ပြောရမယ်ဆိုရင် ကျွန်တော်က တောသား တစ်ယောက်ပါ။ တောသားထဲမှာမှ အညာသူ အညာသား အဖေနဲ့အမေက မွေးပြီး အညာမြေ ကျေးလက်ရွာလေးမှာ ကြီးပြင်းခဲ့တယ်။ တချို့က မေးကြတယ် ကိုဆန်းဝင်းက ရန်ကုန်ကလား တဲ့ ။ မဟုတ်ရပါဘူးဗျာ။ ကျွန်တော် အညာသား စစ်စစ် ရေမရော ပါဘူး။ အညာသားထဲမှာမှ ကျောက်ပန်းတောင်း သားပါလို့ ဒက်ခနဲ ပြန်ဖြေမိတယ်။ ထန်းတောထဲမှာ ကြီးပြင်းခဲ့ပေမယ့် ထန်းတောရုပ်ပေါက် မနေပြန်ဘူး။ ငယ်သူငယ်ချင်းတွေက ခေါ်ကြတယ် တရုတ်ကြီးတဲ့။ အဲလိုပဲ။ အညာသား ဖြစ်ရတာ ဂုဏ်ယူပါတယ်။ သစ်ပင်သစ်တောတွေနဲ့ သဘာဝတရားရဲ့ နွေးထွေး ငြိမ်းချမ်းမှု ကို ငယ်စဉ် တည်းက ခံစားခွင့်ရခဲ့တယ်။ အချိန်များ ပိုထွက်လာရင် အညာမြေ နိုင်ငံရေး၊ အညာမြေ စီးပွားရေး၊ အညာမြေ လူမှုရေး စသည်ဖြင့် စာတွေ ရေးချင်ပါသေးတယ်။
အားလုံးအသိပဲ။ အညာက ပူတယ်။ အညာသူ အညာသား ရွာသူရွာသားတွေ ပင်ပန်း ဆင်းရဲကြ ပါတယ်။ လွှတိုက် လှေထိုး အလုပ်လိုပဲ မြေကြီးနဲ့ ဖက်တွယ်ကာ ထွန်ယက် စိုက်ပျိုးရတာ ပင်ပန်း လွန်းလှတယ်။ ငယ်စဉ်က အကြောင်း တွေထဲမှာ အမှတ်တရတွေ အများကြီးပါပဲ။ အဖေ နဲ့ အမေရဲ့ ကြီးမြတ်လှတဲ့ ကျေးဇူးတရားတွေကြောင့် ပညာသင်ခွင့် ရခဲ့တယ်။ တောင်သူ သားသ္မီးဖြစ်တော့ သစ်ပင် ပန်းပင် စိုက်ပျိုးရေးကို ဝါသနာပါတယ်။ မိမိ စိုက်ပျိုးထားတဲ့ အပင် လေးတွေ မနက်မိုးလင်း နေရောင်နဲ့ အတူ ကြည့်ရှုရတာ ပြောမပြတတ်အောင် ပိတိဖြစ်ရပါတယ်။ အပင်ပေါက် အရွယ်၊ အတက်အလက်စုံတဲ့ အပင်ပျိုအရွယ်၊ ဖူးပွင့်တဲ့ အရွယ် အရိပ်တကြည့်ကြည့်နဲ့ ဘာတွေ လိုအပ်မလဲ စောင့်ကြည့် ပျိုးထောင်ရတာ ရင်ထဲမှာ ကြည်နူး စရာပါ။ စိုက်ပျိုးထားတဲ့ မြေပဲနှမ်း အပင်တွေကြား ဖြတ်လျှောက်သွားတဲ့အခါ အပင်လေးတွေက ကိုယ့်ဘက်ကို ကိုင်းညွတ်လို့ အသိမှတ်ပြုကြလား ထင်ရတယ်။ မျိုးစုံ စိုက်ပျိုးသလို အရိပ်ရ အပင် များလဲ လယ်ယာ ကန်သင်းမှာ စိုက်ပျိုးကြတယ်။
လယ်ယာမြေ ကန်သင်း တိုင်းမှာ ထန်းပင်၊ သရက်ပင်၊ ကုက္ကိုပင်၊ ဒဟတ်ပင်တွေ တန်းစီ လို့ စိုက်ပျိုးကြတယ်။ အဘိုး အဖွားတွေ လက်ထက် ကတည်းက လက်ဆင့်ကမ်းကာ စိုက်ပျိုးခဲ့ တာကြောင့် တချို့အပင်တွေက စားလို့ ရနေပြီပေါ့။ တချို့က အကိုင်းအခက် အလက်တွေ ဝေဖြာ လို့ တချို့ကျတော့ ပင်ပျိုသာသာ အရွယ် လေးတွေ ရှိကြတယ်။ လယ်ယာ လုပ်ငန်းတွေ၊ ပေါင်း နှုတ်၊ မြက်ရိပ် အလုပ်တွေ လုပ်ရင်း မောပန်းလို့ အနားယူမယ်ဆိုရင် အေးမြတဲ့ အပင်ရိပ်ရှိတယ်။ ဒီသစ်ပင်တွေ အရိပ်မှာ အနားယူ လိုက်ရင် ကုန်ခန်းသွားတဲ့ အားအင်တွေ ခဏအတွင်း ပြန်ပြည့် လာတယ်။ လူတွေတင်မကပါဘူး ကျွဲ၊ နွား တိရစ္ဆာန် ကျေးငှက် သရကာ တွေလဲ နားခိုလို့ရတယ်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားခိုနိုင်တယ်တဲ့ စကားပုံထဲက အတိုင်းပဲပေါ့။ ၂၁ ရာစုမှာ သစ်ပင်တွေက ကမ္ဘာမြေ အသက်ဆက်ဖို့ မရှိမဖြစ် ဆေးဝါးကဲ့သို့ ဖြစ်နေပြီ။
မှတ်မိသေးတယ် ငယ်စဉ်တုန်းက ကျွန်တော် အဖေ အမေ နဲ့အတူ ယာထဲလိုက်သွားတယ်။ ညီငယ်လဲပါတယ်။ အဲဒီကောင် ဒေါက်တာ ဖြစ်နေပြီ။ အဖေ အမေ နဲ့ အလုပ်သမားတွေက မြေပဲ ခင်း ပေါင်းနှုတ်နေချိန် ကျွန်တော်တို့ ညီအစ်ကိုက ယာတောင်ဘက် ကန်သင်း ထန်းပင်ပျိုတန်း မှာ စော့ကစားကြတယ်။ ပုဇင်းဖင်ထောင် အနီကောင် လေးတွေဖမ်း အပ်ခြည်ကြိုးနဲ့ချည် စွန်လွတ် သလို လွတ်ကာ ကစားကြတယ်။ ပုဇင်းလေးတွေ မောလာမှ ပြန်လွတ်ပေးတာ။ ကစားရတာ မောလာတော့ ထန်းပင်ရိပ်မှာ ဖက်ရွက်တွေခင်း အိပ်ကြတယ်။ ကစားချင်တဲ့အခါ ကစားလိုက်၊ စားချင်တဲ့အခါ စားလိုက်၊ အိပ်ချင် အိပ်လိုက် အပူပင်မရှိ အေးဆေးပဲ။ အဲဒါကြောင့် လူကြီး တွေက ကလေးလေး ဘဝကို ပြန်လိုချင်ကြတာ။ ပြောရရင် ကျွန်တော်လဲ ပါတယ်။ ကာရာအိုကေ ဆိုတာ .. "အပြစ်မသိသေးတဲ့.. ကလေးလေး ဘဝကို တခါပြန်ပြီး ..ရချင်သေး...တယ်..ဟယ်..ဟယ်.." အဲလို. ဟဲ ခဲ့ဖူးတယ်။ ကလေးဘဝပဲ ကောင်းတယ်နော်။ လွတ်လပ်တယ်။ အပူပင်ကင်းတယ် ဖြူစင်တယ်။
နေသာတဲ့ နေ့တွေမှာ ယာကန်သင်း ထန်းပင်ပျိုတန်း အရိပ်မှာ ပက်လက် အိပ်ရင်း တိမ်တွေကို ရေတွက်ကြတယ်။ ဝါဂွမ်းတွေ ဗိုင်းတောင့် တွေ ပုံထားသလို ရဲတိုက်ကြီးတွေလို တိမ်တိုက်တွေများဆို သူပိုင် ငါပိုင် အငြင်းခုန်ဖြစ်လို့။ ကြက်ဥအရောင် ခန့်မှန်ရခက်သလို တိမ်တွေ ဘယ်လိုစတင်ဖြစ်လာပြီး ဘယ်လို ပျယ်ပျက်သွားသလဲ ဆိုတာ စောင့်ကြည့်ရတာ အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖွေးဖွေး လိပ်လိပ် နဲ့ လှပတဲ့ ကိုယ့်ရဲ့ တိမ်တိုက်ကို တိမ်ညိုမဲမဲတွေက ဝင်တိုက်ရင် နှမြော ဒေါသဖြစ်မိပြန်တယ်။ တနေရာတည်းမှာပဲ တိမ်တွေက ပုံစံ အမျိုးမျိုး ပြောင်းကြပြန်တယ်။ တိမ်တွေကို လိုက်ကြည့် ရေတွက်ရင်း မျက်စိညောင်းလာတော့ အိပ်ပျော်သွားကြတယ်။ အဲဒီလို သဘာဝက ဖန်တီးရေးချယ် ပေးတဲ့ presentation အရသာကို ငယ်စဉ်ကလို ပြန်လည် ခံစားချင် နေမိတယ်။
ထန်းပင်ထန်းတောတွေနဲ့ အညာမြေကိုလဲ လွမ်းတယ်၊အမေ့ကိုလဲ လွမ်းတယ်။ လွမ်းလွန်းလို့ မောတောင်မောတယ်။ အိမ်ပြန်ချင်တယ်။
ဆက်ရန်။ ။ ဆန်းဝင်း (ကျောက်ပန်းတောင်း)
No comments:
Post a Comment