Sunday, July 25, 2010

အမေ့ကျေးဇူးပြန်အောင်းမေ့ခြင်း

တကယ်ဗျာ.. မနေ့ညနေက အမေ့ကို တော်တော်လေး သတိရနေမိတယ်။
အလုပ်က ပင်ပန်းလာလို့ အိပ်ရောက် ခဏနား ပြီး ညစာ၊ နောက်နေ့စာ အတွက်ချက်ရတယ်။ ထမင်းဟင်း ချက်နေရင်းနဲ့ အမေ့ကို သတိရနေမိတယ်။ ကိုယ်တစ်ယောက်တည်းအတွက်ပဲ ချက်ရတာတောင် တခါတခါ သဘောက မကျချင်ဘူး။ ချက်ပြီး ဝဲပြစ်လိုက်ရတာ တခါခါရယ်။

အမေက လူတွေအများကြီးစာချက်ရတာ။ မိသားစုဝင် များတယ်။ အမဲသားမစားဘူး။ ဝက်သားမစားဘူး။ ငရုပ်သီး အစပ်ကြောက်တယ်။ စပ်စပ်လေးမှ။ အလုပ်ကိုများနေရော။ အမေ စိတ်ပျက်လို့ ငြီးသံ တခါမှ ကျွန်တော် မကြားခဲ့ရဖူးဘူး။ အဆင်ပြေအောင် လုပ်ပေးတယ် ချော့မော့ကြွေးတယ်။ မိဘများ စေတနာထား ဒုက္ခခံတာကို ပြန်အောင်းမေ့ပြီး အမေ့ကို သတိရနေတာ တအား။

ဝမ်းကွဲ ညီငယ်တစ်ယောက် ပေါ့..... ဝတုတ်တုတ် ပေါတောတော နဲ့ အော်ကြီးဟစ်ကျယ် .. သူ့ အမေကို အော်ပြောတယ်.. “““အမေ... ထမင်းစားမယ်. ထမင်းခူးပေး ....... ””” သူ့ အမေက “ထမင်းမကျက် သေးဘူး ကွဲ့ သားရဲ့.....” ပြန်ဖြေတယ်။ ဒါကိုပဲ... သူက “““ဟာဗျာ... မကျက်.ကျက်ကျက် ခူးပေးဗျာ.. ဗိုက်ဆာလှပြီ... ””” တဲ့လေ...။ ငယ်သေးတော့လဲ ဘာမှ မသိရှာသေးဘူးပေါ့။

ပြန်စဉ်းစားကြည့်မိတယ်.. ငယ်ငယ်က အဲလိုတော့လဲ ဆိုးခဲ့ပါဘူး။ အမေ အလုပ်များတာလဲ သိတယ်။ မအားလပ် တဲ့ကြားက သားကြီး သားငယ် အဆင်ပြေအောင် ချော့ရ၊ ထိန်းရ တာလဲ သိတယ်။ ထမင်းစားရင် နောက်ဆုံးမှ စားတတ်တာလဲသိတယ်။ အမေကလဲ အတူစားမယ်လေ. ဆိုတော့မှ စားတယ်။ ထမင်းစားပြန်တော့ အမေ့ ထမင်းပန်းကန်ထဲ အသားတုံးတွေ ထည့်ပေးတော့ .. သွားကြားညပ်မှာ ဆိုးလို့တဲ့။ သားပဲစားပါတဲ့။ ပြန်တွေးမိရင် အမေ့ကို ပိုလို့ လွမ်းမိ သတိရမိတယ်။

အဲလိုနဲ့ အမေ့အကြောင်း စဉ်းစားရင် ချက်ပြုတ်ပြီးလို့ နားမယ်ကြံတော့ အဝတ်တွေက မလှန်းရသေးဘူး။
ဟာာား ...ဘဝ.. မလွယ်ပါလားနော်.. ။