Saturday, August 15, 2009

ချစ်ခြင်းတို့ထပ်တူကျ တဲ့နေရာ။

ကျောက်ပန်းတောင်းမြို့နဲ့ အမှတ်တရလေးတွေ ရေးမယ်လို့ စိတ်ကူးရှိသော်လည်း မရေး ဖြစ်ဘူး။ ဒီနေ့ စိတ်ကူးလေးရတာနဲ့ နည်းနည်းရေးလိုက်တယ်။ ကိုယ့်မြို့ ကိုယ့်ဒေသ အကြောင်း တွေးနေတဲ့ အခါ မှာလဲ ငယ်ငယ်က အကြောင်းလေးတွေနဲ့ ပြန်ပြီး နွေးထွေး လာတယ်။ တကယ်ဆို ဟိုး .. လွန်ခဲ့တဲ ၁၀ နှစ်လောက်က ကျောက်ပန်းတောင်မြို့ဟာ ကျွန်တော့်အဖို့ အနည်းငယ် စိမ်းနေသေးတယ်။


ကျွန်တော် န၀မတန်းနှစ်က မန်ကျီးကုန်း အထက်တန်းကျောင်းမှာ တက်ခဲ့တယ်။ ဆယ်တန်းနှစ်မှာ ကျောက်ပန်းတောင်း မြို့လေးက အထက (၁) ကိုရောက်ခဲ့တယ်။ ကျောင်းမှာ အခန်းက (H) အခန်း. သင်္ချာ ဦးငြိမ်းရွှေ၊ အင်္ဂလိပ်စာ ဒေါ်ခင်မြ၀င်း ၊ သိပ္ပံတွဲ သင်တဲ့ ဒေါ်တင်တင်အေး တို့ အဲဒီလို ကျူရှင်လောက နာမည်ရ ဆရာ ဆရာမတွေ နဲ့ သင်ခဲ့ရပါတယ်။


ကျူရှင်တက်တော့ ဆရာ ဦးမောင်မောင်၊ ဦးထွန်းထွန်း ဒေါ်ခင်မြ၀င်း တို့ဆီမှာပဲ။ ဆရာမ ဒေါ်ခင်မြ၀င်း ဆီမှာ တော့ ကျွန်တော်က ကျူရှင်ခ အခမဲ့တက်ခဲ့ ရတယ်။ ဦးမောင်မောင်ဆီမှာလဲ ကျူရှင်ခကို ပေးတလှည့် မပေး တလှည့်ပါပဲ။ ဆရာကလဲ ပြောတယ် လေ "ငါ့ တပည့် ကျူရှင်ခကို ပေးနိုင်မှ ပေး ၊ အတန်းချိန်တော့ မပျက်နဲ့တဲ့" ကွက်တိပဲပေါ့ဗျာ။ ကျွန်တော့် မိဘတွေ ကလဲ မိုးလေ၀သ သိပ်မမှန်တော့ စီးပွားရေးတွက်ချေမကိုက်ဘူးကို။


ဆရာ ဆရာမတွေ ကျူရှင်မှာ ထိုင်တော့လဲ အရှေဆုံးခုံက။ တောက်တိုမယ်ရ လုပ်တော့လဲ ဆန်းဝင်း ပဲပေါ့။ ဘော်ဒါတွေလဲ မရှိသေးဘူး။ ၀ိုင်းနဲ့ ကျူရှင်ပဲရှိတယ်။ "ထူးခြားတာက ဆရာ ဆရာမတွေက ငွေကြေးထက် ပညာကို ပိုပြီးတန်ဖိုးထားကြတယ်။ ကျောင်းသားတွေ အပေါ်မှာ စေတနာထားတယ်။ အမုန်းခံ ဆုံးမကြတယ်။ ဆရာတွေနဲ့ လမ်းမှာတွေ့သည်။ ဈေးမှာတွေ့သည်။ ၀င်းဝင်း စီနီမာမှာ တွေ့သည်။ ထိန်ကန်ဘက် မှာတွေ့ သည်။ စေတီကြီးမှာ တွေ့သည်။ ဘယ်နေရာ ဖြစ်ဖြစ် မမြင်မတော်တာကို ပြောဆိုဆုံးမ ကြတယ်"


အဲဒီနေ့က တနင်္လာနေ့။ ကျွန်တော် အိပ်ယာထ နောက်ကျတယ်။ မျက်နှာသစ်ြပီး ကျူရှင်ကို အပြေး သွားရတယ်။ ကျူရှင်က ပြန်လာတော့ ထမင်းချက်။ ညဦးက မိုးရွာထားတော့ မီးသွေးအိတ်က မိုးမိသွား တယ်ဗျာ။ မီးမွေးဖို့ ထင်းရှူးသားကခွဲရသေး။ ထမင်းကျက်တော့ ရေးမိုးချိုး။ ထမင်းပူပူ ကို ရယ်ဒီမိတ် အိမ်က ချက်ပေးတဲ့ ဟင်းနဲ့ အမြန်လွှေးရတယ်။ နာရီကိုကြည့်လိုက်တော့ ကိုးနာရီ။ ကျောင်းဝတ်စုံ ပုဆိုးအစိမ်းလေးနဲ့ အဖျြူရောင် ရယ်ဒီမိတ် ရှပ်အင်္ကျီလေး အမြန်ဝတ်ကာ ကျောင်းကြီးအတွက် စာအုပ်တွေ ထည့်ပြီး စက်ဘီးကို အမြန်နင်းလို့ အိမ်ကထွက်ခဲ့တယ်။


ဗိုလ်ချုပ်လမ်းအတိုင်း စက်ဘီးနင်းအလာ ဈေးနားရောက်တော့ ဈေး စခင်းနေပြီ။ အိုး … များလိုက်တဲ့ လူတွေ ဈေးရောင်း ဈေး ၀ယ်တွေ စုံလို့။ မြင်းလှည်း ဆရာရဲက လှည်းဘီးကြားကို နှင်တံလေး နဲ့ထိုးလို့ (တောက်.. တောက် တောက်) နဲ့ အချက်ပြ သံ။ "ထုန်းထုန်း ထိုင်းထိုင်း" နဲ့ ထော်လာဂျီ သံတွေ မရိုးနိုင် တဲ့ မြင်ကွင်းတွေ ဖြတ်ရင်း။ ဈေးခေါင်းရုံးနား အရောက်မှာ …


ဈေးဘန်းရွက်လာတဲ့ အဒေါ်ကြီး တစ် ယောက် နဲ့ ကျွန်တော် ထိပ်တိုက် တိုးတာပဲဗျာ။ ပျံကျဈေးမှာ နေရာ တစ်ခုရဖို့ အပြေးနှင် လာတယ် ထင်တယ်။ ကျွန်တော် ကလဲ ကျောင်းတံခါး မပိတ်ခင် ကျောင်းထဲရောက်ဖို့။ အရေးနဲ့အကြောင်း ဆို ကျွန်တော် စက်ဘီးဘရိပ်အုပ်ဖို့ မေ့နေတယ်။ တစ်ဦးကို တစ်ဦးရှောင်ဖို့အရေး ဘယ်ညာ ပြိုင်တူ ရွေ့လို့ ထုပ်စီးတိုးပွဲ တစ်ခုလိုဖြစ်နေတယ်။ ကျွန်တော်က စက်ဘီးနဲ့ အဒေါ်ကြီးက ဈေးဘန်းနဲ့။ မျက်စေ့ထဲမြင်ကြည့်ကြပါဗျာ။ အဒေါ်ကြီး ခြေနှစ်ချောင်း ကြားကို ရှေ့ဘီးရောက်သွားပီ။ အဒေါ်ကြီးလဲ ဈေးဘန်းကို လွှတ်ကာ နောက်ကို ပက်လက်လန် လဲသွားပါ လေရော။ စက်ဘီးလဲကျသွားကာ ကျွန်တော့် အပေါ်ကို ပိလို့ အဒေါ်ကြီးရဲ့ ဈေးဘန်းက ဘယ်လိုဖြစ်ပြီး ကျွန်တော့် လက်ထဲ ရောက်လာလဲ မသိလိုက်ဘူး။


ဘေးနားက လူတွေက ၀ိုင်းကူကြတယ်။

တော်သေးတယ် အဒေါ်ကြီး ဘာမှ မဖြစ်လို့။ "မောင်ကျောင်းသားရယ် အဒေါ်တောင်းပန်ပါတယ် ဈေးထွက်ဖို့ နောက်ကျနေလို့ အဒေါ့် အမှားပါကွယ်" အဲဒီစကား ကိုအဒေါ်ကြီး ဆီက ကြားလိုက်ရစဉ် ကျွန်တော့် ရင်ထဲမှာ အရမ်း အားနာ သွားမိတယ်။ တကယ်ဆို ကျွန်တော်က ၀င်တိုက်မိတာပါ။ ၀ိုင်းကူကြတဲ့ လူတွေကလဲ ကျွန်တော့်ကို ဂရုတစိုက်နဲ့ပေါ့။ ရင်ထဲမှာ ၀မ်းနည်း ၀မ်းသာဖြစ်မိပါတယ်။


အဲဒီနေ့ကစလို့ ကျောက်ပန်းတောင်းမြို့လေးရဲ့ နွေးထွေးမှုကို ကျွန်တော်ရရှိခဲ့တယ်။ မြို့သူ မြို့သားတွေက ကျောင်းဝတ်စုံ အစိမ်း အဖြူလေးနဲ့ အထက်တန်း ကျောင်းသားလေးတွေ ဆို ဦးစား ပေးကာ ပညာရေးကို တန်ဖိုးထား အားပေးကြတာ ကျွန်တော်သိ လိုက်ရတယ်။ ဒီအဖြစ်ပျက်လေးကို စက်ဘီးလဲပြီး ဘယ်ဘက် ခြေထောက်မှာ ပွန်းသွားတဲ့ ဒဏ်ရာလေးကို မြင်တိုင်း သတိရနေမိတယ်။ မြို့သူ မြို့သားတွေ ၀ိုင်းချစ်ကြတဲ့ ကျောက်းပန်းတောင် မြို့ကို ကျွန်တော်လဲ ချစ်တတ်လာခဲ့တယ်။ "ပညာမြှင့်မှ လူမျိုးမြင့်မယ်" ဆိုတဲ့ စကားပုံကို ယုံကြည်ထားတဲ့ ကျောက်ပန်းတောင်း မြို့သူမြို့သားတွေ နဲ့အတူ ထပ်တူကျတဲ့ ချစ်ခြင်းတွေ ကျွန်တော့် နှလုံးသားမှာ ယနေ့ထိ ရှင်သန်ဆဲ့ပါပဲ။

နောင်နှစ်ပေါင်းများစွာတိုင် ကျောက်ပန်းတောင် မြို့သူ မြို့သားတွေရဲ့ ထပ်တူကျတဲ့ ချစ်ခြင်းတွေ ရှင်သန်ပါစေ လို့ ဆန္ဒပြုရင်း ……

ဆန်းဝင်း (ကျောက်ပန်းတောင်း)။

No comments: