Sunday, January 9, 2011

ပုပ္ပါးတောင်

တခြမ်းစိမ်း တခြမ်းဝါ
တခြမ်းပူ တခြမ်းအေး
ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေမှာ
သင်ခံစားနေရတာတွေ အံ့သြမသွားလိုက်ပါနဲ့ဦး.....

ဒီမှာ စကားဝါပန်းတွေ ရှိတယ်
မျောက်မျက်ကွင်းဖြူတွေ ရှိတယ်
ချစ်စဖွယ် ခပ်ရိုးရိုးပျံဝဲနေတဲ့
ရှားရှားပါးပါး ရွှေလိပ်ပြာကြီးတွေလည်း ရှိတာပေါ့.....

စာဖွဲ့ကြတယ် "အညာမြေရဲ့ အိုအေစစ်" တဲ့
အပူပိုင်းဇုန်ထဲ ရေထွက်ပေါင်း ၁၀၃
သုံးမကုန် ဖြုန်းမကုန် မဟုတ်ဘူး
ဖြုန်းရင်တော့ ကုန်မှာပဲ
တောပြုန်း တောင်ပြုန်းရေတွေ ပြုန်းပြီး
အခွင့်အရေးအားလုံး ဆုံးရှုံးသွားလိမ့်မယ်.....

အခုတော့
ရှင်သန်နေတဲ့ သဘာဝတရားဟာ မမုန်းနိုင် မမေ့နိုင်စရာ
သင့်မျက်လုံးအစုံကို မှိတ်ထားပြီး စဉ်းစားကြည့်လိုက်စမ်းပါ
ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းလောက်က
ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့ မီးတောင်သေ
ယဉ်ကျေးမှုအယူတွေအရ ဒေဝတို့ ပျော်စရာတောင်
သီးချင်းမှတ်တမ်းထဲက ကျောက်နွားသိုး ၉ ကောင်ရော
ဘယ်မှာ ရှောင်ပုန်းနေလေသလဲကွဲ့.....

အရုဏ်ဦးအလင်းရောင်ဟာ ဇော်ဂျီယောင်ဆောင်လို့
မြူတိမ်တိုက်ထဲက တိုးထွက်ဖြာဆင်းလာပုံ
ဘယ်လောက်ဂုဏ်ကျက်သရေရှိ လှပလိုက်သလဲ.....

ခင်ဗျားတို့ ကျွန်တော်တို့အားလုံး
မိုက်မဲလို့တော့ မဖြစ်ချေဘူး.....

မင်းထက်မောင်

Monday, October 25, 2010

မီးတောင်ချော်ပြာ (Pozzolan)

သဘာဝပိုဇိုလန်ဆိုတာ မီးတောင်ပေါက်ကွဲရာက ထွက်ရှိလာတဲ့ ချော်ပြာတွေပါ။ မီးတောင်ပေါက်ကွဲတဲ့အခါ ချော်ရည်ပူတွေ ပြာတွေ တိုးထွက်လာတယ်. အပြင်လေနှင့် ထိတွေ့သောအခါ အပူချိန်လျော့ အေးခဲသွား ပါတယ်။ အဲဒီ ချော်ပြာတွေဟာ ဘီလပ်မြေ နဲ့ တူတဲ့ အာနိသင်ရှိတယ်လို့ သိရတယ်။ ဘိလပ်မြေနဲ့ တူနေမှတော့ ဘီလပ်မြေ ဘယ်လုပ်တော့မလဲ. ပုပ္ပါးကို မောင်ပိုင်ဆီးလိုက်မှာပေါ့ .. အဟဲ အဲဒါက စီးပွားရေး လဒ်မြင်တဲ့ တနပ်စားကြံတဲ့ ချစ်တီးအတွေးပါ။

အဘိုးတို့ အဘရဲ့ ဘိုးဘိုး အိမ်ဆောက်တုန်းက ဘီလပ်မြေ မပေါ်သေးဘူး။ ဘိလပ်မြေနဲ့တူတဲ့ မြေနီမှုန့်တွေနဲ့ ဆောက်တယ်။ အိမ်ခေါင်မိုးတယ် လို့ သက်ကြီးစကား သက်ငယ်ကြား သိဖူးပါတယ်။ အဘိုးဟာ အဲဒီအိမ်အပေါ်ထပ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ ချော်ပြာနဲ့ဆောက်တာ မဟုတ်သေးဘူး မြေနီမှုန်တောင် အိပ်က အဲလောက် ထိတောင် မပျက်မဆီး တည်နေနိုင်တယ်ဗျ။ မီးတောင်ချော်ပြာက ဘိလပ်မြေ ထုတ်တဲ့သူတွေ မျက်စိကျစရာ ဖြစ်တာ ဘာဆန်းတာလိုက်လို့..

ပိုဇိုလန်ကို သဘာဝ မီးတောင်တွေကလဲ ရတယ်၊ သိပ္ပံနည်းပညာနဲ့ ထုတ်လို့လဲရတယ် လို့ သိရပါတယ်။ သဘာဝက ရှိနေမှတော့ နည်းပညာနဲ့ တမင်ဘယ်ထုတ်မလဲနော်။ မီးတောင်ဟောင်းတွေ လိုက်တူးပီး ရောင်းစားမှာပေါ့။ (အဲလို မစဉ်းစားနဲ့လို့ ပြောချင်တာပါ)။ ကျွန်တော် အင်ဂျင်နီယာတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သဘာဝတရားကိုတော့ ခံစားတတ်တယ်။ သဘာဝဟာ သဘာဝပါ။

၂၆.၁၂.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာ။
မြန်မာနိုင်ငံ ဒေသအချို့ရှိ မီးတောင်ဟောင်းများသည် သဘာဝပိုဇိုလန်ထုတ်လုပ်နိုင်သော အရင်းအမြစ်များ ဖြစ်ကြသည်။ လွန်ခဲ့သည့် ဘီစီ ၄၄၂ တွင် နောက်ဆုံး ပေါက်ကွဲခဲ့သည်ဟု မှတ်တမ်းရှိခဲ့သော ပုပ္ပားမီးငြိမ်းတောင် ဒေသတစ်ဝိုက်နှင့် နောက်ဆုံးပေါက်ကွဲချိန် မှတ်တမ်းမရှိသော ချင်းတွင်းမြစ်ဝှမ်း အောက်ပိုင်းဒေသမှ မီးတောင်ဒေသအုပ်စုတို့မှာ သဘာဝပိုဇိုလန်ထုတ်ယူရန် အလားအလာကောင်းသော ဒေသများဖြစ်ကြသည်။ ပုပ္ပား မီးငြိမ်းတောင် ဒေသတစ်ဝိုက်ရှိ သဘာဝပိုဇိုလန်သည် အရည်အသွေးမီ မြင့်မားကြောင်း စမ်းသပ်တွေ့ရှိရ၍ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၌ တည်ဆောက်လျက်ရှိသည့် Roller Compacted Concerete Dam တွင် ဘိလပ်မြေလိုအပ်ချက်၏ ၆၆ ရာခိုင်နှုန်းအထိ အစားထိုး သုံးစွဲလျက်ရှိကြောင်း သိရသည်။

ပိုဇိုလန် အသုံးဝင်ပုံနဲ့ အသုံးပြုပုံ အများသိစေစိမ့်သောငှာ တင်ပြလိုက်ရပါတယ်ခင်ဗျာ.. :(
ဆန်းဝင်း (ကျောက်ပန်းတောင်း)

ကျွန်တော်သိတဲ့ ကျွန်တော့်မြေ

ကျောက်ပန်းတောင်းမြို့
အင်္ဂလိပ်လို kyaukpadaung
မြန်မာပြည်ရဲ့ အလယ်ပိုင်း
မန္တလေးတိုင်း မြင်းခြံခရိုင်ကမြို့။

ဆောင်းနွေမိုး သုံးရာသီမှာ
ဆောင်းဆိုအေး၊ နွေဆိုပူ၊ မိုးဆိုမိုး
စိမ်းလန်းစိုပြေတဲ့ ပုပ္ပါးအရိပ်အောက်မှာ
သဘာဝက ခန်းနားစွာ နေရာချပေးခဲ့ပြီ။

ပန်းပေါင်းစုံ ဆေးပင်ဆေးမြစ်စုံ
စိမ့်ကြီး မြိုင်ကြီး ပုပ္ပါးတောင်ကြီးနဲ့
စုံတော မြိုင်တော ရှုမောဖွယ်တွေကြောင့်
ကျောက်ပန်းတောင်းက နေချင့်စဖွယ်မြို့။

ထန်းပင် ထန်းလက် ထန်းလျှက်တွေနဲ့
ချိုချဉ်ဖန်ခါး အရသာတွေကြားမှာ
လက္ဖက်ရည်က နာမည်ခိုးချခံရတဲ့မြို့ပေါ့
ကျောက်ပန်းတောင်းဟေ့ ဆိုရင် ချိုအီပြစ် ခွေယိုင်လဲ။

သဘာဝအမွေပေးတဲ့ အိုအေစစ်လေးတခု
မြို့နေလူထုရဲ့ ရင်ထဲဖြတ်သန်းစီးဆင်းသွားတယ်
အစဉ်အလာအရ ရုပ်ခန္တာဖြစ်တည်မှုမှာ တည်တန့်
ညဏ်ရည်မြင့် ကံကောင်းခြင်းလက်ဆောင်တခုရခဲ့ပြီ။

ရိုးသားဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ နေထိုင်ရင်း
တောင်တော်ပုပ္ပါးက ပီအိပ်ခ်ျ ဆဲဗင်း ကိုသောက်လို့
ဒေသတခွင်မှာ ညဏ်ရည်ထက်မြတ်ထူးချွန်တဲ့
မျိုးရိုးဗီဇ နဲ့ လူသားတွေ အဖြစ် ကမ္ဘာက သိကြတယ်။

နှလုံးသွေးကို စစ်ကြည့်လိုက်မလား
အခြေနေအရ ကိုယ့်ဒေသနဲ့ ဝေးနေပေမယ့်
ငါဟဲ့ ကျောက်ပန်းတောင်းသား ဘိုးဘွားအမွေဆက်ခံလို့
ကောင်းသတင်းနဲ့ကျော်ဇောစေရမယ်ဆိုတဲ့ ဆန္ဒရှိသူတွေ ထုနဲ့ဒေး။

တို့ပြေ တို့မြေ ကျောက်ပန်းတောင်းမြေသို့
အနီးကပ် ချစ်ခွင့်ရသူများ အဝေးက ချစ်နေကြသူများ နဲ့
ကောင်းသတင်းနားစွင့် ကောင်းသည်ထက်ကောင်းစေချင်သူများ
ကမ္ဘာတည်သရွေ့ အိုအေစစ်တည်နေအောင် ထိန်းသိမ်းကြစို့လေ။

ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Sunday, September 19, 2010

အညာ ဟင်းလျှာများ။

ဒီဟင်းလျှာလေးတွေကတော့ ဘယ်တွေရောက်ရောက် တမ်းတလွမ်းရသော အမေ့လက်ရာ စစ်စစ် အညာဟင်းများဖြစ်ပါတယ်။ ရွာက ဟင်းလျှာတွေ၊ စားစရာတွေ နဲ့ပတ်သတ်လာရင် အနံ့လေးတွေကအစ မှတ်မိနေတယ်။ သတိတရ ရှိနေတဲ့ အမေ့လက်ရာ ဟင်းတွေ ချရေးလိုက်တယ်။ ကြားဖူးအောင်ပေါ့။

၁။ မန်ကျီးရွက် နုနုကို တောင်ပေါ်ပဲပြုတ်နဲ့ သုပ်တဲ့ မန်ကျီးရွက်သုပ်။
၂။ မန်ကျီးရွက် နဲ့ ခရမ်းခေါင်းသီး ချဉ်ဟင်း။
၃။ မိုးဦးကျထွက်တဲ့ ဆူးပုတ်နုနုနဲ့ ဆန်မုန့်ဟင်းချို။
၎။ မလွှပွင်၊ ကြောင်ရှာပွင့် ၊ ကြောင်ရှာသီး သုပ်။
၅။ ဂုဏ်ရွက်နုနုနဲ့ ဆန်မုန့် ဟင်းချို။
၆။ သဘာဝ ခွေးတောက်ရွက် ဟင်းချို။
၇။ ဟင်းနုနွယ်ရွက် ဟင်းချိုချို။
၈။ နွေမိုးဆောင်း လယ်ကန်စွန်းရွက်ကြော်။
၉။ ကိုင်းချဉ်ပေါင်နဲ့ ဆူးပန်း၊ နံနံ ချဉ်ဟင်းတစ်ခွက်။
၁၀။ ပဲတိုင်ထောင်နဲ့ ချဉ်ပေါင်ရွက်ဟင်း။
၁၁။ လက်ပန်ပွင့်ခြောက် (၀က်သားနဲ့မလဲနိုင်ပါ) ဟင်း။
၁၂။ ငရှာရွက် ဆန်မုန့် ဟင်းချို။
၁၃။ ကြက်ဟင်းခါးရွက်ကြော်။
၁၄။ ခရမ်းခေါင်းသီး မီးဖုတ် မြေပဲဆံထောင်းပီးသုပ်။
၁၅။ ကဆစ်သီး မီးဖုတ် နဲ့ ငရုပ်သီးထောင်း။
၁၆။ ကင်းမုံသီး ဆီပြန်ကြော်။
၁၇။ ပေါက်ပန်းဖြူ ၊ ပေါက်ပန်းနီပွင့် ဟင်းချို။
၁၈။ ကြက်သား နဲ့ ဗူးသီး ကာလသားချက်။
၁၉။ ကိုယ်တိုင်လုပ် ပုန်းရေကြီးသုပ်။
၂၀။ ခရမ်းချဉ်သီးငါးပိချက် ကလအော်ငရုပ်သီးနဲ့ချက်။
၂၁။ ဆူးပုတ်ကြီးရွက်နဲ့ ပဲကြီးဟင်းချို။
၂၂။ ဆောင်းဦးပေါက် နံနက်စောစော မီးပုံဘေးက ကောင်းညှင်းတပွဲ။
၂၃။ မြေပဲကြော်ကိုထောင်း ထမင်းပူပူနဲ့ နယ်၊ နှမ်းမှုန့်ဖြူး (ကျွန်တော် အကြိုက်ဆုံး)။
၂၄။ ထန်းရေမှရသည့် ထန်းပုန်းရည်ကြီးချက် ။
၂၅။ လယ်ကြွက်ကင်၊ ထန်းပင်ကျရည်။
၂၆။ ဖားကင်၊ ထန်း ပင်ကျရည်။
၂၇။
၂၈။
(ဟင်းအားလုံးကို ချက်ပြုတ်ရာတွင် ဆုံဆီကိုသာသုံးပြီ မြေအိုးနှင့်ချက်သည်)

အရင်အဟောင်း ပိုစ်ဖြစ်၏ (ဆားချက်၏)။

Wednesday, September 8, 2010

လက်ဖဝါးပေါ်က အရေးအကြောင်းများ။


တနင်္ဂနွေရဲ့ ရာသီဥတုက မိုးသားတိမ်တိုက်တို့ အုံ့ဆိုင်းလို့နေတယ်။ ဘယ်ကိုမှ သွားချင်စိတ် မရှိဘဲ အခန်းအောင်းကာ တီဗွီကြည့်နေရင်း လက်နှစ်ဖက်ကို ဖြန့်ကာ သေချာ ကြည့်မိတယ်။ လက်ဖဝါးက အရေးအကြောင်း လက္ခဏာတွေ ပြတ်သား ထင်ရှားစွာ မြင်နေရတော့ အံသြနေ မိတယ်။ အရင်ကဆို လက်ဖဝါးနှစ်ဖက်စလုံး အရေးအကြောင်း တွေက များလိုက်တာ။ ကျွန်းခံနေတာ မဟုတ်ပါ၊ မကြည့်ချင်အောင် ခြုံတွေထူထပ် နေတယ်တောင် ထင်ခဲ့ရတယ်။ အခုမှ တော်တော် ထူးဆန်းနေတယ်။



အဲဒီအကြောင်း အတူနေ အကိုကြီး တစ်ယောက်ကို ပြောပြမိတယ်။ သာမန်ပါပဲ -“ကျွန်တော်လက်က လက္ခဏာတွေ အရင်နဲ့မတူဘူး ထင်ထင်ရှားရှား မြင်လာရတယ်” လို့ ပြောရင်း သူကလဲ စိတ်ဝင်းစားသွားတယ်ထင်တယ်။ “ပြစမ်းပါဦးကွ” ဆိုပြီး လက်နှစ်ဖက်ကို သေချာ ယှဉ်ကြည့်တယ်။ သူက ပြောသေးတယ် “အကိုက အရမ်းနားလည် လို့တော့ မဟုတ်ဘူး ကိုင်ရိုစာအုပ်ဖတ်ပြီးတည်းက လက္ခဏာကို စိတ်ဝင်းစားလို့ လေ့လာခဲ့တယ်၊ နည်းနည်း ပြောကြည့်မယ်” တဲ့။ ဒါနဲ့ ကျွန်တော်လဲ လုပ်စမ်းပါဦးပေါ့ သိချင်စိတ်နဲ့ ဆက်မေးမိတယ်။ ပညာရေး၊ ကျန်းမာရေး၊ နှလုံးသားရေး နဲ့ အောင်မြင်ရေး အကြောင်းတွေ သူပြောပြတယ်။

ထူးထူးခြားခြား ကျွန်တော့ကို သူပြောပြတာ တခုရှိတယ်။ “ညီက မွေးရပ်မြေကို လုံးဝစွန့်ခွာ ရမယ့် လူတစ်ယောက်ပဲ” တဲ့။ သေချာ၇ဲ့လားဗျာ ဆိုတော့ သေချာတယ် ညီ့ရဲ့ လက္ခဏာမှာ ထင်ထင်ရှားရှား ပါနေတယ်တဲ့။ အဲဒီမှာ စပြီး ကျွန်တော် ဝမ်းနည်းတဲ့စိတ်ဝင်လာတော့တာပဲ။ တကယ်ဆို မွေးရပ်မြေကို လွမ်းလို့ကောင်းနေဆဲ အချိန်ပါ။ စင်္ကာပူနိုင်ငံကို ခေတ္တ ခဏ အလုပ်လာလုပ်တယ်။ ပြီးရင် အဖေ အမေရှိတဲ့ မွေးရပ်မြေကို ပြန်မှာပေါ့။ ခဏတာခွဲခွာ နေရတာတောင် လူပင်ပန်း စိတ်ပင်ပန်း ရာသီစာတွေလွမ်းလိုက်ရတာ။ အခုလို မွေးရပ် မြေကို လုံးဝစွန့်ခွာရမယ်ဆိုရင်ဖြင့် .. အပြင်မှာလဲ မိုးတွေအုံနေဆဲ.. သက်ပြင်းတွေ အခါခါချလို့ ခုတင်ပေါ် ပြန်လှဲကာ အတွေးများ နယ်ချဲ့ နေမိတယ်။ ကျောက်ပန်း တောင်းမြို့ ဆိုတာ နယ်နယ်ရရမြို့မှ မဟုတ်ဘဲ။ ရာဇာဝင်နဲ့ သမိုင်းနဲ့။ အချစ်ကြီးတဲ့ ရိုးသားတဲ့ လူတွေ ရှိတဲ့မြို့.......။

ငယ်ငယ်က။ အဖေ မြို့ကို ပဲတွေ နှမ်းတွေ သွားရောင်းတဲ့အခါ တအား လိုက်ချင်ခဲ့တယ်။ မြို့ကို မလိုက်ရတဲ့ အခါများဆို ငိုရတာ အမော။ ကျောက်ပန်းတောင်းမြို့ပေါ်မှာ လူတွေအများကြီးနဲ့ ကားတွေမျိုးစုံ၊ မြင်းလှည်းတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ ကြားမှာ လမ်းလျှောက်ရင်း ငေးရတာ ပျော်စရာကြီး။ ဆယ်တန်းနှစ်ရောက်တော့ ကျောက်ပန်းတောင်းမြို့ပေါ်က ဗိုလ်ချုပ်လမ်း ဆရာမ ဒေါ်ယဉ်ယဉ်အေး (မြို့ရှေ့ကျောင်း ဆရာမ) အိမ်မှာနေလို့ ကျောင်းတက်။ အထက (၁) ဆိုတာ ကျွန်တော်နေခဲ့တဲ့ အထက်တန်းကျောင်းကြီးပေါ့။ ကျောင်းရှေ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နိုင်ငံတော် အလံ အလေးပြုဖို့ တန်းဆီကြတော့ ရင်တွေတုန်နေမိသေး။ အစိမ်း အဖြူ တူညီ ကျောင်းဝတ်စုံ တွေနဲ့ မူလတန်းမှ အထက်တန်းထိ ကျောင်းသူ/သား တွေနဲ့ နိုင်ငံတော်သီချင်း သံပြိုင်ဆိုတော့ ပဲ့တင်ထပ်လာတဲ့ အသံက ကျောထဲစိမ့်အောင်ပင် ကျက်သီးထမိပါရဲ့။

ပထဝီမှာ သင်ရတယ် မြန်မာနိုင်ငံ အလယ်ပိုင်းက ရေမြေတောတောင် သဘာဝအကြောင်းတွေ၊ ရာသီဥတုအကြောင်းတွေကို။ အမြင့်ပေပေါင်း ၄၉၈၁ ပေမြင့်တဲ့ ပုပ္ပားတောင်ဟာ ကိုယ့်မြို့ အနားမှာ ရှိတော့ ခဏခဏ ရောက်ဖူးတယ်။ ဟိုတလောက သတင်းတွေထဲမှာ ပုပ္ပားတောင်ကလပ်က မြောက် တွေထက် မြောက်စာရောင်းတဲ့လူတွေက ပိုကြောက်ရတယ်လို့ ဖတ်ရသေးတယ်။ မဖြစ်သင့်ဘူး။ ယခုဆို ပုပ္ပားမှာ ငှက်ပျောသီးတွေ ဘယ်ဈေးရှိမလဲ။ ဆေးပင်ဆေးမြစ်တွေရော ရှိရင်း စာရင်း တွေထဲက ခုန်းဆင်းသွားလေမလား။ အေးမြတဲ့ဆောင်းရာသီ ဒီဇင်ဘာ အားကစားလမှာ ပုပ္ပားတောင် တက်ပွဲ ကျင်းပတာ မှတ်မိတယ်။ စောစောအိပ်လို့ စောစောထိလို့ မြူနှင်းများကြားမှာ လမ်းလျှောက် ချင်သေးတယ်။ အဲဒီအချိန်မှာ အိမ်ချင်မူးတူးနဲ့ ကျောင်းသားတွေ ရဲ့ စာကျက်သံတွေ ကြားနေရ လိမ့်မယ်။ မကြာခင်မှာ ဆောင်းဝင်တော့မယ်။

ဆက်ရန်။ ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

မှတ်ချက် = ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော့်မေး အဟတ်ခံရပါတယ်။ ဂူဂဲကို ရီကွက် လုပ်လို့ အခုပြန်ရပါပီ။ ထူးခြားမှုတော့ မရှိဘူး။

Saturday, August 28, 2010

ဘာကြောင့်လဲ


စင်္ကပူနိုင်ငံက
သဘောင်္ကျင်းမှာ ဂျပန်ပိုင်တဲ့ သဘောင်္တစ်စီးကို ပြင်နေပါတယ်။

ပြင်တဲ့ဘက် -
အီလက်ထရီကယ် ပြင်တဲ့သူ .. မြန်မာလူမျိုးဖြစ်တယ်.
မစ်ရှင်နရီဆိုဒ်က ပြင်တဲ့သူ .. မြန်မာလိုမျိုးဖြစ်တယ်.
စတီး စထရက်ချာ ပြင်တဲ့သူ .. မြန်မာလူမျိုးဖြစ်တယ်.
စတေ့ဂျင် ညဏ်ဆင်တဲ့သူ .. မြန်မာလူမျိုးဖြစ်ပြန်တယ်.

သေဘာၤက -
ထမင်းချက်တဲ့ချက်ကြီက - မြန်မာလူမျိုးဖြစ်နေရော..
အင်ဂျင်နီယာ စက် ၁ ၊ စက်၂ ၊ စက်၃ ... မြန်မာလူမျိုးတွေပဲ.
လျှပ်စစ်အင်ဂျင်နီယာ ဓာတ်ကြိုးလဲ .. မြန်မာပဲဗျာ..

အားလုံး မြန်မာတွေချည်းပဲ ဘာလို့ သူများနိုင်ငံမှာ လာလုပ်နေရတာလဲ.. အဲဒါဘဇာကြောင့်လဲ.. :P

Wednesday, August 18, 2010

ဒီလိုပါပဲ မတည်မြဲခြင်းက



































ဓာတ်ပုံတွေကို ဖဘ - မှ ဦရဲမြတ်သူ (အယ်လဖာ) ဆီမှ ဘတ်လာပါတယ်။ ကြည့်ချင်တာ ကြည့်ကြကုန်လော့..

Monday, August 2, 2010

ကျောက်ပန်းတောင်းအသင်းဆိုတာ

မြတ်စွာဘုရားရှင်က ရဟန်းတော်များကို "ချစ်သားတို့ ဒါနရဲ့ အကျိုးကို ငါဘုရား သိသလိုသာ လူတွေ သိကြမယ်ဆိုရင် စားမယ့်ဆဲဆဲ ထမင်းလုပ်ကိုတောင်မှ စွန့်ပြီးလှူကြလိမ့်မည်" ဟုဟောကြားတော်မူခဲ့ပါသည်။

မြန်မာနိုင်ငံအနှံအပြားတွင် အများအကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများရှိပါသည်။ အချိန်ပိုင်း ဆောင်ရွက်နေသူများရှိသလို အချိန်ပြည့်ဆောင်ရွက်နေသူများလည်း ရှိပါသည်။

ကိုယ်ကျိုးစွန့်ဆောင်ရွက်တတ်မှု့သည် လူ့အရည်သွေးတစ်ခုဖြစ်ရာ ဤသို့သော သူများကြောင့်လည်း ကမ္ဘာလောကကြီးပိုမိုလှပ သာယာနေခြင်းဖြစ်၏။

အဝေးရောက် ကျောက်ပန်းတောင်းအသင်းသည် စနစ်တကျဖွဲ့စည်းထားသောအဖွဲ့မဟုတ်စေကာမူ ညီညွတ်၏၊ စည်းလုံး၏၊ တစ်ဦးကိုတစ်ဦးလေးစား၏၊ ချစ်ခင်ကြင်နာ၏၊ အနစ်နာခံတတ်ကြ၏။ ထိုစိတ်ထား များသည် ကျွန်တော်တို့ ကျောက်ပန်းတောင်းသူ/သား များ၏ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးသော အဖိုးတန်ဆုံးသော စိတ်ဓါတ်များလည်း ဖြစ်ပါသည်။

ကျွန်တော်တို့သည် ကယ်တင်ရှင်များမဟုတ်ပါ။ အခြေအနေပေးသမျှနှင့် မြန်မာပြည်တွင် မပြည့်စုံရှာသော သားချင်းများကို ကျွန်တော်တို့တတ်နိုင်သလောက် ဖြည့်စွမ်းပေးနေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် တွေကို ပြောပြတဲ့အခါ တစ်ချို့က ဆင်းရဲတာ တစ်နိုင်ငံလုံးနည်းပါး ဖြစ်နေတယ် ဘယ်ဖြစ် နိုင်မလဲဆိုသော အပြုသဘော မဆောင်သည့် ဝေဖန်စကားများပြောလာကြပါသည်။

ဆရာဖေမြင့်ဘာသာပြန်ထားသော နှလုံးသားအဟာရ ရသစာများထဲကလို တခြားသူတွေအတွက် မထူးချင်နေရမည် ကျွန်တော်တို့လှူလိုက်သော နေရာအတွက် အကျိုးကျေးဇူး ထူးသွားမည့်သာဖြစ်ပါသည်။

ယ္ခုဆိုလျှင် လိုအပ်နေသည့် နေရာများထဲမှ ၁လ(သို့)၂လ တစ်ခါလောက်တော့ တစ်နေရာရာတွင် ကျွန်တော် တို့ရဲ့ စည်းလုံးခြင်းအင်းအားများ၊ သဒ္ဓါတရားအင်းအားများကြောင့်အကျိုး ထူးမည်ဖြစ်ပါသည်။ ဤသို့ဆိုလျှင် အဘယ်မျှ ကြည်နူးသာဓု ခေါ်ဘို့ကောင်းလိုက်ပါသနည်း။ စဉ်းစားကြည့်ယုံဖြင့် ပီတိများစွာဖြစ်ရပါသည်။

ယ္ခုလိုအကျိုးကျေးဇူးရရှိခံစားသွားမည့်သူများသည် ကျွန်တော်တို့၏ သွေးသားချင်းများ မြန်မာပြည်သူ/ သားများဖြစ်ကြပါသည်။ (မြန်မာဆိုသည်မှာ မြန်မာပြည်ရှိ လူမျိုးအားလုံးကို ကိုယ်စားပြု ခြင်းဖြစ်ပါသည်)

ကျွန်တော်တို့၏ ဘာမှမပြောပလောက်သော ဆောင်ရွက်ချက်ကလေးများသည် လိုအပ်နေသည့် နေရာများ အတွက်တော့ အင်မတန်မှ အဖိုးထိုက်တန်သော အရာများပင်ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့အဖို့ မရှိမဖြစ်လိုအပ်နေသောအရာများသည် ကျွန်တော်တို့အတွက် ပြောပလောက်သော
ပမာဏ မဟုတ်သောကြောင့်ဖြစ်ပါသည်။

လူတိုင်းလူတိုင်းသည် ကိုယ့်သမိုင်း ကိုယ်ရေးနေကြသည်ဖြစ်ရာ ကုန်ဆုံးသွားခဲ့သော မိမိတို့ ဘ၀တွင် ငါအများအကျိုးအတွက်၊ ပရဟိတ အတွက် မည်မျှလုပ်ဆောင် ခဲ့ဖူးသလဲ၊ ကိုယ်ကျိုးမသယ် အမြတ်အစွန်း မထွက်မဲ့ ပရဟိတ ကိုစေတနာပါပါဖြင့် ဘယ်လောက်များ စွမ်းဆောင်ခဲ့ဘူးသလဲ ကိုယ့်ကိုယ် ကိုမေးမြန်းခဲ့ ဘူးပါသလား?။ ဟိုးငယ်စဉ်ဘ၀ ကကျောင်းက ဆရာ/မ များက သင်းပေးသော "ကောင်းမှု့တစ်ခု နေ့စဉ်ပြု" ဆိုတာတွေဘယ်မှာ ကျပျောက်ခဲ့ကြပြီလဲ။

ကျွန်တော်တို့သိထားတဲ့ ကိုယ်ကျိုးမဖက်၊ အများအကျိုးကိုသာဆောင်ရွက်နေသူတွေများစွာရှိပါသည်။ ကျွန်တော်တို့သူတို့လောက် မလုပ်ဆောင်နိုင်သေးပါ။ ကိုယ့်အကျိုးမဖက် များအကျိုးကို မလုပ်ဆောင်နိုင် သည့်တိုင် ကိုယ့်အကျိုးစီးပွါးကို လုပ်နေရင်း အချိန်အနည်းငယ်လောက်၊ ငွေကြေးအနည်းငယ်လောက်နှင့် လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။

အဝေးရောက် ကျောက်ပန်းတောင်းအသင်းသို့ ပြည်တွင်းပြည်ပ မှ မည်သူမဆို အသင်းဝင်နိုင်ပါသည်။ အသင်းဝင်မဟုတ်လျှင်လည်း လှူဒါန်းလိုသူတိုင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ အလှူငွေရရှိမှု့ အပေါ် မူတည်၍ ၁လ (၁) ကြိမ် (သို့) ၂လ (၁) ကြိမ် အလိုအပ်ဆုံးနေရာ သို့ လှူဒါန်းသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလှူငွေရရှိမှု့မှာလည်း အရေးကြီးလှပါသည်။ ယ္ခု စင်္ကာပူတွင်ပင် ကျောက်ပန်းတောင်းသူ/သားများ ခန့်မှန်းခြေအယောက် (၇၀) ခန့်ရှိပါသည်။ နာမည် အတိအကျ နှင့် သိရှိရသူပင် အယောက် (၅၀) ၀န်းကျင် တွင် ရှိပါသည်။
တစ်ယောက်ဆီမှ အလှူငွေ တစ်လ (၁၀) သာ လှူနိုင်လျှင်ပင် တစ်လ လျှင် အနည်းဆုံး S$(700) ခန့်ရရှိနိုင်ပါသည်။ တစ်လလျှင် $(10) ထက်ပို လှူမည့်သူများလည်းများစွာရှိနိုင်ပါသည်။

ထို့ကြောင့် မိမိ ကိုယ်စီ အတွက် မပြောပလောက်သော ပမာဏလေးများ အမြောက်အများ စုပေးနိုင်လျှင် တစ်ကယ် လိုအပ်နေသော ကိုယ့်မွေးရပ်မြေမှ သွေးချင်းများအတွက် လိုအပ်နေသော ကွပ်လပ်လေးများအား ကူညီဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။

ယ္ခုလက်ရှိတွင် ကျောက်ပန်းတောင်းအသင်းသား ဦးရေ (၃၅) ဦးရှိပါသည်။ အသင်းဝင် မဖြစ်သေးသော သူများသည် အသင်းအား မသိသေးသော ကြောင့်ဖြစ်ပါသည်။ ထိုသူများအား လည်း အသင်းတည်ရှိနေခြင်းအား သိရှိစေရန်နှင့် အသင်းဝင် ဖြစ်လိုသူများ အသင်ဝင်နိုင်ရန် ရည်ရွယ်၍ ဤစာအား ရေးသားခြင်းဖြစ်ပါသည်။

ဤစာအား forward ပြုလုပ်ပေးခြင်း၊ အသိပေးပြောကြားခြင်းများဖြင့် အသင်းအား ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသင်း ရေရည်တည်တံ့ရေးအတွက် အသင်းအတွက် လုပ်ဆောင်ရန်လိုအပ်နေသော နေရာများတွင် တတ်နိုင်သလောက် ကူညီလုပ်ဆောင်ပေးမည့် အသင်းသူ/သားများလည်း အမှန်တစ်ကယ် လိုအပ်နေပါ သေးသည်။ သို့ဖြစ်ပါ၍ အသင်းအတွက် ကူညီဆောင်ရွက်လိုသူများလည်း ဆက်သွယ် ၍ မိမိ တတ်နိုင်သည့်ဘက်မှ ပါဝင် ကူညီအားဖြည့်ပေးကြရန် မေတ္တာ ရပ်ခံ နှိုးဆော်အပ်ပါသည်။

နှမ်းတစ်စေ့ နှင့် ဆီမဖြစ်သော်ငြားလည်း နှမ်းအစေ့ပေါင်း များစွာ စုစည်းခြင်းအားဖြင့် ကျွန်တော်တို့၏ ရည်ရွယ်ချက်တိုင်း အောင်မြင်စွာ လှူဒါန်းနိုင်ရန် မိမိ တို့တတ်နိုင်သည့်

ဘက်မှ မိမိတို့တတ်နိုင်သည့် ပမာဏလေးများ ပါဝင် ကူညီကြစေလိုပါသည်။ ကျွန်တော်တို့ ကျောက်ပန်းတောင်း အသင်းသည် ကိုယ့်မွေးရပ်မြေ ဖြစ်သော ကျောက်ပန်းတောင်း ဒေသ အတွက် လုပ်ဆောင် နေခြင်းသည် ပုဂ္ဂိုလ် စွဲ အားဖြင့် လုပ်ဆောင်နေခြင်းမဟုတ်ပါ။ လက်ရှိအခြေနေအရ မိမိတို့တတ်နိုင်သည့် နိုင်ရာဝန် ထမ်းနေခြင်း သာဖြစ်ပါသည်။ အမှန်တစ်ကယ် လိုအပ်နေသော မြန်မာပြည်တွင်းရှိ နေရာဒေသ တိုင်းအားလှူဒါန်းချင် ကြပါသည်။ အသင်း၏ တိုးတတ်အောင်မြင် လာမှု့အပေါ်မူတည်၍ အခြားသော မြည်မာပြည် နေရာအနှံ့တွင်လည်း လှူဒါန်းသွားရန် ရည်ရွယ်ချက်ရှိပါကြောင်း အသိပေးပြောကြားအပ်ပါသည်။


အလှူငွေစာရင်းအား လစဉ် ၁၅ ရက်နေ့တွင် ဖေါ်ပြပါမည်။ သို့ဖြစ်ပါ၍ အသင်းဝင်များ အနေဖြင့် လစဉ် ၁၅ ရက်နေ့ အမှီ အလှူငွေထည့်ဝင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသင်းဆိုဒ်လိပ်စာ မှာ www.kyaukpadaung.com ဖြစ်ပါသည်။ အကြံပေးချက်များအား kpg.kyaukpadaung@gmail.com သို့ပေးပို့ အကြံပေးနိုင်ပါသည်။

လေးစားစွာဖြင့်
အဝေးရောက် ကျောက်ပန်းတောင်းအသင်း

Sunday, July 25, 2010

အမေ့ကျေးဇူးပြန်အောင်းမေ့ခြင်း

တကယ်ဗျာ.. မနေ့ညနေက အမေ့ကို တော်တော်လေး သတိရနေမိတယ်။
အလုပ်က ပင်ပန်းလာလို့ အိပ်ရောက် ခဏနား ပြီး ညစာ၊ နောက်နေ့စာ အတွက်ချက်ရတယ်။ ထမင်းဟင်း ချက်နေရင်းနဲ့ အမေ့ကို သတိရနေမိတယ်။ ကိုယ်တစ်ယောက်တည်းအတွက်ပဲ ချက်ရတာတောင် တခါတခါ သဘောက မကျချင်ဘူး။ ချက်ပြီး ဝဲပြစ်လိုက်ရတာ တခါခါရယ်။

အမေက လူတွေအများကြီးစာချက်ရတာ။ မိသားစုဝင် များတယ်။ အမဲသားမစားဘူး။ ဝက်သားမစားဘူး။ ငရုပ်သီး အစပ်ကြောက်တယ်။ စပ်စပ်လေးမှ။ အလုပ်ကိုများနေရော။ အမေ စိတ်ပျက်လို့ ငြီးသံ တခါမှ ကျွန်တော် မကြားခဲ့ရဖူးဘူး။ အဆင်ပြေအောင် လုပ်ပေးတယ် ချော့မော့ကြွေးတယ်။ မိဘများ စေတနာထား ဒုက္ခခံတာကို ပြန်အောင်းမေ့ပြီး အမေ့ကို သတိရနေတာ တအား။

ဝမ်းကွဲ ညီငယ်တစ်ယောက် ပေါ့..... ဝတုတ်တုတ် ပေါတောတော နဲ့ အော်ကြီးဟစ်ကျယ် .. သူ့ အမေကို အော်ပြောတယ်.. “““အမေ... ထမင်းစားမယ်. ထမင်းခူးပေး ....... ””” သူ့ အမေက “ထမင်းမကျက် သေးဘူး ကွဲ့ သားရဲ့.....” ပြန်ဖြေတယ်။ ဒါကိုပဲ... သူက “““ဟာဗျာ... မကျက်.ကျက်ကျက် ခူးပေးဗျာ.. ဗိုက်ဆာလှပြီ... ””” တဲ့လေ...။ ငယ်သေးတော့လဲ ဘာမှ မသိရှာသေးဘူးပေါ့။

ပြန်စဉ်းစားကြည့်မိတယ်.. ငယ်ငယ်က အဲလိုတော့လဲ ဆိုးခဲ့ပါဘူး။ အမေ အလုပ်များတာလဲ သိတယ်။ မအားလပ် တဲ့ကြားက သားကြီး သားငယ် အဆင်ပြေအောင် ချော့ရ၊ ထိန်းရ တာလဲ သိတယ်။ ထမင်းစားရင် နောက်ဆုံးမှ စားတတ်တာလဲသိတယ်။ အမေကလဲ အတူစားမယ်လေ. ဆိုတော့မှ စားတယ်။ ထမင်းစားပြန်တော့ အမေ့ ထမင်းပန်းကန်ထဲ အသားတုံးတွေ ထည့်ပေးတော့ .. သွားကြားညပ်မှာ ဆိုးလို့တဲ့။ သားပဲစားပါတဲ့။ ပြန်တွေးမိရင် အမေ့ကို ပိုလို့ လွမ်းမိ သတိရမိတယ်။

အဲလိုနဲ့ အမေ့အကြောင်း စဉ်းစားရင် ချက်ပြုတ်ပြီးလို့ နားမယ်ကြံတော့ အဝတ်တွေက မလှန်းရသေးဘူး။
ဟာာား ...ဘဝ.. မလွယ်ပါလားနော်.. ။

Thursday, July 22, 2010

ပြားနေတာပဲကောင်းပါတယ်

ငါ ။
တော်တော် တုန်းတဲ့ ငါ ။

လောက ။
တော်တော်ရှုပ်ထွေးတဲ့ လောက။

ခက်တယ်။
ငါ့အတွက် တော်တော် ခက်တယ်။

လွယ်တယ်။
သူများတွေအတွက် လွယ်တယ်။

အံမ၀င်ဘူး။
ငါ့ရဲ့နားလည်မှုတွေ လောကနဲ့ အံမဝင်ဘူး။

စောက်ရူး။
တကယ်တော့ ငါဟာ ဘာမှမသိ နားမလည်တဲ့ စောက်ရူး။

ပြားနေတာပဲကောင်းပါတယ်။
တခါတလေ ကမ္ဘာကြီးက ပြားနေတာပဲကောင်းပါတယ်။