Monday, March 28, 2011

ကြည်ပြာမုန်းတဲ့မ်ာတာ (အပိုင်း ၁)

ငါ မော်တာ တွေကိုမုန်းတယ်.
ဟင် ! .. ဘာလို့လဲ.
ငါ မော်တာသံကြားရင် ငိုချင်တယ်.
ဟင် ! . လိုက်မမှီတော့ဘူး.
နင်မသိပါဘူး.
ဟာ.. မပြောပြပဲ ငါက ဘယ်လိုလုပ် သိမလဲ.
နင်နားလည်အောင် ပြောပြဖို့ အချိန်မရှိဘူး တောသားရဲ့..
အန်..ဘလိုင်းကြီးပါလား. ရန်မစနဲ့နော်.
ရန်စတာ မဟုတ်ဘူး. အေးဆေးမှ ပြောပြမယ်.
အင်းလေ. နားထောင်ရတာပေါ့။

ကြည်ပြာ ဆိုတဲ့ ကောင်မလေး နဲ့ ဒီစကားတွေ ပြောဖြစ်တုန်းက သူဘာကို ဆိုလိုသလဲ နားမလည်ခဲ့။ အဲဒီတုန်းက ၁၉၉၉ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှာ ကျွန်တော် ဆယ်တန်း တက်နေစဉ် အချိန်။ ကျောင်းမဖွင့်ခင် နွေရက်မှာကတည်းက ကျူရှင်မှာ ဆရာမအတွက် လခ ကောက်ပေးတဲ့ စွာတေးလန်မလေး ကို သတိထားမိ တယ်။ ကြည်ပြာတို့ အိမ်နဲ့ ကျွန်တော် အိမ်ငှားနေတဲ့ အိမ်က တလမ်းထဲ။ ပြီးတော့ အတန်းတူ၊ အခန်းတူ၊ ကျူရှင်တူတူ။ သူပြောပြချက်အရ သူတို့ မိသားစုက ဆင်းရဲတယ်။ တနေ့လုပ်မှ တနေ့စားရတယ်။ အပိုဝင်ငွေက သားသမီးတွေ ကျောင်းစားရိတ်နဲ့ ကုန်ရော တဲ့။ ဆင်းရဲပေမယ့် ကြည်ပြာက ခင်ဖို့ကောင်းတယ် ပွင့်လင်းတယ်။ ဖေါ်ရွေတယ်။ မာနမကြီးပေ။

လမ်းထဲမှာ ကြည့်လိုက်တော့ အိမ်ကြီးအိမ်ကောင်း တိုက်အိမ်တွေ တန်းစီလို့။ လမ်းကတော့ ဖုန်တွေ တလုံးလုံးနဲ့။ အမျိုးအမည် မသိသော အကောင်းစား ကားတစီး ဖြတ်မောင်းသွားရာမှ ထောင်းထောင်းထ နေတဲ့ ဖုန်းလုံးကြားမှာ နှာခေါင်းမိတ် မျက်စိမှိတ်ကာ ခေတ္တရပ်နေလိုက်၏။ လေမှာ ဝဲနေတဲ့ တမာရွက်တွေ မြေပေါ်မကျခင်ဆက်လျှောက် လာခဲ့တယ်။ ရှေ့ဆီသို့ လှမ်းကြည့်လိုက်တော့ လမ်းဘေး တမာပင်အောက်က ရေဘုံပိုင်မှာ ရေစောင့်ခပ်နေတဲ့ ကောင်မလေးတစ်ယောက်။ သူမ ကြည်ပြာ။ ဆံပင်တွေကို သားရေကွင်းနဲ့ ကျက်တောင်စည်းထားတယ်။ နဖူးပေါ်ကျနေတဲ့ ချွေးတွေ၊ နှာခေါင်းမှာ စို့နေတဲ့ချွေးတွေကို ဘယ်လက်ဖမိုးနဲ့ ဆွဲသုတ်နေပုံက ကဗျာ မဆန်လိုက်တာ။ အင်္ကျီလက်မောင်းကို ခေါက်တင်လို့ လက်မောင်း ကြွက်သား ဗလတွေက ယောင်္ကျားလေး တစ်ယောက်ထက်ပင် ပိုမည် ထင်သည်။
ဟေ့..ကြည်ပြာ..
ဘာလဲ..တောသား.
နင့်ပုံစံက ယောင်္ကျားလေးလိုပဲ.
အင်း. ငါက အိမ်မှာ အငယ်ဆုံးသား ယောင်္ကျားလေးပဲ.
အင်းပါ..အင်းပါ.. နင့်နဲ့ပြိုင်ပြောလဲ ငါပဲရှုံးမှာပါ.
သိရင်ပီးရော..ပေါ့.
နင် တစ်နေ့ ရေဘယ်နှစ်ထမ်း သယ်ရလဲ.
သုံးခေါက်ပေါ့..ငါအများကြီးသယ်ချင်လဲ မရဘူး.
ဟင်..ဘာလို့လဲ..
သိချင်လား ..သိချင်ရင် ငါနဲ့ရေလာခပ်..သိလိမ့်မယ်.
ဟာ..နင်ကလဲ.. ငါ ငှားနေတဲ့အိမ်က ရေကန်ရှိတယ် . ရေသယ်စရာ မလိုဘူး
အေး. ဒါဆိုလဲ နင်မသိချင်နဲ့ပေါ့. တောသားရဲ့.. ဒီမှာ ရေပြည့်နေပီ စကားပြောဖို့ အချိန်မရှိဘူး။
အင်းပါဟာ.. ငါလဲ သွားတော့မယ်။
သွားချင်သွား မသွားချင်နေ နင့်သဘော.. ။
အင်းပါ..

ပြောရ ဆိုရ လက်ပေါက်ကပ်လိုက်တာ မြို့သူတွေ။ ဘယ်လို မိန်းကလေးလဲ မသိ။ ပြောပြော ဆိုဆိုနဲ့ ရေပုံးကို ဆွဲကာ ခပ်သွက်သွက်ထွက်သွားသည်။ ကြည့်ရင်းနဲ့ ကြည်ပြာ့ အကြောင်းစဉ်းစားနေမိတယ်။ အခုလဲ စကားကောင်း မပြောဘူး။ ဟိုနေ့ကလဲ မော်တာတွေကို မုန်းတယ်တဲ့။ မော်တာသံ ကြားရင် ငိုချင်တယ်တဲ့။ ဘာတွေလဲမသိ။ စိတ်ဝင်စားစရာပဲ။ နောက်တခါတွေ့မှ သေချာ မေးကြည့်ဦးမည်။

ဆက်ရန် -
ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက်= ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည် ကျွန်တော်၏ ဇာတ်ကောင် ဖြစ်သည်)။

No comments: