Tuesday, April 9, 2013

သင်္ကြန်ဝိညာဉ် ။ ပိတောက်ဝိညာဉ် ။

သင်္ကြန်ဝိညာဉ်
အသံ... အသံလေးတွေ ၀ိုးတ၀ါး နားထဲကြားနေသလား ..
အသံ... သင်္ကြန်ဝိညာဉ် နိုးထဖြိုးဖျ တို့ရင်မှာ..
သင်္ကြန်... အသံလေးတွေ အဝေးမှ တန်ခူးလေ ဆောင်ကြဉ်းလာ..
အိုး... သင်္ကြန် ချစ်သူ ကြိုဆိုနေပီလား.... ။

တေးသံလေးတွေ ကြားပါစလေ .. ချစ်သူရေ...
ဆန်းနွေဦးမလေ ပန်းတွေဖူးဝေ ခူးချင်စရာ့အခြေ..
လောကကြီးတစ်ခွင် အလှဆင်လို့လေ စိမ်းလန်းဆိုပြေ..
သင်္ကြန်ခါတော် ရောက်လာပြီလေ... ။

တစ်နှစ်တစ်ခါနွှဲ ချစ်စရာပွဲ ပွဲတော် မဟာပေ..
ပိတောက်ဝါလေးတွေ ပွင့်ပီချစ်ရေ.. မင်းပန်ဖို့လေ..
ပန်းလိုဖွေး စမ်းလိုအေး အေးတဲ့ အတာရေ...
လောင်းပါလေ ကိုယ့်အသဲတွေ အေးအောင်လေ.. ။


တေးရေး ။ ဆန္ဒရား လှထွတ်
တေးဆို ။ ဂရေဟမ် 


Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Sunday, April 7, 2013

မြန်မာ အက္ခရာ စဉ်ကြမယ် ။



မြန်မာ အက္ခရာ စဉ်ကြမယ်...
ဘာလိုလိုနဲ့ ကျနော်တယောက် ပို့စ်အသစ်မတင်ဖြစ်တာ လေးရက်လောက် ရှိသွားပါပြီ။ ကျနော့်ဆီကို လာလည်နေကြ သူငယ်ချင်းတွေလဲ စာအသစ်မဖတ်ရလို့ စိတ်ပျက်ကုန်ပြီလားတောင် မသိ။ ကဲ၊ သူငယ်ချင်း တယောက် စီဘောက်စ်မှာ ပြောတဲ့အတိုင်းပါပဲ။ ဟိုးရှေ့က ပန်းတိုင်ကို ဆက်သွားကြပါစို့။

ကျနော် ဒီနေ့ရေးချင်တာကတော့ မြန်မာအက္ခရာစဉ်တွေ အကြောင်းကိုပါ။ မြန်မာစာလုံး အက္ခရာတွေကို အရှေ့အနောက် အစီအစဉ်ကျအောင် ဘယ်လိုစီကြမလဲ၊ ဘယ်လိုစီကြသလဲ ဆိုတာ ကျနော်သိထားသမျှလေးကို ဝေမျှချင်ပါတယ်။ မှားယွင်းနေတာရှိရင်လဲ ကျနော့်ထက် ပိုသိသူများက ထောက်ပြပေးပါခင်ဗျာ။

အင်္ဂလိပ်စာ အက္ခရာစဉ်နည်းကိုတော့ ယနေ့ခေတ် လူငယ်တိုင်းလိုလို သိကြပြီးဖြစ်ပါလိမ့်မယ်။ အင်္ဂလိပ်စာ အဘိဓာန်ကို သုံးကြသူတိုင်း အင်္ဂလိပ်စာ အက္ခရာစဉ်နည်းကို သတိမပြုမိဘဲ နေမှာမဟုတ်ပါဘူး။ ဟုတ်ပြီ..။ မြန်မာစာလုံးတွေကိုရော အစဉ်လိုက် ဘယ်လိုစီကြမလဲ။ လေ့လာကြည့်ကြပါစို့။

မြန်မာစာမှာ အက္ခရာစဉ်ရာမှာ နည်းလမ်းလေးမျိုးကို အသုံးချပြီး အစဉ်လိုက်စီပါတယ်။ အဲဒီနည်းလမ်း လေးမျိုးကတော့-
(၁) ဗျည်းစဉ်
(၂) သရစဉ်
(၃) အသတ်စဉ်
(၄) ဗျည်းတွဲစဉ်ပါ။
အဲဒီ လေးမျိုးကို တခုခြင်း ဆက်လေ့လာကြမယ်။

(၁) ဗျည်းစဉ်
မြန်မာဗျည်း (၃၃)လုံးရှိတာကို အားလုံး သိပြီးဖြစ်မှာပါခင်ဗျာ။ အဲဒါကြောင့် မြန်မာအက္ခရာတွေကို အစဉ်လိုက်စီစဉ်မယ်ဆိုရင် အရင်ဆုံးစစဉ်းစားတာက ဘယ်ဗျည်းက အရင်စသလဲဆိုတာကို အရင်ဦးဆုံး စဉ်းစားပြီး စီပါတယ်။ ဥပမာအနေနဲ့ စဉ်ပြရရင် ခရေပန်း၊ ကချွတ်ကချော်၊ စခန်းသာ၊ ဂမုန်းပင် ဆိုတဲ့ မြန်မာအက္ခရာ လေးလုံးကို အစီစဉ်တကျ အစဉ်လိုက်ရေးမယ်ဆိုရင် ကချွတ်ကချော်၊ ခရေပန်း၊ ဂမုန်းပင်၊ စခန်းသာ လို့ ရေးရပါတယ်။

(၂) သရစဉ်
ဟုတ်ပြီ။ တကယ်လို့များ ရှေ့ဆုံးစာလုံးတွေက ဗျည်းတူနေတဲ့ အက္ခရာတွေကို ဆိုရင်ရော၊ ဘယ်လို ဆက်စီကြမှာပါလိ့မ်။ ဟုတ်ကဲ့..။ ရှေ့ဆုံးစာလုံးတွေမှာ ဗျည်းတူနေခဲ့ရင် အ၊အိ၊အု၊အေ အဲ၊အော၊အံ၊အို ဆိုတဲ့ မြန်မာသရ(၈)မျိုးနဲ့ ဆက်စဉ်းစားပါတယ်။ ဥပမာအနေနဲ့ကတော့ ခရမ်းသီး၊ ခဲတံ၊ ခိုဖြူ၊ ခုတုံးလုပ် ဆိုတဲ့ အစဗျည်းတူ အက္ခရာလေးလုံးကို အစီအစဉ်တကျ ပြန်ရေးမယ်ဆိုရင် ခရမ်းသီး၊ခုတုံးလုပ်၊ ခဲတံ၊ခိုဖြူ လို့ ပြန်စဉ်ရပါတယ်။

(၃) အသတ်စဉ်
အစဗျည်းလဲ တူနေတယ်။ သရနဲ့လဲ စဉ်လို့မရဖြစ်နေတဲ့ အက္ခရာကိုရော ဘယ်လိုစဉ်ကြမှာပါလိမ့်။ အဲဒီလို အက္ခရာတွေကိုတော့ အသတ်(-်) နဲ့စဉ်းစားရပါတယ်။ အဲဒီလိုစဉ်းစားရမှာလဲဆိုရင်တော့ ဘယ်ဗျည်းနဲ့ သတ်လဲဆိုတာကို ကြည့်ပြီး အစီအစဉ်တကျ စဉ်ရပါတယ်။ ဥပမာကြည့်ကြပါစို့။ စမ်းရေ၊ စပ်မိစပ်ရာ၊ စောင်ဖြူ၊ စစ်စခန်း၊ စက်ရှင် ဆိုတဲ့ အက္ခရာတွေကို အစီအစဉ်တကျ ပြန်ရေးရရင် စက်ရှင်၊ စောင်ဖြူ၊ စစ်စခန်း၊ စပ်မိစပ်ရာ၊ စမ်းရေ လို့ အသတ်တွေအလိုက် အစီအစဉ်တကျ ပြန်ရေးပါတယ်။

(၄) ဗျည်းတွဲစဉ်
အထက်ဖော်ပြပါ သုံးမျိုးကို အသုံးချပြီး စဉ်လို့မရတဲ့ မြန်မာအက္ခရာတွေက ရှိနေပြန်ပါသေးတယ်။ အဲဒီ အက္ခရာတွေကိုတော့ ဗျည်းတွဲစဉ်လို့ ခေါ်တဲ့ စဉ်နည်းနဲ့ စဉ်ပါတယ်။ အဲဒီဗျည်းတွဲတွေကို အစဉ်လိုက် ဖော်ပြရရင် ယပင့်(-ျ)၊ ရရစ်(ြ-)၊ ၀ဆွဲ(-ွ)၊ ဟထိုး(-ှ)၊ ယပင့်ဝဆွဲ(-ျွ) ၊ ရရစ်ဝဆွဲ(ြ-ွ)၊ ယပင့်ဟထိုး(-ျှ)၊ ရရစ်ဟထိုး(ြ-ှ)၊ ၀ဆွဲဟထိုး (-ွှ)၊ ယပင့်ဝဆွဲဟထိုး(-ျွှ)၊ ရရစ်ဝဆွဲဟထိုး(ြ-ွှ)၊ တို့ဖြစ်ပါတယ်။ နားရှုပ်နေပြီလား ခင်ဗျာ။ ရပါတယ်။ ခပ်လွယ်လွယ် မှတ်ကြပါစို့၊ ပင့်၊ရစ်၊ဆွဲ၊ထိုး ပင့်ဆွဲ၊ရစ်ဆွဲ ပင့်ထိုး၊ရစ်ထိုး၊ ဆွဲထိုး၊ ပင့်ဆွဲထိုး၊ရစ်ဆွဲထိုး၊ လို့ မှတ်ရင် ပိုလွယ်မယ်ထင်ပါတယ်။
ဥပမာ ပြောရရင်တော့ မြွေဟောက်၊ မြေကြီး၊ များပြား၊ မွစာကြဲ၊ မှာတမ်း၊ မြှားနတ်မောင်(တကယ်တော့ မြားနတ်မောင်က စာလုံးပေါင်းအမှန်ပါ၊ ဥပမာအနေနဲ့ သုံးတာပါ)၊ မျှော့ကောင်၊ မွှေးပျံ့ ဆိုတဲ့ အက္ခရာတွေကို အစီအစဉ်တကျ စဉ်ရရင် များပြား၊ မြေကြီး၊ မွစာကြဲ၊ မှာတမ်း၊ မြွေဟောက်၊ မျှော့ကောင်၊ မြှားနတ်မောင်၊ မွှေးပျံ့ လို့ စဉ်ရပါတယ်။

မြန်မာ အက္ခရာစဉ်နည်းတွေကို မှတ်မိသလောက်လေးတော့ ရှင်းပြပြီးပါပြီ။ ဒီလိုစဉ်နည်းတွေကို မြန်မာ-အင်္ဂလိပ် အဘိဓာန်၊ မြန်မာ-မြန်မာ အဘိဓာန်နဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းစာအုပ်တွေမှာ လေ့လာရင် တွေ့နိုင်ပါတယ်။ ဆယ်တန်းစာမေးပွဲအတွက် ခုံနံပါတ်တွေ ပေးတော့မယ်ဆိုရင်တော့ နာမည်တွေရဲ့ နောက်ဆုံးစာလုံးကို အက္ခရာစဉ်ပြီး ပေးလေ့ရှိတယ်လို့ သိရပါတယ်။

မြန်မာစာကို ချစ်မြတ်နိုးစိတ်သက်သက်နဲ့ သင်ယူခဲ့ဖူးတာလေးကို တင်ပြပေမယ့် လိုအပ်ချက်၊ မှားယွင်းချက် တစုံတရာ ရှိကောင်း ရှိနေအုံးမှာသေချာပါတယ်။ ကျနော့်ထက် ပိုမိုနားလည်သူ မိတ်ဆွေများက ၀င်ရောက်ဆွေးနွေးပေးရင်တော့ ပြီးပြည့်စုံတဲ့ မြန်မာအက္ခရာစဉ်နည်း စာတပုဒ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျေးဇူးပါ။

ကလိုစေးထူး ထံမှ ကူးယူ မှတ်သားပါသည် ။

သာသန ရက္ခိတ အသင်း ။ ကျောက်ပန်းတောင်း ။

ကျောက်ပန်းတောင်း ပိတောက် ။

Kyaukpadaung Market Street

သာသန ရက္ခိတ အသင်း ။ ကျောက်ပန်းတောင်း ။

ကျောက်ပန်းတောင်း Kyaukpadaung Township

ကျောက်ပန်းတောင်း Kyaukpadaung Facebook page .... like 1101 on today. 

Sunday, March 17, 2013

အိပ်မက် (16-03-2013)

ညက အိပ်မက် မက်တယ် ။ အိုဟောင်းစပြုလာတဲ့ ခန္တာက နှိပ်စက်လို့ ညစာက သိပ်စားလို့မရ ။ အနည်းငယ်စားပီး အိပ်လိုက်တယ်။  ညနေခင်းလို့ ထင်မိတယ် ။ အမေ နဲ့ တူတူ စကားပြောရင်း လမ်းလျှောက် အိမ်ပြန်လမ်းမှာ (ရွာထဲလမ်း) မှာ အိမ်နားရောက်တော့ အဖေက အမေ့ကို ဆူတယ် ။ ဘယ်သွားမယ် ညာသွားမယ် ပြောမသွားဘူး အိမ်ကို လူခတောင်းသူတွေက လာတယ် ။ ဘာပြန်ဖြေရမှန်းမသိဘူး ပေါ့ (အဖေက ကူလီ အလုပ်သမားတွေ လူခတောင်းလာရင် ချက်ချင်းပေးမှ ကြိုက်တယ်) အဲဒီလို အဖေက ဆူတော့ ကျွန်တော်က အမေ့ဘက်က ၀င်ပြောတယ် ။ အမေကို ဘယ်သူက ပြောပြော အမေ့ဘက်က အမြဲရှိတယ် ။ အဖေကလဲ ဒီအသက်ရွယ်ထိ အကျင့်ကမပြောက်ဘူး အမေ့ကို အမြဲဆူတယ် လို့ ပြောမိတယ် ။ (တကယ်တော့ အမေကလဲ အဖေပြော တာ ဆူတာ မှာ ကြည်နူးတယ်ထင်ပါတယ် . တခါတလေ အဖေက သူ့ဘာသူ နေရင် အမေ့မျက်နှာ တစ်မျိုးဖြစ်လို့) ။



ဒီလိုနဲ့ အမေက အိမ်ရောက်တော့ သူ့အလုပ်သူဆက်လုပ်တယ် ။ ကျွန်တော်က အဖေ့ညီ ဘထွေးလေး အိမ်ရှေ့ ထန်းလက် ကုလားထိုင်မှာ ထိုင်နေတယ် ။ အဲလို ထိုင်နေတုန်း အလယ်တန်း ၄၅၆၇၈ အတန်းတွေမှာ အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာ (အတော်ကြာပီ ဆရာက အရက်သမား ဖြစ်နေတာ) သူရောက်လာတယ် ။ ဘထွေးလေး အိမ်ထဲက တန်းလျားပေါ်မှာ အိပ်ချလိုက်တယ်ဗျာ ။ အဲဒီတန်းလျားက ညီဝမ်းကွဲ အခုစင်္ကာပူမှာ ရောက်နေတဲ့ကောင် အိပ်နေကျ ။ နွေဘက်ဆို အိမ်မကြီးပေါ် အိပ်သူမရှိ ။ ဆရာက အရက်သမားတာ ဖြစ်နေရှာတာ အခုချိန်ထိ ငါ့တပည့်ကြီး လို့ ခေါ်တယ် ။ ဘာတွေလဲ မသိဘူးပြောတယ် ။ အဲဒါ အသံကြားတော့ ဘထွေး မိန်းမ အဒေါ်က ဆင်းလာပီး ဗိုလ်ဆန်း မင်းဆရာ့ကို ကူတွဲပီး အိမ်ပြန်လိုက်ပို့ လိုက်ပါလား လို့ မေးငေါ့် ပြောတယ် ။ ဒါနဲ့ ဆရာ့ကိုတွဲပီး ကျွန်တော့ အိမ်ဘက် ခေါ်လာတယ် အိမ်ရှေ့ ကွပ်ပျစ်ပေါ်မှာ လှဲနေတယ် ။ ဆရာ ထမင်းစားချင်နေမလာ ဆိုပီး ထမင်းချက်အိမ်ပေါ်တက် ထမင်းခူးမယ် လုပ်တော့  အစ်မငယ်ကို တွေ့တယ် ။ (အစ်မငယ်က တကိုယ်ကောင်ဆန်တယ် လဖ္ဖက်သုတ်ပီး တစ်ယောက်တည်း စားနေတယ်) ။ အစ်မငယ်က အထက်အောက် အသက်သိပ် မကွာတော့ နင်ရယ် ငါရယ် ဘာဖြစ် ညာဖြစ် အပြစ်ပြောမိတယ် ။ ဆရာ့ကို ထမင်းကျွေးမယ် ပြင်တုန်း ကျောက်ပန်းတောင်းမှာ အခု ဘော်ဒါအုပ် ဆရာမ အစ်မ၀မ်းကွဲ ရောက်လာတယ် ။ အရက်သောက်လာတဲ့ ကျွန်တော့်ဆရာက သူ့ဆရာပဲ ။



(ဆရာက အခု အရက်မူး သမားဖြစ်နေတာ အရင်ကဆို တကယ့် အားကျလောက်တဲ့ ဆရာ ။ ဆရာ အင်္ဂလိပ် စာသင်တာ ရှေ့ဆုံးတန်းမှာ ထိုင်တဲ့ ကျွန်တော်က ဆရာ့ ခံတွင်းနံ့ကို မှတ်မိနေတုန်း ။ ရွာမှာ မူတန်းကျောင်းသာ ပွင့်တဲ့အချိန် ဆရာရယ် ဆရာ့သူငယ်ချင်း ၂ ယောက်ရယ် ပေါင်းပီး အလယ်တန်းကို ကိုယ့်ရွာမှာကို သင်လို့ရအောင် ကျိုးစားခဲ့ကြတယ် ။ လုပ်အားပေး ဆရာတွေ ရအောင်ခေါ်တယ် ။ ရွာမှာ အလယ်တန်း မဖွင့်နိုင်ဘူးဆို ကျွန်တော်တို့က အဝေးကြီးက မန်ကျည်းကုန်းကို သွားတက်ရတာ။ ပထမတုန်းက ဆရာက အရက်မသောက်တတ်  ။ ကျောင်းစိမ်းပုဆိုးနဲ့ တိုက်ပုံအဖြူနဲ့ လမ်းလျှောက်ရင် ရှေ့တည့်တည့် ၁၀ ပေ လောက်အတွင်းကို ကြည့်ရင် တစ်ခုခုကို စဉ်းစား လျှောက်တယ် ။ ကျောင်းသားတွေ ညံနေလို့ ဖိုးရာဇာ ကျောင်းဆောင် အရှေ့ပေါက်က အော်လိုက်ရင် အနောက်ပေါက်က ၃ တန်းကလေးတွေက အစ ငြိမ်ကျ သွားတယ် ။ ဆရာက စကားနည်းတယ် အတွေးသမား တစ်ယောက် ။ ကျွန်တော် ၈ တန်းအောင်ပီး မြို့ကျောင်းပြောင်း ၉ တန်း ၁၀ တန်း အောင်သည်ထိ ဆရာပုံစံ နဂိုအတိုင်းသား။ တက္ကသိုလ်တက် ရွာနဲ့ အတော်ကြာဝေးနေချိန်မှာ ဆရာ့ကို ရွာကလူတွေ တပည့်တွေ အရိုသေလျှော့ပါးသွားကြတယ် ။ ..... ကျွန်တော် နေခဲ့တဲ့ ကိုယ့်အားကိုယ်ကိုး ခွဲဖက် အလယ်တန်းကျောင်းကလဲ အစိုးရ အခြေခံပညာ အလယ်တန်းကျောင်း ဖြစ်နေပီ ။ ဆရာနဲ့ လက်တွဲဖေါ်တွေက မြို့ပေါ်ပြောင်းလို့ ကျောက်ပန်းတောင်မြို့ပေါ်မှာ အောင်မြင်တဲ့ ဘော်ဒါဆရာတွေ ဖြစ်နေပီ ။ ဆရာကတော့ ရွာမှာပဲ ခရီးဆက်နေတုန်း ။ .............. ။ ကျွန်တော် ကြားရသလောက် ဆရာ အရက်သောက်တတ်တာ .. (ပညာရေးမူသစ်နဲ့ အုပ်ချုပ်ရေးကြောင့် လို့ထင်တယ် ) အစိုးရကျောင်းဆိုတော့ အသစ်ရောက်တဲ့ ဆရာတွေ ရောက်လာတယ် ။ ရောက်လာတဲ့ ဆရာသစ်တွေထဲမှာ တစ်ယောက်က အရက်သောက်တတ်တယ် ။ စကားရွှင်တယ် ။ အခန်းနားတွေ ဦးဆောင် လုပ်တတ်တယ် ။ အစီးဝေးပွဲ ပီးတာနဲ့ ညနေပိုင်း (ရွာက အဖွဲ့ဝင်တစ်ယောက်ယောက် အိမ်မှာ) သောက်ပွဲလေး လုပ်တဲ့ အကျင့်တွေ ဖြစ်လာတယ် ။

ဆရာ ဘာတွေကို ညစ်နေတယ်မသိ ။ အရက်ဝိုင်းမှာ မြောပါသွားတယ်လို့ ကြားမိပါတယ် ။ တကယ်တော့ လူသာလျှင် အဓိကပါပဲ ) ဒါကတော့ ကျွန်တော် လေးစား အားကျတဲ့ ဆရာ့အကြောင့်ပေါ့ ။



အိပ်မက်က ဆက်ပြန်သေးတယ် ။ အစ်မ ၀မ်းကွဲက သူ့ဆရာကို ကွပ်ပျစ်ပေါ်မှာ အဲလို ထားရပါ့မလား ဆိုပီး အပြစ်ပြောကာ သူ့တို့ အိမ်ထဲ တွဲခေါ်ခဲ့ဖို့ ပြောပြန်တယ် ။ အစ်မ ၀မ်းကွဲက ဘော်ဒါအုပ် .. သူ့ကို ကြောက်ရတယ် ။ အဲလိုနဲ့ အစ်မ၀မ်းကွဲ အိမ်မှာ ဆရာက စကားတွေပြောနေတယ် ။ မောင်ဆန်းဝင်း လူဆိုတာ ဘို့ တစ်ဘို့ထဲ မကြည့်ရဘူးကွ ။ အများကောင်းကျိုးအတွက် အလုပ်လုပ်ရတယ် ။ ကိုယ့်ဘို့ပဲ ကြည့်တဲ့လူက လူ့အတ္တသမားပဲ ။ ပညာသင်လာတာ ကိုယ်သိတဲ့ အသိပညာ အတတ်ပညာကို ပျံ့ပွားအောင် မသိတဲ့သူကို သိအောင် ဖြန့်ဝေရတယ် ။ လက်ရှိ ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ခေတ်မှီသတင်းတွေ တွက်ချက် ချိန်ဆ ကိုယ့်ရွာက စာမဖတ်တတ်တဲ့ လူတွေကို အသိပညာပေးရတယ် ။ ............................ ။ အိပ်မက်က အဲလောက်ပဲ ။



နှုတ်ခမ်းတွေခြောက် အာခေါင်ခြောက်လို့ ရေထသောက်တယ် ။

ပြန်အိပ်တော့ အိပ်မက် မက်ပြန်တယ် ။

မိန်းမရဲ့ အမျိုးဘက်က ဆရာတော် တပါးကို မိန်းမရယ် ယောက္ခမရယ် သွားဖူးတယ် ။ ဆရာတော်က အိပ်ယာထဲမှာ ဖြစ်ပေမယ့် ဖူးတွေ့ရတဲ့အချိန်မှာ မျက်နှာက ကြည်လင်ဝင်းလို့ ပြုံးနေတယ် ။ ပီတိတွေက ကူးဆက်လို့ ကိုယ်တွေလဲ ပျော်နေတယ် ။ အိပ်မက်က နိုးတော့ ပြန်တွေးမိတာက ကြည်လင်ဝင်းပ တဲ့ မျက်နှာ အပြုံးတွေက ဘ၀မှာ သံရောဇဉ်ဆိုတဲ့ ကြိုးတွေကို ပြတ်အောင် ဖြတ်နိုင်ခြင်းကြောင့်လို့ ယူဆမိတယ် ။



အိပ်မက် ပေါင်းချုပ် ။



အဖေ နဲ့ အမေ ကို သတိရတယ် ။
ဦးလေးတွေ အဒေါ်တွေ
အကို အစ်မတွေ
ဝမ်းကွဲ ညီကိုတွေ သတိရတယ်.
ငယ်ဆရာကို သတိရတယ် .

မိန်းမကို သတိရတယ်.
ယောက္ခမလဲ ပါတယ် ။
ဆရာတော်လဲ ပါတယ် ။

ရစ်ပတ်ချင်တဲ့ နှောင်ကြိုး အကြောင်းနဲ့ ဖြေလျှော့ချင်တဲ့ နှောင်ကြိုး ဆွဲအား ဘယ်သူပိုမလဲ .......... ။
စင်္ကာပူမှာ ဆောင်းရာသီ မရှိ ။

Saturday, March 9, 2013

ရွေးချယ်ခံထားရသော ညီလာခံကိုယ်စားလှယ်များစာရင်း

၂၀၁၃ ခုနှစ် ၊ မတ်လ ( ၈ ၊ ၉၊ ၁၀) ရက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ။  နိုင်ငံလုံးဆိုင်ရာ ညီလာခံ ။

ရွေးချယ်ခံထားရသော ညီလာခံကိုယ်စားလှယ်များစာရင်း

ရန်ကုန်တိုင်းဒေသကြီ:
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာမေ၀င်းမြင့်
၃။ ဒေါက်တာမျိုးအောင်
၎။ ဒေါ်ဖြူဖြူသင်း
၅။ ဒေါ်ကြည်ဖြူရှင်
၆။ ဦးစိုးဟန်
၇။ ဦးဖြိုးမင်းသိန်း
၈။ ဦးမျိုးမြင့်
၉။ ဦးကျော်ထွေး
၁၀။ ဦးမျိုးညွန့်
၁၁။ ဦးမြင့်ဌေး
၁၂။ ဦးမောင်မောင်ဦး
၁၃။ ဦးအေးနိုင်

ပဲခူးတိုင်းဒေသကြီး
၁၄။ ဦးမြင့်ဦး
၁၅။ ဒေါက်တာသိန်းလွင်
၁၆။ ဦးစံဦး
၁၇။ ဒေါက်တာကျော်ကျော်
၁၈။ ဦးမင်းဦး
၁၉။ ဒေါက်တာခင်မောင်ဝင်း
၂၀။ ဦးအောင်သန်း
၂၁။ ဦးကျော်မင်း
၂၂။ ဦးအောင်မြင့်

စစ်ကိုင်းတိုင်းဒေသကြီး
၂၃။ ဦးဟံသာမြင့်
၂၄။ ဦးဝင်းမြင့်အောင်
၂၅။ ဒေါက်တာဝင်းအောင်
၂၆။ မုံရွာအောင်ရှင်(ခ)ဦးအေးကြူ
၂၇။ ဦးကျော်သောင်း
၂၈။ ဒေါက်တာမြင့်နိုင်
၂၉။ ဒေါ်ခင်စန်းလှိုင်
၃၀။ ဒေါ်အေးအေးမူ(ခ)ရှားမီး
၃၁။ ဒေါ်ခင်မွှေးလွင်
၃၂။ ဦးခင်မောင်သိန်း
၃၃။ ဦးမြင့်ကြည်
၃၄။ ဦးဘမင်း

မန္တလေးတိုင်းဒေသကြီ:
၃၅။ ဦးအုန်းကြိုင်
၃၆။ ဒေါက်တာဇော်မြင့်မောင်
၃၇။ ဦးမင်းသူ
၃၈။ ဦးဝင်းထိန်
၃၉။ ဦးမောင်မောင်သန်း
၄၀။ ဦးကျော်စိုးလင်း
၄၁။ ဦးနိုင်ငံလင်း
၄၂။ ဦးသောင်းထွန်း (ခ)ငြိမ်းသစ်
၄၃။ ဦးဖြိုးဇေယျာသော်
၄၄။ ဒေါ်ခင်သန္တာ
၄၅။ ဒေါ်စန္ဒာမင်း
၄၆။ ဦးပေါခင်

မကွေးတိုင်းဒေသကြီး
၄၇။ ဒေါက်တာအောင်မိုးညို
၄၈။ ဦးတာ
၄၉။ ဒေါ်ခင်စောဌေး
၅၀။ ဦးအောင်ကြည်ညွှန့်
၅၁။ ဦးသိန်းဇော်
၅၂။ ဦးကံဦး
၅၃။ ဒေါက်တာကျော်ငွေ
၅၄။ ဦးချစ်ထွေး
၅၅။ ဦးပိုက်ကို

တနင်္သာရီတိုင်းဒေသကြီး
၅၆။ ဦးခင်ဇော်
၅၇။ ဦးအောင်စိုး
၅၈။ ဦးစိုးရီ

ဧရာဝတီတိုင်းဒေသကြီး
၅၉။ ဦးဝင်းမြင့်
၆၀။ ဦးမန်းဂျော်နီ
၆၁။ ဒေါက်တာမျိုးညွန့်
၆၂။ ဦးသိန်းဆွေ
၆၃။ ဒေါက်တာလှမြတ်သွေး
၆၄။ ဦးမန်းညွှန့်သိန်း
၆၅။ ဦးကြည်ဝင်း
၆၆။ ဦးကျော်ဟိုး
၆၇။ ဦးသောင်းအေး
၆၈။ စခင်ဇော်လင်း

ရခိုင်ပြည်နယ်
၆၉။ ဦးညီပု
၇၀။ ဦးမောင်ကြွင်းအောင်
၇၁။ ဦးမင်းအောင်
၇၂။ ဦးသိန်းမောင်

ကချင်ပြည်နယ်
၇၃။ ဦးအောင်သိန်း
၇၄။ ဦးကျော်ငြိမ်း
၇၅။ ဦးယောဆီ
၇၆။ ဦးလင်းလင်းဦး
၇၇။ ဦးအင်ဆုံးခါးနော်ဆန်

ကရင်ပြည်နယ်
၇၈။ ဒေါ်နန်းခင်ထွေးမြင့်
၇၉။ ဦးစောတင်ဝင်း
၈၀။ ဦးသန်းနိုင်

ရှမ်းပြည်နယ်
၈၁။ ဦးထွန်းထွန်းဟိန်း
၈၂။ ဒေါက်တာသန်းငွေ
၈၃။ ဦးထွန်းရွှေ
၈၄။ ဦးခင်မောင်စီ
၈၅။ ဦးစိုင်းစွံဆိုင်း
၈၆။ ဦးစိုင်းဝင်းမြင့်
၈၇။ ဦးကျော်ခင်
၈၈။ ဒေါက်တာဒေါ်စိန်စိန်သိန်း

ချင်းပြည်နယ်
၈၉။ ဦးဇိုဘွဲ
၉၀။ ဦးလိန်းနိုင်း
၉၁။ ဦးဘွဲ့ခိန်း

မွန်ပြည်နယ်
၉၂။ ဦးညဏ်ဝင်း
၉၃။ ဒေါ်ခင်ဌေးကြွယ်
၉၄။ ဒေါက်တာအေးဇံ
၉၅။ ဒေါ်နွယ်နွယ်အောင်

ကယားပြည်နယ်
၉၆။ ဒေါက်တာခင်စည်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နာဂ)
၉၇။ ဦးကယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ဓနု)
၉၈။ ဦးညီညီ (ခ) ညီလေးချမ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နမ့်ဆမ်)
၉၉။ ဦးမိုင်းရဲကျော်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအို့ဝ်)
၁၀၀။ ဦးစိုင်းမြင့်ဆွေ

ကျောက်ပန်းတောင်း မှာ ၉၆၉ ရှိတယ် ။

ဘာရယ် ညာရယ် မဟုတ်ပါ ။ အမှတ်မထင် ကြည့်မိတော့ ၉၆၉ ယောက်ရှိတယ် ။

Wednesday, February 27, 2013

တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး

 
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန) ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဦးအောင်သိန်း(ရွာငံမဲဆန္ဒနယ်)၏ “တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့်အစိုးရလက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်းသည့်‌မေးခွန်း”ကို ပြန်လည်ဖြေကြားရာတွင်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မှတ်တမ်း များအရ အဓိကလူမျိုးစုကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော လူမျိုးစုကြီး ၈ စုရှိပြီးတော့မှ မျိုးနွယ်စုများအနေဖြင့် ကချင်မျိုးနွယ်စုတွင် ၁၂ စု၊ ကယား မျိုးနွယ်စုတွင် ၉ စု၊ ကရင်မျိုးနွယ်စုတွင် ၁၁ စု၊ ချင်းမျိုးနွယ်စုတွင် ၅၃ စု၊ ဗမာမျိုးနွယ်စုတွင် ၉ စု၊ မွန်မျိုးနွယ်စုတွင် ၁ စု၊ ရခိုင်မျိုးနွယ်စုတွင် ၇ စု၊ ရှမ်းမျိုးနွယ်စုတွင် ၃၃ စု၊ စုစုပေါင်းတိုင်းရင်းသား
လူမျိုးစု ၁၃၅ မျိုးရှိကြောင်း သိရှိရပါကြောင်း၊ မျိုးနွယ်စုအလိုက်အသေးစိတ် စာရင်းများကို တင်ပြရာတွင်-

(က) ကချင်မျိုးနွယ်စုတွင် ၁၂ စုရှိပြီး ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိမ်းဖေါ၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ(လော်ဂေါ်)၊ ရဝမ်၊ လရှီ၊ အဇီး၊ လီဆူး။

(ခ ) ကယားမျိုးနွယ်စု ၉ စုရှိပြီး ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ(ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်။

(ဂ)ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင် (စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်)။

(ဃ) ချင်းမျိုးနွယ်စုတွင် ၅၃ စုရှိပြီး အသေးစိတ်အနေဖြင့် ချင်း၊ မယ်တိုင်(ကသဲ)၊ ဆလိုင်း၊ ကလင်ကော(လုရှေ)၊ ခမီ၊ အောင်ခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွာဆင်း(မ်)၊ ခွန်လီ(ဆင်မ်)၊ ဂန်တဲ့၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆင်တန်၊ ဆိုင်းတန်၊ ဇာတောင်၊ ဇိုတုံး၊ ဇိုဖေ၊ ဇို၊ ဇန်ညှပ်၊ တပေါင်၊ တီးတိန်(တဲဒင်မ်)၊ တေဇန်၊ တိုင်ချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင် (ယင်ဒူး)၊ နာဂ၊ တန်ခူး၊ မာရင်၊ ပနန်း၊ မကန်း၊ မတူ၊ မိရမ်(မရာ)၊ မိအဲ၊ မွင်း၊ လူရှိုင်း (လူရှည်)၊ လေးမြို့၊ လင်တဲ၊ လောက်ကု၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ်(မရို)၊ ဟွာလ်ငို၊ အနူး၊ အနန်၊ အုပု၊ လျင်းကု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ကု။

(င ) ဗမာမျိုးနွယ်စုတွင် ၉ စုရှိပြီး ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး (ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်)။

(စ ) မွန်လူမျိုးနွယ်စုတွင် မွန် ၁ စု။

(ဆ) ရခိုင်လူမျိုးနွယ်စုတွင် ၇ စုရှိပြီး ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်။

(ဇ ) ရှမ်းလူမျိုးနွယ်စုတွင် ၃၃ စုရှိပြီး အသေးစိတ်အနေဖြင့် ရှမ်း၊ ယွန်း(လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ ကော်(အာခါ-အီကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ အင်းသား၊ အိုက်ဆွယ်၊ ပအို့ဝ်(တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း၊ ဝ စသည် တို့ပါဝင်ကြောင်းဖြင့် တင်ပြအပ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားမျိုးနွယ်စု အမည် စာရင်းများ သတ်မှတ်ပြုစုရာတွင် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းမှ သတ်မှတ်ပြုစု၍ မရနိုင်ပါကြောင်း၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်အကြံပေးအဖွဲ့နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း စာပေနှင့် ယဉ်ကျေးမှုရုံး အကြံပေးအဖွဲ့တို့၏ အကြံပေးချက်များကိုလည်းကောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းမတိုင်မီက သန်းခေါင်စာရင်းများမှာ ကောက်ယူရရှိခဲ့သော လူမျိုးစာရင်းများကို လည်းကောင်း အခြေခံ၍ လုပ်ငန်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၏ ညှိနှိုင်းပေးချက်အရ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးဟူ၍ ပေါ်ပေါက်လာသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးနှင့် ပတ်သက်၍ ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင်လည်း ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်း အခြေခံ၍လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရ လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင်ပင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစု
ရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း၊ လူမျိုးစုစာရင်း
များကို အချိန်ယူပြုစုခဲ့ကြရာ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ သော တိုင်းရင်းသား လူမျိုးစုများစာရင်းဖြစ်ကြောင်း သိရှိရပါသည်ဟု ဖော်ပြထားပါသည်ကို တွေ့ရှိရ ပါကြောင်း၊ ထို့ကြောင့်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးရှိပါကြောင်းနှင့် ယနေ့အထိ အသုံးပြုလျက်ရှိကြောင်းဖြင့်
ဖြေကြားသွားခဲ့ပါသည်။

Sunday, February 24, 2013

ငါတို့ ယာခင်း ထဲက ပေါက်တဲ့ သက်တန့် ။



ဒဟတ်တန်း အလွန်က ယာတောကို ခေါင်းဖြူမယာတော လို့ခေါ်တယ် ။ ခေါင်းမွေးဖြူနဲ့ အဖွားအို စောင့်ရှောက်တဲ့ နေရာပေါ့ ။ သီးနှံပေါ်ချိန် စိတ်ချရတယ် ။
ခေါင်းဖြူဖွားဖွားကို ကြောက်လို့ ဘယ်သူခိုးမှ မခိုးရဲဘူး ။ မြက်ရိတ်တဲ့ သူတောင် မြက်ကလွဲရင် သူများသီးနှံ ဘာမှ မယူရဲကြဘူး။

မိုးဖွဲဖွဲရွာတဲ့ တစ်ညနေခင်းမှာ ကျွန်တော်တို့ ရွာမူလတန်းကျောင်းက ပုံမှန် လေးနာရီခွဲဆင်းတယ် ။ အနောက် မိုးကောင်းကင်မှာ တအားလှတဲ့ ရောင်စုံသက်တန့်ကြီးပေါက်နေတာ သူငယ်ချင်းတွေနဲ့ အတူ ကြည့်ရင်း ပျော်ပါး ငြင်းခုံတယ် ။ တအားလှတဲ့ ရောင်စုံသက်တန့်ကြီးကို ကြည့်ရင်း.. သက်တန့်က ငါတို့ယာထဲက ပေါက်တာကွ လို့  ငြင်းခုံဖူးတယ်။ မယုံဘူးကွာ..အဲဒါ ဒဟတ်တန်းယာတောကွ တဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ် ။ သေချာကြည့်ပါလား ငါတို့ ခေါင်းဖြူမ ယာတောက ပေါက်တာ .မယုံရင် သွားကြည့်မလား လို့ ကျွန်တော် ပြန်ငြင်းလိုက်တယ် ။ ကျောင်းဆင်း အိမ်ကို ချက်ချင်း ပြန်မရောက်ရင် အဖေကတော့ ဘယ်တုတ် ကြိုက်လဲ ရွေးခိုင်းမှာ သိနေတယ် ။

နောက်ကျောပြင်ကို ဖြန်းခနဲ ရိုက်လို့ (ဘုတ်စိုက် နှုတ်စိုက်) နှုတ်ဆက်ကာ ပြေးလွှား အိမ်ပြန်သွားကြတဲ့ သူတွေ ကြားမှာ  ကျွန်တော် နဲ့ သူငယ်ချင်းတွေက သက်တန့်ကိုကြည့် ရင်း ငြင်းခုံနေရင်းပေါ့.... အားလုံးထဲမှာ ကုလားပု ဆိုတဲ့ကောင်းက တအား အငြင်းသန်တယ် ။ မယုံဘူး သွားကြည့်မယ် ဆိုရော.. အားလုံး လေးယောက်သား သက်တန့်ကို သွားကြည့် ကြတယ် ။ မိုးက ခပ်ဖွဲဖွဲ အနည်းငယ်သာ ... ။

လွယ်အိတ်ကို နောက်ကျော်မှာ ပိုးလိုက် .. ပြောချင်းတာ ပြော .. ဆိုချင်တာ ဆို .. ပျော်ပျော်ပါးပါး နဲ့ သက်တန့်ဆီ ချီတက်ကြတယ် ။ မြက်ရိတ်ထွက်တဲ့ အစ်မ တွေက တားတယ် ။ ဒီကလေးတွေ ဘယ်သွားမှာလဲ.. မင်းတို့ အိမ်ကို တိုင်ပြောမယ် တဲ့ ။ အဲဒါလဲ မမှုပါဘူး ။ ရောင်စုံ သက်တန့်ကို တွေ့ရဖို့က အရေးကြီးတယ် ။ သက်တန့်က တော်တော်ကြီးတယ်. သေချာတယ် ငါတို့ ခေါင်းဖြူမ ယာတောက ပေါက်တာ ။ အသေချာပဲ ။ပြောရင်း ဆိုရင် ငြင်းခုံရင်း ယာတော ခြေလမ်းလေး အတိုင်း ချီတက်ကြတယ် ။ လမ်းဘေး မြေပဲခင်းက မြေပဲပင်တွေ နှုတ်စားရင် ရောင်စုံသက်တန့်ကို ကြည့်ရင်း .. တွေ့လား အဲဒီမှာ.. သွားကြည့်ရင် မောယုံပဲ .. သေချာတယ် ငါတို့ ယာထဲက သက်တန့်ပေါက်တာ လို့ အပီကြွားရင်းပေါ့ ။ ဒဟတ်တန်း ယာတောကို ရောက်တော့ ခပ်ဖွဲဖွဲ ကျနေတဲ့ မိုးက တိတ်သွားပြီ ။ နေလုံးကလဲ ကျသွားပြီ ... သက်တန့်ကလဲ ဝေးသွားပြီ .. တွေ့ချင် မြင်ချင်လှတဲ့ ရောင်စုံ သက်တန့်က ခေါင်းဖြူမ ယာတောက ပေါက်တာ မဟုတ်နိုင် .. ပိုဝေးသွားသည် ။ မိုးတိတ်တော့ သက်တန့်လဲ ဖွယ်စ ပြုလာတယ် ။  ဒါပေမယ့် အရှုံးမပေးဘူး ခပ်တည်တည်ပဲ ဆက်ငြင်းပစ်လိုက်တယ် ။ အခုန တုန်းက ငါတို့ ယာထဲက ပေါက်တာကွ.. တအားလှတယ် ။ အခု နေရာပြောင်းသွားတာ မလှတော့ဘူး.. မင်တို့ ကြည့်ပါလားလို့.... :)

အဲဒီလိုနဲ့ ဆက်မသွားဖြစ်တော့.. ရောင်စုံ သက်တန့်ရဲ့ ဆွဲဆောင်မှုကြောင့် ကြည့်ချင်လွန်းလို့ သက်တန့်ဆီ ပြေးကြည့်မိတာ .. တကယ်တန်းတော့ ခေါင်းဖြူ ဖွားဖွားကို ကြောက်လို့ မသွား၇ဲပါဘူး ။ ခေါင်းဖြူမ ယာတော မရောက်ခင် ပြန်လှည့်လာကြတယ် ။

အိမ်ပြန်ရောက်တော့ အမေက မေးတယ်.. ကျောင်းဆင်း အိမ်ကို တန်းပြန်မလာဘူး ဘယ်သွားနေလဲတဲ့.. ။ ကျုပ်တို့ ခေါင်းဖြူမ ယာထဲက သက်တန့်ပေါက်တာ သွားကြည့်တာလို့ . ဖြေလိုက်တယ် ။ အမေကတော့ မေးယုံသာ.. အဖေကတော့ ဘယ်တုတ်ကို ကြိုက်လဲ မေးတယ် ။ တုတ် မရွေးလိုက်ရပါဘူး နီးရာ ၀ါးခြမ်းပြားနဲ့ အစော်ခံရတယ် ။ .............

လွမ်းလို့... ငယ်ငယ်က နေ့ရက်တွေများ.. ။ မဖြစ်နိုင်မှန်း သိပေမယ့် အခုထိ ရောင်စုံ သက်တန့်ကို လိုက်ကြည့်ချင်နေတုန်းပဲ ။ တွေ့များ တွေ့ခဲ့ရင် ငါကွ လို့ ကြွားဦးမှာ ..... ။