Tuesday, June 2, 2009

ကျောက်ပန်းတောင်းမြေ။



ကျောက်ပန်းတောင်းမြေ ဆိုတဲ့ ဘလော့လေး အကြောင်း ကိုပြောပြချင်ပါတယ်။ ဒီနေ့ ရောက်ဖြစ်တော့ မန်ဘာ တစ်ရာ ပြည့်တာ တွေ့ရတယ်။ ကျောက်ပန်းတောင်းသူ၊ ကျောက်ပန်းတောင်းသား တို့ စုံစည်းရာ အဖြစ် ယခင်က စကားဝါမြေ ဘလော့ပိုင်ရှင် ကိုရဲဖြိုး ဦးဆောင် ပြုလုပ်တာ ဖြစ်ပါတယ်။

ဒါကတော့ ကိုရဲဖြိုးရဲ့ ရင်တွင်းစကားဖြစ်ပါတယ် >>
ဒီကျောက်ပန်းတောင်း အသင်းလေးဖွဲ့ စည်းခဲ့တာလေးက ကိုယ့်မြို့ ကိုယ့်နယ်လေးကို သတိရတာရယ် နောက်ပြီးသူငယ်ချင်းတွေ ပြန်ဆုံဖြစ်အောင် နဲ့ ကိုယ့်နယ် ကိုယ့်ဒေသရဲ့ ကောင်းကျိုးလေးတွေကို ပူးပေါင်းဆောင်ရွက်နိုင်အောင် ရည်ရွယ်ခဲ့တာပါခင်ဗျာ ။ ဥပမာ- ကျောင်းသားယောင်းတွေရဲ့ အာစရိယပူဇော်ပွဲလို အချိန်တွေကျရင် အဝေးရောက်နေတဲ့ သူငယ်ချင်းတွေအားလုံး စုံစည်းနိုင်ကြအောင် ပြီးတော့ အလှူငွေ…စသဖြင့်ပေါ့ ဒီနေရာလေးကနေ ဆက်သွယ်ပြီး ကိုယ့်မြို့ ကိုယ့်ဒေသ ရဲ့ကောင်းကျိုးလေးတွေ ဆောင်ရွက်နိုင်ကြအောင်ပါ ခင်ဗျာ…….။

ကျောက်ပန်းတောင်းမြေ ဘလော့လေးမှာ ကျောက်ပန်းတောင်းမြို့မှ အထင်ကရ မြို့ဦးစေတီတော် ဓာတ်ပုံ များ နှင့် အခြား အခြားသော အညာမြေ ရှုခင်းများ တ၀ကြီး ခံစားနိုင်ပါတယ်။

ကျနော့်အနေနဲ့ မြန်မာပြည် အရပ်ရပ်မှ မိတ်ဆွေများကို လာလည်ဖို့ဖိတ်ခေါ်ပါတယ်။ ကမ္ဘာ အရပ်ရပ်မှ ရွှေမြန်မာများ ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
မြန်မာပြည်မှာ နာမည်ကြီး ကျောက်ပန်းတောင်း ရှယ်လက္ဖက်ရည် (တိုင်ကီ)၊ ထန်းလျှက်၊ ဇီးယိုစုံ များဖြင့် ဧည့်ခံပါမယ်ခင်ဗျာ......... :P

Thursday, May 28, 2009

ပိုက်စံ သို့မဟုတ် ငွေ ။

ကျနော် ဒီအရွယ်ထိ ငွေကို မဆုဖူး ပါ။ ဘယ်လိုဆုရမည်လည်း မသိပါ။ အမှန်တိုင်း ပြောရလျှင် ငွေကိုခင်းပြီး လျှောက်နေတယ်။ စိတ်ကူးပေါက်ရာ လုပ်ပစ်လိုက်တယ်။ နောင်ခါလာ နောင်ခါဈေး ဆိုသလိုပေါ့။ ဒီတော့ ကျနော်က မှ ငွေကို မခင်တာ ငွေဆိုတဲ့ အရာက ကျနော့် အနားမှာ ဘယ်ရှိပါမလဲနော်။

စီးပွားရေးနဲ့ပတ်သက်ပြီး စာအုပ်တွေဖတ် သူများပြောရင် ဆရာကြီးလိုလို ဘာလိုလိုနဲ့ ဝေဖန်ရေးလုပ်။ ဘယ်စာအုပ်မှာတော့ ဘယ်လိုရေးတာ။ အမှန်ကတော့ မမှားဘူး။ လက်တွေ့မှာတော့ ရှိရင်ရှိသလို မရှိရင် ဗိုက်မှောက် ရေသောက်မယ့် အစား။ ကျနော် လက်သုံး စကား တခုရှိတယ်ဗျ။ ငါက ငွေနောက်လိုက်နေတာ မဟုတ်ဘူး စိတ်ချမ်းသာမှု နောက်လိုက်နေတာကွ။ ရခဲလှတဲ့ ဘ၀မှာ ပျော်သလိုနေတယ်။ ငွေနောက်လိုက် ရင်ငွေရမယ် - ဆိုတာမျိုးပေါ့။

ကိုယ်ပိုင် ဥစ္စာတဲ့။ ဘယ်မှာလဲ ဆန်းဝင်း မင်းမှာ ဘာရှိလဲ။ ခရီးသွား အိတ်တလုံး။ အ၀တ်အစား လေးငါးစုံ။ နိုကီယာ ဟန်းဖုန်းတလုံး ။ ဟား .ဟား.. အော် ဖြစ်ရလေ။ ငွေရဲ့ကျေးကျွန် မဖြစ်စေနဲ့လို့ တော့ ကိုယ့်ကိုယ်ကို ခဏခဏ ပြောမိပါရဲ့။ တကယ်တန်းကျတော့ အဲဒီ ငွေကို ကျွန် အဖြစ် ခိုင်းစားဖို့ ၊ ငွေကိုငွေနဲ့ ရင်းဖို့ ဘယ်မှာ လဲ မင်းဆုထားတာ။ တော်တော် အသုံးမကျတဲ့ကောင်။

ငွေအကြောင်းပြောရတာလဲ သိပ်မကောင်းဗျ။ အပေါင်းသင်းဖျက်တာ ငွေတဲ့။ ငွေက မိတ်ပျက်စေတယ်လေ။ မိဘ မောင်နှမ ဆွေမျိုးသားချင်း စိတ်ဝမ်းကွဲအောင် ခွဲတတ်တယ်တဲ့။ အင်း ခက်တော့ အခက်သားလား။ မရှိမကောင်း ရှိမကောင်း။ မရှိလဲကောင်း ရှိလဲကောင်တဲ့။

(စကားမစပ်ဗျာ.. အခုတလော နားပါဦးမည် ဆိုတဲ့ ဘလော့ဂါတွေ များများလာတယ် ၊ ကျနော့်အထင်တော့ ငွေရှာတော့မယ်ထင်တယ်။ နည်းလမ်းရှိရင် ပြောကြဦးနော်)

Monday, May 25, 2009

မြင်ရောင်မိတယ်။

အမေ...
အမေနဲ့ခွဲခွာနေရတာ ကြာလေလေ
အမေ့ကို ပိုလွမ်းလေလေ ပဲအမေရယ်။
သားကိုလွမ်းနေတဲ့ အမေ့မျက်နှာကို
သား မြင်ရောင်နေမိတယ် အမေ။

မှတ်မိသေးတယ် ..
ဟိုး.. ငယ်စဉ် ကလေးဘ၀က
တနေကုန် အလုပ် နဲ လက် မပြတ် တဲ့အမေ။
အငယ်ကောင် အကြီးကောင် နဲ့ အလုပ်တွေ ရှုပ်နေတဲ့အမေ။
နေရောင်ရှိနေတဲ့ တနေ့လုံး
အဝေးက အမေ့ သားကြီးကို မလွမ်းအားဘူး။

ည အိပ်ယာဝင် သားတွေ သမီးတွေ စုံတော့
အကိုကြီး အကြောင်းပြောကြရင်း
အမေလေ.. အမေ့သားကြီးကို လွမ်းပြီး ငိုခဲ့တာ
သားမှတ်မိနေသေးတယ် အမေ....။

အခု သား အလှည့်မှာ အမေရယ်
ညည သားကိုလွမ်းလို့ ငိုနေမယ့် .. အမေ့မျက်နှာကိုလေ
သားမြင်ရောင်နေမိတယ် အမေ..

အားမငယ်ပါနဲ့ အမေရယ်
သား အမေ့ရင်ခွင်ကို အမြန်ဆုံးပြန်လာမယ်။

Friday, May 22, 2009

ဒီမိုကရေစီနိုင်ငံ နှင့် ကွမ်းစားခြင်း အနုပညာ

ရွှေမြန်မာများ ကွမ်းစားခြင်း သည် ရှေးရှေး ကတည်းက အစပြုခဲ့ခြင်း ဖြစ်သည်။ ရာဇ၀င်တွင် ကွမ်းစားပြီး တိုင်ကို ထုံးသုတ်မိသော မင်းကြီးသည် မိမိကိုယ်ကိုယ် အပြစ်ပေးကာ လက်ကို ဖြတ်သည်ဟု ကြားဖူးသည်။ စည်းကမ်း ဟူသည် လူ၏တန်ဖိုးဟု စာသင်ကျောင်း တွင်လည်း သင်ခဲ့ဖူးသည်။ စည်းကမ်းမရှိပဲ ကောင်းမွန်တဲ့ လူမှု ပတ်ဝန်းကျင် တစ်ခု တည်ဆောက်ဖို့ အတော်ခက်ခဲမည် ဟု ပညာ ရှင်တို့ ဆိုကြသည်။

စင်္ကပူကဲ့သို့ လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံတွင် စည်းကမ်းချက် များစွာတွေ့ရသည်။ ပြတ်သားစွာ အရေးယူ သည်ကိုလဲ တွေ့ရသည်။ တနေ့ကဖြစ်သည်။ အတူနေ သူငယ်ချင်း (safety supervisor) တစ်ဦး မြောင်းထဲသို့ ကွမ်းသွေး ထွေးမိ၍ ဒဏ်ငွေ ဆောင်လိုက်ရ သည်။ သူသည် ကွမ်း အလွန်ကြိုက်သူ ဖြစ်သည်။ ကွမ်းကို ကိုယ်တိုင် ပြုလုပ်ကာ စားတတ်သည်။

ယခု ဖြစ်သော ကွမ်းသွေးထွေးခြင်း အမှုသည် ခွင်လွတ်နိုင်သော အခြေနေဖြစ်သည်။ ဖယ်ရီ စောင့်နေစဉ် လမ်းဘေး ရေမြောင်းထဲသို့ ကွမ်းသွေး ထွေးလိုက်သည်။ လမ်းမပေါ် ထင်သာမြင်သာ သော နေရာတွင်မဟုတ်။ အမှုမဲ့ အမှတ်မဲ့ပင်ဖြစ်သည်။ သိုသော် ရဲကားနှင့် ပက်ပင်းတိုး သည်။ ဒဏ်ငွေ စင်္ကပူဒေါ်လာ 250 s$ ရုံးတွင် ပေးဆောင်ရန် ပါမစ်နံပါတ် ပါသော ဖြတ်ပိုင်းတစ်ခု ပေးခဲ့သည်။ သတ်မှတ် ရက်အတွင်း ဒဏ်ငွေပေးဆောင် ရန်သာရှိသည်။ မပေးဆောင်က စည်းကမ်း ဥပဒေ အတိုင်း ရှေ့ဆက်ပေလိမ့်မည်။

ဤတွင်ခေါင်းထဲသို့ အတွေးတစ်ခုဝင်ရောက်လာသည်။ လွတ်လပ်ခြင်း ဒီမိုကရေစီ သဘောတရားသည် လမ်းဘေး မြောင်းထဲ ကွမ်းသွေးထွေးရန် မဟုတ်ဟု နားလည်ရသည်။

Wednesday, May 20, 2009

သူခိုးက လူလိုဟစ်

ကာလနှယ် ဆိုးပါဘိ၊‎
သူခိုးက လူလူ၊‎
တောလေ့ပေါက် နန်းမူ၊‎
အိမ်သူကို ဧည့်စောင်း၊‎
သူကောင်းကို အပြစ်တင်၊‎
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

Wednesday, May 13, 2009

download

ဒီက ဆော့ဝဲ ကိုဒေါင်းလုတ် လုပ် ပြီး
ဒီဆိုဒ်မှာ ဂိမ်းတွေ၊ ဗွီဒီယိုတွေ၊ ဆော့ဝဲတွေ အတော်များများ ဒေါင်းလုတ် လုပ်လို့ ရပါတယ်။

စမ်းကြည့်ကြပါဦး။

Saturday, May 2, 2009

လယ်တော

မိုးကောင်းကင်တွင်
မိုးသားတိမ်တိုက်တို့ မှိုင်းညို့ညို့။
ဦးခေါင်းကို မော့်ကြည့်မိခိုက်
တိမ်တိုက်များ၏နောက်ကွယ်မှ
နေခြည် တစ်ချို့ ထိုးထွက်လာသည်။

အဝေးဆီတွင်
စိမ်းမြမြ စပါးပင်တွေရယ် ယိမ်းကလို့နေ။
အနီးကပ်မြင်တွေ့ရတဲ့
စပါးပင် ပင်စည်ထက်မှာ ဖုံးလုံး ကိုယ်ဆီနဲ့
ပင်ပျို အလှနဲ့ ရှက်သွေးကြွလို့ မျက်လွာလေးချထားလေရဲ့။

ကန်သင်းရိုးကို ဖြတ်အကူးမှာ
ဖားပေါင်စင်းလေး တစ်ကောင်
ကောက်ပင်ကြားကို ဒိုင်ပင်ပစ် သွားလေရဲ့။
ကတွတ်ဝက ရေအိုင်လေးထဲမှာတော့
ငါးပြေမ လေး တစ်အုပ် စိန်ပြေးတန်း ကစားလို့နေတယ်။

မြစိမ်းရောင် အရွက်တွေနဲ့ ၀ါဆိုပင်မှာ
ဆက်ရက် ငှက်ငယ်တို့ ဆူဆူညံလို့။
သာယာတဲ့ လယ်တောတခွင်
ရသစုံ ပန်ချီကားတချပ် အဖြစ်
အဘယ်သို့ မှတ်တမ်းတင်အံနည်း။

နေညိုညို ညနေဆောင်း တော့
လယ်ကန်စွန်း တဆုပ် ခူးပါလို့
လာလမ်းအတိုင်း ပြန်ခဲ့တယ်။

Tuesday, April 28, 2009

ကျွန်ုပ် နှင့် ပတ်ဝန်းကျင်

၁။ ကမ္ဘာလုံးဆိုင်ရာ စီပွားရေး ကျဆင်းမှု ဗိုင်းရပ်စ် ပိုးသည် နေရာဒေသ အစုံ ၊ လုပ်ငန်းစုံကို ပျံနှံ့နေသည်။

၂။ တရုတ်နိုင်ငံ မှ ကမ္ဘာလုံးဆိုင်ရာငွေကြေး ပုံစံသစ် မက်စေ့အား လေလုံးပစ် လိုက်သဖြင့် အမေရိကန် ဒေါ်လာဈေး ပြန်လည် မြင့်တက်လာသည်။

၃။ သဘောင်္ကျင်း လုပ်ငန်းတွင် ယခင် နေ့ဆိုင်း၊ ညဆိုင်း မျာဖြင့် နေ့ညမပြတ် လုပ်ကိုင်ရသော လုပ်ငန်းသည် ယခုမူ တစ်နေ့ အလုပ်ချိန် ၈ နာရီပင် ပုံမှန်မရခြင်တော့ပေ။

၎။ ယမန်နေ့က ကြားရသည့် သတင်းအရဆိုလျှင် စင်္ကပူနိုင်ငံ ကယ်ပဲ သဘောင်္ကျင်းလုပ်ငန်းမှ အလုပ် သမားများ ကာတာနိုင်ငံ ကယ်ပဲ သဘောင်္ကျင်းသို့ ပြောင်းရွှေ့ လုပ်ကိုင်ရန် ရှိသည်ဟု ဆိုသည်။

၅။ လုပ်ငန်းများမှာလဲ.. မေဂျာ ပရောဂျက် များ မရှိတော့ပဲ .. မိုင်နာ ပြင်ဆင်မှုများသာ ရှိသော ကြောင့် လုပ်အား လိုအပ်မှု လျှော့ကျသည်။ အချို့ သဘောင်္ကျင်းများတွင် တစ်ရက်အလုပ်ဆင်း တစ်ရက်နား ရသည်။

၆။ မြန်မာအလုပ်သမားများမှာ လူဦးရေ ပေါများပြီး ပေးသလောက်ဖြင့် လုပ်နိုင်သော အိန္ဒိယ နှင့် တရုတ်နိုင်ငံမှ အလုပ်သမားများ နှင့်ယှဉ်ကာ လုပ်ကိုင်ရသည်မှာ မစားသာပေ။ မြန်မာ့ နိုင်ငံ ပညာရေး သည် အထူးမြှင့် တင်ရန် လိုအပ်သည်ဟုမြင်မိသည်။

၇။ ကျွန်ုပ်ပတ်ဝန်းကျင်မှ အချို့သော မိတ်ဆွေများမှ စီးပွားရေး ဘယ်တော့ ဦးမော့ လာမည်နည်း ဟု မေးကြသည်။ ဤအရေးတွင် ကျွန်ုပ်ကား ပါစပ် အဟောင်းသားရှိချေသည်။

၈။ ကျွန်ုပ်သည် ယမန်နေ့က သဘောင်္၏ အမြင့်ဆုံး နေရာသို့ အရောက်တွင် ဒိုင်ပင်ထိုးကာ မြန်မာပြည် ပြန်ခြင်စိတ်များ တဖွားဖွားပေါ်လာသဖြင့် ဒိုင်ပင်ထိုးရန် စိတ်ကူးသော်လဲ ငါးမန်းများ ရေကစားနေသည်ကို မြင်သဖြင့် မထိုးဖြစ်ခဲ့ပေ။

၉။ ဤကား ကျွန်ုပ် နှင့် ပတ်ဝန်းကျင် ဖြစ်ချေသည် တမုံ့။ ကျွန်ုပ် မဖြေနိုင်သော မေးခွန်းတစ်ခုအား ဖြေနိုင်သူ ဖြေပေးက ကျေးဇူး အသင်္ချ ရှိချေသည်။

Sunday, April 26, 2009

စံပယ်ပျိုးမယ့် ဥယျာဉ်မှူး

သင်းပျံ့ပျံ့ ရနံ့
ချစ်စရာ့အသွင်၊ ဖြူစင်တဲ့ သဘောထား တွေနဲ့
ပန်းတွေအလယ်မှာ ဂုဏ်တင့်တဲ့ စံပယ်ဖြူရယ်
လူတကာရဲ့ ကေသာ ထက်မှာလဲ
ခန်းနားစွာ နေရာယူ လိုက်ပါဦးလေ။

တစ်ပွင့်ထဲပွင့်ခဲ့ရရင်
အားငယ်ပါနဲ့ စံပယ်ဖြူလေးရယ်။
စံပယ်ရုံထက်က စိမ်းမြမြ အရွက်လေးတွေရယ်
ပန်းသတင်းဆောင်တဲ့ လေညှင်းလေးတွေရယ်လေ
အဖေါ်အဖြစ် နေပေးနေမှာပါ။

ပန်း စံပယ်ဖြူ
ဖြူဖြူဖွေး ရနံ့သင်းသင်းလေး နဲ့
ပန်းအလှ ခြူချင်သူတွေ ၀ိုင်းလို့။
လှသွေးကြွယ်တဲ့ တော်ဝင်နန်းသုံး စံပယ်ဖြူရယ်
လိုချင်သူတွေ ၀ိုင်းလို့ လေယူရာယိမ်းလိုက်ပါနဲ့။

ခရေ၊ နှင်းဆီ၊ ခတ္တာ၊ ချာယ်ရီ ပန်းတွေ
ဘယ်လောက် လှတယ် ပြောပြော
ကိုယ်ကတော့ စံပယ်ဖြူကို မြတ်နိုးတဲ့
စံပယ်ပျိုးမယ့် ဥယျာဉ်မှူး ပါကွယ်။

ပိတုန်းမိုက်ရယ်.လာနမ်းဖို့ပြင်
လေပျင်း၊ နေပျင်း တွေက ချွေချင်နေ
ဘ၀ခါးခါးကို ဖြတ်လျှောက်ရလဲ
အားငယ်ပါနဲ့ စံပယ်ဖြူလေးရယ်
မွေးပျံတဲ့ ရနံ့တွေနဲ့ ရန်သူကို မိတ်ဆွေပြုလို့ အောင်ပွဲဝင်လိုက်ဦးလေ။

Friday, April 24, 2009

အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်။

၁။ အသင်သည် ရုံးခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင် စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက် အလုပ် ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့် အလား ဆင်တူသည်။ အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ် သွားမည့်သူဖြစ်၏။

၂။ သာမာန် အလုပ်ဖြစ်သော်ငြား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။ အများအမြင်တွင် တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် အီးမေးစစ်ခြင်း။ မိမိ လစာတွက်ခြင်း များ လုပ်နိုင်သည်။ ချက်တင် ၀င်ပါက သတိထားပါ။ တစ်ယောက်ထဲ မရယ်မိပါစေနှင့်။

၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့ နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်းများ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့) သဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။

၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည် အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက “အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။ ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွှတ် ပါနှင့်။

၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ) ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည် သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။ (ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)

မိတ်ရွှေ အားလုံးပဲ အလုပ်ထဲမှာ အဆင်ပြေကြပါစေ။