Sunday, February 24, 2013

ငါတို့ ယာခင်း ထဲက ပေါက်တဲ့ သက်တန့် ။



ဒဟတ်တန်း အလွန်က ယာတောကို ခေါင်းဖြူမယာတော လို့ခေါ်တယ် ။ ခေါင်းမွေးဖြူနဲ့ အဖွားအို စောင့်ရှောက်တဲ့ နေရာပေါ့ ။ သီးနှံပေါ်ချိန် စိတ်ချရတယ် ။
ခေါင်းဖြူဖွားဖွားကို ကြောက်လို့ ဘယ်သူခိုးမှ မခိုးရဲဘူး ။ မြက်ရိတ်တဲ့ သူတောင် မြက်ကလွဲရင် သူများသီးနှံ ဘာမှ မယူရဲကြဘူး။

မိုးဖွဲဖွဲရွာတဲ့ တစ်ညနေခင်းမှာ ကျွန်တော်တို့ ရွာမူလတန်းကျောင်းက ပုံမှန် လေးနာရီခွဲဆင်းတယ် ။ အနောက် မိုးကောင်းကင်မှာ တအားလှတဲ့ ရောင်စုံသက်တန့်ကြီးပေါက်နေတာ သူငယ်ချင်းတွေနဲ့ အတူ ကြည့်ရင်း ပျော်ပါး ငြင်းခုံတယ် ။ တအားလှတဲ့ ရောင်စုံသက်တန့်ကြီးကို ကြည့်ရင်း.. သက်တန့်က ငါတို့ယာထဲက ပေါက်တာကွ လို့  ငြင်းခုံဖူးတယ်။ မယုံဘူးကွာ..အဲဒါ ဒဟတ်တန်းယာတောကွ တဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ် ။ သေချာကြည့်ပါလား ငါတို့ ခေါင်းဖြူမ ယာတောက ပေါက်တာ .မယုံရင် သွားကြည့်မလား လို့ ကျွန်တော် ပြန်ငြင်းလိုက်တယ် ။ ကျောင်းဆင်း အိမ်ကို ချက်ချင်း ပြန်မရောက်ရင် အဖေကတော့ ဘယ်တုတ် ကြိုက်လဲ ရွေးခိုင်းမှာ သိနေတယ် ။

နောက်ကျောပြင်ကို ဖြန်းခနဲ ရိုက်လို့ (ဘုတ်စိုက် နှုတ်စိုက်) နှုတ်ဆက်ကာ ပြေးလွှား အိမ်ပြန်သွားကြတဲ့ သူတွေ ကြားမှာ  ကျွန်တော် နဲ့ သူငယ်ချင်းတွေက သက်တန့်ကိုကြည့် ရင်း ငြင်းခုံနေရင်းပေါ့.... အားလုံးထဲမှာ ကုလားပု ဆိုတဲ့ကောင်းက တအား အငြင်းသန်တယ် ။ မယုံဘူး သွားကြည့်မယ် ဆိုရော.. အားလုံး လေးယောက်သား သက်တန့်ကို သွားကြည့် ကြတယ် ။ မိုးက ခပ်ဖွဲဖွဲ အနည်းငယ်သာ ... ။

လွယ်အိတ်ကို နောက်ကျော်မှာ ပိုးလိုက် .. ပြောချင်းတာ ပြော .. ဆိုချင်တာ ဆို .. ပျော်ပျော်ပါးပါး နဲ့ သက်တန့်ဆီ ချီတက်ကြတယ် ။ မြက်ရိတ်ထွက်တဲ့ အစ်မ တွေက တားတယ် ။ ဒီကလေးတွေ ဘယ်သွားမှာလဲ.. မင်းတို့ အိမ်ကို တိုင်ပြောမယ် တဲ့ ။ အဲဒါလဲ မမှုပါဘူး ။ ရောင်စုံ သက်တန့်ကို တွေ့ရဖို့က အရေးကြီးတယ် ။ သက်တန့်က တော်တော်ကြီးတယ်. သေချာတယ် ငါတို့ ခေါင်းဖြူမ ယာတောက ပေါက်တာ ။ အသေချာပဲ ။ပြောရင်း ဆိုရင် ငြင်းခုံရင်း ယာတော ခြေလမ်းလေး အတိုင်း ချီတက်ကြတယ် ။ လမ်းဘေး မြေပဲခင်းက မြေပဲပင်တွေ နှုတ်စားရင် ရောင်စုံသက်တန့်ကို ကြည့်ရင်း .. တွေ့လား အဲဒီမှာ.. သွားကြည့်ရင် မောယုံပဲ .. သေချာတယ် ငါတို့ ယာထဲက သက်တန့်ပေါက်တာ လို့ အပီကြွားရင်းပေါ့ ။ ဒဟတ်တန်း ယာတောကို ရောက်တော့ ခပ်ဖွဲဖွဲ ကျနေတဲ့ မိုးက တိတ်သွားပြီ ။ နေလုံးကလဲ ကျသွားပြီ ... သက်တန့်ကလဲ ဝေးသွားပြီ .. တွေ့ချင် မြင်ချင်လှတဲ့ ရောင်စုံ သက်တန့်က ခေါင်းဖြူမ ယာတောက ပေါက်တာ မဟုတ်နိုင် .. ပိုဝေးသွားသည် ။ မိုးတိတ်တော့ သက်တန့်လဲ ဖွယ်စ ပြုလာတယ် ။  ဒါပေမယ့် အရှုံးမပေးဘူး ခပ်တည်တည်ပဲ ဆက်ငြင်းပစ်လိုက်တယ် ။ အခုန တုန်းက ငါတို့ ယာထဲက ပေါက်တာကွ.. တအားလှတယ် ။ အခု နေရာပြောင်းသွားတာ မလှတော့ဘူး.. မင်တို့ ကြည့်ပါလားလို့.... :)

အဲဒီလိုနဲ့ ဆက်မသွားဖြစ်တော့.. ရောင်စုံ သက်တန့်ရဲ့ ဆွဲဆောင်မှုကြောင့် ကြည့်ချင်လွန်းလို့ သက်တန့်ဆီ ပြေးကြည့်မိတာ .. တကယ်တန်းတော့ ခေါင်းဖြူ ဖွားဖွားကို ကြောက်လို့ မသွား၇ဲပါဘူး ။ ခေါင်းဖြူမ ယာတော မရောက်ခင် ပြန်လှည့်လာကြတယ် ။

အိမ်ပြန်ရောက်တော့ အမေက မေးတယ်.. ကျောင်းဆင်း အိမ်ကို တန်းပြန်မလာဘူး ဘယ်သွားနေလဲတဲ့.. ။ ကျုပ်တို့ ခေါင်းဖြူမ ယာထဲက သက်တန့်ပေါက်တာ သွားကြည့်တာလို့ . ဖြေလိုက်တယ် ။ အမေကတော့ မေးယုံသာ.. အဖေကတော့ ဘယ်တုတ်ကို ကြိုက်လဲ မေးတယ် ။ တုတ် မရွေးလိုက်ရပါဘူး နီးရာ ၀ါးခြမ်းပြားနဲ့ အစော်ခံရတယ် ။ .............

လွမ်းလို့... ငယ်ငယ်က နေ့ရက်တွေများ.. ။ မဖြစ်နိုင်မှန်း သိပေမယ့် အခုထိ ရောင်စုံ သက်တန့်ကို လိုက်ကြည့်ချင်နေတုန်းပဲ ။ တွေ့များ တွေ့ခဲ့ရင် ငါကွ လို့ ကြွားဦးမှာ ..... ။

No comments: