်ပန်း ရနံ လေးတွေရယ် သင်းပျံ့လို့ လရောင်ရွှန်းပ ညတစ်ညဟာ ဘာနဲ့မှ မလဲနိုင်ဘူး။
ကျွန်တော် အခုကန်ဘောင်က ထိုင်ခုံတန်းလေးပေါ်မှာ လှဲလို့ လမင်းကိုငေးကြည့်နေတယ်။ ကျနော် စိတ်မှာ မြန်မာပြည်မှာ သာတဲ့လကို တမ်းတနေမိတယ်။ ဘာလို့လဲ သိလား။ စင်္ကာပူမှာ သာတဲ့လက မြန်မာပြည်မှာ သာတဲ့ လလောက် မအေးမြဘူးလို့ ခံစားရလို့ပဲ။ မိတ်ဆွေရာ ဒီလိုခံစားရလား။ ကျွန်တော်ထင်တယ်လေ ဘယ်နိုင်ငံက လမင်းဖြစ်ပါစေ မြန်မာပြည်က လမင်းလောက် အေးမြမှာ မဟုတ်ဘူး။ ဒီလိုခံစားချက်ကို လမင်းကြီး ကတော့ သိနိုင်မယ် မထင်ဘူး။ လမင်းကြီး သိရင်ရော ဘယ်လိုခံစားမလဲ သိချင်လိုက်တာ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Friday, June 12, 2009

အချစ်ငတ်တဲ့ ငါ့နှလုံးသား

တကယ်ဆို
ငါ့ကိုယ်ငါ ပြောထားခဲ့တယ်
အချစ်နဲ့ ငါ ဘာမှ မဆိုင်ဘူး။

အခုတော့
အချစ်နဲ့ငါ ဘာမှ မဆိုင်ဘူးဆိုတဲ့
ငါ့စကားကို မင်းက ချေဖျက်ပစ်လိုက်တယ်။

ဘယ်လိုလုပ်မလဲ
ငါ့နှလုံးသားက မင်းခြေသံတွေကို
အငမ်းမရ နောက်ကလိုက်လို့ နားထောင်နေတယ်။

မင်းသိစေချင်တယ်
အချစ်ငတ်တဲ့ ငါ့နှလုံးသားက ပြောတယ်
မင်းကို သိပ်ချစ်တယ်တဲ့။

ဝင်လာလှည့်ပါတော့ အချစ်ရယ်
မင်းကိုသိပ်ချစ်တဲ ငါ့နှလုံးသားလေး
တခါးဖွင့်လျှက် မင်းရှေ့မှာ အဆင်သင့်ရှိနေလေရဲ့။

>> သူများရေးတာအားကျလို့ ရေးကြည့်တယ် <<

Monday, June 8, 2009

စကားပြောသော ခရေပန်း

ကျို့ကုန်း ဘူတာက ထွက်လိုက်လို့
ဒီ ခရေပင်တန်း ကိုဖြတ်လျှောက်မိရင်
တခါက ခရေကောက်ဖူးတဲ့ အတိတ်ဆီကို
စိတ်ဝိညှဉ်က ပြန်ရောက်သွားတယ်။

မုခ်ဦးမှာ ဖီးဆင့်စက်ဘီးတွေ တန်းစီလို့
စေတီကြီးဘုရားရင်ပြင်တော်မှာ ချစ်သူစုံတွဲများ သစ္စာပြု။
မိသားစုတွေ ကလေးတွေလည်း ဘုရားဖူးလို့ နေကြတယ်။
ခရေနံသင်းတဲ့ လေနုအေးကိုရှူ ၊ အေးမြတဲ့ ကြွေပြားအခင်းပေါ်မှာ ထိုင်လို့
ကမ္ဘာမြေ အေးချမ်းစေဖို့ တောင်းဆုတွေပြု။

ခရေပင်အောက်မှာ ခရေချစ်သူတွေ ခရေပန်းကောက်နေကြတယ်။
ခရေပွင့်လေးတွေ ကြွေကျလာတာဟာ
ဟိုး.. ကောင်းကင်က ကြယ်လေးတွေ ကြွေကျလာသလိုပဲ။
ဟော.. ဟိုမှာကြည့် လေထဲမှာ ၀ဲပျံလို့ ချစ်စရာလေး။
လေပြေ အဝှေ့မှာ ခရေပန်းလေးတွေ ၀ဲပျံလို့ကျလာတယ်။

တပင်တည်း ခရေပင်မှာ ခရေပန်းကောက်သူတွေကများလှတယ်။
လေထဲမှာ ၀ဲပျံနေတဲ့ ခရေပန်းလေးတွေ မော့်ကြည့်လို့
မြေပေါ်မကျခင် ဖမ်းနိုင်ဖို့ ပြင်နေကြတယ်။
အော်.. ခရေပင်ကြီးရယ် ခရေချစ်သူတွေရယ် ပျော်စရာ အတိ။

တခါက ညချမ်းလေပြေရယ်။
တခါက ခရေပင်ကြီးရယ်။
တခါက ခရေချစ်သူတွေရယ်။
လေမှာ ၀ဲပျံတဲ့ခရေပန်းလေးတွေ ကောက်ချင်သေးတယ်။

ခေါင်းချင်းတိုက်မိ စိတ်မရှိကြေးပေါ့။

Sunday, June 7, 2009

များလိုက်တဲ့ ထိချက်တွေ။

ဒီရက်ပိုင်း ကိုညီလင်းဆက် သို့ ပေးစာ ပို့စ်ကို ရေးလိုက်တာ ဘလော့ကို ထိချက်တွေ မနည်းပါလာတယ်။
သတိထားမိတယ် ၂၀၀ ကျော်လောက်တက်လာတယ်။ ဒီစကားလုံး ရှာတဲ့သူတွေ အနံခံပြီး ရောက်လာ နေကြဦးမှာပဲ ။ ပို့စ် ကိုဖတ်ဖြစ်ခဲ့တယ် ဆိုရင်တော့ တမျိုးကောင်းတာပေါ့လေ။

ကျနော်ရေးတဲ့စာကလဲ နည်းနည်းကြမ်းသွားတယ်။ အမှန်တကယ် ဂူဂဲမှာ ပေါ်တဲအတိုင်း ရေးလိုက်တာ ။ စိတ်ထဲ မခံချိ မခံသာ ဖြစ်လွန်းလို့ပါဗျာ။ ထူးထူးခြားခြား ထိချက်တွေ တက်လာတာတော့ သိလိုက်ရတယ်။
ဒီလိုနည်းနဲ့ အွန်လိုင်းမှာ ထိချက်ယူ ငွေရှာနေကြတာကို လက်တွေ့ သိလိုက်ရတာတယ်။ ဒီလိုလူမျိုးကလဲ လူနဲ့ လူပတ်ပန်းကျင်မှာ ရှိနေဦးမှာပဲ။

ပြန်တွေးကြည့်တော့လဲ စာလာဖတ်တဲ့ အားပေးတဲ့ အကို အမများကို အားနာပါတယ် ။
တောင်းပန်ပါတယ်နော်။

Thursday, June 4, 2009

စိန်ပန်းတွေ မြေမှာကြဲတဲ့ ကျောင်းဖွင့်ချိန်။

အတိတ်က ပုံရိပ်တွေ ကြာခဲ့ပေမယ့် အမှတ်ရနေဆဲ။
သူငယ်ချင်းတို့ရေ.... ဖိုးရာဇာ ကျောင်းဆောင်ရှေ့ အေးမြတဲ့ မယ်ဇလီပင်ရိပ်မှာ
ကမ္ဘာမြေကို ဖင်ခုထိုင်လို့ စာသင်ခဲ့တဲ့ မင်းတို့ ငါတို့ ငယ်စဉ်က ဘ၀ကို ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ....... ကျောင်းသာယာလှပရေးအတွက်
ကျောင်းဥယျာဉ်မှာ စံပယ် ကြက်ရုံး၊ ဇွန်ပန်း၊ ရွှေပန်းပင်၊
စိန်ပန်းပင်၊ ဒန်းပန်းပင် တွေ တူတူစိုက်ခဲ့ကြတာ ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ...... နိုင်ငံတော်အလံ အလေးပြုစဉ် ကျောင်းနောက်မှာ ခိုးပုန်းလို့
ခြင်းလုံးခတ်ခဲ့တာကြောင့် သုံးယောက်တည်း နိုင်ငံတော် အလံကို အလေးပြုပြီး
ကျောင်း ငါးပတ် ပတ်ပြေးခဲ့ရတာ ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ........ စာရလျှက်သား စာပြန်ရမှာ ပျင်းလို့
သုံးယောက်သား ညာညှိကာ စာမရဘူး ဘူးခံခဲ့လို့
အရိုက်ခံရတာ သိပ်မနာပေမယ့် ဆရာမ စိတ်ဆိုးသွားလို့ ချော့ခဲ့ရတာ ငါသတိရနေတယ်။

သူငယ်ချင်းတို့ရေ....... ဆောင်းကာလ နှင်းတွေသီးနေတဲ့
ပဲစိမ်းငုံ ခင်းကိုတိုးလျှို ဖြတ်ရင်း နေမင်းကိုဦးတည် လမ်းလျှောက်လို့
ထမင်းချိုင့်ကိုယ်စီနဲ့ ပျော်ပျော်ပါးပါး ကျောင်းသွားတက်ရတာ ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ... အဌမတန်း စာမေးပွဲပြီးနောက်
တို့တွေခွဲခွာခဲ့ရ အတော်ကြာခဲ့ပြီ။ စိန်ပန်းတွေလဲ အကြိမ်ကြိမ် ပွင့်ခဲ့ပြီ။
သို့ပေမယ့် ဒီလိုကျောင်းဖွင့်ချိန်ရောက်တိုင်း သူငယ်ချင်းတို့ကို ငါသတိရနေတယ်။

အခုလဲ စိန်ပန်းတွေ မြေမှာကြဲတဲ့ ကျောင်းဖွင့်ချိန်ရောက်ပြန်ပီလေ။

Wednesday, June 3, 2009

ကိုညီလင်းဆက် သို့ ပေးစာ။

ကိုညီလင်းဆက်ရေ…
အင်တာနက်မှာ စိတ်တိုင်းမကျတာလေးတခုကို ပြောပြချင်ပါတယ်။ အကိုသိပြီးသား ဖြစ်မယ်လို့လဲ ထင်ပါတယ်။ အကို နဲ့ ကိုစိုးမင်း မြန်မာစာ အက္ခရာစဉ်မှု ကို ကြိုးစား အား ထုတ်နေတာကိုလဲ ဖတ်ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ ဒီအကြောင်းအရာ အကို့ဆီရောက်လာတယ် ဆိုရင်မမှားပါဘူး။

ကျနော်သုံးနေတဲ့ search engine က http://www.google.com.sg/ ပါ။ search box မှာ အင်္ဂလိပ်စာလုံးကို အက္ခရာစဉ်ပေးတာ (search result) တစ်လကျော်လောက် တော့ရှိပြီ။ မြန်မာဖောင့်ကတော့ အယ်လဖာ ဇောဂျီဝမ်း သုံးပါတယ်။

ဒီလိုဗျာ .. အင်္ဂလိပ် အက္ခရာ a ဆိုရင် ..a လို့ ရိုက်လိုက်တာနဲ့
air asia ------------ 36,300,000 results
amazon ---------- 71,700,0000 results
American idol --- 80,500,2000 results အဲလိုပေါ်တယ်ဗျ။
မြန်မာစာမှာ ကျတော့ အက္ခရာ “က” ဆိုရင် (zawgyione font)
ကဗျာ ---------------- 5350 results
ကွန်ပျူတာ ----------- 45300 results
ကာတွန်းကား --------- 2300 results -- အဲလိုပေါ့ဗျာ။

ကျနော် သဘောမကျတာက မြန်မာစာ အက္ခရာ စဉ်ရာမှာ (search result) မထည့်သင့်တာတွေ ထည့်ထားတယ်။ ကျနော့် အထင် အမြင်မတော်ဘူးလို့ ထင်တယ်။
ဥပမာ။ (ပေါ်တဲ့အတိုင်းပဲ အကို) ”လ” အက္ခရာကို နှိပ်ရင်..
လီး -------------------------- 65 results
လိုး -------------------------- 75 results
လိင်တံ ---------------------- 85 results
လိင်ဆက်ဆံ ---------------- 55 results
လယ်တီဆရာတော် ------- - 25 results
အဲလိုကြီး ပေါ်တယ်ဗျာ။ အမြင်ရိုင်းတယ်ဗျာ။
နောက်တခု သဝေထိုး (ေ) ကိုနှိပ်တာနဲ့
စောက်ပတ် ---------------- 55 results
စောက်ရည် ---------------- 55 results
စောက်ကောင်မ ------------- 55 results
လေးဖြူ ---------------------- 55 results
အောစာအုပ် ----------------- 55 results
အဲလိုတွေပေါ်နေတယ်။ ကကြီးကနေ အ အထိ စမ်းကြည့် သေးတယ်။

သူတို့ အင်္ဂလိပ်စာမှာကျတော့ vegina , penis စသည် တို့ကို ထည့်မပေးထားဘူး။ (ရှာမယ်ဆို ရှာလို့ရတယ် မြင်သာအောင် ပြမထားဘူး) တကယ် အသုံးများတဲ့ဆိုဒ် တွေပဲ ဖေါ်ပြတယ်။ ကျနော်တို့ မြန်မာစာလဲ အဲလို လုပ်လို့ ရမယ်များဆို ဒီလို ညစ်ညမ်းစကားလုံးကို မဖေါ်ပြရင်ကောင်းမယ်။ အခုတော့ဗျာ ရှေ့နောက် မစဉ်းစားပဲ ဒေါသထွက်ပြီး အင်တာနက်မှာ ပြောကြတဲ့ စကားတွေ အင်တာနက်တည်သရွှေ့ မှတ်တမ်းဖြစ်နေတော့မယ်။ (လိုက်ဖျက်လို့ ရရင်များ ဘယ်လောက်ကောင်းမလဲ)။

ပြောတော့ ကိုယ်ငါးချဉ် ကိုချဉ်ကြတယ်. ရွှေ..ရွှေ.. ရွှေ နဲ့ လုပ်တော့ တလွဲတွေ လုပ်နေကြသူတွေလဲ အများသားလားဗျာ။ သူတို့ ကိုယ်စား တကယ် ရှက်မိပါတယ်။ အခု မက်စေ့က အကိုတို့ အတွက် အထောက်ကူ မည်မျှပြုမည် ကျနော် မခန့်မှန်းတတ်ပါဘူး။ ထည့်သွင်း စဉ်းစား စရာ ဒေတာ တခု ရရင် ကျေနပ်ပါတယ်။

Tuesday, June 2, 2009

ကျောက်ပန်းတောင်းမြေ။



ကျောက်ပန်းတောင်းမြေ ဆိုတဲ့ ဘလော့လေး အကြောင်း ကိုပြောပြချင်ပါတယ်။ ဒီနေ့ ရောက်ဖြစ်တော့ မန်ဘာ တစ်ရာ ပြည့်တာ တွေ့ရတယ်။ ကျောက်ပန်းတောင်းသူ၊ ကျောက်ပန်းတောင်းသား တို့ စုံစည်းရာ အဖြစ် ယခင်က စကားဝါမြေ ဘလော့ပိုင်ရှင် ကိုရဲဖြိုး ဦးဆောင် ပြုလုပ်တာ ဖြစ်ပါတယ်။

ဒါကတော့ ကိုရဲဖြိုးရဲ့ ရင်တွင်းစကားဖြစ်ပါတယ် >>
ဒီကျောက်ပန်းတောင်း အသင်းလေးဖွဲ့ စည်းခဲ့တာလေးက ကိုယ့်မြို့ ကိုယ့်နယ်လေးကို သတိရတာရယ် နောက်ပြီးသူငယ်ချင်းတွေ ပြန်ဆုံဖြစ်အောင် နဲ့ ကိုယ့်နယ် ကိုယ့်ဒေသရဲ့ ကောင်းကျိုးလေးတွေကို ပူးပေါင်းဆောင်ရွက်နိုင်အောင် ရည်ရွယ်ခဲ့တာပါခင်ဗျာ ။ ဥပမာ- ကျောင်းသားယောင်းတွေရဲ့ အာစရိယပူဇော်ပွဲလို အချိန်တွေကျရင် အဝေးရောက်နေတဲ့ သူငယ်ချင်းတွေအားလုံး စုံစည်းနိုင်ကြအောင် ပြီးတော့ အလှူငွေ…စသဖြင့်ပေါ့ ဒီနေရာလေးကနေ ဆက်သွယ်ပြီး ကိုယ့်မြို့ ကိုယ့်ဒေသ ရဲ့ကောင်းကျိုးလေးတွေ ဆောင်ရွက်နိုင်ကြအောင်ပါ ခင်ဗျာ…….။

ကျောက်ပန်းတောင်းမြေ ဘလော့လေးမှာ ကျောက်ပန်းတောင်းမြို့မှ အထင်ကရ မြို့ဦးစေတီတော် ဓာတ်ပုံ များ နှင့် အခြား အခြားသော အညာမြေ ရှုခင်းများ တ၀ကြီး ခံစားနိုင်ပါတယ်။

ကျနော့်အနေနဲ့ မြန်မာပြည် အရပ်ရပ်မှ မိတ်ဆွေများကို လာလည်ဖို့ဖိတ်ခေါ်ပါတယ်။ ကမ္ဘာ အရပ်ရပ်မှ ရွှေမြန်မာများ ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
မြန်မာပြည်မှာ နာမည်ကြီး ကျောက်ပန်းတောင်း ရှယ်လက္ဖက်ရည် (တိုင်ကီ)၊ ထန်းလျှက်၊ ဇီးယိုစုံ များဖြင့် ဧည့်ခံပါမယ်ခင်ဗျာ......... :P

Thursday, May 28, 2009

ပိုက်စံ သို့မဟုတ် ငွေ ။

ကျနော် ဒီအရွယ်ထိ ငွေကို မဆုဖူး ပါ။ ဘယ်လိုဆုရမည်လည်း မသိပါ။ အမှန်တိုင်း ပြောရလျှင် ငွေကိုခင်းပြီး လျှောက်နေတယ်။ စိတ်ကူးပေါက်ရာ လုပ်ပစ်လိုက်တယ်။ နောင်ခါလာ နောင်ခါဈေး ဆိုသလိုပေါ့။ ဒီတော့ ကျနော်က မှ ငွေကို မခင်တာ ငွေဆိုတဲ့ အရာက ကျနော့် အနားမှာ ဘယ်ရှိပါမလဲနော်။

စီးပွားရေးနဲ့ပတ်သက်ပြီး စာအုပ်တွေဖတ် သူများပြောရင် ဆရာကြီးလိုလို ဘာလိုလိုနဲ့ ဝေဖန်ရေးလုပ်။ ဘယ်စာအုပ်မှာတော့ ဘယ်လိုရေးတာ။ အမှန်ကတော့ မမှားဘူး။ လက်တွေ့မှာတော့ ရှိရင်ရှိသလို မရှိရင် ဗိုက်မှောက် ရေသောက်မယ့် အစား။ ကျနော် လက်သုံး စကား တခုရှိတယ်ဗျ။ ငါက ငွေနောက်လိုက်နေတာ မဟုတ်ဘူး စိတ်ချမ်းသာမှု နောက်လိုက်နေတာကွ။ ရခဲလှတဲ့ ဘ၀မှာ ပျော်သလိုနေတယ်။ ငွေနောက်လိုက် ရင်ငွေရမယ် - ဆိုတာမျိုးပေါ့။

ကိုယ်ပိုင် ဥစ္စာတဲ့။ ဘယ်မှာလဲ ဆန်းဝင်း မင်းမှာ ဘာရှိလဲ။ ခရီးသွား အိတ်တလုံး။ အ၀တ်အစား လေးငါးစုံ။ နိုကီယာ ဟန်းဖုန်းတလုံး ။ ဟား .ဟား.. အော် ဖြစ်ရလေ။ ငွေရဲ့ကျေးကျွန် မဖြစ်စေနဲ့လို့ တော့ ကိုယ့်ကိုယ်ကို ခဏခဏ ပြောမိပါရဲ့။ တကယ်တန်းကျတော့ အဲဒီ ငွေကို ကျွန် အဖြစ် ခိုင်းစားဖို့ ၊ ငွေကိုငွေနဲ့ ရင်းဖို့ ဘယ်မှာ လဲ မင်းဆုထားတာ။ တော်တော် အသုံးမကျတဲ့ကောင်။

ငွေအကြောင်းပြောရတာလဲ သိပ်မကောင်းဗျ။ အပေါင်းသင်းဖျက်တာ ငွေတဲ့။ ငွေက မိတ်ပျက်စေတယ်လေ။ မိဘ မောင်နှမ ဆွေမျိုးသားချင်း စိတ်ဝမ်းကွဲအောင် ခွဲတတ်တယ်တဲ့။ အင်း ခက်တော့ အခက်သားလား။ မရှိမကောင်း ရှိမကောင်း။ မရှိလဲကောင်း ရှိလဲကောင်တဲ့။

(စကားမစပ်ဗျာ.. အခုတလော နားပါဦးမည် ဆိုတဲ့ ဘလော့ဂါတွေ များများလာတယ် ၊ ကျနော့်အထင်တော့ ငွေရှာတော့မယ်ထင်တယ်။ နည်းလမ်းရှိရင် ပြောကြဦးနော်)

Monday, May 25, 2009

မြင်ရောင်မိတယ်။

အမေ...
အမေနဲ့ခွဲခွာနေရတာ ကြာလေလေ
အမေ့ကို ပိုလွမ်းလေလေ ပဲအမေရယ်။
သားကိုလွမ်းနေတဲ့ အမေ့မျက်နှာကို
သား မြင်ရောင်နေမိတယ် အမေ။

မှတ်မိသေးတယ် ..
ဟိုး.. ငယ်စဉ် ကလေးဘ၀က
တနေကုန် အလုပ် နဲ လက် မပြတ် တဲ့အမေ။
အငယ်ကောင် အကြီးကောင် နဲ့ အလုပ်တွေ ရှုပ်နေတဲ့အမေ။
နေရောင်ရှိနေတဲ့ တနေ့လုံး
အဝေးက အမေ့ သားကြီးကို မလွမ်းအားဘူး။

ည အိပ်ယာဝင် သားတွေ သမီးတွေ စုံတော့
အကိုကြီး အကြောင်းပြောကြရင်း
အမေလေ.. အမေ့သားကြီးကို လွမ်းပြီး ငိုခဲ့တာ
သားမှတ်မိနေသေးတယ် အမေ....။

အခု သား အလှည့်မှာ အမေရယ်
ညည သားကိုလွမ်းလို့ ငိုနေမယ့် .. အမေ့မျက်နှာကိုလေ
သားမြင်ရောင်နေမိတယ် အမေ..

အားမငယ်ပါနဲ့ အမေရယ်
သား အမေ့ရင်ခွင်ကို အမြန်ဆုံးပြန်လာမယ်။

Friday, May 22, 2009

ဒီမိုကရေစီနိုင်ငံ နှင့် ကွမ်းစားခြင်း အနုပညာ

ရွှေမြန်မာများ ကွမ်းစားခြင်း သည် ရှေးရှေး ကတည်းက အစပြုခဲ့ခြင်း ဖြစ်သည်။ ရာဇ၀င်တွင် ကွမ်းစားပြီး တိုင်ကို ထုံးသုတ်မိသော မင်းကြီးသည် မိမိကိုယ်ကိုယ် အပြစ်ပေးကာ လက်ကို ဖြတ်သည်ဟု ကြားဖူးသည်။ စည်းကမ်း ဟူသည် လူ၏တန်ဖိုးဟု စာသင်ကျောင်း တွင်လည်း သင်ခဲ့ဖူးသည်။ စည်းကမ်းမရှိပဲ ကောင်းမွန်တဲ့ လူမှု ပတ်ဝန်းကျင် တစ်ခု တည်ဆောက်ဖို့ အတော်ခက်ခဲမည် ဟု ပညာ ရှင်တို့ ဆိုကြသည်။

စင်္ကပူကဲ့သို့ လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံတွင် စည်းကမ်းချက် များစွာတွေ့ရသည်။ ပြတ်သားစွာ အရေးယူ သည်ကိုလဲ တွေ့ရသည်။ တနေ့ကဖြစ်သည်။ အတူနေ သူငယ်ချင်း (safety supervisor) တစ်ဦး မြောင်းထဲသို့ ကွမ်းသွေး ထွေးမိ၍ ဒဏ်ငွေ ဆောင်လိုက်ရ သည်။ သူသည် ကွမ်း အလွန်ကြိုက်သူ ဖြစ်သည်။ ကွမ်းကို ကိုယ်တိုင် ပြုလုပ်ကာ စားတတ်သည်။

ယခု ဖြစ်သော ကွမ်းသွေးထွေးခြင်း အမှုသည် ခွင်လွတ်နိုင်သော အခြေနေဖြစ်သည်။ ဖယ်ရီ စောင့်နေစဉ် လမ်းဘေး ရေမြောင်းထဲသို့ ကွမ်းသွေး ထွေးလိုက်သည်။ လမ်းမပေါ် ထင်သာမြင်သာ သော နေရာတွင်မဟုတ်။ အမှုမဲ့ အမှတ်မဲ့ပင်ဖြစ်သည်။ သိုသော် ရဲကားနှင့် ပက်ပင်းတိုး သည်။ ဒဏ်ငွေ စင်္ကပူဒေါ်လာ 250 s$ ရုံးတွင် ပေးဆောင်ရန် ပါမစ်နံပါတ် ပါသော ဖြတ်ပိုင်းတစ်ခု ပေးခဲ့သည်။ သတ်မှတ် ရက်အတွင်း ဒဏ်ငွေပေးဆောင် ရန်သာရှိသည်။ မပေးဆောင်က စည်းကမ်း ဥပဒေ အတိုင်း ရှေ့ဆက်ပေလိမ့်မည်။

ဤတွင်ခေါင်းထဲသို့ အတွေးတစ်ခုဝင်ရောက်လာသည်။ လွတ်လပ်ခြင်း ဒီမိုကရေစီ သဘောတရားသည် လမ်းဘေး မြောင်းထဲ ကွမ်းသွေးထွေးရန် မဟုတ်ဟု နားလည်ရသည်။

Wednesday, May 20, 2009

သူခိုးက လူလိုဟစ်

ကာလနှယ် ဆိုးပါဘိ၊‎
သူခိုးက လူလူ၊‎
တောလေ့ပေါက် နန်းမူ၊‎
အိမ်သူကို ဧည့်စောင်း၊‎
သူကောင်းကို အပြစ်တင်၊‎
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

Wednesday, May 13, 2009

download

ဒီက ဆော့ဝဲ ကိုဒေါင်းလုတ် လုပ် ပြီး
ဒီဆိုဒ်မှာ ဂိမ်းတွေ၊ ဗွီဒီယိုတွေ၊ ဆော့ဝဲတွေ အတော်များများ ဒေါင်းလုတ် လုပ်လို့ ရပါတယ်။

စမ်းကြည့်ကြပါဦး။

Saturday, May 2, 2009

လယ်တော

မိုးကောင်းကင်တွင်
မိုးသားတိမ်တိုက်တို့ မှိုင်းညို့ညို့။
ဦးခေါင်းကို မော့်ကြည့်မိခိုက်
တိမ်တိုက်များ၏နောက်ကွယ်မှ
နေခြည် တစ်ချို့ ထိုးထွက်လာသည်။

အဝေးဆီတွင်
စိမ်းမြမြ စပါးပင်တွေရယ် ယိမ်းကလို့နေ။
အနီးကပ်မြင်တွေ့ရတဲ့
စပါးပင် ပင်စည်ထက်မှာ ဖုံးလုံး ကိုယ်ဆီနဲ့
ပင်ပျို အလှနဲ့ ရှက်သွေးကြွလို့ မျက်လွာလေးချထားလေရဲ့။

ကန်သင်းရိုးကို ဖြတ်အကူးမှာ
ဖားပေါင်စင်းလေး တစ်ကောင်
ကောက်ပင်ကြားကို ဒိုင်ပင်ပစ် သွားလေရဲ့။
ကတွတ်ဝက ရေအိုင်လေးထဲမှာတော့
ငါးပြေမ လေး တစ်အုပ် စိန်ပြေးတန်း ကစားလို့နေတယ်။

မြစိမ်းရောင် အရွက်တွေနဲ့ ၀ါဆိုပင်မှာ
ဆက်ရက် ငှက်ငယ်တို့ ဆူဆူညံလို့။
သာယာတဲ့ လယ်တောတခွင်
ရသစုံ ပန်ချီကားတချပ် အဖြစ်
အဘယ်သို့ မှတ်တမ်းတင်အံနည်း။

နေညိုညို ညနေဆောင်း တော့
လယ်ကန်စွန်း တဆုပ် ခူးပါလို့
လာလမ်းအတိုင်း ပြန်ခဲ့တယ်။

Tuesday, April 28, 2009

ကျွန်ုပ် နှင့် ပတ်ဝန်းကျင်

၁။ ကမ္ဘာလုံးဆိုင်ရာ စီပွားရေး ကျဆင်းမှု ဗိုင်းရပ်စ် ပိုးသည် နေရာဒေသ အစုံ ၊ လုပ်ငန်းစုံကို ပျံနှံ့နေသည်။

၂။ တရုတ်နိုင်ငံ မှ ကမ္ဘာလုံးဆိုင်ရာငွေကြေး ပုံစံသစ် မက်စေ့အား လေလုံးပစ် လိုက်သဖြင့် အမေရိကန် ဒေါ်လာဈေး ပြန်လည် မြင့်တက်လာသည်။

၃။ သဘောင်္ကျင်း လုပ်ငန်းတွင် ယခင် နေ့ဆိုင်း၊ ညဆိုင်း မျာဖြင့် နေ့ညမပြတ် လုပ်ကိုင်ရသော လုပ်ငန်းသည် ယခုမူ တစ်နေ့ အလုပ်ချိန် ၈ နာရီပင် ပုံမှန်မရခြင်တော့ပေ။

၎။ ယမန်နေ့က ကြားရသည့် သတင်းအရဆိုလျှင် စင်္ကပူနိုင်ငံ ကယ်ပဲ သဘောင်္ကျင်းလုပ်ငန်းမှ အလုပ် သမားများ ကာတာနိုင်ငံ ကယ်ပဲ သဘောင်္ကျင်းသို့ ပြောင်းရွှေ့ လုပ်ကိုင်ရန် ရှိသည်ဟု ဆိုသည်။

၅။ လုပ်ငန်းများမှာလဲ.. မေဂျာ ပရောဂျက် များ မရှိတော့ပဲ .. မိုင်နာ ပြင်ဆင်မှုများသာ ရှိသော ကြောင့် လုပ်အား လိုအပ်မှု လျှော့ကျသည်။ အချို့ သဘောင်္ကျင်းများတွင် တစ်ရက်အလုပ်ဆင်း တစ်ရက်နား ရသည်။

၆။ မြန်မာအလုပ်သမားများမှာ လူဦးရေ ပေါများပြီး ပေးသလောက်ဖြင့် လုပ်နိုင်သော အိန္ဒိယ နှင့် တရုတ်နိုင်ငံမှ အလုပ်သမားများ နှင့်ယှဉ်ကာ လုပ်ကိုင်ရသည်မှာ မစားသာပေ။ မြန်မာ့ နိုင်ငံ ပညာရေး သည် အထူးမြှင့် တင်ရန် လိုအပ်သည်ဟုမြင်မိသည်။

၇။ ကျွန်ုပ်ပတ်ဝန်းကျင်မှ အချို့သော မိတ်ဆွေများမှ စီးပွားရေး ဘယ်တော့ ဦးမော့ လာမည်နည်း ဟု မေးကြသည်။ ဤအရေးတွင် ကျွန်ုပ်ကား ပါစပ် အဟောင်းသားရှိချေသည်။

၈။ ကျွန်ုပ်သည် ယမန်နေ့က သဘောင်္၏ အမြင့်ဆုံး နေရာသို့ အရောက်တွင် ဒိုင်ပင်ထိုးကာ မြန်မာပြည် ပြန်ခြင်စိတ်များ တဖွားဖွားပေါ်လာသဖြင့် ဒိုင်ပင်ထိုးရန် စိတ်ကူးသော်လဲ ငါးမန်းများ ရေကစားနေသည်ကို မြင်သဖြင့် မထိုးဖြစ်ခဲ့ပေ။

၉။ ဤကား ကျွန်ုပ် နှင့် ပတ်ဝန်းကျင် ဖြစ်ချေသည် တမုံ့။ ကျွန်ုပ် မဖြေနိုင်သော မေးခွန်းတစ်ခုအား ဖြေနိုင်သူ ဖြေပေးက ကျေးဇူး အသင်္ချ ရှိချေသည်။

Sunday, April 26, 2009

စံပယ်ပျိုးမယ့် ဥယျာဉ်မှူး

သင်းပျံ့ပျံ့ ရနံ့
ချစ်စရာ့အသွင်၊ ဖြူစင်တဲ့ သဘောထား တွေနဲ့
ပန်းတွေအလယ်မှာ ဂုဏ်တင့်တဲ့ စံပယ်ဖြူရယ်
လူတကာရဲ့ ကေသာ ထက်မှာလဲ
ခန်းနားစွာ နေရာယူ လိုက်ပါဦးလေ။

တစ်ပွင့်ထဲပွင့်ခဲ့ရရင်
အားငယ်ပါနဲ့ စံပယ်ဖြူလေးရယ်။
စံပယ်ရုံထက်က စိမ်းမြမြ အရွက်လေးတွေရယ်
ပန်းသတင်းဆောင်တဲ့ လေညှင်းလေးတွေရယ်လေ
အဖေါ်အဖြစ် နေပေးနေမှာပါ။

ပန်း စံပယ်ဖြူ
ဖြူဖြူဖွေး ရနံ့သင်းသင်းလေး နဲ့
ပန်းအလှ ခြူချင်သူတွေ ၀ိုင်းလို့။
လှသွေးကြွယ်တဲ့ တော်ဝင်နန်းသုံး စံပယ်ဖြူရယ်
လိုချင်သူတွေ ၀ိုင်းလို့ လေယူရာယိမ်းလိုက်ပါနဲ့။

ခရေ၊ နှင်းဆီ၊ ခတ္တာ၊ ချာယ်ရီ ပန်းတွေ
ဘယ်လောက် လှတယ် ပြောပြော
ကိုယ်ကတော့ စံပယ်ဖြူကို မြတ်နိုးတဲ့
စံပယ်ပျိုးမယ့် ဥယျာဉ်မှူး ပါကွယ်။

ပိတုန်းမိုက်ရယ်.လာနမ်းဖို့ပြင်
လေပျင်း၊ နေပျင်း တွေက ချွေချင်နေ
ဘ၀ခါးခါးကို ဖြတ်လျှောက်ရလဲ
အားငယ်ပါနဲ့ စံပယ်ဖြူလေးရယ်
မွေးပျံတဲ့ ရနံ့တွေနဲ့ ရန်သူကို မိတ်ဆွေပြုလို့ အောင်ပွဲဝင်လိုက်ဦးလေ။

Friday, April 24, 2009

အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်။

၁။ အသင်သည် ရုံးခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင် စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက် အလုပ် ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့် အလား ဆင်တူသည်။ အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ် သွားမည့်သူဖြစ်၏။

၂။ သာမာန် အလုပ်ဖြစ်သော်ငြား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။ အများအမြင်တွင် တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် အီးမေးစစ်ခြင်း။ မိမိ လစာတွက်ခြင်း များ လုပ်နိုင်သည်။ ချက်တင် ၀င်ပါက သတိထားပါ။ တစ်ယောက်ထဲ မရယ်မိပါစေနှင့်။

၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့ နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်းများ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့) သဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။

၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည် အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက “အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။ ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွှတ် ပါနှင့်။

၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ) ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည် သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။ (ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)

မိတ်ရွှေ အားလုံးပဲ အလုပ်ထဲမှာ အဆင်ပြေကြပါစေ။

Tuesday, April 21, 2009

မရဲ့ မောင်

“လေ့ကျင့်ခန်း လုပ်ပြီးနောက် … လူငယ်များ.သည် ကလပ် ဘေးနားရှိ ထိုင်ခုံများတွင် ဟိုတဖွဲ ဒီတဖွဲ့ ထိုင်ကာ နားနေကြသည်..” “ရုတ်တရက် မြည်လာသော ဖုန်းသံနှင့်အတူ လူငယ်တယောက်သည် ဖုန်းကိုင်ကာ ဖေါ်ပြပါ စကားများ ပြောဆိုလေသည်”

“ဟယ်လို….?”
“မောင်…. မ..ပါ…။ မောင်.ကလပ်ကို..ရောက်နေတယ်လား…”

“ဟုတ်တယ်…”
“ အို…. အဆင်ပြေလိုက်တာ.. မ..လေ..မောင်နဲ့.. နှစ်ဘလောက်.. အကျော်က ရှော့ပင်းမောမှာသိလား… အခုပဲ…မြွေပါ အမွေးနဲ့ လုပ်ထားတဲ့ ကုတ်အင်္ကျီ တစ်ထည် တွေ့လို့..မောင်ရဲ့.. အရမ်းလှတယ်သိလား.. အဲဒါ… ၀ယ်လိုက်မယ်နော်……”

‘ဈေးက ဘယ်လောက်လဲ…..”
" $2,500 ပဲရှိပါတယ် မောင်ရယ်….မောင့် ဘဏ်ကဒ်ထဲမှာ အများကြီးဟာကို…."
“အိုကေ… မကြိုက်တယ်ဆို.. ၀ယ်လိုက်လေ..…”
“အရမ်းချစ်….”
“မောင်… ။ မ..အတွက်လေ.. လိုအပ်တဲ့.. အလှပြင် ပစ္စည်းလေးတွေ.. တခါထဲဝယ်လိုက်ချင်တယ်..သိလား.. ဈေးလဲသင့်တယ်.. ပစ္စည်းကလဲ.. အမှန်ကန်တွေလေ.. နော်..မောင်..၀ယ်လိုက်မယ်နော်…”
“များလှချည်လား.. အကုန်လုံး ဘယ်လောက်ကျမလဲ…. ”
“ဟွန်း… မောင်နော်… $1,800 လောက်ကိုများ… ”
“အင်းပါ..အင်းပါ.. ၀ယ်လိုက်..၀ယ်လိုက်….ဟုတ်ပီလား..”

“မောင်…. ဟိုလေ.. အသစ်ထွက်တဲ့.. ဆိုနီအယ်ရစ်ဆင်.. ဖုန်းလေး..အရမ်းလှတာပဲသိလား.. ၀ယ်ချင်လိုက်တာ.. ၀ယ်လိုက်မယ်နော်…. နောက်ပြီးတော့.. လက်တော့ လဲ အသစ်လိုခြင်တယ်..လမ်းကြုံတာပဲမောင်ရယ်…၀ယ်လိုက်မယ်… ဒီမှာက ဒစ်စကာင့်ချရောင်းတာ…..”

“အင်.. နောက်ထပ် $3,000 လောက်တော့ ကုန်မှာပဲမလား.. သေချာတော့ စစ်ဆေးပြီးဝယ်နော်…..”
“စိတ်ချပါ …မောင်ရယ်… မရဲ့ မောင်က ဒီနေ့ အရမ်းချစ်ဖို့..ကောင်းတာပဲ…. စောစောပြန်ခဲ့နော်... အရမ်းချစ်တယ်နော်..မောင်…”
“အိုကေ...… ဘိုင်ဘိုင်… ”

ထိုလူသည် ဖုန်းချပြီးနောက်.. အနားရှိလူများအား ဖုန်းကိုမြောက်ပြကာ မေးခွန်းတစ်ခု မေးလိုက်သည်.. “အားလုံပဲ..ဒီမှာ …. ဖုန်းပိုင်ရှင် ဘယ်သူလဲ သိကြပါလား ခင်ဗျာ………………”

Friday, April 17, 2009

အားလုံးအတွက် နှစ်သစ်ဆုမွန်

ယနေ့ ၁၃၇၁-ခု၊ တန်ခူးလပြည့်ကျော် (၈) ရက်၊ နှစ်ဆန်းတစ်ရက်နေ့။
နှစ်သစ်ကို ရောက်လာပါပြီ။ အခုလို နှစ်သစ် အခါသမရမှာ
ပထမဦးဆုံး အနေနဲ့ ကျေးဇူးရှင် မိဘ နှစ်ပါး ကျန်းမာစေဖို့ တောင်းဆုပြု ပါမယ်။
ပြီးတော့ မြန်မာပြည်သူ ပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာ ကြပါစေ။
အများကောင်းကျိုး သယ်ပိုးကြသော ဘလော့ဂါ ဘော်ဘော် အပေါင်း ကျန်းမာ ကြပါစေ။
ခုနှစ်ရက် သားသမီးအားလုံး ရေလိုအေးလို့ ပန်းလိုလန်းကြပါစေ။
ကျောက်ပန်းတောင်းသားလေး မောင်ဆန်းဝင်း မေတ္တာပို့ပါတယ်။
အားပေးသော မိတ်ဆွေ သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ပါသည်။

Saturday, April 11, 2009

ချစ်စရာ ပိတောက်ပန်းများ

ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ပိတောက်ပန်း ပန်းပိတောက်
ကိုယ်တိုင် ရိုက်ယူထားတာတော့ မဟုတ်။ သူများဆီက ပေးပေး မပေးပေး ယူလာတာ။ ချစ်စရာလေးတွေ အရမ်းလှတယ်။ ကြည့်ကြည်လိုက်။ ပိတောက်ပန်း ပန်းပိတောက် ။ Padauk Flowers

Thursday, April 9, 2009

နှစ်သစ်ကူးပွဲ သင်္ကြန်

“အတာကြူးတဲ့ တခူးလ ချိန်ခါ.. နှစ်ကူး သင်္ကြန်မဟာ …. သူလေးနဲ့ တွေ့ရပုံမှာ မေ့လည်း မမေ့နိုင်ပါ …. ”
သီချင်းလေး ဆိုလို့ ကျနော် သူလေးကို သတိရ နေတယ် မထင် လိုက်ပါနဲ့။ ဒီအချိန်မှာ ဒီလို သီချင်းလေး တစ်အေးအေးနဲ့ ဖြစ်နေတာ သင်္ကြန်ပိုးကြောင့်ပါ။ ရန်ကုန် သင်္ကြန်၊ မန္တလေး သင်္ကြန် တွေ အရမ်းစည်ပါတယ်။ ပျိုပျို အိုအို ကိုကို မမ တွေ ကြိတ်ကြိတ်တိုး ရေကစားလို့ပေါ့။ ဘီယာ၊ ၀ီစကီ (အရက်မပါ) ပါဝါ တင် စိမ့်စိမ့်တုန် အောင် အေးတဲ့ ရေခဲရေကို အံတုလို့ တစ်နေကုန် ပျော်ခဲ့ဖူးပါတယ်။ အရမ်း ပျော်ဖို့ကောင်းပါတယ်။

အခု ကျနော် ပြောချင် တဲ့ သင်္ကြန် အကြောင်း အရာက သိပ်ပြီး လူသိနည်း လှတဲ့ အညာမြေ ရွာလေး တစ်ရွာမှာ သင်္ကြန်ပွဲ ဆင်နွှဲတဲ့ အကြောင်း လေးပါ။ ဘယ်က စပြောမလည်း .. ဆိုတော့ .. အင်း… ဟုတ်ပြီ.. ရွာနာမည်က စမယ်။ အဲဒီ ရွာလေး နာမည်က လက်ပန်ကျင်းရွာ တဲ့။ လက်ပန်ကျင်း ဆိုတာ ရွာလေးရွာ ကို ပေါင်း ထားတာ - တစ်ရွာမှာ မှာ ဘုန်းကြီးကျောင်းက တစ်ကျောင်းဆီ ရှိတယ်။ အကြိုနေ့ မတိုင်မှီမှာ ရွာဦး စေတီ ကို ကာလသားခေါင်း နှင့် ကာလသမီးခေါင်းမှ ဦးဆောင်ကာ ဘုရား သန့်ရှင်းရေးလုပ်၊ ရေသပ်ပယ် ပါတယ်။ သင်္ကြန်ရက် လေးတွေ မှာ ဥပုတ် သတင်း ဆောင်တည်ကြမယ့် လူကြီး သူမများ၊ လူလတ်ပိုင်းများ လူငယ် ပိုင်းများ အားလုံး အတွက် သင်္ကြန်တွင်း ငါးရက်လုံး အကျွေးမွေး များဖြင့် တည်ခင်း ဧည့်ခံ ပါတယ်။ အညာ ဒေသတွင် နှစ်ဆန်း တစ်ရက် နေ့ အပါဝင် သင်္ကြန်ပွဲကို ငါးရက် တိတိ ဆင်နွှဲသည်။

အဘိုးဘွားများက အကြိုနေ့ တော့ ရွာဦးကျောင်းမှာ သီလယူမယ်။ အကျနေ့ တောင်ဘက်ရွာကျောင်း ဆရာတော်ထံမှာ ဥပုတ် ယူမယ်။ အကျက်နေ့ မြောက်ဘက်ရွာကျောင်း ၊ အတက်နေ့မှာ အလယ်ရွာကျောင်း စသည် စသည် သင်္ကြန်တွင်း ကာလမှာ တစ်နေ့ တစ်ကျောင်း လှူဖွယ် များဖြင့် သတင်း သီလ ဆောက်တည် ကြသည်။ အဘိုးရယ် အဘွားရယ် ဘုရားသွား ကျောင်းတက် တူတူ ဆိုတာမျိုးပေါ့။

လူကြီးများ သာမက ကလေး သူငယ်များ တွင်လည်း အစီအစဉ် ရှိသည်။ သင်္ကြန် ငါးရက်တွင် ဘုန်းကြီးကျောင်း ငါးကျောင်းမှာ - ဘယ်နေ့မှာ ဘယ်ကျောင်းက သာကူကြို တိုက်တယ်။ ကြက်သား ဆန်ပြုတ် တိုက်တယ်၊ အအေး တိုက်တယ် ၊ စသည်ဖြင့် နေ့အလိုက် အစီစဉ်များ ဆွဲထားကြသည်။ ဗိုက်ဝအောင် စားသောက်ပြီး လွယ် အိတ် ထဲမှာ ရေဗူးထည့် ကျောမှာပိုးပြီး ရေပြွတ်ပိုက်နဲ့ ရေပတ်ကြသည်။ ဆိုးသွမ်းသော ကလေးများမှာမူ ပူစီပေါင်း များဖြင့် ရေထည့်ကာ ပစ်ပေါက် ဆော့ကစားကြသည်။ (သားသားက ရေသနတ် နဲ့ ပတ်တာ)။ ဒီလို ကလေး တစ်သိုက်နှင့် တွေ့လျှင် ပျိုပျို အိုအို အထီး အမ မရွေး အကုန်ပြေးမလွတ် ရေပတ်ခံရသည်။

ကျေးလက် ကိုကို ကာလသားများ မှာတော့ အချက်ပြုတ် အကျွေးမွေး တာဝန်ယူ ထားရပါတယ်။ အဲဒီမှာ.. ဟိုဖက်ရွာ ဒီဖက်ရွာက ကွမ်းတောင်ကို အချော အလှ ညိုချော လေးတွေ ကိုယ့်ရွာကျောင်းကို လှူဖွယ်ပစ္စည်းများ နဲ့ လာတဲအခါ.. အပြန်ကို စောင့်ကာ ရေပက်ကြသည်။ အကျွေးမွေး အလှည့် ကျတဲ့သူ တစ်ယောက်က ..“ဟေ့ကောင် .. “ညိုကြီး”.. မင်း.. ကောင်မလေး “ဖြူစုပ်” ပြန်တော့မယ်.. ကျောင်း ပေါက်ဝ က ရေဖလားနဲ့ အသင့် စောင့်..” အဲသလိုလည်း ပြောလိုက်ရော ရေပက်မည့် ကိုကို ကာလသားက မိန်းမပျိုလေး အပြန် အဆင့်သင့် စောင့်နေတယ်။ မိန်းမပျို လာတော့ ရေဖလား လေးထဲမှာ နံသာရေတော့ ဟုတ်ဘူး .. ရေမွှေး ထည့်ပြီး လောင်းပါ တယ်။ အဲဒီလိုပဲ… အပြုံးလေးတွေ ကိုယ်စီနဲ့ ... တစ်ချို့တွေလည်း ချစ်ရေး ဆိုလို့ပေါ့။ (ကျနော် ပါဘူးနော်)။

မြို့ ပြ နဲ့မတူတာကတော့ နှစ်ဆန်း တစ်ရက်နေ့ပါပဲ။ မြို့ပြမှာ နှစ်ဆန်းတစ်ရက်နေ့ဆို မဏ္ဍပ်တွေ ဖျက်နေပါပြီ။ ရွာမှာတော့ နှစ်ဆန်းတစ်ရက်နေ့ ညနေမှာ ပွဲကြီး ပွဲကောင်းပါပဲ။ လူငယ် ကာလသားတွေ၊ အကိုကြီးတွေ၊ ပျော်တတ်တဲ့ ဦးလေးကြီးတွေ စုဖွဲ့ချီတက်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံရေလောင်းပါတယ်။ အိမ်ရှိ လူဦးရေ တွက်ပြီးပါ လောင်းပါတယ်။ အားလုံးကလည်း သူ့အမျိုး ကိုယ့်အမျိုးတွေချည်း ဆိုတော့ စိတ်ဆိုးလို့ မရပါဘူး။ ရေပက် မခံပဲ ထွက်ပြေတဲ့ အိမ်များဆို အ၀တ်တွေကို ရေနှစ်ထားခဲ့တာလည်း ရှိပါတယ်။ ရွာလယ် လမ်းမ တစ်လျှောက် တူးပို့.. တူးပို့ .. သီချင်းများဆိုလို့ ပျော်ရွှင်စွာ သင်္ကြန်ပွဲ ဆင်နွှဲကြပါတယ်။

Monday, April 6, 2009

အချစ် ဆိုတာ...

“စိုးမင်း ..သူငယ်ချင်း..”
“ဟေ့ကောင်… ငါခေါ်နေတာကြားရဲ့လား.”
သူ လှည့်၍ ပင်မကြည့်။ စိတ်ကူးယဉ်နေရလျှင် ထမင်းမေ့ ဟင်းမေ့၊ ကဗျာရေးနေရလျှင် ခေါ်မကြား အော်မကြား။ ငယ်ပေါင်း မဟုတ်သော်လည်း အလွန် ခင်သော သူငယ်ချင်းဖြစ်သည်။
“ဖြန်း”
“အား….. နာလိုက်တာ ၊ ဘာလည်းကွာ… တအား ရိုက်ရလားကွ..”
“ငါဒီလောက်ခေါ်နေတာ.. ပြောစမ်းပါဦး မင်း ဘာတွေ စိတ်ကူးယဉ် နေတာလည်း”

“မင်း ဘယ်သူ့မှ မပြောဘူးဆို ငါပြောပြမယ်”
“အေးပါကွ မင်းကလည်း ပြောစမ်းပါ.. ငါ ကတိပေးတယ်ကွာ.. ယောင်္ကျားကတိ”

“ငါ ချစ်တဲ့ ကောင်မလေးအကြောင်းကို ကဗျာဖွဲ့ နေတာ.. ကောင်မလေးက တအား လှတာပဲ.. တကယ်ကို နတ်သမီးလေး လိုပဲကွာ ။ သူဟာ ငါ့အတွက် ပြစ်ကင်းစင်တဲ့ ရွှေရုပ်လေး တစ်ရုပ်လိုပဲ … ငါသူ့ကို တအား ချစ်တယ် ”
“အင်း.. ဆက်ပြောပါဦး သူငယ်ချင်း”

“အချစ်ဆိုတာ တကယ်ကို မွန်မြတ် သန့်စင်တဲ့ အရာပါကွာ။ ငါ့ သူ့ကို ချစ်တာ တကယ် အချစ်စစ် အချစ်မှန် နဲ့ချစ်တာ… သူ့ကို ထိုင်ကြည့်နေရရင် ကျေနပ်တယ်။ သူ့ မျက်နှာလေး မြင်ရရင် ငါ့ရင်ထဲ အေးမြတယ်။ သူအပြုံးတွေက လျှို့ဝှက်ချက် ကင်းတယ် ရိုးသားဖြူစင်တယ် ဆိုတာ ပေါ်လွင်နေတယ်။ သူ့အကြောင်းတွေး ပြီး ကဗျာရေးနေရတဲ့ အရသာ ဘာနဲ့မှ မလဲနိုင်ဘူး။ သူလမ်းလျှောက်လာရင် လွယ်အိတ် လေးကို လက်တစ်ဖက်က ကိုင်လို့ .. သူ့ လက်လေး တွေ လှုပ်ရှားတာက အစ တကယ်ကို ကဗျာ ဆန်တယ်။ ပုခုံးပေါ် ၀ဲကျနေတဲ့ ဆံပင် လေးတွေ ကလည်း ကဗျာဆန်တယ်.. ငါလေ .. ငါသူ့ကို ချစ်နေတာ သူသိရင် - ချစ်နေခွင့်ရရင် ကျေနပ်တယ် သူငယ်ချင်း .. သူနဲ့ပတ်သက်ရင် .. သူအချစ်ကိုရမှ လို့ အသည်းသန် သူ စိတ်ညစ် ရအောင် မတောင်း ဆိုခြင်ဘူး.. ကိုချစ်တဲ့ သူက ကိုယ့်ကို ပြန်ချစ်ပြီး ဘ၀ တသက် လက်တွဲခွင့်ကို လူတိုင်း လိုခြင် သလို ငါလည်း လူသား တစ်ဦး ပါကွာ။ ငါ့အချစ်က သူ့အတွက်ဆို သူစေရာ ငါ အဆင်အသင့် ရှိနေတယ် သူငယ်ချင်း။ ဘာပဲလုပ်ရ လုပ်ရ ဆိုသလိုပေါ့ကွာ ”

“ အေး ချစ်တာလည်း ချစ်.. စာမေးပွဲနီးပြီ သူငယ်ချင်း.. ဆယ်တန်းက ဘ၀ အတွက် အရေးပါတယ်။ စာကို လည်း ခေါင်းထဲထည့်ဦး ”

“ အေးပါကွာ။ ခုလောလောဆယ်တော့ တစ်နေ့ကိုကဗျာ တစ်ပုတ် မရေး ရရင် မနေနိုင်ဘူး။ ဒီချိန်ဆို သူ ၀ရံတာမှာ ထွက် စာကျက် တတ်တယ် .. ငါ ကဗျာ ရေးဖို့ စိတ်ကို အစာကျွေး လိုက်ဦးမယ်.. မင်းလိုက် ဦးမလား .. ”
“မလိုက်တော့ဘူး သူငယ်ချင်း။ ငါ ဆရာဆီ စာသွားမေးမလို့ ”

သူသည် ကျနော့်အား နှုတ်ဆက်ခါ ထွက်သွားသည်။ ကျနော်လည်း ဆရာအိမ်ဖက်သို့ ခြေဦးတည်လိုက်သည်။ ခြေလှမ်းများ မှန်မှန် လျှောက်နေသော်လည်း ခေါင်းထဲတွင်တော့ အချစ်ဆိုသော အရာကို ဘာသာပြန်နေမိသည်။ အချစ်ဆိုတာ...... ???

Saturday, April 4, 2009

အသွားမတော် တစ်လှမ်းတဲ့။

ဤပုံကိုကြည့်ပါ။ အဝေးက မြင်နိုင်သည်။
အဲဒါ မောင်ဆန်းဝင်း ရဲ့ ပေါင်သလုံး ဖြစ်ပါတယ်။
ဒီမနက် ၉ နာရီ လေးဆယ့်ငါး မီနှစ် ၀န်းကျင် ခန့်ကပေါ့ ခြေချော်ကျကာ ဒဏ်ရာရသွားတယ်။ အလုပ်မရှိ အကိုင်မရှိ ကွန်ပျူ တာရှေ့မှာ ထိုင် ဘလော့တွေ ဖတ်နေရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ အညောင်းပြေ သဘောင်္ပေါ် သွားပြီး ရှောက်ကြည့် လိုက်ပါဦး မယ်လေ ဆိုပြီးသွားတာ ဒီဒဏ်ရာ ရလာတာပဲ။ အသွားမတော် တစ်လှမ်းဆိုတာ လက်တွေယုံသွား ပြီ။
စိတ်ကူးထဲမှာ ကဗျာ ရေးနေတာ။ စဉ်းစားရင်း လမ်းလျှောက် ။ ကာဂို အပိတ် နှစ်ခုကြား အပေါက်ကို မမြင်ဘူး။ ကျွံကျသွား တယ်လေ။ ဂျင်းဘောင်းဘီ ထူထူနဲ့မို့ အပွန်း သက်သာသည်။ ဖြစ်စက ဘာမှ မဖြစ်သလိုပဲ။ ဆေးထည့်တော့မှ အား..လာ..လာ.. ကြိမ်းစက်နေတာပဲ။ စိတ်နဲ့လူနဲ့ မကပ်ပဲ လမ်းလျှောက် မိတဲ့ ရလဒ်ပေါ့။
လမ်းလျှောက်ရင်း စိတ်ကူးထဲကရေးတဲ့ ကဗျာလေး က ဒီလို။

ဟိုး.. အဝေးဆီမှာ
တိမ်လွာဖွေးဖွေးတွေနဲ့
ပင်လယ်ရေ ပြာပြာတို့
ထိစပ်သွားတာ ငါမြင်ရတယ်။

ပြေးတက်လာတဲ့ ရေလှိုင်းနဲ့ အတူ
ပင်လယ်လေက ငါ့ ပါးပြင်ကို
အနမ်းပျင်းပျင်းတွေ ချွေခိုက်
အညာသားလေး အသားမည်းခဲ့ရ။

Friday, April 3, 2009

ကျနော် နှင့် အင်တာနက်

ဤ အကြောင်းအရာအား ရေးသား ခြင်သည်။
သို့သော် ဘာမှ မယ်မယ်ရရ ပြောပြဖို့ မရှိသလို ဖြစ်နေသည်။
အင်တာနက် အကြောင်းကို ပြောမည် ဆိုလျှင် ကွန်ပျူတာ ကစရ မည်။ ကွန်ပျူတာ အကြောင်း စရေးမယ် ကြံတော့လည်း လက်နှိပ်စက် ဆိုတာ လေးက ပေါ်လာပြန်သည်။ ကျနော် အင်တာနက် အသုံးပြု တတ်ရန် သတင်း အချက်လက် အင်ဖော်မေးရှင်းများ ရှာလိုက် မှတ်လိုက် ရတဲ့ နှစ်တွေ မနည်းပေ။ နေထိုင် ကျင်လည် ခဲ့သော ပတ်ဝန်းကျင်သည် သူလိုလို ငါလိုလို အောက်ခြေလူတန်းစား တွင်ဖြစ်သည်။ အထက်တန်း ကျောင်း တက်စဉ်က ကျောင်းတွင် ကွန်ပျူတာ အခန်းရှိသည်။ သို့သော် ပြတင်းမှန်မှ ချောင်းကြည့်ခဲ့ရသည်။

အကိုကြီး တစ်ယောက် လက်နှိပ်စက် ရိုက်ခြင်းအား ဘေးမှနေ စာခေါ်ပေးဖူးသည်။ ဤမှ ကျနော်သည် လက်နှိပ်စက် ဖြင့် အင်္ဂလိပ်စာ၊ မြန်မာစာ ရိုက်နည်းများ အကျွမ်းဝင်လာခဲ့သည်။ ထိုမှတစ်ဖန် ကွန်ပျူတာသို့ စိတ် ၀င်စားမှု ပိုခဲ့ သည်။ ကွန်ပျူတာနှင့် ပတ်သက်သော သတင်း နည်းပညာများ များအား အသည်းသန် ရှာဖွေဖတ်ရှုခဲ့သည်။ ကွန်ပျူတာ (အခမဲ့) ပြင် သော မိတ်ထီလာမှ ကိုမော်ကြီး၏ ကျေးဇူးကား ကြီးလှသည်။ သူသည် မြန်မာစာ ဖြင့် ကျောင်းပြီး သော်လည်း အီလက်ထရောနစ် ပစ္စည်းများအား အလွန်ဝါသနာ ထုံသည်။ အားလပ် ချိန်များတွင် ကွန်ပျူတာ ပြင်သော ကိုမော်ကြီး အနားကပ်ခါ မေးခွန်းများ မေးခြင်း၊ တစ်စစီ ဖြုတ်ထား သော ကွန်ပျူ တာအပိုင်း အစများအား ကိုင်ကြည့်ခြင်း ဖြင့် လေ့လာရသည်။ ဒါကမော်နီတာ၊ ဒါကအောက်စက် စီပီယူ၊ ဒါကတော့ မီးပျက် တဲ့ အခါသုံးတဲ့ ယူပီအက်(စ်) ၊ ကွန်ပျူတာ ပစ္စည်းမှာ အပျော့စား၊ အမာစား နှစ်မျိုးရှိသည် စသည်ဖြင့် ရှင်းလင်းပြ တတ်သည်။ ကိုမော်ကြီးသည် စိတ်ရှည်သည်။ စေတနာထားသည်။ ပတ်ဝန်းကျင် ကတော့ သူ့အား အထင်မကြီး ကြပေ။ ပြင်သမျှ ပြန်ကောင်းလာတာ ခပ်ရှားရှားဖြစ်သည်။

ကွန်ပျူတာ စာရိုက်ရန် ကီးဘုတ် လက်ကွက် စာရွက်လေး ရတော့ ကျနော် အလွန်ပျော်သည်။ လက်နှိပ်စက်ဖြင့် သိပ်မကွာ၍ လေ့လာရတာ အခက်ခဲမရှိ။ တစ်နေ့ ကိုမော်ကြီး သည် အိုင်ဘီအမ် ပီသရီး တစ်ပတ်ရစ် ကွန်ပျူ တာလေးဝယ် သည်။ သူ ကွန်ပျူတာ ရိုက်နေသည်ကို ဘေးမှကြည့် ကာ လေ့လာသည်။ အခြေခံ အကြောင်း အရာ များ ရှင်းပြ သည်။ ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းရှိ ဖော်အဲဗား ကွန်ပျူတာ သင်တန်း ဖွင့်စက သင်တန်း တက်ဖူး သည်ဟုပြောပြသည်။ သင်ခန်း စာ စာအုပ်များငှားသည်။ ကွန်ပျူ တာ အခြေခံများ အတော်လေး ရလိုက် သည်။ ကွန်ပျူတာ ဖွင့်ပိတ်ခြင်း၊ ဖိုင် တစ်ခုဖွင့် သိမ်းခြင်း၊ နာမည်ပေးခြင်း၊ မြန်မာ နဲ့ အင်္ဂလိပ် တွဲရိုက်ခြင်း၊ စာမျက်နှာ ရွေးခြင်းနှင့် မာဂျင် ပေးခြင်း များ ရှင်းပြသည်။ ကွန်ပျူတာ ကီးဘုတ်အား အစမ်း ရိုက်ကြည့် သောအခါ လက်နှိပ် စက် ရိုက်ဖူးသော ကျနော့် လက် သည် နုနုရွရွ ကီးဘုတ်နှင့် အထာမကျ။ နွေအခါ လယ်တော ခရောင်းလမ်းတွင် ထော်လာဂျီ မောင်းလာသော အသံဖြစ်နေသည်။

ပုဂံညောင်ဦးတွင် ကိုမော်ကြီးနှင့်တွဲဖြစ်သည်။ ထိုအချိန်တွင် ကိုမော်ကြီးသည် အင်တာနက် သုံးသူ အဆင်သို့ ရောက်နေပြီ ဖြစ်သည်။ အင်တာနက်သည် မည်သို့ အရေးပါကြောင်း ၊ စီးပွားရေး လုပ်ငန်းများတွင် မည်သို့ အသုံးပြုကြောင်း ရှင်းပြသည်။ ကျနော်သည်လည်း မြန်မာစာ၊ အင်္ဂလိပ်စာ မြန်မြန်ဆန်ဆန် ရိုက်နိုင်သည်။ ဇယားများ ဆွဲသော အိတ်ဇဲလ် အားစတင်နေပြီဖြစ်သည်။ ပါဝါပွိုင့် အား အခြေခံကာ အဒိုဗီ ဖိုတိုရှော့အား လက်တည့်စမ်းခြင် သောစိတ် ပင် ရှိနေပြီ ဖြစ်သည်။ ၀န်ကြီးချုပ် ဟောင်း တစ်ဦး၏သား ပိုင်သော ပုဂံ ဆိုက်ဘာ တက် အင်တာနက် ဆားဗစ် စတင်ကာ အိုင်ပီစတားများ ဖြန့်ဝေရောင်းချသော အချိန်ဖြစ်သည်။ မြန်မာ ပြည်တွင် အင်တာနက် အသုံး ပြုသူ နည်းပါးသေးသည်။ ကျနော်သည် ရသမျှ နည်းပညာ သတင်း အတိုအထွာများ ဖတ်ကာ အင်တာဆိုတာ ဘာကွလို့ ရမ်းသမ်းပြော တတ်နေပြီဖြစ်သည်။ ဂူဂဲ၊ ရဟူး နှင့် ဒေါ့ကွန်းတစ်ချို့အား အသေမှတ်ထားတတ်သည်။

သို့နှင့် ကိုမော်ကြီးနားကပ်ကာ အင်တာနက်သုံးနည်းအား လေ့လာရသည်။ သို့သော် ပေးမသုံး။ တစ်နေ့ သူ အပြင်ထွက်ခိုက် အင်တာနက်အား စမ်းဖွင့်ကြည့်သည်။ သူကြည့်နေကျ ကျနော် အလွတ်ရနေတဲ့ အ၀တ်ဗလာ ထိုင်းမော်ဒယ်မ လေးများ ဆိုဒ်တစ်ခု ကိုဖွင့်ကြည့်သည်။ ကလစ်ချက်တွေ များတော့ ပိတ်မနိုင်ဖြစ် လာသည်။ ကွန်ပျူတာ တစ်ခုခုဖြစ် သွားပြီ ထင်ကာ ကိုမော်ကြီးအား ခေါ်မေးရသည်။ သို့နှင့် အင်တာနက် ၀က်ဆိုဒ် အကြောင်း၊ အီးမေးအကြောင်း၊ ချက်တင် စကားပြောခြင်းအကြောင်းများ ရှင်းပြသည်။

ဂျာနယ်များမှ အင်တာနက် ကဖေး များ စတင်မိတ်ဆက် ရေးသားလာသောအခါ အင်တာနက်ကဖေး ဆိုတာ ဘာလည်း သိခြင်လာသည်။ ကော်ဖီဆိုင်တွင် အင်တာနက်ပြခြင်းလော။ ကော်ဖီသောက်ပြီး အင်တာနက်ကြည့် ရခြင်လော။ အင်တာနက်အား ကော်ဖီဟု တင်စားခြင်လော စသည်ဖြင့် စဉ်စားခန်းဖွင့်ဖူးသည်။

ညဆယ်နာရီခန့်တွင်ဖြစ်သည်။ ကိုမော်ကြီး တကုတ်ကုတ်နဲ့ ဘာတွေလုပ်နေလည်းမသိ ။ ဘေးနာကနေ အသံမပေးပဲ ကပ်ခါ ချောင်းကြည့်သည်။ သူမျက်နှာသည် ပြုံးရွှင်နေ သည်။ လက်မှလည်း အဆက်မပြတ် စာတွေရိုက်နေသည်။ ဟိတ်လူ ခင်ဗျား ဘာတွေလုပ်နေတာလည်း ဟု မေးသောခါ - ယခုအခေါ် ကြူကြူ လုပ်နေကြောင်း သေဘာပေါက်ခဲ့သည်။ ကိုမော်ကြီ၏ နစ်နိမ်းကား မိုက် ဖြစ်သည် တစ်ဖက်မှ မိန်းကလေး၏ အမည်မှာ လမင်းလေး ဖြစ်သည်။ သို့နှင့် ကျနော်သည် ကိုမော်ကြီးထံ ထဏခဏ ရောက်ဖြစ်လေသည်။

ကျနော် နားပူ နားစာ လုပ်လွန်း၍ ကိုမော်ကြီးမှ http://www.walla.com/ မှ ဖရီးမေး တစ်ခု လုပ်ပေးသည်။ ဤတွင် အင်တာနက်အား ကျနော် ပို၍ သဘော ပေါက်ခဲ့သည်။ အင်္ဂလိပ်စာ၏ အရေးပါမှုအား နားလည် လာရသည်။ အီးမေး လိပ်စာတစ်ခုရှိလျှင် ဆိုဒ် အတော်များများ ၀င်၍ရသည်။ သူငယ်ချင်းနှင့် စာပေး စာယူလုပ်၍ရသည်။ ပထမဆုံး ကျနော် မန်ဘာဝင်ခဲ့သော ဆိုဒ်မှာ မြန်မာချက်နက် ဖြစ်သည်။ မြန်မာ ချက် တွင် အကန့်များခွဲထား သည် အားလုံး ၀င်ပြော၍ရသည်။ ပရိုက်ဗိတ် ပြော၍ ရသည်။ ချောင်းသာ၊ ငပလီ၊ စသည်ဖြင့် ချစ်သူများ စုံစည်းရာ နေရာလေးများမှတ်မိသည်။ ထိုအချိန်က ကျနော့် နှင့် စကားအများဆုံး ပြောဖြစ်သော အွန်လိုင်း သူငယ်ချင်းမှာ လသာမှ ကောင်မလေး တစ်ယောက်ဖြစ်သည်။ နောက်တစ်ယောက်မှာ လားရှိုးမှ အစ်မ တစ်ယောက်ဖြစ် သည်။ သူတို့ ဆီမှ အင်တာနက် ဝေါဟာရ နှင့် နည်းပညာများ သင်ယူခဲ့ဖူးသည်။

ထိုမှ ဤမှ ကျနော်သည် အင်တာနက် နှင့်ထိတွေ့မှု ဝေးကွာခဲ့ရပြန်သည်။ ၄င်းနောက် အင်တာနက်အား အဆက်ပြတ်သွားသလို နည်းပညာအားလည်း ပြတ်ကျန်ခဲ့လေသည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ အကို ၀မ်ကွဲ အကူ ညီဖြင့် ဂျီမေး အကောင့်တစ်ခုရသည်။ အင်တာနက် သုံးသည် ဟုဆိုသော်ညား ချက်တင်လုပ်ခြင်း ဘာဘာညာညာ ကြည့်ခြင်းသာဖြစ်သည်။ ရှေ့ဆက်၍ကား မတက်နိုင်ခဲချေ။

Wednesday, April 1, 2009

အမေ့ယက်ကန်းစင် (၂)

နံနက်ခင်း မိုးလင်း သည်မှစ၍ နွေနေမင်း သည် စတင်ကာ အစွမ်းပြ တော့သည်။
နေ ဘယ်ချိန်ထွက် လည်း ကျနော် မသိ။ ကျောင်းအားရက် ဖြစ်သောကြောင့် ကျနော် နေရောင် ဖင်ထိုးအောင် အိပ် တတ်သည်။ အမေသည် အိမ်အလုပ်များနှင့် ရှုပ်နေသည်။ မနက်မိုးလင်း ကနေ မိုးချုပ် ပါးစပ်က လည်းပြော လက်ကလည် လှုပ်ကာ အိမ်မှုကိစ္စ များ တစ်ခုပြီး တစ်ခု ဆက်ကာ လုပ်နေ တတ်သည်။
အလုပ်လုပ်မှ ထမင်း စားရတာ အလုပ် လုပ်ဖို့ ပျင်းမနေရဘူး” ဆိုသည့် စကားသည် အမေ့၏ ဒသန ဖြစ်သည်။ အဖေနဲ့ အမေ သည် တကယ်ပင် လိုက်ဖက်ညီသော အကြင် လင်မယား ဖြစ်သည်။

ယခုကဲသို့ အလုပ်ပါးသော နွေအခါ မျိုးတွင် ယက်ကန်း လုပ်ငန်းအား စတင်ကြသည်။ ယက်ကန်း လုပ်ငန်း ဆိုသော် လည်း စီးပွားဖြစ် မဟုတ်ပေ။ တစ်ပိုင် တစ်နိုင် အိမ်တွင်းမှု လုပ်ငန်းဟုသာ ခေါ်ဆိုနိုင်သည်။ ၄င်း ယက်ကန်း လုပ်ငန်းသည် ကျနော့် ရွာလေးသို့ မည်သို့ မည်ပုံ ရောက်ရှိလာ သည်မသိ။ အမေ့ ၏ အမေ၊ ကျနော်၏အဖွား အိမ်တွင် အသုံးမပြု သော ယက်ကန်းစင် အဟောင်း တစ်ခု ရှိသည် ။ ဤသည် ကိုကြည်ခြင်း အားဖြင့် နှစ်အတန် ကြာပြီဟု ဆိုနိုင်သည်။ အဖွား ယက်ကန်း ယက်သည် ကို ကျနော် မမြင်ဖူးပေ။ သို့သော် အမေ သည် အဖွား၏ အမွေ ဆက်ခံသူ ဖြစ်သည်မှာ ဧကန် အမှန် ဖြစ်သည်။

ဤတွင် ၀ါဂွမ်း အဆင့်မှ အ၀တ် အထည် ဖြစ်လာ အောင် ယက်လုပ် ရသော လုပ်ငန်း အဆင့်ဆင့် ရှိလေသည်။ ကျနော် ငယ်စဉ်က မြင်တွေ့ နေကျ အရာ လေးများကို ပြောပြချင်သည်။ စိတ်ဖြင့်သိ သော်လည်း စကား လုံးဖြင့် ပုံဖေါ်နိုင် အံ့မထင်။ ပထမဦးဆုံး ၀ါပင်မှ ရသော ၀ါဂွမ်းကို အစေ့ထုတ် စက်ဖြင့် ၀ါဂွမ်း အတွင်းမှဝါ စေ့ များ ကြိတ် ထုတ်ရသည်။ ၄င်း ၀ါဂွမ်းအား ဗိုင်းတောင့် အဖြစ်သို့ ပြောင်းလည်းရသည်။ ဗိုင်းတောင့် ဆိုသည်မှာ နူးညံ့သော ၀ါဂွမ်းအလိမ်အတောင့်လေး ဖြစ်သည်။ ထိုဗိုင်းတောင့် အား ကြိုးမျှင် လေးများ ဖြစ်လာအောင် ဗိုင်းငင် ရသည်။ အချိန်ကို ကိုယ်စားပြုသော “လသာတုန်း ဗိုင်းငင်” ဆိုသည့် စကားပုံသည် ယက်ကန်း လုပ်ငန်းခွင်မှ ဆင်းလာခြင်း ဖြစ်သည်။ ဗိုင်းငင် စက်အား မမြင်ဖူးက ဗိုလ်ချုပ် အောင်ဆန်း ပုံနှင့် တစ်ကျပ်တန် ငွေစက္ကူ အစိမ်းရောင် တွင် ကြည့်ပါ။ (ပိုဝေးသွားမလားမသိ)။

တဖန် ဗိုင်းငင်၍ရသော ချည်လုံးအား ချည်ခင် ပြုလုပ်ရန် ချည်ငင် ရပြန်သည်။ ချည်ငင် ခြင်းတွင် အထူး ဂရုပြုရသည်။ ပြီးစလွယ် လုပ်ပါက ချည်ခင် အူပေါက် ကာ အစရှာမရ ဖြစ်တတ်သည်။ ထိုမှတဖန် ချည်ခင် အား ဆေးဆိုး ရသည်။ ဆေးဆိုး ရာတွင် မိမိ ယက်လုပ် မည့် အရောင် စိတ်ကူး အတိုင်း ဆိုး ကြသည်။ အဖြူထည် အတွက်မူ ဆေးဆိုးရန် မလို။ ဆေးဆိုး ပြီးသော အခါ အဆိုပါ ချည်ခင် အား ထမင်းလုံး များနှင့် နင်းနယ် ရသည်။ ကော်တင် ခြင်းဖြစ် ပေမည်။ ၄င်း အဆင့်ပြီး သောအခါ ချည်များ ခိုင်မာမှု အတွက် နေလှမ်း အခြောက်ခံ ရသည်။ ထို့နောက် ချည်သန့်ခြင်း အတွက် ဆပ်သွား နှင့် ချည်ချ ရပြန်သည်။ အ၀တ် တစ်ထည်ဖြစ်ရန် အဆင့်များ များလွန်းလှသည်။ အဆိုပါ သန့်စင်ထားသော ချည်အား တညင်းလုံး ကြီးတွင် ရစ်၍ သိမ်ဆည်း ထားသည်။ တညင်းလုံး မှ ချည် သည် အဆင်သင့် အသုံးပြုနိုင်သော အဆင့် ဖြစ်သည်။

ကျနော် သည် ငယ်စဉ်က အမေ့ ယက်ကန်း လုပ်ငန်းအား ကူညီ လုပ်ကိုင် ဖူးသည်။ ရံဖန်ရံခါ တွင် လည်း ချည်ခင် ရှုတ်ထွေး သွားတတ် သောကြောင့် အဆူခံ ထိသည်။
“ ဘယ်သူ ဘယ်သူ ၀င်ခါမှ ချည်ခင်ထွေး .. ရှင်းနိုင်ပါ့မယ်” သီချင်းထဲကလို ရှုတ်ထွေး နေသာ ချည်ခင် သည် ကောက်ရိုးပုံထဲ အပ်ပြောက်ရှာရသည်နယ် ခက်ခဲသည်။

ယခု အမေသည် အပ်ချည် နှင့် အပ်ပေါက် တည့်အောင် မထိုးနိုင်ပြီ။ အသက်ရွယ်ရ လာသော အမေ ယက်ကန်း မယက် သည်ပင် ဆယ်နှစ်ခန့် ရှိမည် ထင်သည်။ အမေသည် ငယ်စဉ် ကတည်းက အလုပ်နှင့် လက် ပြတ်သူ မဟုတ်။ အမေရယ်... သားတွေ သမီးတွေ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် လုပ်ကိုင် ကျွေးမွေးခဲ့ ပြီးပါပြီ အခု သားတို့ အလှည့်လေ…. အမေ.. ငြိမ်ငြိမ်လေး ထိုင်နေပါ .. လို့ ကျနော် ပြောလည်း..မရ။ အိမ်မှုကိစ္စ များနှင့် ရှုပ်နေဆဲ ဖြစ်မှာ ကျနော် သိနေသည်။ ကျနော် အမေ့ကို လွမ်းနေသည်။

Nothing is impossible !!!

21 yrs back in his grandma's place........


From one of the poorest family's chair to the most powerful chair in the world. ....!!!


Attitude leads person to any destiny….keep on moving….
OBAMA
O- Originally
B - Born in
A - Africa to
M - Manage
A – America
နှစ်သက်မိသော သူငယ်ချင်း တစ်ယောက်ထံမှ ရသော ဖော်ဝါ့မေး တစ်ခုဖြစ်ပါတယ်။
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲရှိတယ်။

Tuesday, March 31, 2009

လူငယ်အားမာန် အဖွဲ့

လက်ပန်ကျင်းရွာ ဆိုတာ ကျနော့် မွေးရပ်မြေ ရွာလေးပေါ့။
တောင်မှ မြောက် တန်းစီနေတဲ့ တောင်ရွာ+အလယ်ရွာ+ညောင်ရွာ+သီးကုန်းရွာ ဆိုတဲ့ရွာ လေးရွာကို ပေါင်းပြီး လက်ပန်ကျင်းရွာ လို့ခေါ် ပါတယ်။
လူငယ်အားမာန်အဖွဲ့ ဆိုတာကတော့ လက်ပန်ကျင်းရွာမှ နယ်မြေ
ဒေသ အသီးသီး (ပြည်တွင်း ပြည်ပ) ရောက် လူငယ် လေးများ ပေါင်းစည်းမှု အဖွဲ့လေး တစ်ဖွဲ့ဖြစ် ပါတယ်။

လူငယ်အားမာန်အဖွဲ့ ဘာတွေ လုပ်မလဲ - လက်ပန်ကျင်းရွာ အခြေခံပညာ အလယ်တန်း ကျောင်းမှ အနာဂတ်၏ သားကောင်းရတနာ ညီငယ် ညီမငယ်များ အတွက် အထွေထွေ ဗဟုသုတ ရစိမ့်သော ငှာ အပတ်စဉ်ထုတ် ဂျာနယ် ၊ တတင်းစာများ၊ အင်္ဂလိပ် အက်ဆေး စာအုပ်များ၊ မြန်မာစာ စာစီစာကုံး စာအုပ် များ စသည် စသည် များကို လစဉ် လှူဒါန်း သွားမှာဖြစ်ပါတယ်။

စိတ်ကူး ယဉ်တာ ကတော့ - ကျနော် မောင်ဆန်းဝင်း နဲ့ ရန်ကုန်မြို့ ရှိ ပုဆိုး လယ်သိုင်း သူငယ်ချင်း ကိုစိုးငြိမ်းအောင် ပေါ့ ခင်ဗျာ။ လက်တွေ့ အကောင်ထည် ဖေါ်ဖို့ကိုတော့ ကိုစိုးငြိမ်းအောင် ကပဲ တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ ကျနော်ကတော့ ဘေးပြော .. ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား .. ဒါတော့ ဒီလိုဖြစ်သင့်တယ်.. အဲလိုပဲပေါ့ခင်ဗျာ..

ဘယ်လိုလုပ်မလဲ ဆိုရင် - စာအုပ်များ လှူဒါန်းမှု အတွက် ကျောင်းအုပ်ကြီး ဦးမောင်ဝင်း နှင့် တိုင်ပင်ထားပြီး ဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက် တွင် ထာဝရတည် စေရေး - အထက်တွင် မြင်ရသော လူငယ်အား မာန်အဖွဲ့ အမည်ပါ တံဆိပ်တုံး နှိပ်ကာ လှူဒါန်းမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်လား - ခုလောလောဆယ် ၂၀ ဦးခန့် ရှိပါတယ်။ လှူဒါန်းမှုကိုတော့ ငွေကြေးပမာန သတ်မှတ် ထားခြင်း မရှိပါဘူး ခင်ဗျာ။ လစဉ် လစဉ် ပုံမှန် လှူဒါန်း ဖို့ပဲ တိုက်တွန်းပါတယ်။
လှူဒါန်းမှု ကို - ယခုနှစ်ကျောင်းဖွင့်ရာသီ မှ စတင်ကာ လစဉ် လှူဒါန်း သွားမှာဖြစ်ပါတယ်။