Saturday, May 22, 2010

ကြည့်ညိုဖွယ်ရာ စေတီများ



ဒီပုံကို ကျိုက်ထီးရိုးဘုရား ရောက်တုန်းက ရေတံခွန်သွားတဲ့ လမ်းဘေးမှာ ရယူခဲ့ပါတယ်။

Friday, May 21, 2010

ဝါသနာ


ပိုးလဲရှိတယ်၊ ၀ါသနာ တော်တော်ကြီးတဲ့ ကလေးတွေ။
ဆွဲထားလက်ကိုပဲ ဆွဲထားကိုယ့်လူရေ သီချင်းနဲ့ကနေတာ သဘောကျတာနဲ့ ရိုက်လာခဲ့တယ်။

Wednesday, May 19, 2010

တောင်စဉ်ချောင်း ရှုခင်း


တောင်စဉ်ချောင်းလို့ ခေါ်ပါတယ်။ ဟိုးနောက်မှာ ပုပ္ပါးတောင်ကို ရေးရေးမြင်နေရတယ်..
နွေရာသီဆိုတော့ ရေသိပ်မရှိတော့ဘူး. သောက်ရေအတွက် အမြန်ဖေါ်လို့ရတဲ့ လက်ယက်တွင်းလေးတွေရှိတယ်။ ကြက်သွန်ခင်းတွေရှိတယ်. ရှားပင်တွေက ပတ်လည် ၀ိုင်းနေတယ်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Tuesday, May 18, 2010

တောင်စဉ်ချောင်း


မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် အတွင်း ပုပ္ပါးတောင်မှစီးစင်းသော ချောင်းဖြစ်သည်။
ပုပ္ပါးတောင်တန်းများမှ အစဉ်မပြတ် စီးစင်းလာသောကြောင့် တောင်စဉ်ချောင်းဟု ခေါ်ကြသည်။
မိုးရွာသီတွင် ချောင်အထက်ပိုင်း၌ မိုးညိုလျှင် သားသမီးများအတွက် မိဘများ စိတ်ပူရသောချောင်းဖြစ်သည်။
နွေရာသီတွင် ချောင်းရေကျကာ ဘေးဘယ်ညာတွင် ကိုင်းလုပ်ငန်းကို လုပ်ကိုင်နိုင်သော ချောင်းဖြစ်သည်။
ငါးသလဲထိုး၊ ငါးလူးပေါက်၊ ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊ ရေပေါ်ငါး၊ ခဏန်းလက်မ၊ ငါးရှဥ့်ပေါသော ချောင်းဖြစ်သည်။
ငယ်စဉ်က ကျောင်းဆင်းလျှင် လွယ်အိတ်ပစ်ချကာ ငါးဖမ်းထွက်ခဲ့သော ချောင်းဖြစ်သည်။
တောင်စဉ်ချောင်းသည် ရှားပင်လှရွာ၊ ပေါက်ပင်စွန်းရွာ၊ ချောင်းခြားရွာ၊ အောင်ပဒေသာရွာ၊ လက်ပန်ကျင်းရွာ၊ ညောင်ပင်သာရွာ စသည် အစဉ်လိုက် စိးဆင်းကာ ပင်းချောင်းထဲသို့ စီးဝင်သွားသည်။

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Monday, May 17, 2010

အညာဒေသ ပူပြင်းခြောက်သွေ့မှုပုံရိပ်


ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် အနီးမှ တောင်နီတောင်အား
ယခုနှစ် မတ်လဆန်းက ဤသို့ တွေ့ခဲ့ရသည်။ ပူပြင်းခြောက်သွေ့မှုနှင့်
တောမီးလောင်နေတာလဲ ငြိမ်းမည့်သူမရှိ။


ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်- ဆည်ရေသောက်ဧရီယာအတွင်းမှ
ရိုးပြတ်လယ်ကွင်းပြင် တမျှော်တခေါ်....

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Sunday, May 16, 2010

ရာသီဥတုသည် တောတောင်ကို မှီခို၏

အဟမ်း.. ဘလော့ဂ်ရေးရှိက ဘလော့ဂ်ရအံ့……..

မြန်မာပြည်တလွှား သောက်သုံးရေရှားပါးမှု ပြသနာအကြောင်း သတင်း၊ ဆောင်းပါးများ နေရာတိုင်းမှာ တွေ့ လာရ၏။ ဥတုရာသီ တောကိုမှီ ဟူသော ရှေးစကားနှင့်အညီ သစ်ပင်ဝါးပင်များ ပျက်သုန်းခြင်းက ရာသီဥတု မှီခိုရန် နေရာ မရှိဖြစ်ရလေပြီ။ ဤကား လူသားတို့ သတိချပ်ရန် အကြောင်းတရားဖြစ်၏။


ယခုကဲ့သို့ ဖြစ်စဉ်ကြောင့် မြန်မာပြည် အလယ်ပိုင်းရှိ ကျွန်တော့်၏ဇာတိမြေ ကျောက်ပန်းတောင်းကို အထူး သတိရမိ၏။ ကျွန်တော် ကျောက်ပန်းတောင်းသားပါဟု ပြောရန်ပင် ခပ်ရှက်ရှက်ဖြစ်နေ၏။ အကြောင်းမူ ကျွန် တော် ၏ ဒေသန္တရ၊ ဘာသန္တရ ဗဟုသုတ နည်းပါးမှု ကြောင့်ပင်ဖြစ်၏။ သို့သော် သိသလောက်ဖြင့် ရေးချင် စမ်း၏။


ကျောက်ပန်းတောင်းမြို့နယ်သည် နွေရာသီတွင် ပူပြင်း ခြောက်သွေ့၍ သောက်သုံးရေရှားပါ၏။ ကျေးရွာအချို့တွင် အ၀ီစိတွင်း တူးဖေါ်နိုင်သည်။ ဥပမာအားဖြင့်။ ကျွန်တော်တို့ တောင်စဉ်ချောင်း ဘေးရွာ တန်းရှည်ရွာများ (လက်ပန်ကျင်း၊ လယ်ကြီး၊ ပေါက်တော၊ ညောင်ပင်သာ၊ အိမ်အို၊ စည်းကန်၊ မုံကန်း၊ သရက်တော၊ ချောင်းချား၊ စည်သာ၊ အောင်ပဒေသာ၊ မန်ကျီးကုန်း၊ တတောဦး) အ၀ီစီတွင်း တူရန်လွယ်ကူ၏။ အနည်းဆုံး ပေ ၁၀၀ ဆိုလျှင် သောက်ရေသန့်ရ၏။ ကြက်မောက်တောင်ဆည်၊ မုန်ငန်းဆည် - ဆည်ရေ သောက် ဧရိယာအတွင်းရှိသော ရွာများဖြစ်၍ လယ်လုပ်ငန်း၊ ကိုင်းလုပ်ငန်း၊ ယာလုပ်ငန် များဖြင့် စည်ပင်၏။


အ၀ီစိတွင်းတူဖေါ်ရန် ခက်ခဲ နက်နဲသော ကျေးရွာများတွင် နွေအခါ သောက်သုံးရေရှားပါ၏။ နွေရာသီ ရေရှားချိန်တွင် “ရေတစ်မြူ သားအဖ လေးယောက်ချိုးတာ မွန်းသွားသည်” ဟုပင် အဆိုရှိ၏။ အချို့ ရွာများတွင် မိုးအခါက စုဆောင်းထားသော ကန်ရေကို ချွေတာ သုံးဆွဲရ၏။ အချို့မှာမူ စမ်းရေကို သာ အားကိုထားရ၏။ ကျွန်တော်သိသော နွေအခါ ရေရှားတတ်သော ရွာများမှာ အိုင်မင်း၊ လွန်ပင်ကုန်း၊ ဟင်းခွက်အိုင်၊ ရလု၊ ပေါက်သစ်၊ မဲတီး၊ စမ်းမြိုင်အေး စသည်ရွာများဖြစ်၏။ ရေရှားပါးသော ကျေးရွာများတွင် နွေအခါ ရေရှာခြင်းလုပ်ငန်းကိုသာ အားစိုက်လုပ်ရ၏။ စိမ့်စမ်းအိုင် များတွင် နေ့ရောညပါ စောင့်ဆိုင်း ခပ်ယူ ရ၏။ တရံတခါတွင် ရေအတွက် ခိုက်ရန်များလဲဖြစ်ရတတ်၏။


ထို့အပြင် လူစုကာ ခြောက်ခန်းသွားသော ကန်များ ဘောင်တင်ခြင်း၊ ကန်တူးဖေါ်ခြင်းများ မိုးမကျမှီ ပြင် ဆင်ရပြန်သည်။ ကန်ဘောင်တူးခြင်း ရေကူ ရေလွဲများထားခြင်းမှာ ခန့်မှန်းဖြစ်သောကြောင့် တခါတရံတွင် မိုးရာသီ မိုးရေကြီးကာ ဆည်ဘောင် ကျိုးပေါက်မှု များ ဖြစ်တတ်သည်။ ထိုသို့ ဆည် ဘောင်ကျိုးပေါက်ခဲ့ပါက နွေအခါ သောက်သုံးရေ အတွက် လုံးဝ ရှားသွားမည်ဖြစ်သည်။


နွေအခါ သောက်သုံးရေရှားပါးသော ဒေသများ ပုံမှန်အခြေနေတွင် လူရော တရိစ္ဆာန်ပါ ကန်ရေနှင့် စိမ့်စမ်းရေ ချွေတာသုံးကာ မိုးရာသီ မိုးရေဖြင့် အသက်ဆက် လည်ပတ်ကြသည်။ ယခုကြားသိနေရသော မြန်ပြည်တလွှား သောက်သုံးရေ ရှားပါးမှု ပြသနာသည် မိုးဦးကျ နောက်ကျခြင်းကြောင့် ဖြစ်သည်။ ထို့ထက်ပို၍ မိုးဦးကျ ဘာကြောင့်နောက်ကျရသနည်း။ သင်္ကြန်အခါက မိုးဘာကြောင့် မရွာရသနည်း။ စသောမေးခွန်းများကို ဖြေရန် မြန်မာနိုင်ငံ ရာသီဥတုစူးစမ်းလေ့လာသူတို့သာလျှင့် ပြည်စုံစွာ တင်မြနိုင်လိမ်မည်။ ကျွန်ုပ်ကား မ၀ံ့။


လက်ရှိအချိန်တွင် လုပ်ဆောင်ရန်မှာ သောက်သုံးရေ ပြတ်လက်သော ဒေသများသို့ ရေအလှူ ပေးဝေခြင်းသာ အမွန်မြတ်ဆုံးဖြစ်၏။ တစ်ဆက်တည်းပင် ရာသီဥတုသည် တောတောင်ကိုမှီခိုကြောင်း ပညာပေးခဲ့လျှင် ပို၍ ကောင်း မည်ဖြစ်သည်။

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Sunday, May 9, 2010

လက်ပန်ကျင်း စာကြည့်တိုက်

အားလုံးမင်္ဂလာပါခင်ဗျာ.....
ကျွန်တော်တို့ လက်ပန်ကျင်း (တောင်ရွာ၊ အလယ်ရွာ၊ ညောင်ရွာ၊ သီးကုန်း) အခြေခံပညာ အလယ်တန်းကျောင်း သို့ ရန်ကုန်မြို့ရောက် ဦးချစ်ရွှေ မိသားစုမှ စာကြည့်တိုက် ဆောက်လုပ်လှူဒါန်းမည်ဟုသိရပါသည်။
(ယခင်က သီးသန့် စာကြည့်တိုက် အဆောင်မရှိသေး)။

သင်္ကြန်မတိုင်ခင်က စတင်ဆောက်လုပ်ခြင်းဖြစ်သောကြောင့် ယခုကျွန်တော် စာရေးနေချိန်တွင် စာကြည့်တိုက်ဆောက်လုပ်နေမှုမှာ ပြီးဆီးနေလိမ့်မည်ဖြစ်သည်။ ဆောက်လုပ်မည့်နေရာမှာ လက်ပန်းကျင်း အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်း သုတဆောင် ကျောင်းဆောင်၏ အရှေ့ဘက်တွင်ဖြစ်သည် ဟုသိရသည်။

ငယ်စဉ်ကလေးဘ၀တည်းက ပညာသင်လာခဲ့သော ကျောင်းတော်ကြီးတွင် ကျောင်းစာကြည့်တိုက် အဆောင်အဦ အခိုင်အမာ တည်ရှိလာသောကြောင့် အလွန်ဝမ်းသာပီတိဖြစ်ရပါသည်။

ကျွန်တော်တို့ လူငယ့်အားမာန် အဖွဲ့အနေဖြင့် ယခင်နှစ်မှ စတင်ကာ စာအုပ်များလှူဒါန်းခြင်းအား လုပ်ဆောင်ခဲ့သည့်အတိုင်း ယခုနှစ်တွင်လည်း ကျောင်းစာကြည့်တိုက်သို့ စာအုပ်များ တတ်နိုင်သလောက် လှူဒါန်းသွားဦးမည်ဖြစ်ပါသည်။

စာကြည့်တိုက်အလှူရှင် ဦးချစ်ရွှေ ၏ အတုယူဖွယ်ဘ၀ ဖြတ်သန်းမှု။
- ဦးချစ်ရွှေသည် ငယ်စဉ်က လက်ပန်ကျင်း (ညောင်ရွာ) တွင် အမိအဖ များနှင့်အတူ နေထိုင်ခဲ့သည်။
- လေးတန်းအောင်ပြီးနောက် ကျောင်းဆက်နေလိုသော်လည်း မိဘများမှ ကျောင်းထွက်စေခဲ့သည်။
- ကျောင်းမတက်ရသော်လည်း စိတ်မညစ်။
- ကျောင်းနေသော အတန်းကြီးသမားများထံ လေ့လာ ဆည်းပူးခဲ့သည်။
- ငယ်စဉ်ကပင် အင်္ဂလိပ်လို ပြောဆိုကာ ပညာကို မရှက်မကြောက် ရှာဖွေဆည်းပူးခဲ့သည်။
- ထိုသို့ ပညာလိုလားသည်ကို မြင်သောအခါ မိဘများမှ ကျောင်းဆက်ထားပေးသည်။
- အဌမတန်းအောင်ပြီး အလုပ်နှင့် ကျောင်းနေမည်ဟူသော စိတ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
- ပထမဆုံး အလုပ်မှာ ရန်ကုန် အမျိုးသမီးဆေးရုံ (ဂျမာခနာ) တွင် အ၀တ်လျှော် (ဒိုဘီ) အလုပ်ဖြစ်သည်။
- ရိုးသားကြိုးစားမှုကြောင့် ရန်ကုန်မြို့ကျောက်မျက်ရတနာဌာနသန့်ရှင်းရေး အလုပ်သမား အလုပ်ရရှိခဲ့သည်။
- ပါမစ်နစ် အလုပ်သမားအဖြစ် လစာရရှိသောအခါ ကျောင်းဆက်နေသည်။
- အလုပ်ပင်ပန်းမှုများနှင့် ငွေကြေး အခက်ခဲ့ကြောင့် ဒသမတန်းတွင် စာမေးပွဲ ဖြေရန် စိတ်ကုန်သွားသည်။
- သိုသော် စာမေးပွဲနီးလာသောအခါ စာပေးပွဲဖြေချင်စိတ် တဖွားဖွားပေါ်လာခဲ့သည်။
- အကိုကဲ့သို့ ခင်မင်ရင်းနီးသော ဦးမြတ်ထွန်း၏ ကူညီသင်ကြားပေးမှုဖြင့် စာမေးပွဲဝင်ဖြေရန် ဆုံးဖြတ်သည်။
- စာမေးပွဲအတွက် ကျောင်းစာမှလွ္မဲ၍ဘာမျှမရှိ။ နေ့ရောညာပါ စာကိုကြိုးစားသင်ယူကျက်မှတ်သည်။
- ကံဆိုးခြင်းမာနတ်ဝင်လာသည်။
- စာမေးပွဲဖြေရန် (၇) ရက်အလိုတွင် ကျောက်မျက်ပန်းပုထုရင်း ညာလက်ကျိုးခဲ့သည်။
- ညာလက် ကျောက်ပတ်တီးကိုင်းထားချိန်တွင် ဘယ်လက်ဖြင့် လက်ရေးကျင့်ကာ စာမေးပွဲဝင်ဖြေခဲ့သည်.
- မြန်မာစာပင် ဂုဏ်ထူးထွက်ခဲ့သည်ဟုသိရသည်။
- ထို့နောက် အဝေးရာက်ဘွဲ့ယူသည်။ ကျောက်မျက်ဌာန အရာရှိတစ်ဥိးဖြစ်လာသည်။
- ၀န်ထမ်းကောင်းတံ ဆိပ်များနှင့်အတူ နိုင်ငံခြားသို့ ပညာတော်သင် သွားရသည်။
- ယခုအခါ ၀န်ထမ်းဘ၀မှ ပင်စင်ယူကာ ရန်ကုန်မြို့ ဒဂုံမြို့သစ်တွင် မိသားစုနှင့်အတူ နေထိုင်သည်။
- ၂၀၁၀ ခုနှစ် မတ်လတွင် လက်ပန်ကျင်းအခြေခံပညာ အလယ်တန်းကျောင်းသို့ စာကြည့်တိုက် ဆောက်လုပ်လှူဒါန်းသည်။

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Thursday, May 6, 2010

နာရေးကူညီမှုအသင်း (ကျောက်ပန်းတောင်း)

အနယ်နယ်အ၇ပ်ရပ်မှ စေတနာရှင်များအနေဖြင့်
နာရေးကူညီမှုအသင်း (ကျောက်ပန်းတောင်း) အကျိုးတော်ဆောင်အဖွဲ့သို့ ဆက်သွယ် လှူဒါန်းကြပါကုန်....
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Monday, May 3, 2010

Fwd: ကျောက်ပန်းတောင်းအသင်းအလှူ

ကျောက်ပန်းတောင်းအသင်းအလှူ မှတ်တမ်းဓာတ်ပုံများ....
သာသနရက္ခိတအသင်း (ကျောက်ပန်းတောင်း) နှင့် သုဂတိရှင်နာရေးကူညီမှုအသင်း (ကျောက်ပန်းတောင်း) သို့ ဆရာမ ဒေါ်အေးမြင်တင်မှ တစ်ဆင့်ဆက်သွယ်လှူဒါန်းသည်..


Saturday, January 16, 2010

နွေးထွေးသော သူမ၏ရင်ခွင် ။

ဒီဇင်ဘာလ မြူနှင်းတို့ သိုင်းခြုံလွှမ်းတဲ့ နံနက်ခင်းမှာ တည်ငြိမ်နေတဲ့ သူမကိုတွေ့လိုက်ရတော့ကျွန်တော်အ၇မ်း ၀မ်းသာမိတယ်။ ပုပ္ပါးဒဂုံအဝေးပြေးဘတ်စ်ကား ပြတင်းမှန်မှ ၀ိုးတ၀ါးနဲ့ မီးရောင်အောက်က သူမကို မသဲမကွဲ တွေ့ရတယ်။ အလွမ်းတွေ ရင်ခွင်ပိုက်လို့ သူမရှိရာ အပြေးပြန်ခဲ့တာ အခုသူမရင်ခွင်မှာ နားခိုရတော့မယ်။ အချိန်ကြာမြင့်စွာ စီးနှင်းလာသော အဝေးပြေး ဘတ်စ်ကားကြီးပေါ်မှ ပေတရာလမ်းမပေါ် ခြေချလိုက်၏။ ထိုအခိုက် အေးမြသည့်ဆောင်းလေက သူမရဲ့မူပိုင် ကိုယ်သင်းရနံ တွေကို ယူဆောင်လာတယ်။ သူမနဲ့ဝေးခဲ့ တာ ကြာပေမယ့် သူမကဟန်မပျက်။ အရင်အတိုင်း လေပြေလို ငြင်သာတဲ့ လက်တို့နဲ့ ထွေးပွေ့ ကြိုဆိုတယ်။

ပေတရာပေါ်မှာ မတ်တပ်ရပ်ရင်း လက်နှစ်ဖက်ကိုဆန့်လို့ လေနုအေးနဲ့အတူပါလာတဲ့ သူမရဲ့ရနံကို အားပါး တရ ရှူရှိုက် နေမိတယ်။ တကိုယ်လုံး ပြန်နှံ့သွားတဲ့ သူမရဲ့လေပြေ ရနံ့က ရင်ထဲမှာအေးမြလို့ လူကို လန်းဆန်း သွားစေတယ်။ ရှေ့နောက်ဘယ်ညာကို တစ်ချက်ဝေ့ကြည့်မိတော့ အချို့က မြူနှင်းကြားမှာ ပွေ့ဖက်နှုတ်ဆက် လို့ ဝေးကွာမှုအလွမ်းနေ့ရက် တွေကို ချေဖျက်တယ်။ ကျွန်တော့်အတွက်တော့ သူ့မရဲ့ လေပြေအထိ အတွေ့လေးတွေနဲ့ အလွမ်းနေ့ရက်များ ကြေပျက်တယ်။ တကယ့်ကို တည်ငြိမ်အေးချမ်းပြီး မပြောင်းလဲသော သူမဘ၀ကိုကြည့်ရင်း အ၇မ်းကြည်နူးမိပါတယ်။ ခဏကြာတော့ ကားပေါ်က ဆင်းလာတဲ့လူတွေ ခရီး ကိုယ်စီဆက်လို့ လူစုကွဲသွားတယ်။ နေရောင်ချည် မမြင်ရသေး။ စိတ်ထဲမှာ ဆောင်းနှင်းဝေတဲ့ ဒီအချိန် လေးကို ကုန်ဆုံးသွားမှာ နှမြောနေမိတယ်။

ခရီးဆောင်အိပ်ကို ကျောမှာပိုးလိုက်တယ်။ အနွေးထည်ခေါင်းစွပ်ကို မတင်လို့ ၀င်းဝင်းစီနီမာရှေ့ လမ်းမကြီး အတိုင်း လမ်းလျှောက်ခဲ့တယ်။ ဝေးကွာလှတဲ့ ဓာတ်တိုင်မီးတွေက သူမရဲ့ မြနှင်းဝေတဲ့ မှုန်ရီဝိုးဝါး ဆောင်း နံနက်ခင်းကို ပိုမိုအသက်ဝင် စေ တယ်။ မြူမှုန်ကြဲတဲ့ အလင်းရောင်အောက်က မြင်းလှည်းဆရာရဲ့ လှည်းဘီး ကြား နှင်တံထိုးတဲ့ အချက်ပြသံကို ကြားရတယ်။ တိတ်ဆိတ်တဲ့ နံနက်ခင်းမှာ အေးမြတဲ့လေကို ရင်နဲ့တိုးလို့ လမ်းလျှောက်နေဆဲ မြင်းလှည်းဆရာမှ “ ဗျိုး. ဆရာလေး မြင်း လှည်း ငှားပါလား ” လို့ လှမ်းမေးတယ်။ “ဟင်..ဆရာလေးတဲ့... ဘယ်လိုခေါ်လိုက်ပါလိမ့်” မြင်းလှည်းဆရာ ဦးလေးကြီးကို ကြည့်မိတော့ ခပ်တည် တည်ရယ်။ “မငှားတော့ဘူးဦးလေ လမ်းလျှောက်ချင်လို့” လို့ ပြန်ဖြေလိုက်တယ်။ ကျွန်တော့်စကား မဆုံးခင်မှာပဲ မြင်းခွာသံ နဲ့ လှည်းဘီးကြား နှင်တံထိုးလို့ အချက်ပြသံတို့ တစ်ဖြေးဖြေး ဝေးသွားတယ်။

သူမရဲ့ နံနက်ခင်းအချိန်မှာ လင်းကြက်တွန်သံ သဲ့သဲ့လေးကိုလဲ ကြားရတယ်။ အေးချမ်းသာယာခြင်းနဲ့ အရာ အားလုံးကို လွှမ်း ခြုံပေးထားတယ်။ သူမရဲ့လမ်းတွေက အချို့လမ်းမှာ ပလက်ဖောင်း မရှိဘူး။ ဒီလမ်းတွေကို လျှောက်နေကြ ခြေမျက်စေ့က အလွတ်ရတယ်။ မိုးကာလ ရေတိုက်စား သယ်ယူလာတဲ့ ပေတရာဘေးက သဲဖြူဖြူတွေမှာ လျှောက်ဖူးတယ်။ လျှောက်ရင်း လျှောက်ရင်း ဘူတာကြီးလမ်းဆုံ အ၀ိုင်းကိုကျော်ခဲ့ပြီ။ နဖူးမှာချွေးလေးစို့တော့ ကုန်တော်ကြီးဘုရား ကိုဖူးတွေ့ရတယ်။ မီး ရောင်အောက်က လက္ဖက်ရည်ဆိုင်မှာ အကြော်ဆရာကိုလဲ မြင်နေရတယ်။ မျက်စေ့တစ်ဆုံး အရှေ့ကို အနောက်ကို ရှေ့တူရှု ကို ကြည့်လို့ရနိုင်တဲ့ အကြော်ဆရာနဘေးကခုံမှာထိုင်လို့ ဝေးနေတာကြာပြီဖြစ်တဲ့ ကျောက်ပန်းတောင်းတခွက်နဲ့ အီကြာကွေး ပူပူလေး မှာလိုက်တယ်။

သူမရဲ့လမ်းတွေမှာ လမ်းလျှောက်သူ တစ်ယောက်စ နှစ်ယောက်စ ရှိတယ်။ လမ်းထိပ်က မုန်ပြစ်သလက် မုန့်လင်မယား အကြော်စုံ ရောင်းတဲ့ အဒေါ်ကြီးလဲ မီးမွေးလို့နေတယ်။ အဝေးဆီမှ လွင့်ပြန့်လာတဲ့ အဆိုတော် မာမာအေးရဲ့ ဓမ္မတေးသီချင်း တွေ ကြားနေရတယ်။ တစ်ဆက်တည်း အာရုံဆွမ်းခံကြွလာတဲ့ ဆရာတော်များနဲ့ မောင်ကျောင်းသားရဲ့ ကြေးစည်သံကို ကြားရပြန်တယ်။ ကျောင်းထိုင် ဆရာတော်၊ တိုက်အုပ်ဆရာတော်၊ စာသင်သားဆရာတော်၊ ကိုရင်လေး စသည် တန်းစီလို့ ဖူးတွေ့ ရတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းတခုပင်။ နောက်ဘ၀ဆက်တိုင်း ဆက်တိုင်းမှာ သူမ၏ရင်ခွင်မှ မခွဲမခွာ မကွဲမကွာ နေရပါလို၏ လို့ စိတ်ထဲ ကြိတ်ကာ ဆုတောင်းမိပါတယ်။

အချိန်ဘယ်လောက်ကြာသွားလဲမသိ။ ရောင်နီဦး အလင်းရောင်က အထပ်မြင့်အိမ်အမိုးများကို အရောင်ချယ်လို့ နေလေပြီ။ မြင်းလှည်းသံများ ပိုမိုကြားရသည်။ ဆက်ဘီး ဆိုင်ကယ် အလျိုလျို ဖြတ်သွားနေသည်။ ပြည်တွင်းဖြစ် ထော်လာဂျီ အသံက အိပ်ရေးကြီးသော သားသားမီးမီးတို့အား လှုပ်နိုးနေသလိုပင်ဖြစ်တော့သည်။ သို့နှင့် ကျွန်တော်လဲ လက်ဖက်ရည်ဆိုင်မှာ ပိုက်ဆံ ရှင်းပြီး ဗိုလ်ချုပ်လမ်းအတိုင်း လွတ်လပ်ရေးဆီ ခြေဦးတည် လိုက်သည်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)