Friday, June 24, 2011

ထန်းပင်ထန်းတောတွေနဲ့ လွမ်းမောဖွယ်မြေ (၃)

အမှန်တကယ်ပါ။ ပထမဆုံးအကြိမ် ထန်းရေ သောက်ဖူးတာ ကျန်းမာရေး အရ ဆေးဖြစ် ဝါးဖြစ်ပါ။ အဲဒီတုန်းက အမြောက်တပ်အတွက် လမ်းခင်း လုပ်အား ပေးတဲ့အချိန်ပေါ့။ ကျွန်တော်တို့ ရွာကနေ ကားကြီးနဲ့ ဆန်၊ ဆီ၊ ဆား၊ ဆနွန်း အပြည့်တင်ကာ ညအိပ် ညနေ ကျောက်ထု လမ်းခင်း လုပ်အား ပေးကြခဲ့ ကြရတယ်။ နွေရာသီ နေက အလွန်ပူတယ်။ လမ်းခင်းတယ် ဆိုတာ လွယ်လွယ်လေး မဟုတ်ဘူး။ ပထမ တပေလောက်ရှိတဲ့ ကျောက်ခဲကြီးတွေ လှိမ့်သယ် ပြီး ခင်းလိုက်တယ်။ Inspection ရဲဘော်က မကြိုက်ရင် အစက ပြန်စရတာ။ ကျောက်ကြီး ကျောက်သေး ကျောက်နှုတ် အဆင့်ဆင့် ခင်းရတယ်။ အဲဒီကျောက်တွေ ကို ကိုယ်တိုင် ခွဲစိတ်သယ်ယူရတယ်။ ဒါက လမ်းခင်းခြင်း အင်ဂျင်နီးယားရင်း နည်းပညာပေါ့နော် :)

အဲဒီလို ကျောက်ထု ကျောက်သယ် လမ်းခင်းတဲ့ လုပ်အားပေး အဖွဲ့ထဲမှာ ကိုဆန်းဝင်းလဲ တစ်ယောက် အပါအဝင်ပေါ့။ ပြောရဦးမယ် အဲဒီတည်းက အလုပ်ဟူ သမျှ ဂုဏ်ရှိစွ ဆိုတဲ့ စကားပုံ မမှန်ကန်တာ သိလိုက်ရတာပဲ :) ။ ညနေရောက်တော့ အလုပ်သိမ်းကြတယ်။ ထန်းတောစပ်က စမ်းရေ အိုင်လေးမှာ ရေချိုးကြတယ်။ ပြီးတာနဲ့ အနားက ထန်းတဲကို သွားပြီး ထန်းရေသောက် သူလဲရှိရဲ့။ ထမင်းဟင်းချက် အဖွဲ့ကို ဝိုင်းကူသူလဲရှိရဲ့။ ထန်းလက်ခြောက်တွေစုပြီး ညအိပ်ဖို့ ကတ်ယက် တဲ့ သူတွေလဲရှိရဲ့။ ရွာသားတွေဆိုတော့ အလုပ်ပင်ပန်းတာ အနေဆင်းရဲတာတော့ မမှုပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာ သူများကို ပြောမပြရဲတဲ့ ပြသနာ တခုကြုံ လာရတယ်။ နေ့ခင်းက အလွန်ပူတာကြောင့် ဆီးအောင့်ပြီး ရှူးပေါက်မရ ဖြစ်နေတယ်။ ပထမတော့ ရှက်တာနဲ့ လူကြီး တွေကို မပြောသေးပဲ ကြိတ်မှိတ် အံတင်းထားတယ်။ ရှူးရှူးက ပေါက်ချင်ပေမယ့် တစက် တစက်ပဲ။ နေလုံး နီနီက နှုတ်ဆက်တော့မယ့် ဟန်ပြင်ချိန် ကျတော့ လုံးဝ မခံစားနိုင်တော့ဘူး။ ဒါနဲ့ အဖွဲ့ ခေါင်းဆောင် ဦးလေးတွေကို ပြောပြ အကူညီတောင်းရတယ်။

ရှူးမထွက်လို့ ရှက်ပါတယ် ဆိုမှ မေးလိုက်ရတာ လူကိုစုံလို့ဗျာ။ ပထမ တစ်ယောက်က ထန်းရေ သောက်လိုက်တဲ့။ နောက်တစ်ယောက်က လဲ ထန်းရေသာ ဆေးအဖြစ် မှီဝဲစရာတဲ့။ နောက်တစ်ယောက်က အသေးစိတ်ရှင်းပြပြန်တယ်။ ဒီလိုရှိတယ် ငါ့တူ။ ဟုတ်..ဟုတ် ကဲ့။ အခု တို့ရောက်နေတာ ရှေ့တန်း စစ်မြေပြင်လိုပဲကွ။ နေကလဲ ဝင်လုပြီ။ ဗမာဆေး ဆရာ၊ အင်္ဂလိပ်ဆေး ဆရာကလဲ အနီးနားမှ မရှိဘူး။ အဲတော့ မီးရိုးဖလာ Sky Beer သာ ဆေးအဖြစ် မှီဝဲလိုက်ပါတဲ့။ သေပြီ ဆရာ။ တခါမှလဲ သောက်ဖူးဘူး။ အနံ့က လဲဆိုးပါဘိ။ ဒါပေမယ့်လဲ ဝေဒနာ သက်သာဖို့ ဆေးခါး တွေတောင် သောက်ရေသေးတာပဲ လို့ တွေးကာ ထန်းတဲဘက် လိုက်သွားတယ်။ တခွက်.. နှစ်ခွက်.. သုံးခွက်.. အင်း မျက်နှာကို ရှုံ့ပိလို့ မျိုချရတယ်။ သုံးခွက်နဲ့တော့ မရသေးဘူး ဆိုတာနဲ့ နားလိုက် သောက်လိုက် ပဲကြီးလှော်စားလိုက် ထပ်သောက်ဖြစ်သေးတယ်။ ထမင်းစားဖို့ ဗိုက်ထဲမှာ နေရာမရှိမှာ ဆိုးလို့ စတည်းချရာ လမ်းဘေး မန်ကျည်းပင်အောက် ပြန်ခဲ့တယ်။ အဟုတ်ဗျာ သိပ်မကြာဘူး။ ရှူးပေါက်တာ အဆင်ပြေလာတယ်။ ဆီးရွှင်လာလို့ ဘဝင်အေးရတယ်။ Sky Beer ကယ်ပေလို့။

ပထမဆုံး ထန်းရေ သောက်ဖူးတာ အဲလို ရာဇဝင်နဲ့ သမိုင်းနဲ့ပါ။ နောက်အကြိမ်တွေကတော့ ရေးလို့ဖြစ်ဘူး ရွာပြန်ရင် ငယ်ပေါင်းတွေက ဝိုင်းသမလိမ့်မယ်။ ရေးလက်စနဲ့ ဆက်ရေးရရင် အမြောက်တပ် အတွက် လမ်းခင်းကျောက်ထုရင်း ၃ ရက်မြောက်နေ့မှာ ကျောက်သေး သယ်နေစဉ် ကျောက်ကြီးထုရာမှ လွင့်စင်လာသော ကျောက်စက ဘယ်ဘက် မျက်ခွံကို လာထိပါတယ်။ လုပ်အား ဆက်ပေးချင်ပေမယ့် :( ဘယ်လိုမှ မလုပ်နိုင်တော့ပါဘူး။ ကံကောင်းတာက ကျောက်စ လွင့်စင် လာတဲ့အချိန်မှာ မျက်စိက မှိတ်ပြီးသား ဖြစ်တော့ မျက်ခွံ ပဲ့သွား ယုံပါပဲ။ အတွင်း မျက်လုံး မပေါက်သွားဘူး။ ညနေပိုင်းမှာပဲ ရွာက လယ်ထွန် စက်ခေါင်းမှာပြီး ပြန်လာခဲ့ ရတယ်။ မြို့တက် ကုသဖို့ မဖြစ်နိုင်တာကြောင့် ရွာက နာမည်ကြီး မြန်မာ ဘိန်းတော ဆေးဆရာဖြင့် ကုသခဲ့တယ်။ တပတ်တိတိ အငြိမ်းစား ရခဲ့ပါတယ်။ ကံကောင်းလို့ ဘယ်ဘက်မျက်လုံးလေ အကောင်း ပကတိ တိမ်ကင်းစင်စွာ ရှိနေတယ်။

အားလုံးက မေ့မေ့ ပြောက်ပြောက် ပေမယ့် ကျွန်တော်ကတော့ တွေးမိတိုင်းနာ (...........) ချင်ရဲ့ဗျာ။ အဲဒါတွေ တွေးမိပြန်တော့ ထန်းပင်ထန်းတောတွေနဲ့ မြို့လေးကို လွမ်းလဲ လွမ်းတယ် အတိတ်က အဖြစ်တွေကြောင့် မောလဲမောပါတယ်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Monday, June 20, 2011

ထန်းပင်ထန်းတောတွေနဲ့ လွမ်းမောဖွယ်မြေ (၂)


ငယ်စဉ်က ကျွန်တော် ထန်းပင် တက်ဖူးပါတယ်။ ဆော့တာလဲ မြောက်ရှုံးလောက်တယ်။ ပထမဆုံး ထန်းပင်တက်တာက ထန်းရေချို ခိုးသောက်တာ။ ထန်းပင်မှာ ရင်းထောင် ရင်းဆွဲ အဆင်သင့် ရှိတယ်။ အပင်ပေါ်က မြူအိုး လေးလုံးမှာ တစ်လုံးက ထန်းရေချိုတွေ ပြည့်လျံကျနေတယ်။ မုတ်ဆိတ် ပျားဆွဲတာပဲ။ ထန်းရေချို ခိုးသောက်ခဲ့ဖူးတယ်။ ဒုတိယအကြိမ် ထန်းပင်တက်တာက မခံချင်စိတ်နဲ့ပါ။ ထန်းပင်ပျိုတန်းမှာ ၁၀ ပင်လောက်က ထန်းရွက်တွေ သုံးလို့ရနေပြီ။ အမေက ထန်းရွက်ချိုင် သမား ငှားတာ မရလို့ ငြီးနေတယ်။ တစ်ပင် ခုတ်ခ နှစ်ရာကျပ်တဲ့။ ဆယ်ပင်ဆို နှစ်ထောင်။ အမေ ဘာမှ မပူနဲ့ ကျွန်တော် တက်ခုတ်မယ်ပေါ့။ အိမ်က ကြက်အိပ်တန်း တင်တဲ့ လှေခါးနဲ့ နွားလှဲပြင်ကာ သွားခုတ်တယ်။ ဆယ်တန်း တစ်နှစ်လုံး အလုပ်ကြမ်း မလုပ်တော့ လူက ဖြူနုသန့် နေတယ် (တကယ်ပြောတာ .. :P )။ တပင်ပဲ တက်ခုတ်ရသေးတယ် အီစလံဝေသွား တာပဲဗျာ။ ဒူးတွေ ပေါင်တွေ လက်တွေ ပွန်းပဲ့လို့။ ဒါပေမယ့် ဘယ်ရမလဲ သူများ အထင်သေးမှာ မခံချငိစိတ်နဲ့ ၁၀ ပင်ပြီးအောင် ထန်းရွက်ချိုင်လိုက်တယ်။ သုံးရက် ကိုယ်လက် ကိုက်ခဲပြီး ဘာမှ မလုပ်နိုင်ဘူး။

ကျွန်တော် ထန်းရွက် တက်ခုတ် တက်ချိုင် တဲ့ ထန်းပင်က ၁၅ ပေလောက်ပဲ မြင်တာ။ ထန်းပင်တွေက အပျိုတွေ ထမီတောင် မကျွတ်သေးဘူး။ ဒါ့ကြောင့် တကိုယ်လုံး ပွန်းပဲ့ရှတာ။ ထန်းရေ ထွက်တဲ့ အပင်တွေကျတော့ ပေ ၃၀ ၊ ပေ ၄၀ လောက်မြင့်တာနော်။ ပြောရဦးမယ်။ ထန်းတောင်သူမိသားစု အကြောင်း။ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်။ သားဖြစ်သူက ဆိုင်ကယ်စီးချင်လို့ သူ့အဖေကို ပူဆာတယ်။ ဆိုင်ကယ်မှ ဒို စီးချင်တာ။ အဖေဖြစ်သူက ငါ့သား မင်း ဒို စီးချင်ရင် သူများတွေလို နိုင်ငံခြား အလုပ်သွားလုပ်တဲ့။ ဒါနဲ့ သားတော်မောင်ကို နိုင်ငံခြား ပို့လိုက်တယ်။ နိုင်ငံခြားကနေ ဖခင်ထံ ပထမအကြိမ် ဖုန်းဆက် အလုပ်အကြောင်း ပြောပြတယ်။ အလုပ်အဆင်ပြေကြောင်း ဆောက်လုပ်ရေးမှာ ငြမ်းဆင်ရကြောင်း ထန်းပင်ထိပ်ဖြားလောက် အမြင့်တက်ရတယ်လို့ ပြောပြတယ်။ အဖေ ဖြစ်သူက ဒါလေးများသားရယ် ဘာဆန်းလို့လဲ။ ကြိုးစားလုပ်ပေါ့လို့ ပြန်ပြောတယ်။ လအနည်းငယ်ကြာတော့ သားဖြစ်သူက ဒုတိယအကြိမ် ဖုန်းဆက်ပြန်တယ်။ အဖေရေ သားတော့ ထန်း နှစ်ပြန်လောက် အမြင့်မှာ တက်လုပ်ရတယ်။ ဟ .. မင်းကလဲ ငါ့သား မဟုတ်တာကျနေတာပဲ။ အဖေလဲ နေ့တိုင်းတက်နေတာပဲ။ အားတင်းထား ၂ နှစ်ဆို မင်းလိုချင်တဲ့ ဒို ရပြီပေါ့ လို့ အားပေးတယ်။ ဒါနဲ့ ဆက်လုပ်ရင်း တတိယအကြိမ် ဖုန်းဆက်တယ်။ အဖေရေ သားတော့ ဒိုလဲ မစီးချင်တော့ဘူး။ ထန်း သုံးလေ ပြန် ရှိတယ်။ ကြာလေ မြင့်လေပဲ။ ပြန်လာတော့မယ်။ အဖေ ဖြစ်သူက မျိုးရိုး ဂုဏ်သိက္ခါ ထိန်းရန် ပြောသော်လဲ မရ။ အညာကျေးလက်များတွင် တယ်လီဖုန်းလိုင်း အား အက်ဖ်အမ် ဖြင့် ခိုးနားထောင်တတ်ကြသည်။ ထိုသားအဖ အကြောင်းကား ဟိုးလေးကျော်သွား၏။ ဒို စီးချင်လား ထန်းပဲ ပုံမှန်တက်ပါ လို့ ပြောကြတယ်။

ထန်ရေကို ကျွန်တော်တို့ ရွာမှာ Sky Beer လို့ ခေါ်ကြတယ်။ ထန်းရေက သောက်လို့ကောင်းတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးပေါ့။ ထန်းရေသမား တို့ ပြောသလို တန်ဆေး လွန်ကောင်း များဗဲရီးဂွတ်တော့ မလုပ်နဲ့ပေါ့။ ဟာသ အကျော်အမော် အကြည်တော်က ရေးဖူးတယ်။ မြန်မာ့အသံက လွှင့်တဲ မြန်မာ့ အစားအစာ နှင့် အဟာရ အစီအစဉ်မှာ ထန်းရေအကြောင်း ဘယ်တော့လွှင့်မလဲ စောင့်ကြည့်နေတယ် ဆိုပဲ။ အဲသလို လွှင့်မလားတော့ မပြောတတ်။ ထန်းသမားဘဝ သရုပ်ဖေါ် ဗွီဒီယိုကို ညောင်ဦးနဲ့ ကျောက်ပန်းတောင်း နယ်တဝိုက်မှာ ရိုက်ကူးမယ်ကြားတယ်။

တကယ်ပါ တကယ်ပါ။ Sky Beer က ဝမ်းမီးကို ငြိမ်းစေတယ်။ ဆီးဝမ်း မှန်စေတယ်။ ဆောင်းရာသီ ထန်းရေသောက်ရင် အသားမပက်ဘူး။ ထန်းရေသောက်ရင် ဆီးရွှင်တော့ ဆီးအောင့်တာ မဖြစ်ဘူး၊ ကျောက်ကပ်ရောဂါကိုလဲ ကာကွယ်နိုင်တယ်။ ထန်းရေမှာ အချို အခါး နှစ်မျိုးရှိတယ်။ ထန်းရေချိုက လူကြီး လူငယ် ကျားမ ပျိုအို မရွေး သောက်သုံးနိုင်တယ်။ ၉၆ ပါးရောဂါတွေ ပြောက် ကင်းစေတယ်...အဲ..အဲ.. ရောင်လို့ဗျ။ ထန်းရေ အခါးကတော့ အချိုကို အလင်နဲ့စပ်ဖောက်ထားတာဖြစ်တယ်။ ပင်ကျရေက အပင်ပေါ်မှာတင် အလင်ခံ လောင်းတာ။ ဒီနေ့ ညနေက မြူအိုးချိတ် လိုက်တယ် နောက်နေ့ မနက်ပိုင်း ထန်းပင်ပေါ်က ကျတာနဲ့ သောက်လို့ရတယ်။ သိပ်မမူးဘူး။ ရီဝေ ရီဝေပေါ့။ ပင်ကျရေ နေကျော်သွားရင် ငှက်ခါးတောင် အရောင်တက်လာတယ်။ အဲဒါ Special Sky Beer ပေါ့ဗျာ။ ထန်းရေချိုကို အပင်အောက်မှာ အလင်နဲ့လောင်းတဲ့ ထန်းရေခါးကတော့ ညနေဆို အိုကေနေပြီ။ အမြုပ်လး တွေကိုဖယ်လိုက်။ ပုဇွန်ဆိတ် ခုန်နေသလိုပဲ ၊ စပါကလင် ပုလင်းထဲက ဂတ်စ် အမြုပ်တက်လာသလို သောက်လိုက်ရင် ရှိန်းတိန်း ဖိန်းတိန်းနဲ့ အရသာ တမျိုးထူးတယ်။ ( အေ့ ဂ် .... အဲ..ဂ်) ။

စာဖတ်သူ ထန်းရေ ချိုခါး ကို သောက်ဖူးပါသလား။ သောက်ဖူးသူတိုင်း ပြောကြတယ်။ အလွန်ကောင်းဆိုပဲ။ ဟီး..ကျွန်တော်လား အဲ.. သောက်ဖူးပါတယ်။ ပထမဆုံးအကြိမ် သောက်ဖူးတာက ကျန်းမာရေး အရ သောက်တာပါ။ အဲဒီတုန်းက မြန်မာ့တပ်မတော် အမြောက်တပ် ကျောက်ပန်းတောင်းမှာ တပ်ဆွဲစကပေါ့။ အမြောက်တပ် အတွက် ကိုယ့်ထမင်းကိုစားပြီး လုပ်အားပေးရတယ်။ မတရား ခိုင်းစေတာ ဟုတ်ပါဘူး။ လုပ်အားပေး မလိုက်နိုင်ရင် သုံးထောင်ကျပ် ထည့်ဝင်ရမှာမို့ လိုက်ရတာပါ့။ အဲလိုပါပဲ.. ကျွန်တော် ထန်းရေ သောက်ဖြစ်တဲ့အကြောင်း နောက်ပိုင်းမှာ ဆက်ရေးမယ်။

ဓာတ်ပုံ - မြန်မာသူငယ်ချင်းများ အဖွဲ့မှ ကူးယူပါသည်။ ဆက်ရန် ။ ။ ဆန်းဝင်း (ကျောက်ပန်းတောင်း)

ထန်းပင်ထန်းတောတွေနဲ့ လွမ်းမောဖွယ်မြေ (၁)


ပြောရမယ်ဆိုရင် ကျွန်တော်က တောသား တစ်ယောက်ပါ။ တောသားထဲမှာမှ အညာသူ အညာသား အဖေနဲ့အမေက မွေးပြီး အညာမြေ ကျေးလက်ရွာလေးမှာ ကြီးပြင်းခဲ့တယ်။ တချို့က မေးကြတယ် ကိုဆန်းဝင်းက ရန်ကုန်ကလား တဲ့ ။ မဟုတ်ရပါဘူးဗျာ။ ကျွန်တော် အညာသား စစ်စစ် ရေမရော ပါဘူး။ အညာသားထဲမှာမှ ကျောက်ပန်းတောင်း သားပါလို့ ဒက်ခနဲ ပြန်ဖြေမိတယ်။ ထန်းတောထဲမှာ ကြီးပြင်းခဲ့ပေမယ့် ထန်းတောရုပ်ပေါက် မနေပြန်ဘူး။ ငယ်သူငယ်ချင်းတွေက ခေါ်ကြတယ် တရုတ်ကြီးတဲ့။ အဲလိုပဲ။ အညာသား ဖြစ်ရတာ ဂုဏ်ယူပါတယ်။ သစ်ပင်သစ်တောတွေနဲ့ သဘာဝတရားရဲ့ နွေးထွေး ငြိမ်းချမ်းမှု ကို ငယ်စဉ် တည်းက ခံစားခွင့်ရခဲ့တယ်။ အချိန်များ ပိုထွက်လာရင် အညာမြေ နိုင်ငံရေး၊ အညာမြေ စီးပွားရေး၊ အညာမြေ လူမှုရေး စသည်ဖြင့် စာတွေ ရေးချင်ပါသေးတယ်။

အားလုံးအသိပဲ။ အညာက ပူတယ်။ အညာသူ အညာသား ရွာသူရွာသားတွေ ပင်ပန်း ဆင်းရဲကြ ပါတယ်။ လွှတိုက် လှေထိုး အလုပ်လိုပဲ မြေကြီးနဲ့ ဖက်တွယ်ကာ ထွန်ယက် စိုက်ပျိုးရတာ ပင်ပန်း လွန်းလှတယ်။ ငယ်စဉ်က အကြောင်း တွေထဲမှာ အမှတ်တရတွေ အများကြီးပါပဲ။ အဖေ နဲ့ အမေရဲ့ ကြီးမြတ်လှတဲ့ ကျေးဇူးတရားတွေကြောင့် ပညာသင်ခွင့် ရခဲ့တယ်။ တောင်သူ သားသ္မီးဖြစ်တော့ သစ်ပင် ပန်းပင် စိုက်ပျိုးရေးကို ဝါသနာပါတယ်။ မိမိ စိုက်ပျိုးထားတဲ့ အပင် လေးတွေ မနက်မိုးလင်း နေရောင်နဲ့ အတူ ကြည့်ရှုရတာ ပြောမပြတတ်အောင် ပိတိဖြစ်ရပါတယ်။ အပင်ပေါက် အရွယ်၊ အတက်အလက်စုံတဲ့ အပင်ပျိုအရွယ်၊ ဖူးပွင့်တဲ့ အရွယ် အရိပ်တကြည့်ကြည့်နဲ့ ဘာတွေ လိုအပ်မလဲ စောင့်ကြည့် ပျိုးထောင်ရတာ ရင်ထဲမှာ ကြည်နူး စရာပါ။ စိုက်ပျိုးထားတဲ့ မြေပဲနှမ်း အပင်တွေကြား ဖြတ်လျှောက်သွားတဲ့အခါ အပင်လေးတွေက ကိုယ့်ဘက်ကို ကိုင်းညွတ်လို့ အသိမှတ်ပြုကြလား ထင်ရတယ်။ မျိုးစုံ စိုက်ပျိုးသလို အရိပ်ရ အပင် များလဲ လယ်ယာ ကန်သင်းမှာ စိုက်ပျိုးကြတယ်။

လယ်ယာမြေ ကန်သင်း တိုင်းမှာ ထန်းပင်၊ သရက်ပင်၊ ကုက္ကိုပင်၊ ဒဟတ်ပင်တွေ တန်းစီ လို့ စိုက်ပျိုးကြတယ်။ အဘိုး အဖွားတွေ လက်ထက် ကတည်းက လက်ဆင့်ကမ်းကာ စိုက်ပျိုးခဲ့ တာကြောင့် တချို့အပင်တွေက စားလို့ ရနေပြီပေါ့။ တချို့က အကိုင်းအခက် အလက်တွေ ဝေဖြာ လို့ တချို့ကျတော့ ပင်ပျိုသာသာ အရွယ် လေးတွေ ရှိကြတယ်။ လယ်ယာ လုပ်ငန်းတွေ၊ ပေါင်း နှုတ်၊ မြက်ရိပ် အလုပ်တွေ လုပ်ရင်း မောပန်းလို့ အနားယူမယ်ဆိုရင် အေးမြတဲ့ အပင်ရိပ်ရှိတယ်။ ဒီသစ်ပင်တွေ အရိပ်မှာ အနားယူ လိုက်ရင် ကုန်ခန်းသွားတဲ့ အားအင်တွေ ခဏအတွင်း ပြန်ပြည့် လာတယ်။ လူတွေတင်မကပါဘူး ကျွဲ၊ နွား တိရစ္ဆာန် ကျေးငှက် သရကာ တွေလဲ နားခိုလို့ရတယ်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားခိုနိုင်တယ်တဲ့ စကားပုံထဲက အတိုင်းပဲပေါ့။ ၂၁ ရာစုမှာ သစ်ပင်တွေက ကမ္ဘာမြေ အသက်ဆက်ဖို့ မရှိမဖြစ် ဆေးဝါးကဲ့သို့ ဖြစ်နေပြီ။

မှတ်မိသေးတယ် ငယ်စဉ်တုန်းက ကျွန်တော် အဖေ အမေ နဲ့အတူ ယာထဲလိုက်သွားတယ်။ ညီငယ်လဲပါတယ်။ အဲဒီကောင် ဒေါက်တာ ဖြစ်နေပြီ။ အဖေ အမေ နဲ့ အလုပ်သမားတွေက မြေပဲ ခင်း ပေါင်းနှုတ်နေချိန် ကျွန်တော်တို့ ညီအစ်ကိုက ယာတောင်ဘက် ကန်သင်း ထန်းပင်ပျိုတန်း မှာ စော့ကစားကြတယ်။ ပုဇင်းဖင်ထောင် အနီကောင် လေးတွေဖမ်း အပ်ခြည်ကြိုးနဲ့ချည် စွန်လွတ် သလို လွတ်ကာ ကစားကြတယ်။ ပုဇင်းလေးတွေ မောလာမှ ပြန်လွတ်ပေးတာ။ ကစားရတာ မောလာတော့ ထန်းပင်ရိပ်မှာ ဖက်ရွက်တွေခင်း အိပ်ကြတယ်။ ကစားချင်တဲ့အခါ ကစားလိုက်၊ စားချင်တဲ့အခါ စားလိုက်၊ အိပ်ချင် အိပ်လိုက် အပူပင်မရှိ အေးဆေးပဲ။ အဲဒါကြောင့် လူကြီး တွေက ကလေးလေး ဘဝကို ပြန်လိုချင်ကြတာ။ ပြောရရင် ကျွန်တော်လဲ ပါတယ်။ ကာရာအိုကေ ဆိုတာ .. "အပြစ်မသိသေးတဲ့.. ကလေးလေး ဘဝကို တခါပြန်ပြီး ..ရချင်သေး...တယ်..ဟယ်..ဟယ်.." အဲလို. ဟဲ ခဲ့ဖူးတယ်။ ကလေးဘဝပဲ ကောင်းတယ်နော်။ လွတ်လပ်တယ်။ အပူပင်ကင်းတယ် ဖြူစင်တယ်။

နေသာတဲ့ နေ့တွေမှာ ယာကန်သင်း ထန်းပင်ပျိုတန်း အရိပ်မှာ ပက်လက် အိပ်ရင်း တိမ်တွေကို ရေတွက်ကြတယ်။ ဝါဂွမ်းတွေ ဗိုင်းတောင့် တွေ ပုံထားသလို ရဲတိုက်ကြီးတွေလို တိမ်တိုက်တွေများဆို သူပိုင် ငါပိုင် အငြင်းခုန်ဖြစ်လို့။ ကြက်ဥအရောင် ခန့်မှန်ရခက်သလို တိမ်တွေ ဘယ်လိုစတင်ဖြစ်လာပြီး ဘယ်လို ပျယ်ပျက်သွားသလဲ ဆိုတာ စောင့်ကြည့်ရတာ အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖွေးဖွေး လိပ်လိပ် နဲ့ လှပတဲ့ ကိုယ့်ရဲ့ တိမ်တိုက်ကို တိမ်ညိုမဲမဲတွေက ဝင်တိုက်ရင် နှမြော ဒေါသဖြစ်မိပြန်တယ်။ တနေရာတည်းမှာပဲ တိမ်တွေက ပုံစံ အမျိုးမျိုး ပြောင်းကြပြန်တယ်။ တိမ်တွေကို လိုက်ကြည့် ရေတွက်ရင်း မျက်စိညောင်းလာတော့ အိပ်ပျော်သွားကြတယ်။ အဲဒီလို သဘာဝက ဖန်တီးရေးချယ် ပေးတဲ့ presentation အရသာကို ငယ်စဉ်ကလို ပြန်လည် ခံစားချင် နေမိတယ်။

ထန်းပင်ထန်းတောတွေနဲ့ အညာမြေကိုလဲ လွမ်းတယ်၊အမေ့ကိုလဲ လွမ်းတယ်။ လွမ်းလွန်းလို့ မောတောင်မောတယ်။ အိမ်ပြန်ချင်တယ်။

ဆက်ရန်။ ။ ဆန်းဝင်း (ကျောက်ပန်းတောင်း)