Monday, April 25, 2011

ကြည်ပြာမုန်းတဲ့မော်တာ (အပိုင်း ၃)

တမာရွက်တို့ မြေသို့ ကြွေကျ နေ၏ ။
ပင်ယံထက်မှ ပြိုင်တူ ခုန်ချနေသည့်နှယ်။ ကြည့်နေရင်းပင် လိုက်ကာ ဖမ်းချင်နေတော့သည်။ နံနက်ခင်း နေသည် အညှိုးကြီးကာ ရက်စက်တော့မည်ထင်၏ ။ အိမ်ရှေ့ ခုံတန်းရှည်၌ ထိုင်နေရင်း တမာရွက်ကြွေများကို ရေတွက် နေမိသည်။ ဒီနေ့ ရေကို အစောကြီးချိုးလိုက်သည်။ အိမ်ရှင်က သဘောကောင်း၍ တော်သေးသည်။ ရေကိုလိုသလောက် သုံးခွင့် ပေးထားသည်။ ။ အပြင်ထွက်စရာမရှိ။ အားလပ်ရက်မို့ အေးဆေးရှိ၏။ သူငယ်ချင်းတွေဆို အိမ်ရှင်သတ်မှတ်သည့်အတိုင်းသာ ရေကို သုံးရသည်။ “ရေချိုးရင် ငါးပုံးထက် မပိုစေနဲ့” ဟု ငှက်ဆိုးထိုးသံကဲ့သို့ ပြောတတ်သည်ဟု သိရ၏။ လူများသည့် အဆောင်များတွင် နောက်ဆုံးကျသူသည် ရေအနှယ်အကပ်ကို သုံးရ၏။ ချိုးရ၏။ မသန့်သောရေကြောင့် ယားနာပေါက်တတ်သည်။ ရေသည် တကိုယ်ရေ သန့်ရှင်းရေး အတွက် အလွန် အရေးကြီးသည်။ လမ်းထိပ်ဘက်ဆီ လှမ်းကြည့်မိတော့ ကြည်ပြာ။ ဘုံပိုင်ဘေး တမာပင်အောက်က ထိုင်ခံမှာ ထိုင်နေသည်။ အခွင့်ရေးကို အကျိုးရှိစွာ အသုံးပြုရမည်။ ကြည်ပြာ့ထံ ထွက်လာခဲ့သည်။ လူတစ်ယောက် အနားရောက် လာတာ မသိလောက်အောင် ကြည်ပြာ ငိုင်နေသည်။

“ကြည်ပြာ . နင်ဘာဖြစ်နေလဲ.”
“ဘာမှ မဖြစ်ဘူး”
“ဟင်..ဘာမှမဖြစ်ဘူးဆိုတယ် မျက်နှာမကောင်းပါလား.”
“နင်မကြားဘူးလား မော်တာသံတွေညံနေတာ.”
“အော်..အဲဒါကြောင့်လား..ဘာဖြစ်လဲ ညံတာ.”
“သိချင်လား. ရေငုတ်ကို သေချာကြည့်.”
“အင်း ကြည့်တယ်. ဘာဖြစ်လဲ.”
“အေး. သေသေချာချာကြည့်. ရေနည်းနည်းပဲကျတယ်တွေ့လား. ဒီနေ့ နေရတပုံးပြည့်ဖို့ ငါအကြာကြီးစောင့်ရတယ်. အဲတော့ ဒီနေ့ ငါတို့ အိမ်အတွက် ရေဝယ်သုံးရတော့မယ်”
“နင်ကလဲ..ရေတစ်စည်မှ ၇၅ ကျပ်ပဲဟာ.. တရက်တလေ ဝယ်သုံးတာ ဘာမှ မဖြစ်ပါဘူး”
“အေးပေါ့.. ဘာမှမဖြစ်ဘူး။ ဒီနေ့ ရေမခပ်တော့ဘူး။ နင် အဲဒီရေပုံးကို ဖင်မှောက်ထားလိုက်စမ်း.။ ငါပြောပြမယ်. ဒီမှာလာထိုင်..”
“အင်း ပြော.. ငါသေချာ နားထောင်နေပါတယ်။ နင်တကယ် ဝမ်းနည်းနေတယ်နော်. ငါစပ်စုမိတာ စိတ်မကောင်းပါဘူးဟာ”
“ထားပါတော့.. နင် လမ်းထိပ်က ရေထမ်းတဲ့ ဒေါ်အေး ကိုသိလား. ”
“အင်း သိတယ်လေ. သူ့သားက ရေလှည်းတွန်းတယ်လေ.”
“အဲဒါပဲပေါ့ . ဒီမြို့ပေါ်မှာ ငါတို့လို ဆင်းရဲတဲ့ မိသားစုတွေ အများကြီးရှိတယ်။ လောကကြီးက မတရားဘူးဟယ်။ ငါမော်တာတွေ မုန်းတယ် ဆိုတာ အဲဒါကြောင့်ဟဲ့ .. စဉ်းစားကြည့်. ငါတို့ ခပ်တဲ့ ဘုံပိုင်မှာ ရေမလာဘူး အဲဒါ သဌေးအိမ်တွေက ရေကို မော်တာနဲ့ စုပ်ယူပြီးတော့ လှောင်ကန်မှာ လှောင်ထားကြလို့လေ။ သူတို့ မော်တာနဲ့ စုပ်ယူထားတဲ့ရေကို ငါတို့က ပြန်ဝယ်သုံးရတယ်။ အဲဒါ တရာသလား ဟင်.. ဒေါ်အေး တို့က ရေထမ်းခ လှည်းတွန်းခ လောက်ပဲရတာ ကိုယ့်ရေ ကိုယ်ရောင်းတာမဟုတ်ဘူး သဌေးအိမ် ရေကန်က ရေကို တဆင့်ဝယ်ရောင်းတာ။”
“အင်း.. အဲဒါတော့ မကောင်းဘူးပေါ့..ငါမှ အစက မသိခဲ့တာ”
“နင် မိဖြူ ကိုသိတယ်နော်”
“အင်း သိတယ်.”
“မိဖြူတို့ အိမ်က ချမ်းသာတယ်. အခု သွားကြည့်လေ. နင်သိလိမ့်မယ်။ ဒိချိန် သူတို့ အိမ်ရှေ့ အိမ်နောက် အေးနေအောင်လို့ ရေဖြန်းတယ်။ တခါတလဆို သူတို့ အိမ်ရှေ့လမ်းကိုတောင် ဖုန်မထအောင် ရေဖြန်းထားတယ်။ ငါ မပြောလိုပါဘူး။ ကိုယ့်ကုသိုလ်နဲ့ကိုပါ.. ရှေးဘဝ ကံနည်းခဲလို့ ဒီဘဝ ဒီလိုနေရာတာ လို့ အမေက သင်ပေးထားတယ်။ ငါလဲ အဲလိုပဲ ယုံကြည်လိုက်တယ်။”
“အင်းပေါ့. စာနာစိတ်နဲ့ မတွေးမိသေးလို့ပါ..”
“ငါ လူတွေမမုန်းပါဘူး။ လမ်းတွေ့ရင် ပြုံးပြနိုင်အောင် လေ့ကျင့်ထားတယ်။ ဒါပေမယ့် ငါရေခပ်ချိန် မှာ ဘေးအိမ်တွေက မော်တာတွေ တလုံးပြီး တလုံး ဖွင့်လို့ အသံတွေ မြိုင်လာရင် တခါတလေ ငါ ငိုတောင်ငိုမိတယ်။ အဲလိုနဲ့ ကြာလာတော့ဟာ မော်တာသံကို မကြားတောင် မကြားချင်တော့ဘူး။ … ကဲ..နင်သိပြီလား..”
“အင်း. သိသွားပြီ...”
“ငါ ဒီနေ့ ရေစောင့်ခပ် မနေတော့ဘူး။ ပြန်တော့မယ်။ အချိန်က အရမ်း တန်ဖိုးရှိတယ်။ အိမ်မှာ ထင်းရှူးသား ခွဲရဦးမယ်..”
ကြည်ပြာတစ်ယောက် ရေမပါတဲ့ ပုံးအခွံတွေဆွဲကာ ပြန်သွားသည်။ ကျွန်တော်မှာတော့ တမာပင်အောက် ထိုင်ခုံ တန်းမှာ ထိုင်လို့ အတွေးနယ်ချဲ့နေမိပြန်သည်။ ကြည်ပြာပြောတာ ဟုတ်နေသည်။ ချမ်းသာတဲ့သူများ ကျတော့လဲ အိမ်ရှေ့ အိမ်နောက် အေးပက်ဖြန်းလို့ ဆင်း၇ဲတဲ့သူတွေ ကျပြန်တော့ ရေဝယ်သုံးနေရ တယ်။ နောက်ပြီး မော်တာ။ ရေဘုံပိုင်ချင် တူရင် ရေရတာချင်း တူမည်။ အခုတော့ မော်တာဖြင့် စုပ်ယူသည်။ ကြည်ပြာ မော်တာတွေ ကို မုန်းတာ မုန်းထိုက်သည်။ ဒေါသထည့်ကာ စဉ်းစားမိပြန်သည်။ နွေနေက အစွမ်းပြလို့ ထိုင်ခုံတခြမ်း နေပူလာမှ သတိထားမိသည်။ အတွေးရပ်ကာ အိမ်ပြန်ခဲ့သည်။ ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက် = ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည် ကျွန်တော်၏ ဇာတ်ကောင် ဖြစ်ပါသည်) ။

No comments: