Wednesday, April 1, 2009

အမေ့ယက်ကန်းစင် (၂)

နံနက်ခင်း မိုးလင်း သည်မှစ၍ နွေနေမင်း သည် စတင်ကာ အစွမ်းပြ တော့သည်။
နေ ဘယ်ချိန်ထွက် လည်း ကျနော် မသိ။ ကျောင်းအားရက် ဖြစ်သောကြောင့် ကျနော် နေရောင် ဖင်ထိုးအောင် အိပ် တတ်သည်။ အမေသည် အိမ်အလုပ်များနှင့် ရှုပ်နေသည်။ မနက်မိုးလင်း ကနေ မိုးချုပ် ပါးစပ်က လည်းပြော လက်ကလည် လှုပ်ကာ အိမ်မှုကိစ္စ များ တစ်ခုပြီး တစ်ခု ဆက်ကာ လုပ်နေ တတ်သည်။
အလုပ်လုပ်မှ ထမင်း စားရတာ အလုပ် လုပ်ဖို့ ပျင်းမနေရဘူး” ဆိုသည့် စကားသည် အမေ့၏ ဒသန ဖြစ်သည်။ အဖေနဲ့ အမေ သည် တကယ်ပင် လိုက်ဖက်ညီသော အကြင် လင်မယား ဖြစ်သည်။

ယခုကဲသို့ အလုပ်ပါးသော နွေအခါ မျိုးတွင် ယက်ကန်း လုပ်ငန်းအား စတင်ကြသည်။ ယက်ကန်း လုပ်ငန်း ဆိုသော် လည်း စီးပွားဖြစ် မဟုတ်ပေ။ တစ်ပိုင် တစ်နိုင် အိမ်တွင်းမှု လုပ်ငန်းဟုသာ ခေါ်ဆိုနိုင်သည်။ ၄င်း ယက်ကန်း လုပ်ငန်းသည် ကျနော့် ရွာလေးသို့ မည်သို့ မည်ပုံ ရောက်ရှိလာ သည်မသိ။ အမေ့ ၏ အမေ၊ ကျနော်၏အဖွား အိမ်တွင် အသုံးမပြု သော ယက်ကန်းစင် အဟောင်း တစ်ခု ရှိသည် ။ ဤသည် ကိုကြည်ခြင်း အားဖြင့် နှစ်အတန် ကြာပြီဟု ဆိုနိုင်သည်။ အဖွား ယက်ကန်း ယက်သည် ကို ကျနော် မမြင်ဖူးပေ။ သို့သော် အမေ သည် အဖွား၏ အမွေ ဆက်ခံသူ ဖြစ်သည်မှာ ဧကန် အမှန် ဖြစ်သည်။

ဤတွင် ၀ါဂွမ်း အဆင့်မှ အ၀တ် အထည် ဖြစ်လာ အောင် ယက်လုပ် ရသော လုပ်ငန်း အဆင့်ဆင့် ရှိလေသည်။ ကျနော် ငယ်စဉ်က မြင်တွေ့ နေကျ အရာ လေးများကို ပြောပြချင်သည်။ စိတ်ဖြင့်သိ သော်လည်း စကား လုံးဖြင့် ပုံဖေါ်နိုင် အံ့မထင်။ ပထမဦးဆုံး ၀ါပင်မှ ရသော ၀ါဂွမ်းကို အစေ့ထုတ် စက်ဖြင့် ၀ါဂွမ်း အတွင်းမှဝါ စေ့ များ ကြိတ် ထုတ်ရသည်။ ၄င်း ၀ါဂွမ်းအား ဗိုင်းတောင့် အဖြစ်သို့ ပြောင်းလည်းရသည်။ ဗိုင်းတောင့် ဆိုသည်မှာ နူးညံ့သော ၀ါဂွမ်းအလိမ်အတောင့်လေး ဖြစ်သည်။ ထိုဗိုင်းတောင့် အား ကြိုးမျှင် လေးများ ဖြစ်လာအောင် ဗိုင်းငင် ရသည်။ အချိန်ကို ကိုယ်စားပြုသော “လသာတုန်း ဗိုင်းငင်” ဆိုသည့် စကားပုံသည် ယက်ကန်း လုပ်ငန်းခွင်မှ ဆင်းလာခြင်း ဖြစ်သည်။ ဗိုင်းငင် စက်အား မမြင်ဖူးက ဗိုလ်ချုပ် အောင်ဆန်း ပုံနှင့် တစ်ကျပ်တန် ငွေစက္ကူ အစိမ်းရောင် တွင် ကြည့်ပါ။ (ပိုဝေးသွားမလားမသိ)။

တဖန် ဗိုင်းငင်၍ရသော ချည်လုံးအား ချည်ခင် ပြုလုပ်ရန် ချည်ငင် ရပြန်သည်။ ချည်ငင် ခြင်းတွင် အထူး ဂရုပြုရသည်။ ပြီးစလွယ် လုပ်ပါက ချည်ခင် အူပေါက် ကာ အစရှာမရ ဖြစ်တတ်သည်။ ထိုမှတဖန် ချည်ခင် အား ဆေးဆိုး ရသည်။ ဆေးဆိုး ရာတွင် မိမိ ယက်လုပ် မည့် အရောင် စိတ်ကူး အတိုင်း ဆိုး ကြသည်။ အဖြူထည် အတွက်မူ ဆေးဆိုးရန် မလို။ ဆေးဆိုး ပြီးသော အခါ အဆိုပါ ချည်ခင် အား ထမင်းလုံး များနှင့် နင်းနယ် ရသည်။ ကော်တင် ခြင်းဖြစ် ပေမည်။ ၄င်း အဆင့်ပြီး သောအခါ ချည်များ ခိုင်မာမှု အတွက် နေလှမ်း အခြောက်ခံ ရသည်။ ထို့နောက် ချည်သန့်ခြင်း အတွက် ဆပ်သွား နှင့် ချည်ချ ရပြန်သည်။ အ၀တ် တစ်ထည်ဖြစ်ရန် အဆင့်များ များလွန်းလှသည်။ အဆိုပါ သန့်စင်ထားသော ချည်အား တညင်းလုံး ကြီးတွင် ရစ်၍ သိမ်ဆည်း ထားသည်။ တညင်းလုံး မှ ချည် သည် အဆင်သင့် အသုံးပြုနိုင်သော အဆင့် ဖြစ်သည်။

ကျနော် သည် ငယ်စဉ်က အမေ့ ယက်ကန်း လုပ်ငန်းအား ကူညီ လုပ်ကိုင် ဖူးသည်။ ရံဖန်ရံခါ တွင် လည်း ချည်ခင် ရှုတ်ထွေး သွားတတ် သောကြောင့် အဆူခံ ထိသည်။
“ ဘယ်သူ ဘယ်သူ ၀င်ခါမှ ချည်ခင်ထွေး .. ရှင်းနိုင်ပါ့မယ်” သီချင်းထဲကလို ရှုတ်ထွေး နေသာ ချည်ခင် သည် ကောက်ရိုးပုံထဲ အပ်ပြောက်ရှာရသည်နယ် ခက်ခဲသည်။

ယခု အမေသည် အပ်ချည် နှင့် အပ်ပေါက် တည့်အောင် မထိုးနိုင်ပြီ။ အသက်ရွယ်ရ လာသော အမေ ယက်ကန်း မယက် သည်ပင် ဆယ်နှစ်ခန့် ရှိမည် ထင်သည်။ အမေသည် ငယ်စဉ် ကတည်းက အလုပ်နှင့် လက် ပြတ်သူ မဟုတ်။ အမေရယ်... သားတွေ သမီးတွေ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် လုပ်ကိုင် ကျွေးမွေးခဲ့ ပြီးပါပြီ အခု သားတို့ အလှည့်လေ…. အမေ.. ငြိမ်ငြိမ်လေး ထိုင်နေပါ .. လို့ ကျနော် ပြောလည်း..မရ။ အိမ်မှုကိစ္စ များနှင့် ရှုပ်နေဆဲ ဖြစ်မှာ ကျနော် သိနေသည်။ ကျနော် အမေ့ကို လွမ်းနေသည်။

2 comments:

Ma Thadar ( မသဒ္ဓါ ) said...

အမကြီး ယက်ကန်းသင်နေပါတယ်။ မြန်မာပြည်မှာနေစဉ်က စာဘဲသင်နေရတဲ့အတွက် ယက်ကန်းမခတ်တတ်ပါ။ အသက်လေးရ..ဘ၀က ပြည့်စုံလာတဲ့အခါ အခုကျမှဘဲ သင်ဖြစ်ပါတယ်။ ခြံထဲမှာ ပျင်းပျင်းနဲ့ ၀ါပင်တွေ စိုက်ထားတာ.. ၀ါပွင့်တွေ ကို အစေ့ချွေ ဗိုင်းတောင့် ဖြစ်အောင် ဘယ်လို လုပ်တယ်ဆိုတဲ့ မြန်မာ့ နည်းစံနစ်ကလေးသိချင်ပါတယ်။ အညာဖက်ရောက်ရင် ယက်ကန်းလုပ်ငန်းအကြောင်း ၀ါဖန်တြဲ့ အကြောင်းတွေ ဓါတ်ပုံလေးနဲ့တကွ တင်ပြပေးနိုင်ပါသလား။ မြန်မာ့ရိုးရာ ယက်ကန်းကို ကမ္ဘာ သိစေချင်ပါတယ်။ တင်ဖြစ်ရင် ဖတ်ဖို့ ဆက်သွယ်ပေးပါလား မောင်ငယ်။

Ma Thadar ( မသဒ္ဓါ ) said...

thadar.blogspot.com ကပါ။ ကျေးဇူးတင်ပါတယ်။