Monday, March 28, 2011

သောကြာသားပါခင်ဗျာ

ဒီပုံပြင်ကိုရေးတာ သိသွားလို့ကတော့ ကျွန်တော် အဆဲခံရမှာ သေချာတယ်။ ဒါပေမယ့် ရေချင်တာ ကြာနေပြီ။ အဲတော့ နာမည်ပြောင်း ရေးမယ်။ သောကြာသား ပုံပြင်က ဒီက စတယ်။

အဲဒီရွာလေးက နေချင့်စဖွယ် သာယာတယ် (ဘယ်ရွာလဲ မမေးနဲ့ မပြောဘူး)။ တောင်ကျချောင်း ဘေးက ရွာတန်းရှည်လေးပေါ့။ မြသိန်းတန် တောင်ကုန်း ဆိုတာ အစိုးရ ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်ထားတာ မကြာသေးဘူး။ ယခင့် ယခင်ကဆို နွေရာသီ အလုပ်ပါးချိန် ထင်းခုတ်ချင်တိုင်းခုတ် လို့ရတယ်။ သန်းပင်၊ ဒဟတ်ပင်၊ ရှားပင်၊ ဇီးပင်၊ ဝါးပင်တွေ အိုး.. အညာဒေသ ပေါက်တဲ့ အပင် စုံလို့ပေါ့။ ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်ပီးကတည်းက မြသိန်းတန် တောင်ကုန်းမှာ ထင်းမခုတ်ရတော့ဘူး။ တောခေါင်းက ချောင်းဖမ်းတယ်။ ဒါပေမယ့် တခါတခါ ခိုးခိုး ခုတ်ကြတယ်။ သိတယ်မလား။ အဲဒီမှာ စတွေ့တာ။

တနေ့တော့ ရွာတန်းရှည် ရွာလေးက ဦးလေးကြီးတွေ ကြိုးဝိုင်းသစ်တော မှာ ထင်းခိုးခုတ်ကြတယ်။ နံနက်ကြီးစောစော ၅ နာရီလောက်တည်းက လှည်း ကိုယ်ဆီနဲ့ ထွက်လာကြပြီး လှည်းနွားများ အရိပ်ကောင်းတွင် ထားကာ ထင်းခုတ်ရန် ပြင်ကြတယ်။ မိုးလင်းတည်းက တိုးတိုး ကြိတ်ကြိတ် ခုတ်ကြ တယ်။ ကံဆိုးချင်တော့ နံနက် ၉ နာရီလောက် ကျတော့ တောခေါင်းက ဖမ်းမိသွားတယ်။ အားလုံးပေါင်း (၇) ယောက်။ ကျောက်ပန်းတောင်း-ချောက် ကားလမ်း ဘေးက သစ်ပင်မှာ “သစ်တစ်ပင်ခုတ် အချုပ်သုံးလ” တဲ့ ရေးထားတာ တွေ့ဖူးတယ်။ ထင်း ခုတ်တာ ဆိုတော့ ဘယ်လောက်ကျခံရမလဲ မသိ။ ဦးလေးကြီးများ ကြောက်ဒူး တုန်နေ၏။

ထင်းခုတ်သူ ဦးလေးကြီးများအား တောခေါင်း၏ တဲသို့ ခေါ်သွား၏။ တောခေါင်း က ဒေါသဖြင့် ပြောသည်။ “ဦးလေးကြီးတို့ ဒီတောဟာ နိုင်ငံတော် အစိုးရ ကြိုးဝိုင်းသစ်တောဖြစ်တယ်။ ထင်းမခုတ်ရဘူး ဆိုတာ မသိကြဘူးလား။ ထင်းခိုးခုတ်ရင် ထောင်ဒဏ်အထိ အပြစ်ပေးလို့ ရတယ် ဆိုတာ ဦးလေးတို့ ရွာသူကြီးက ပြောပြမထားဘူးလား” ဦးလေးကြီးများ အသံပင်မထွက် ဘာမျှ ပြန်မပြောရဲကြ။ တောခေါင်းက ဆက်ပြော၏။ ဦးလေးကြီးတို့ တစ်ယောက်ချင်း ဆီ မေးမယ်။ မဆိုင်တဲ့သူ ဝင်မပြောကြနဲ့ ဟုဆိုကာ တစ်ယောက်ဆီ စစ်မေး၏။

နံပါတ် (၁) ဦးမောင်ပု။ ကဲ.. ဦးလေး ပြော.. ဘာပင်တွေ ခုတ်သလဲ။ ဘာသားတွေ ခုတ်သလဲ။
ဟုတ်ကဲ့ ဆရာလေး ဦးလေးကို မဖမ်းပါနဲ့။
အဲ..ဗျာ.. ဆရာလေးတော့ မခေါ်ပါနဲ့။ ကျွန်တော် မေးတာ အေးဆေး ဖြေပါ။ ဆရာလေး ခေါ်ခံလိုက်ရသောကြောင် တောခေါင်းလေး အနည်းငယ် တင်းသွား၏
ဦးလေး အိမ်က ဆင်းရဲတယ်ကွဲ့။ ခိုင်းနွား ၂ ကောင်၊ နွားမက ၅ ကောင်ရှိတယ်။
ဒီမှာ ဦးလေး အဲဒါနဲ့ ကျွန်တော်မေးတာ ဘာဆိုင်သလဲ..
ဒီလို ဆရာလေး..အဲ. ရောင်လို့ ငါ့တူရဲ့.. ဦးလေး အိမ်က ရွာစည်းရိုးနဲ့ ကပ်နေတယ်။ နွေရာသီမှာ နွားသခိုးက ပူတတ်တယ်။ ဒီတော့ သခိုးရန် မပူရအောင် စည်းရိုးကာဖို့ ဆီးဆူး၊ ရှားဆူး တခက် နှစ်ခက် လာခုတ်တာပါ။ ထင်းခုတ်တာ မဟုတ်ရပါဘူး မောင်ရယ်။ ဒါ့ကြောင့် ဦးလေးကို မဖမ်းပါနဲ့လို့ တောင်းဆိုတာပါ။
အော်..ဒီလိုလား. သေချာရဲ့လား သေချာရင် ဦးလေး လှည်းကို လိုက်ပြပါ။ နောက်မှ လိုက်ကြည့်မယ်။ ကဲ နောက်တစ်ယောက်။

နံပါတ် (၂) ဦးမောင်ကို။ ဘာပင်တွေ ဘာသားတွေ ခုတ်သလဲ ပြောပါဦး ဦးမောင်ကို။
မောင်ရင်ရယ် စဉ်းစားကြည့်စမ်းပါ။ ဦးလေးမှာ အပြစ်မရှိပါဘူး။ အပြစ်ရှိတာ ဦးလေး မိန်းမပါ။ တောခေါင်းလေး မျက်လုံးပြူးသွား၏။ ဦးမောင်ကို ဆက်ပြော၏ ဒီလိုမောင်ရင် ဒီနှစ် မိုးဦးအစက မိုးနည်းနည်းခေါင်းတယ်။ ပဲနှမ်း သိပ်မကောင်းဘူး။ ကံဆိုးတယ် မြေပဲပေါ်တော့ ယာခင်းထဲမှာလဲ မြေပဲတွေ မိုးမိတယ်။ အိမ်ရောက်တော့ လဲ အခြောက်လှမ်းတာ မိုးမိပြန်တယ်။ ပွဲစားနဲ့ တွေ့တော့ ဈေးနှိမ်ခံရပြန်တယ် မောင်ရင်။ တောသူတောင်သား သနားဖို့ ကောင်းပါတယ်။
စိတ်ဝင်စားလာပီ. ဆက်ပါဦး ပုံပြင်က ဘယ်လိုလဲ..(တောခေါင်းက တင်းတင်းနဲ့ ရွဲ့ပြောလိုက်၏)
အဲဒါနဲ့ မိန်းမဖြစ်သူပေါ့ ရွာဦးကျောင်းက ကပ္ပိယကြီးဆီမှာ ဗေဒင်မေးတယ်။ ဗေဒင်အရ အိမ်မှာ ဂျိုလ်ဆိုးဝင်နေတယ်လို့ ပြောပါတယ်။ ဂျိုလ်ဆိုးတွေ ပြောက်အောင် ဘုရားကိုးဆူ ဆွမ်းကြွေးလုပ်ရမယ်။ နေ့တိုင်း နားပူ နားစာ လုပ်လွန်းလို့ ဘုရားကိုးဆူဆွမ်းကြွေး လုပ်ဖို့ ရပ်သတ်မှတ်ပြီး လိုတာလေးတွေ စုဆောင်းရင်း ဆွမ်းချက်ဖို့ ထင်းလေး လိုတာနဲ့ လာခုတ်မိတယ်။ သန်း၊ ဒဟတ်၊ ရှား နည်းနည်းလေးပါ။ ကံကလဲ အခုထိဆိုးတုန်းပါပဲ မောင်ရင်ရယ်။
အော်..အော်.. ဟုတ်ပီ။ သဘောပေါက်သွားပြီ။ ဆွမ်းချက်ဖို့ ထင်းလာခုတ်တယ် ဆိုပါတော့။ ကောင်းလိုက်တဲ့ ဖြေရှင်းချက်။ ကဲ ထားပါတော့ နောက်တစ်ယောက်။
သို့နှင့် နံပါတ် (၃) (၄) (၅) (၆) မေးမြန်း စစ်ဆေးစဉ် ရယ်ရမလို ငိုရမလို ဒေါသထွက်ရမလို နှင့် တောခေါင်းလေး ရူးချင်သွား၏။ နောက်ဆုံးတစ်ယောက်

နံပါတ် (၇) ဦးဟန်ပိုင်။ ဦးဟန်ပိုင်သည် ရိုးသား၏။ တစ်အာရုံသမား သူပြောချင်တာ ပြော၏။ ယခုမူ ကြောက်လွန်းသဖြင့် ဘာကိုမှ မတွေးနိုင်တော့။ သို့သော် အလှည့်ရောက်လာ၏။ ဟန်ပိုင် ဆိုသော နာမည်နှင့်အညီ မေးခွန်းများ ဖြေရတော့မည်ကို ဟန်နှင့် ပန်နှင့် အားမန် အပြည့်ထည့်ထား၏။ ဟန်ကိုယ့်ဖို့ ဟူဆို၏။
တောခေါင်းက မေး၏။ ကဲ..ဦးဟန်ပိုင် ဘာသားလဲ ပြောစမ်းပါဦး။
ဦးဟန်ပိုင် အသံကျယ်ကျယ်ဖြင့် အားရပါးရ “ကျွန်တော် သောကြာသားပါ ခင်ဗျာ” ဟုဖြေ၏။
ဗျာ..သောကြာသား ဟုတ်လား ပြန်ပြောပါဦး
ဟုတ်ကဲ့ ကျွန်တော် သောကြာသားပါ ဗိုလ်လေး။
တောခေါင်း နှင့်တကွ အားလုံးသော ဦးလေးကြီးများ ဝါးခနဲ ဝါးလုံးကွဲ ၇ယ်ချလိုက်လေသည်။ တောခေါင်းလေးသည် ဒေါသစိတ်ထက် ရယ်အား သန်ကာ မေးခွန်းများ ဆက်ကာ မမေးတော့ပေ။

ကဲကဲ.. ဦးလေးတို့ ဒီမှာလာ လက်မှတ်ထိုး။ နောက်တခါ မိရင် ရဲလက်အပ်မယ်။ ကျန်တဲ့ရွာသားတွေရော အနီးနားရွာတွေရော ပြောထားကြ ဟုတ်ပီလား။ ဒီ မြသိန်းတန် တောင်ကုန်းကို ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်တာ အစိုးရ အကြီးကဲတွေက က အပိုင်စီး သစ်ခုတ် ရောင်းစား ချင်လို့ မဟုတ်ဘူး။ ဦးကြီးတို့ သိတဲ့ အတိုင်း ကမ္ဘာကြီးက ပူနွေးလာတယ်။ အညာဒေသမှာ မိုးခေါင် ရေရှား ရာသီဥတုတွေ ပြောင်းလဲလာတယ်။ အဲဒီလို ပြောင်းလဲလာတဲ့ ရာသီ ဥတုကို ထိန်းသိမ်းဖို့ လိုတယ်။ ကြားဖူးကြတယ်မလား ဥတုရာသီ တောကိုမှီတဲ့
သစ်တော ဝါးတော ရှိမှ မိုးမှန်မယ် တောင်သူတွေ အလုပ်ဖြစ်မယ်။ ဝင်ငွေ ကောင်းမယ်။ အဲဒါမှ ဟိုဦးလေး ပြောသလို မိန်းမက နားပူ နစာ မလုပ်တော့ဘူးပေါ့။ သဘောပေါက်ရဲ့လား။

အားလုံးက ပေါက်ပါတယ် ဆရာလေး။ ပေါက်ပါတယ် မောင်ရင်။ ပေါက်ပါတယ် ဗိုလ်လေး။ သဘောပေါက်သွားပြီ ငါ့တူကြီး စသည်ဖြင့် တစ်ယောက် တစ်ပေါက် ပြန်ဖြေကြ၏။ တောခေါင်းလေးသည် ရာသီဥတု ပြောင်းလဲခြင်း နှင့် မည်သို့ မည်ပုံ ထိန်းသိမ်းရမည်များကို ပညာပေး ပြောဆိုကာ ပြန်လွတ်လိုက်၏။

ထိုအချိန်မှစ၍ သောကြာသားသည် နာမည်ကြီးလာ၏။ ဦးဟန်ပိုင်အား မြင်လျှင် အချင်းချင်း တိုးတိုး ကျိတ်ကျတ် သောကြာသားပါခင်ဗျာ ဟုတ် နောက်ကြ၏။ သောကြာသား ဟာသ ပုံပြင် အဖြစ် လူကြီး လူငယ် လက်ဆင့်ကန်းကာ ပြောဆို ဝါးခနဲ ဝါးလုံးကွဲ ရယ်ကြလေသည်။

No comments: