Saturday, January 31, 2009

အလုပ်ထဲမှာ အဖြစ်ပျက်

သူငယ်ချင်း ရဲ့ ကိုယ်တွေ့ လေး၊ သူကိုယ်တိုင် ပါဝင်ခဲ့တဲ့ အဖြစ်ပျက်လေး ပြောပြမယ်။
မပြောခင် အလုပ်အကြောင်း နည်းနည်းပါးပါး ပြောဦးမယ်။
သဘောင်္ပြင်တဲ့ အလုပ်ဟာ ငွေကုန်ကြေးကျ အရမ်းများတယ်။ သဘောင်္သားများနှင့် ပင်လယ်ပြင်မှာ ပြင်လို့ မရတဲ့ အလုပ်၊ ကိုယ်ထည် အကြမ်းထည်များ ကိုလာရောက်ပြင်ကြတာ။ သဘောင်္သား တွေလည်း များသောအားဖြင့် သဘောင်္ကို ဒေါက်တင် တဲ့ အချိန်ကို တော်တော် ကြောက်ကြတယ်။ သူတို့တွေပါ အငြိမ်းမနေရဘူးလေ။ သံချေးခွာပြီး အပြစ် အနာ ရှာရတယ်။ ပြင်ဖို့ လိုအပ် မလိုအပ် စစ်ဆေးရတယ်။ နိုင်ငံတကာမှာ တော့ မပြောတတ်ဘူး။ စင်္ကပူနိုင်ငံ မှာတော့ အလုပ်ခွင် အန္တရယ်ကင်းမှုကို အရမ်းဦးစား ပေးပါတယ်။ Yard Safety အဖွဲအစည်း ဆိုတာသီးသန့်ထားရှိတယ်။ အလုပ်လုပ်မည့်နေရာ အလိုက် လိုအပ်တဲ့ အကာကွယ် ပြင်ဆင်မှု၊ စစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ ဥပမာ။ အလုပ်သမားများ အန္တရယ်ကင်း ၀တ်စုံ လို့ ခေါ်တဲ့ personal protective equipment များ ဖြစ်တဲ့ ဦးထုပ်၊ မျက်မှန်၊ နားကျပ်၊ ရှူးဖိနပ်၊ လက်အိပ်၊ ခါးပတ် များ ပြည့်စုံမှ သဘောင်္ပေါ်တက် အလုပ်လုပ်ခွင့်ပြုပါတယ်။ လေ့လာရေး အဖြစ် အလည်လာရောက် သူများ လည်း ၀တ်ဆင်ပြီးမှ လိုက်လံ ကြည့်ရှုရပါတယ်။

အလုပ်တစ်ခုမှာ ပြုလုပ်ထားတဲ့ ညဏ်းဟာ ၆ ပေကျော်ရင် ခါးပတ် ချိတ်ရပါတယ်။ မေ့လို့ဖြစ်စေ ၊ ရပါတယ်ကွာ ဆိုပြီး ပြီးစလွယ် အလုပ်ကို လုပ်ရင် အစောက ပြောတဲ့ အန္တရယ်ကင်း အဖွဲ့က ဖမ်းပါတယ် နာမည်နှင့် ပါမစ်နံပါတ် မှတ်ကာ ဒဏ် ငွေ ၅၀ တိတိ ဆောင်စေပါတယ်။ Hot work အလုပ်တစ်ခု လုပ်မယ်ဆိုရင် ဖိုမင်၊ စူပါဗိုက်စာတွေက က အခုပ်ခွင်ကို သေချာ စစ်ဆေးရပါတယ်။ အလုပ်မှာတော့ ဂတ်စ် ဖြတ်ဂေါက် နဲ့ တပ်ဆင်မှု ကျွမ်းကျင်တဲ့ ဖစ်တာ၊ ဖစ်တာ အကူတစ်ဦး၊ ၀ရိန် သမား တစ်ဦး၊ မီးသတ်သမား တစ်ဦး။ အကြမ်းဖျင်း လေးဦး လိုအပ်ပါတယ်။ မီးသတ်သမားက ပတ်ဝန်းကျင်ကို လေ့လာ စစ်ဆေးပြီး အကာကွယ်တွေ လုပ်ပြီးတာနဲ့ အလုပ်စဆိုတာနဲ့ စလို့ရပါပီ။

ကျနော် ပြောမယ့် အဖြစ်ပျက်လေးက ဒီလိုဗျာ...
အဲဒီနေ့က ထိုင်း ဖစ်တာတစ်ဦး ရယ် မြန်မာ ဖစ်တာအကူ တစ်ဦးရယ် ၊ မြန်မာ မီးသတ်သမား တစ်ဦး အလုပ်အတူ တွဲလုပ်ပါတယ်။ နေရာကတော့ ဟိုး..လူနေတဲ့ အထပ်ရဲ့ အပေါ်ဆုံးက Navigation Bridge Deck လို့ ခေါ်တဲ့နေရာမှာပေါ့။ ဖြတ်ပြီး အသစ်လဲမှာက Antenna Post တစ်ခု (ပိုက်တစ်ခု) ရဲ့ အပေါ်ပိုင်က သံချေးတတ်ပြီး ဆွေးနေတယ်။ အားလုံးပြင်ဆင်ပြီး အလုပ်စတာနဲ့ ထိုင်းဖစ်တာက စဖြတ်ပါတယ်။ ဖြတ်လို့ ကျလာတဲ့ သံမီးခဲ့ အပိုင်းစက အောက်ကခင်းထားတဲ့ Fire clothes ပေါ်မှာ ကျတယ်။ မီးရဲရဲနဲ သံစ က ကျလာပြီး အောက်မှာ မီးထတောက်ပါတယ်။ အဲ ဒီမှာ မြန်မာ ဖစ်တာအကူ က ကြောက်အားလန့်အားနဲ မီးသတ်ဖို့ ပြင်တယ်။ ဘေးနားက ရေသန့်ဗူး ကိုဖွင့်ပြီး ရေနဲ့ပတ်လိုက်တယ်။ အဲဒီမှာ စတွေ့တာ.. ရေနဲ့ပတ်ခါမှ မီးက မငြိမ်းပဲ ၀ုန်းခနဲ ထပြီးတောက်ပါတော့တယ်။ သူပတ်လိုက်တဲ့ ရေသန့်ဗူးက ရေမဟုတ်ဘူး .. တင်ဒါတွေ ဖြစ်နေတယ်။ မီးက အားများလာတယ် ။ လေကလည်း ပင့်လာတော့ မီးခိုးတွေလည်း တော်တော်များတယ်။ အဲဒီမှာ မြန်ာမာ မီးသတ်သမားက မီးသတ်ဗူးကို ဖွင့်ပြီး သတ်လိုက်တော့ ခဏတည်းနဲ့ မီးငြိမ်းသွားပါတယ်။

ဒါပေမယ့် ... အန္တရယ်ကင်း အဖွဲ့ က မြင်သွားတော့ မြန်မာ နှစ်ယောက် ပါမစ်နံပါတ် မှတ်သွားပါတယ်။ သူတို့ နှစ်ဦးလည်း ညစ်တာပေါ့။ ရန်တောင်ဖြစ်ခမန်းပဲ။ မင်းလုပ်တာ၊ ငါနဲ့မဆိုင်ဘူး၊ ငါက မီးသတ်တာ။ ရုံးရောက်ရင် မင်းပြောပြ နဲ့ ငြင်းခုံနေပါတယ်။ အင်းလေ.. တစ်နေ့ကိုမှ ၂၀ ဒေါ်လာလောက်သာ ရတာ ဒဏ်ရိုက်ရင် ၅၀တောင်။ ရုံးကို ခေါ်ပြီး စစ်ဆေး မေးမြန်းတယ်။ မီးက ခဏတည်းနဲ့ ငြိမ်းသွားတော့ အရေးမယူလိုက်ဘူး။ ဘာကြောင့် မီးခိုးတွေ များတာလည်း ဆိုတဲ့မေးခွန်း ဘယ်သူမှ မမေးဘူး။ မြန်မာ မီးသတ်သမား ကို နောက်တစ်နေ့ Safety Metting မှာ Safety Award ဆုချီးမြှင့်ပါတယ်။
(ရေသန့်ဗူး နဲ့ တင်ဒါကတော့ သဘောင်္က ကိုရွှေသဘောင်္သား ဆေးလာသုတ်ပြီး စကားထိုင်ပြောကာ မေ့ကျန်းခဲ့ခြင်းဖြစ်ပါတယ်) ဒါကို ရွှေမြန်မာ က ရေသန့်ပဲဆိုပြီး မီးသတ်ကာမှ မီးက ပိုလောင် မီးခိုးတွေ တလူလူ ဖြစ်ကုန်တာ ။ ရုံးမှာ တင်ဒါ ကိစ္စကို လျို့ဝှက် ထား လိုက်တော့ ရွှေမြန်မာ ဆုရသွားပါတယ်။
အဲဒီနေ့ က ရွှေမြန်မာ များ ကောင်းသော လွဲမှားခြင်း တစ်ခု ဖြစ်ခဲ့ပါတယ်။

Monday, January 26, 2009

ယိုင်နဲ့လာသော ထိုင်ခုံလေး



ဒီအခြေနေတိုင် အတိုင်းဆို ဒီနှစ် ၇ လပိုင်း အပြီး ပြန် ရမလား မပြော တတ်ဘူး ထိုင်ခုံလေး ကတော့ လှုပ်တာ များလို့ထင်တယ် ယိုင်နဲ့ လာတယ်။ မြင်နေရတဲ့ ပုံလေးထဲက ထိုင်ခုံလေး က ကျနော် အလုပ်လုပ် တဲ့ ထိုင်ခုံလေး ပေါ့။ အခန်းငယ်ငယ်ထဲမှာ စာရွက်တွေ နဲ့ လုံးထွေး သတ်ပုတ် ရတာနေ့စဉ် ပဲ။ လက်ကောက်ဝတ်လည်း ညောင်းတယ်။ အနုပညာ ဆန်ခြင်ဆန်မယ် ဗျာ ပန်းချီ ပညာတော့ မဆန်တတ်ဘူး။ မဆွဲတတ်ပါဘူး ဆိုမှ ဆွဲလိုက်ရတဲ့ ပုံတွေ လုပ်ပြမိတာကိုက မှားပါတယ်။ ညနေ လေးနာရီလောက်ဆို လက်ကညောင်း ဇက်က ညောင်း မျက်လုံးက ကြိမ်း ဘာမှ ကို မကျန်ဘူး။ ဒီခန္တာကလည်း အိုမင်းလာပြီထင်ပါ့။ အလုပ်ထဲ မု ၀င်သွားရင် တင်ကလိန်ချိတ် တတ်တဲ့ အကျင့်ကြောင့် ဒူးချွန်ချွန်က ခြေသလုံး သားကို ထိုးမိလို့ ခြေထောက် တစ်ဖက်လည်း နာနေလေရဲ့။ အမှတ်ကို မရှိဘူး။ ဟိုနေ့ က လုပ်ထဲမှာ သဘောင်္ ပေါ်မှာ သွားရင်းနဲ့ ငုံဝင်ပြီး သွားရတဲ့ နေရာတစ်ခုမှာ လွတ်ပြီထင်လို့ မတ်တတ် ရပ်လိုက်ပါတယ်- ဘာပြောကောင်းမလဲ အီသွားတာပဲ။ ညဏ်းဆင်ထားတဲ့ သံပိုက်က ကျွေးလိုက်တာ နောက်ကျော်ကို ပြဲလို့။ ဒါကို ပြတော့ သူများတွေက မင်း အလုပ်မလုပ်ပဲ ဘာဖြစ်တာတည်းတဲ့။ ထိုင်နေတာ လည်း မကောင်းဘူး ထသွားတာလည်း မကောင်းဘူး။ အိပ်နေရင်ရော ဘယ်လိုလည်း။ ဟာ... မကောင်းဘူးဗျာ ကြမ်းပိုးကိုက်တယ်။ အဆင်မပြေမှုများစွာနဲ့ စင်္ကပူမှာ ဒုတိယ ပေါက်ဖေါ် တို့နှစ်ကူး ရောက်ခဲ့ပြန်ပေါ့။

ခုတလော ပါမစ်ကုန်သူများ ပြန်သွားလိုက် တာ တစ်ဖွဲဖွဲပဲ။ ဇူလိုင်ဆိုရင်တော့ အပြီးပြန်ရတော့မယ် ထင်တယ်။

Thursday, January 22, 2009

General Worker in sg


၂၀၀၈ ခုနှစ်က စင်္ကပူကို အထွေထွေ အလုပ်သမား အနေနဲ့လာရတာ အရမ်း လွယ်ကူ ပါတယ်။ ပေါလိုက်တဲ့အေးဂျင့်တွေ ရိုက်---- လို့ မကုန်ဆိုသလိုပဲ။ အေးဂျင့်တွေက လိမ်တာလား ။ သွားခြင်တဲ့သူက အလိမ်ခံတာလား။ ဒါတွေတော့ မပြောတော့ပါဘူး။ စင်္ကပူရောက်ရင် နားလည်သွားလိမ့်မယ်။ ဘာအလုပ်လည်း မယ်မယ်ရရ မသိ အပြောကောင်းတဲ့ ပွဲစား၇ဲ့စေ့ဆော်မှု ကြောင့်ရယ်။ ဒီမှာနေလည်း (ရန်ကုန်) တစ်လ တစ်လ ကုန်ကျ စားရိတ် မနည်း ဆိုပြီး မြန်မြန်ထွက် ခြင်သူများ အထူး သတိထားဖို့ လိုပါတယ်။
မြန်မာပြည်က ပွဲစား လိမ်တာက နည်းသေးတယ်လို့ ပြောရမယ်။ ပွဲစားက သေချာ ပေါင်းသင်းပြီး အပြောချိုချိုနဲ့ လိမ်တာ လေ။ သူ့ အိမ်မှာ ထမင်းစားတွေဘာတွေ ဖိတ်လိုက်သေး။ စင်္ကပူလား ရောက်လာပြီးပြီဆိုရင် company ပိုင်ရှင်က ဒီလောက်ပဲပေးနိုင်မယ်။ ဒါလုပ်ရမယ်။ မလုပ်ခြင်ပြန်လို့ မပြောပေမယ့် ဒီသဘောပါပဲ။ ဒီတော့လည်း ကိုယ်စားရိတ် ကိုယ်ပြန်ရှာပြီး မလုပ်ခြင်လည်း အောင့်အီးလုပ်ကာ ဘယ်လိုမဆို နှစ်နှစ်တော့ လုပ်ရတော့တာပဲ။ ပေးခဲ့ရတဲ့ အေးဂျင့်စားရိတ်က သိန်း ၄၀ ၀န်းကျင်လေ။
အထက်ပါပုံကိုကြည့်ပါ။
စက်ဝိုင်း - ၀ိုင်းပြထားပါတယ်။
တာဝါတိုင် တစ်ခု ဆေးသုတ်ရန် (Staging) ညဏ်းဆင်နေကြတာ။
ရွှေမြန်မာများလည်း ဒီလို သက်စွန့်စံဖျား လုပ်ရပါတယ်။
မေးမြန်ကြည့်တော့ ခေါ်တုန်းက ရုံးမှာ လုပ်ရမယ် အေးအေး ဆေးဆေးပဲ။ အဲယားကွန်းထဲမှာ ဇိမ်နဲ့ နေပြီး ပိုက်စံကို အသာလေး သဲ့ယူယုံပဲတဲ့။ စင်္ကပူကိုရောက်တော့ ဘာအေးဆေးသလဲမမေးနဲ့။
နောက်တစ်ခု - ကျနော့်ကိုကြည့်ပါ။
ရွာကထွက်လာတဲ့စိတ်နဲ့ general worker အလုပ် - သေအောင်တော့ မခိုင်းလောက်ပါဘူး။
ငါတို့ လူဆိုတာတော့ သိမှာပါ။ ဘာဖြစ်ဖြစ်လုပ်မယ် လို့စိတ်ကူးလေးနဲ့ ထွက်လာခဲ့ပါတယ်။
အခု.. မနက်စောစော ဘလော့နေနိုင်တာလည်း အင်း.... ရှေးဘ၀ကုသိုလ်လို့ ပြောရမလိုပဲ။
ဒါစင်္ကပူ ကို အလုပ်လုပ် လာတဲ့ အတွေ့ကြုံလေး တစ်ခုပေါ့။

Wednesday, January 21, 2009

အချစ်တဲ့လား

အချစ်။
အင်း.. ခံစားဖူးတာပေါ့။
အချစ်။
အင်း..ရူးသွပ်ဖူးတာပေါ့။
အချစ်။
အင်း.. သူ့အကြောင်းတွေးလို့ ပြုံး နေဖူးတာပေါ့။
အချစ် လား။
အင်း.. သူ့နာမည်ကို လက်မှာ ကွန်ပါနဲ့စိုက်လို့ ရေးခဲ့ဖူးတယ်။
အချစ် တဲ့လား။
နှလုံးသားမှာ တွယ်ငြိ ငေးကြည်နေရရင် ကျေနပ်တယ်။

Sunday, January 18, 2009

ဓနရှင်နှင့် မြေခွေးများ ကြီးစိုးသော ကမ္ဘာ

အလုပ်တွေက မပြီးသေးဘူး။ သဘောင်္ကထွက်တော့မယ် ။
များလိုက်တဲ့ အလုပ်တွေ နဲ့ နပန်းလုံးနေချိန်မှာ
စိတ်က ဘလော့ဆီကိုရောက်နေတယ်။
အလုပ်ထဲမှာ အဆင်မပြေတဲ့ အဖုအထစ်တွေ ကို စိတ်နဲ့ ဘလော့။
ပေါက်ကွဲသံစဉ်တွေ ကို စာစီရင်း ပိုစ်တင်ဖို့ ခေါင်းစဉ်တစ်ခု ရလာတယ်။

“ ဓနရှင်နှင့် မြေခွေးများ ကြီးစိုးသော ကမ္ဘာ” တဲ့။

ခေါင်းစဉ် ကိုပဲ ဖေါ်ပြတော့မယ်ဗျာ။
စိတ်ထဲကနေ ဆဲသံဆိုသံတွေ ရေးချလို့ကောင်းဘူး။
အုပ်ချုပ်ရေး နည်းပညာ မသိ။ နည်းပညာ မတတ်။
နားမလည်လို့ ရှင်းပြတာ မကြိုက်။ ဟောက်ဖို့လောက်ပဲနားလည်တယ်။
တော်တော်ကိုလူမဆန်တဲ့ သတ္တ၀ါ တစ်သက်မှာ တစ်ခါသာတွေ့ဖူးတယ်။

နေနှင့်ဦးပေါ့ လို့ ပဲ ကြိမ်းပြီး နေနေရတယ်။ ဒေါ်လာ တန်းဖိုးကလည်း တော်တော်ကြီးသကိုးဗျ။
တကယ်ပါဗျာ.. ဓနရှင် ရဲ့ မြေခွေးတွေနဲ့ တွေ့နေရတယ်။ သွားခြင်ဦးဟ စင်္ကပူ ။

Thursday, January 15, 2009

Blogger and Blogspot are unbanned in Myanmar

Yangon,
11pm, Jan 14, 2009.
What a beautiful day!!! Our lovely Google's Blogger and Blogspot are released from ban in Myanmar.
Blogspot, the most popular blogging platform among burmese bloggers was banned in Myanmar since last two years ago. Blogging is interested as one of the most famous tech revolution and media explosion in myanmar youths and, it reached its highest popularity at 2007. Actually it(blogging) doesn't mean as most people thought as just writing something on web, but it has more meaningful characteristics and can be doing as professional. At least, it can earn some extra bucks for survive. Now, it is released from ban and we bloggers hope to build more meaninful myanmar blogosphere for community, and wishing not to be banned again. Cheer!
မင်္ဂလာရှိသော နေ့ပါ။ ကိုမျက်လုံးက လှမ်းပြီး အကြောင်းကြားတာနဲ့ စမ်းကြည့်လိုက်တော့ ဟုတ်နေတယ်ဗျား။ ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ Blogger ကိုဘန်းထားတာ ပြန်ပွင့်သွားပါပြီဗျား။ နောက်ဆို ဟိုကျော် ဒီကျော် ဟိုလုပ် ဒီလုပ်တွေ မလုပ်ရတော့ဘူးပေါ့။ ဒါဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှု တစ်ခုပဲ ဖြစ်တယ်လို့ ထင်မိပါတယ်။

ကိုညီလင်းဆက် ဘလော့မှ ရသော သတင်းဖြစ်ပါသည်။ အပြုသဘောဆောင် ခြင်းအား ကြိုဆိုပါ၏။

jan 15 , 20:32 ... (အမှားပြင်)
မနက်က အထက်ပါ သတင်းလေးဖတ်ရလို့ ၀မ်းသာနေတာ ..
အခု ညနေ ထပ်သိရတာက ဘန်းလိုက်တာမှ ဘာမှ ကိုလုပ်မရဆိုပဲ။ သုခ..သုခ...

Monday, January 12, 2009

လေးထာင့်များ

ငါနေတာ လေးထောင့်ခန်းငယ်ထဲမှာ
ငါ့အိပ်ယာက လေးထာင့် နှစ်ထပ်အိပ်စင်
မိုးလင်းတာနဲ့ ငါမြင်ရတာ
သဘာဝမဲ့ ပုံသွင်းခံရထားတဲ့ လေးထောင့် မျက်နှာများ။

ကားဂိတ်က စာတိုက်ကြီးကလည်း လေးထာင့်များနဲ့
ငါစီးတဲ့ ဖရယ်ရီက လေးထောင့်ပုံစံ
ငါအလုပ်လုပ်တဲ့ အခန်းငယ်ကလည်း လေးထာင့်
ငါရှေ့က ကွန်ပျူတာကလည်း လေးထောင့်။

လေးထောင့်တွေ ခေတ်စားတဲ့ စင်္ကပူမြို့ကြီးမှာ
ငါတွေ့တဲ့ လူတွေက လေးထောင့်မျက်နှာနဲ့
ငွေကြေးပုံသွင်းတာ ခံနေရရှာတယ်။
အော်...လေးထောင့် မျက်နှာများ...။

Wednesday, January 7, 2009

လူနှစ်မျိုး

နံပါတ်(၁) - လူနပ်။
စကားပြောချိုတယ်။ လည်တယ်။ နပ်တယ်။ တဘက်သားအား ဒေါသဖြင့် လုံးဝ မဆက်ဆံဘူး။ ကြေနပ်မှုပေးတယ်။ မလိမ္ဘူး။ မညာဘူး။ လိုခြင်တာကို ရအောင်ယူတတ်တယ်။

နံပါတ်(၂) - လူ့ကလည်။
စကားပြောချိုတယ်။ အိုဗာ တောင်ဖြစ်သေး။ လည်တယ်။ နပ်တယ်။ တဘက်သားအား ဒေါသဖြင့် လုံးဝ မဆက်ဆံဘူး။ လိမ်တယ်။ ညာတယ်။ လိုခြင်တာရအောင် ကောက်ကျစ် စင်းလဲ နည်းမျိုးစုံ သုံးတယ်။

နံပါတ်(၁) လူနပ် သည် လူချစ်လူခင်ပေါ့၏။
နံပါတ်(၂) လူ့ကလည် သည် လူရွံ၏။

Monday, January 5, 2009

နေရာသစ်

ပြီးခဲ့တဲ့နှစ် ၂၀၀၈ ခုနှစ်က ကျနော် Panjuru Place မှာနေပါတယ်။ Company ပေါင်းစုံက အလုပ်သမား ပေါင်းစုံ နေတဲ့ အဆောင်ပေါ့။ အဆောင်သစ်ဆိုတော့ အသုံးအဆောင် ပစ္စည်းတွေ အားလုံးကောင်းပါတယ်။ ကြည့်ရတာ အခန်းလေးတွေက လူ ၈ ယောက် နေဖို့ ရည်ရွယ်ပြီး တည်ဆောင်ထားပုံရတယ်။ အိပ်ခန်း ၊ ဧည့်ခန်း ၊ မီးဖိုချောင်၊ ရေအိမ် ရေချိုးခန်း ပြင်ဆင်ပုံလေး မဆိုးဘူး။ ဒါပေမယ့် အဲဒီလို လူ ၈ ယောက်စာနေရာမှာ ခုတင်တွေကို နှစ်ထပ် ဆင့်တွေ ထားပြီး လူဦးရေ ၁၈ ယောက်ထားပါတယ်။ အဆောင်မှာ လူစုံလာရင် နေစရာ မရှိတော့ဘူး။ သိတဲ့အတိုင်းပဲ လူများတော့ လက်များတယ် ခြေများတယ် (လူတစ်ယောက် တွင် လက်နှစ်ဖက် ခြေနှစ်ဖက် ရှိသည်)။ ပါးစပ် တစ်ပေါက်သာ ပါသဖြင့် ကံကောင်းသည် ဟု ဆိုရမည်။ ၁၂ နာရီကျော်လျှင် ငြိမ်ငြိမ် တိတ်တိတ် အိပ်ရသည်။ ဒီလို ညစ်ညစ်နဲ့နေခဲ့ရတာ Company မှာ အလုပ်သမားတွေ လျှော့ချတော့ အခန်း နှစ်ခန်းကို တစ်ခန်းတည်းပေါင်းလိုက် ပါတယ်။ ပေါင်းလိုက်တော့ အားလုံး ၂၁ ယောက်ဖြစ်သွားတယ်။ ၁၈ ယောက်ပဲနေလို့ရတာ ဆိုတော့ ပိုနေတဲ့ ၃ ယောက်ကို အခြား အဆောင်မှ မြန်မာများအခန်းတွင် ပေါင်းလိုက်တယ်။
နေသားကျနေတဲ့ နေရာကို စွန့်ခွာပြီး နေရာသစ် ကို စိတ်ဝင်စားတဲ့ကျနော် အဆောင်ပြောင်းဖို့ နာမည် စာရင်းပေးလိုက် ပါတယ်။ အနည်ထိုင် တတ်တဲ့ စိတ်၊ အကျင့်ကိုမုန်းတယ်။၂၀၀၈ ခုနှစ် ဒီစင်ဘာ ၂၈ ရက်နေ့တွင် နေရာဟောင်း Panjuru place မှ Kian Teck Lane ရှိ Blue Star အဆောင်သို့ ပြောင်း ရွှေ့ ခဲ့သည်။ အခုနေရတဲ့နေရာဟာ အရင်နေရတဲ့နေရာထက် သွားရေးလာရေး လွယ်ကူသည်။ Boon Lay (MRT) နှင့် နီးသည်။ မနက်စောစော ဖယ်ရီ ၆ နာရီခွဲမှထွက်သည်။ အိပ်ရေး၀၀ အိပ်ရသည်။ ကောင်းတာတွေပဲ ပြောနေတာ မကောင်းတာလည်း ရှိတာပေါ့။ ၅ လွှာမှာ နေရတာ အတက် အဆင်း ပျင်းစရာကောင်းသည်။ Lift မရှိ။ အရာရာမှာ အကောင်းနဲ့ အဆိုး အတူ တွဲတွေ့ရတတ်ပါတယ်။ ကောင်းတာပဲ လိုခြင်တာ လူ့သဘောနေမှာပေါ့။ အဆိုးကိုလည်း ပစ်ပယ်လို့တော့မရဘူး။

နှစ်သစ်၂၀၀၉ ခုနှစ်။ ကျနော် နေရာသစ်မှာနေတယ်။
လိပ်စာက ဒီမှာပါ လမ်းကြုံလို့ဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ် လာလည်ပါနော် .. ကြိုဆိုပါတယ်..

Thursday, January 1, 2009

ငါလာပြီ ၂၀၀၉ ရေ

၂၀၀၉ ခုနှစ်
စိတ်ခွန်အားသစ်နဲအတူ ကြိုဆိုပါတယ်။
ရှေ့ဆက် လျှောက်မယ့် လမ်းမှာ တွေ့ကြုံမယ့် ကောင်းဆိုး နှစ်တန်အား
ရင်ဆိုင်ဖို့ ငါမှာ ခွန်အား အပြည့်ရှိတယ်။ အမှားလုပ်ခဲ့တာတွေ က နမူနာ၊
အမှန်လုပ်ရပ်တွေက ထာဝရသိမ်း ဆည်းစရာ။
နှေးကွေးစွာ လျှောက်နေတဲ့ ခြေထောက်တွေထက် တစ်နေရာမှာ အနည်ထိုင်တတ်တဲ့
စိတ် နဲ ခန္တာကို နှိုးဆွပြီး အတွေ့ကြုံက ပေးတဲ့ အမြင်သစ်နဲ ငါ ဆက်လျှောက်မယ်...
ငါလာပြီ .. ၂၀၀၉ ရေ။